Wednesday, January 12, 2011

စစ်အာဏာရှင် စနစ်အောက်က တပ်မတော် - အပိုင်း (၇) (DVB ရဲ့ထုတ်လွှင့်မှု အစီအစဉ်)

စစ်အာဏာရှင် စနစ်အောက်က တပ်မတော် - အပိုင်း (၇) (DVB ရဲ့ထုတ်လွှင့်မှု အစီအစဉ်) 

ဆောင်းပါးရှင် - ဗိုလ်မှူး ကျော်ကျော်ခိုင် 

ထုတ်လွှင့်ဖတ်ကြားသူ - မန်းစိုင်းမွန် 

ကျွန်တော်တို့ မြန်မာနိုင်ငံတော်မှာ ဆင်းရဲ ကြပ်တည်း ဒုက္ခရောက်နေတဲ့ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးများ ဆိတ်သုဉ်းပြီး မွန်းကြပ်နေတဲ့ ပြည်သူလူထုရဲ့ ဘ၀နဲ့ နိုင်ငံရေး အကျပ်အတည်းကြီးကို မျက်မြင်ကြုံတွေ့ နေရပါတယ်။ အဓိက လက်သည် တရားခံကို ရှာဖွေလိုက်ရင် စစ်အာဏာရှင် စနစ်ဆိုးကို မြင်တွေ့ရပါမယ်။ 

အခုအချိန်မှာတော့ အဲဒီ စစ်အာဏာရှင် စနစ်ဆိုးကို ရေရှည်တည်တံ့အောင် ၂၀၁၀ ရွေးကောက်ပွဲနဲ့ ကျားကန်ဖို့ ကြိုးစားနေပြန်ပါပြီ။ ဒါပေမယ့် ၂၀၁၀ ရွေးကောက်ပွဲ ကိစ္စထက် အရေးကြီးတာက နအဖ ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြည်သူလူထု ဆန္ဒနဲ့ အညီ ဒီမိုကရေစီနည်းကျကျ ရေးဆွဲခဲ့ပါက ပြဿနာ မရှိနိုင်ပါဘူး။




စစ်အာဏာရှင်တွေရဲ့  မှိုင်းတိုက်ထားမှုကြောင့် တပ်မတော်သားတချို့  ပြည်သူအပေါ် 
အနိုင်ကျင့်နေကြပုံ (Source from Moemaka)

ယခုတော့ ဒီအခြေခံ ဥပဒေဟာ မည်သူမျှ လက်မခံနိုင်တဲ့ ဥပဒေ ဖြစ်နေသလို နိုင်ငံကောင်းကျိုးကို ဘယ်လိုမှ ဆောင်စွမ်းပေးမှာ မဟုတ်တဲ့ ဥပဒေလည်း ဖြစ်နေတာကို အမြော်အမြင်ကြီးသူတိုင်း သိရှိနိုင်ပါတယ်။ ရွေးကောက်ပွဲ ပါဝင်ချင်သူတွေကို ကြည့်ရင်လည်း ကိုယ်ကျိုးရှာ အချောင်သမားများ၊ နိုင်ငံရေး လုပ်စားမည့်သူများ၊ အတွင်းဝင် ပူးသတ်ဖို့ နည်းလမ်းရှာသူများ၊ ပူးသတ်ယောင်ဆောင်ပြီး နေရာယူချင်သူများသာ ဖြစ်နေတဲ့အတွက် တိုင်းပြည်နဲ့ ပြည်သူလူထုအကျိုး အမှန်တကယ် သယ်ပိုးမည့်သူများ မဟုတ်ပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ပိုပြီး ဆိုးရွား နိမ့်ကျရုံမက ပျက်စီးဖို့ပင် အရိပ်အယောင် သန်းနေပါတယ်။

