Tuesday, January 11, 2011

မြန်မာ - မြောက်ကိုရီးယား ဝင်ရိုးတန်း ဆောင်းပါး ကောက်နှုတ်ချက်

မြန်မာ - မြောက်ကိုရီးယား ဝင်ရိုးတန်း ဆောင်းပါး ကောက်နှုတ်ချက်

စာဖတ်ပရိတ်သတ်များခင်ဗျား

VOA အသံလွှင့်ဌာနရဲ့ ကမ္ဘာ့မီဒီယာတွေထဲက မြန်မာနိုင်ငံဆိုတဲ့ အပတ်စဉ်ကဏ္ဍမှာ The New York Time သတင်းစာကြီးနဲ့ The International Harrah’s Tribune သတင်းစာတွေ မှာ ဖေါ်ပြထားတဲ့ ဆောင်းပါးရှင် “အောင်လင်းထွဋ်” ရဲ့“မြန်မာ မြောက်ကိုရီးယား ဝင်ရိုးတန်း” ဆောင်းပါး ကောက်နှုတ်ချက်ကို ပေးပို့လာတဲ့အတွက် ဖေါ်ပြပေးလိုက်ပါတယ်။ ယခုလို ပေးပို့လာတဲ့ ဗိုလ်မှူးအောင်လင်းထွဋ်အား “စည်းလုံးခြင်းရဲ့ အင်အား” အဖွဲ့သားများ ကိုယ်စားကျွန်တော် ကိုဖိုးတရုတ်က အထူးပင် ကျေးဇူးတင်ရှိ ပါတယ်။

မြန်မာ - မြောက်ကိုရီးယား ဝင်ရိုးတန်း ဆောင်းပါး ကောက်နှုတ်ချက် 

ဆောင်းပါးရှင် - ဗိုလ်မှူးအောင်လင်းထွဋ် 

မြန်မာစစ်အစိုးရရဲ့ ဝါရှင်တန် ဒီစီ မြန်မာသံရုံးမှာ သံရုံးယာယီတာဝန်ခံအဖြစ် (၂၀၀၅) ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့တဲ့ ထောက်လှမ်းရေး အရာရှိဟောင်းလည်းဖြစ်သူ ဗိုလ်မှူး အောင်လင်းထွဋ်ဟာ မကြာသေး ခင်ကမှ စစ်အစိုးရပိုင် မီဒီယာတွေမှာ ဗိုလ်မှူးစိုင်းသိန်းဝင်း နဲ့အတူ ဓါတ်ပုံနဲ့တကွ စွပ်စွဲတိုက်ခိုက် ခံရသူတစ်ဦး ဖြစ်ပါတယ်။ မြောက်ကိုရီးယားနဲ့ မြန်မာစစ်အစိုးရ ဆက်ဆံရေးကို အမေရိကန်အစိုးရက မေးလာတဲ့အခါမှာ သူ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံနဲ့ သူ့ရဲ့ဆောင်းပါးကို စတင်ပြီး ဖွင့်လှစ်ထားပါတယ်။ ဒီဆောင်းပါး ကောက်နှုတ်ချက်ကိုတော့ မမေငြိမ်း၊ ဦးတင်မောင်သန်း၊ ကိုရန်နိုင်၊ မညိုညိုလွင်၊ ကိုသိန်းထိုက်ဦး တို့နဲ့အတူ တင်ပြပေးပါရစေ ခင်ဗျား။