ဒါပေမယ့် တပ်မတော်သားတွေ အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲပြီးရင် စစ်တပ်အတွက် အကျိုး ခံစားခွင့်တွေ ပိုများလာမယ်လို့ မျှော်လင့်နေရင်တော့ အမှားကြီး မှားပါလိမ့်မယ်။ တကယ်တော့ ရွေးကောက်ပွဲကို လက်ခံတာဟာ နအဖ ရဲ့ တဘက်သတ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုရာ ရောက်သွားမှာ ဖြစ်တဲ့အတွက် ပြည်သူလူထုရော တပ်မတော်အတွက်ပါ ကောင်းကျိုးပြုမှာ မဟုတ်ပဲ ကိုယ့်လည်ပင်း ကိုယ်ကြိုးကွင်းစွပ်ခြင်းသာ ဖြစ်ပါမယ်။ စစ်အာဏာရှင်တွေဘဲ အဆက်ဆက် အုပ်ချုပ်သွားတော့မှာ ဖြစ်ပြီး ယခု ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေကို ပို၍ ဆိုးဆိုးရွားရွား ဆက်လက် ခံစား ကြရပါလိမ့်မယ်။

ဒီနေ့ တပ်မတော်သားများရဲ့ အခြေအနေဟာ နွားနဲ့ အလားသဏ္ဍာန်တူပါတယ်။ ခိုင်းကောင်းတုန်းက ရသမျှ ခိုင်းမယ်၊ ခိုင်း မကောင်းတော့ရင် ချမ်းသာ မပေးဘဲ နွားသတ်ရုံ ပို့ပါလိမ့်မယ်။ စစ်မှုထမ်းဆဲကာလ ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင်မှာ ဟန်ပန်တလုံးနဲ့ မာန်တ၀င့်ဝင့် ရှိနေနိုင်ပေမယ့် တပ်ကထွက်ရင် ဒုက္ခပင်လယ် ဝေနေတာကို ဒီနေ့ စစ်မှုထမ်းဟောင်းအားလုံး သိနေကြပြီ ဖြစ်ပါတယ်။ စစ်မှုထမ်းဟောင်း အဖွဲ့ ဆိုတာ ခိုင်းစားဖို့ ရည်ရွယ်ပြီး ဖွဲ့ထားတဲ့ အဖွဲ့တစ်ခုသာ ဖြစ်ပြီး လူတစ်စု ဘဲ အခွင့်ထူးခံနိုင်တဲ့ အဖွဲ့ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံ မဟုတ်တဲ့အတွက် လူ့အခွင့်အရေးတွေ၊ ၀န်ထမ်း အခွင့်အရေးတွေ၊ ဥပဒေအရ ခံစားပိုင်ခွင့်တွေ၊ ဆန္ဒပြုခွင့်တွေ ဘာမှ မရှိပါဘူး။ ဒါပေမယ့် တပ်ထဲမှာ ရှိနေတဲ့အချိန်မှာတော့ ဒီလို အခွင့်အရေး ကင်းမဲ့နေတာဟာ သိပ် မသိသာလှပါဘူး။ တပ်ထဲက ထွက်ပြီး သာမန် ပြည်သူလူထု ကြားထဲကို သာမန် ပြည်သူ တစ်ဦးအနေနဲ့ ပြန်လည် ရောက်ရှိလာတော့မှဘဲ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကင်းမဲ့နေတဲ့ ပြည်သူလူထုရဲ့ ဆင်းရဲ ဒုက္ခတွေကို ကိုယ်တွေ့ ထိတွေ့ခံစားလာရပါတယ်။ ဒီအခါမှ မိမိတို့ ကိုယ်တိုင် တွေ့ကြုံခံစားနေရတဲ့ ဆင်းရဲဒုက္ခ အပေါင်းဟာ စစ်အာဏာရှင် စနစ်ဆိုးနဲ့ ဆက်နွယ်နေတာကို စစ်မှုထမ်းဟောင်းတွေ သိမြင်လာကြပါတယ်။ 