ဗိုလ်မှူးအောင်လင်းထွဋ်


အခုချိန်ဟာ ကမ္ဘာပေါ်မှာ အဖေါက်ပြန်ဆုံး အစိုးရတစ်ရပ်ဖြစ်တဲ့ မြန်မာစစ်အစိုးရနဲ့ အမေရိကန် ပြည်ထောင်စုကြားက နှစ်နိုင်ငံဆက်ဆံရေး အတိမ်းအစောင်းမခံတဲ့ အချိန် ဖြစ်နေပါတယ်။ မြန်မာစစ်အစိုးရ ဆိုတာကလည်း မြန်မာနိုင်ငံကို ဆယ်စုနှစ်များစွာ ဓါးပြတိုက်သလို လုယက်အုပ်ချုပ်နေတဲ့ အစိုးရပါ။ မြန်မာတပြည်လုံး ကိုယ့်ပစ္စည်းလို သဘောထားပြီးတော့ တစ်သွေး၊ တစ်သံ၊ တစ်မိန့်နဲ့ ထင်သလို အုပ်ချုပ်ခွင့် ရနေတဲ့ အစိုးရပါ။ သမ္မတ အိုဘားမားရဲ့ အစိုးရဟာ လက်တွေ့ကျကျ ထိတွေ့ဆက်ဆံခြင်းဆိုတဲ့ မဟာဗျူဟာ တစ်ရပ်ကို ကြိုးစားပမ်းစား အကောင်အထည်ဖေါ်နေတာပါ။ အခု လက်ရှိ နိုင်ငံခြားရေးနဲ့ ပြည်တွင်းရေး အရေးအခင်းတွေနဲ့ ကျွက်ကျွက်ညံနေတဲ့ အနေအထားမျိုးမှာ အမေရိကန် အစိုးရဟာ မြန်မာနိုင်ငံနဲ့ ဒီဗျူဟာနဲ့ အလုပ်ဖြစ်ပါ့မလားဆိုတာကို တစ်ချက် ပြန်စဉ်းစား သင့်ပါတယ်။ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေကို မရည်ရွယ်ဘဲနဲ့ အလျှော့ပေး အလို လိုက်သလို လုပ်နေတာဟာ အမေရိကန် အစိုးရအဖို့ လျှော့တွက်မိလို့ အန္တရာယ်ကျ ရောက်သွားတာမျိုး ကြုံရအောင် ကိုယ့်ဘာသာ ကိုယ် ဖန်တီးနေသလိုမျိုး ဖြစ်နေပါတယ်။ အမေရိကန်ဟာ မြန်မာအစိုးရနဲ့ ပတ်သက်ရင် ဒါမျိုး မဖြစ်ရအောင် သတိထား သင့်ပါတယ်။ မြန်မာစစ်အစိုးရရဲ့ နျူကလီးယားလက်နက် ရည်မှန်းချက်တွေကို ခပ်ပေါ့ပေါ့ လုပ်မပစ်ဘဲနဲ့ အမေရိကန်ဟာ အလေးအနက် ထားသင့်ပါတယ်။

north korea military parade

အမေရိကန် အရာရှိတွေကို လှည့်ပတ်လိမ်ညာနေတဲ့ သမိုင်းကြောင်းတစ်ရပ် မြန်မာစစ်အစိုးရ မှာ ရှိနေပါတယ်။ မြန်မာနိုင်ငံက ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးမှာ အကြီးတန်း ထောက်လှမ်းရေး အရာရှိအဖြစ် အမှုထမ်းခဲ့တာကြောင့် ကျနော်ဟာ စစ်အစိုးရရဲ့ လှည့်ပတ်တာတွေကို သိရှိထားပါတယ်။ (၂၀၀၅) ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုမှာ ကျနော် မခိုလှုံခင်က ၀ါရှင်တန်ဒီစီက မြန်မာသံရုံးမှာ ကျနော်ဟာ ဒုတိယ အကြီးအကဲအဖြစ် အမှုထမ်းခဲ့ပါတယ်။ (၂၀၀၃) ခုနှစ်တုန်းက ဆောင်းဦးပေါက်မှာ အမေရိကန် အထက်လွှတ်တော် အမတ်တစ်ဦးရဲ့ အကြီးတန်း လက်ထောက် အရာရှိကြီးတစ်ဦး သံအမတ်ကြီး ဦးလင်းမြိုင်နဲ့ ကျနော်နဲ့ကို လာပြီး တွေ့ဆုံခဲ့တာ နှစ်ကြိမ်ရှိခဲ့ပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံကနေ နယူးယောက်မြို့ကို ရောက်ရှိနေတဲ့ ၀န်ကြီးချုပ်ရုံး ၀န်ကြီး ဦးတင်ဝင်းနဲ့ မြန်မာစစ်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး လှမင်းတို့ဟာလည်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနနဲ့ အမျိုးသားလုံခြုံရေး ကောင်စီကအရာရှိကြီးတွေနဲ့ လာရောက်တွေ့ဆုံနေကြပါတယ်။ အဲဒီအချိန်က အမေရိကန် သမ္မတဂျော့ရှ်ဘွတ်(ရှ်)ရဲ့ မိစ္ဆာဝန်ရိုးတန်းနိုင်ငံ သုံးနိုင်ငံလို့ သတ်မှတ်ထားတဲ့အထဲက မြောက်ကိုရီးယားနဲ့ မြန်မာစစ်အစိုးရ လျှို့ဝှက်ပြီး ဆက်ဆံရေး ပြန်ထူထောင်နေကြသလား ဆိုတာကို အမေရိကန် အရာရှိ တွေက သိချင်နေကြပါတယ်။ သံအမတ်ကြီး ဦးလင်းမြိုင်နဲ့ ကျနော်ရော ၀န်ကြီး ဦးတင်ဝင်းနဲ့ ဗိုလ်မှူးကြီး လှမင်းတို့ရော အမေရိကန်တွေရဲ့ ဒီမေးခွန်းနဲ့ပဲ ရင်ဆိုင်ခဲ့ကြရတာပါ။

(၁၉၈၃) ခုနှစ် ရန်ကုန်မြို့မှာ တောင်ကိုရီးယား သမ္မတ ချွန်ဒူးဝမ် ရောက်နေစဉ်မှာ မြောက်ကိုရီးယား သူလျှိုတွေရဲ့ ဗုံးခွဲတိုက်ခိုက်မှုကြောင့် အာဇာနည်ကုန်းမှာ တောင်ကိုရီးယား ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး၊ ကုန်သွယ်ရေးဝန်ကြီးတွေ အပါအ၀င် တောင်ကိုရီးယား အစိုးရအဖွဲ့ဝင် (၁၇) နှစ်ဦး သေဆုံးခဲ့ကြရပါတယ်။ အဲဒီကစပြီး (၂) နိုင်ငံ သံအမတ်ကြီး အဆင့်တွေ ထားရှိကြတဲ့ မြန်မာနဲ့ မြောက်ကိုရီးယား သံတမန် ဆက်ဆံရေး ပြတ်တောက် သွားခဲ့ရပါတယ်။ မြောက်ကိုရီးယားနဲ့ မြန်မာနဲ့ ဆက်ဆံရေးတွေ ပြန်လုပ်နေတယ် ဆိုတာ မဟုတ်ပါဘူးလို့ အမေရိကန်တွေကို လိမ်ညာပြောဆိုဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကျနော်တို့ကို ညွှန်ကြား ခဲ့ပါတယ်။

ကျနော်တို့ကလည်း ဒါဟာ ကောလဟဠသာ ဖြစ်ပြီးတော့ နိုင်ငံရေး အတိုက်အခံတွေက ဒီကောလဟဠကို လွှင့်ထုတ်ကြတာပါလို့ ဗိုလ်ချုပ်မှူးကြီး ခိုင်းတဲ့အတိုင်း အမေရိကန် အရာရှိတွေကို လိမ်ခဲ့ကြ ညာခဲ့ကြပါတယ်။ မဟုတ်ပါဘူးလို့ ပြောရုံနဲ့ အမေရိကန်တွေက မကျေနပ်ကြပါဘူး။ မဟုတ်ဘူးဆိုတာကို သက်သေ အထောက်အထားနဲ့ ကျနော်တို့ကို အာမခံခိုင်းပါတယ်။ အဲဒီမှာဘဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ညွှန်ကြားချက် အတိုင်း ကွယ်လွန်သူ နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ကောလင်း ပါဝဲလ် ဆီကို မြောက်ကိုရီယားနဲ့ မြန်မာ ပြန်ပြီး ဆက်ဆံနေတာ မဟုတ်ပါကြောင်း လိမ်ညာထားတဲ့ စာတစ်စောင် ရေးပို့ခဲ့ရပါတယ်။ ဒီကိစ္စကို အဲဒီအချိန်က ရန်ကုန်မြို့ ဗြိတိသျှသံအမတ်က သိနေပါတယ်။ ဒါကြောင့် ဦးဝင်းအောင်ကို ဗြိတိသျှ သံအမတ်က လူလိမ်လူညာလို့ ချက်ချင်းဘဲ ခေါ်ဝေါ်ခဲ့ပါတယ်။

ဘာဖြစ်လို့ မြန်မာစစ်အစိုးရ မြောက်ကိုရီးယားနဲ့ ပြန်ပြီး ဆက်ဆံရသလဲ ဆိုတာ ကျနော် တင်ပြချင်ပါတယ်။ ၁၉၈၈ ရှစ်လေးလုံး လူထုအုံကြွမှုကြီး နောက်ပိုင်းမှာ သမရိုးကျ စစ်လက်နက်တွေ မြန်မာစစ်အစိုးရနဲ့ ပူးပေါင်းထုတ်လုပ်နေတဲ့ နိုင်ငံခြားကုမ္ပဏီတွေ၊ သူတို့ရဲ့ မြန်မာပြည်က လုပ်ငန်းအားလုံး ပယ်ဖျက် ရုပ်သိမ်းသွားခဲ့ပါတယ်။ (၁၉၉၂) မှာ ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ဖြုတ်ချပြီး အာဏာကို ယူပြီးပြီးချင်းမှာဘဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ မြောက်ကိုးရီးယားနဲ့ ပြန်ပြီး ဆက်ဆံဖို့ကိစ္စကို စပြီး လျို့ဝှက်လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီချိန်က မြန်မာ့ဒီမိုကရေစီ အရေးကို အပြည့်