တကယ်တော့ စစ်မှုထမ်းဟောင်းများဟာ စစ်တပ်တွင်းမှာ အမှုထမ်းစဉ်က “ဟင်းတစ်ခွက်တည်း တောင်ဘက်ကချို” ဆိုသလို အာဏာရှင် တစ်စုနဲ့ အပေါင်းအပါ တွေဘဲ စစ်တပ်ကို အသုံးချ လုပ်စားနေတာ ကိုယ်ကျိုး စီးပွားရှာပြီး စည်းစိမ်ခံနေတာကို သိမြင်ခဲ့ပြီး ဖြစ်ပါတယ်။ ပစ်ကွင်း ကဒ်ပြားထဲကလို ဗဟိုကွင်းထဲမှာရှိနေတဲ့ သူတွေ ဗဟိုကွင်းထဲမှာ လုံလုံခြုံခြုံ စည်းစိမ်ခံစားနေကြပြီး၊ အလယ်ကွင်း၊ အနားကွင်းထဲမှာ ရှိသူများက ဗဟိုကွင်း အတွက် အသေခံ၊ အဆင်းရဲ အပင်ပန်းခံ လှုပ်ရှားပေးနေရတာကိုလည်း သိမြင်ခဲ့ကြပြီး ဖြစ်ပါတယ်။ 

ဒါကြောင့်လည်း စစ်မှုထမ်းဟောင်းတွေကို စစ်အာဏာရှင်တွေက သိပ်မယုံကြည်ကြပါဘူး။ ဒါကြောင့်လည်း စစ်အာဏာရှင်များက အမိန့်တစ်ခု ထုတ်ပြန်ထားပါတယ်။ စစ်မှုထမ်းဟောင်းများကို တပ်ထဲ ၀င်ရောက် ပတ်သက်ခွင့် မပြုဖို့နဲ့ ၀င်ရောက်ခွင့် ရလို့ ၀င်လာ ရင်လည်း ဂရုပြု စောင့်ကြည့်ဖို့ ဆိုတဲ့ အမိန့် ဖြစ်ပါတယ်။ ဒီအမိန့်ဟာ စစ်သားဟောင်းများအဖို့ ရင်နာစရာ ကိစ္စ ဖြစ်ပါတယ်။ မျိုးဆက်သစ်များလည်း စစ်အာဏာရှင် စနစ်ဆိုး တည်ရှိနေရင် စစ်မှုထမ်းဟောင်းများလိုပဲ ကြုံတွေ့ခံစား ရပါလိမ့်မယ်။ 

ဒါကြောင့် စစ်မှုထမ်းဆဲရော၊ စစ်မှုထမ်းဟောင်းများပါ ယခု ရွေးကောက်ပွဲကို မဆိုထားနဲ့ နအဖရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုပင် လက်ခံလို့ မဖြစ်ပါဘူး။ ပြတ်ပြတ်သားသား ဆန့်ကျင်ရပါလိမ့်မယ်။ ဒီလို ဆန့်ကျင် တော်လှန်ရာမှာ ကျွန်ုပ်တို့ စစ်မှုထမ်းဟောင်းများဟာ စစ်ရေး၊ နိုင်ငံရေး၊ မဟာဗျူဟာ၊ နည်းဗျူဟာ ရေးဆွဲတာတွေ၊ စီမံချက် ရေးဆွဲတာတွေ စတဲ့ အတွေ့အကြုံများကို အသုံးချပြီး ပြည်သူလူထု ရှေ့မှာ မားမားမတ်မတ် ရပ်တည်ပြီး ပါဝင် သင့်ပါတယ်။ 

တပ်မတော်သားများရဲ့ ပုခုံးပေါ်မှာ ပြည်သူလူထုအတွက်၊ နိုင်ငံတော် အတွက် တာဝန်တရပ် ကျန်ရှိနေပါသေးတယ်။ “စစ်အာဏာရှင် စနစ်ကို ဆန့်ကျင် တော်လှန်ပြီး ပြည်သူလူထုကို ကယ်တင် စောင့်ရှောက်ရေး” ဆိုတဲ့ တာဝန် ဖြစ်တယ်။ ဒါကြောင့် တပ်မတော်သားတွေ လက်တွဲပြီး စစ်အာဏာရှင်တစုကို ဖယ်ရှားဖို့နဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်ရေးမှာ ပါဝင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

0 comments: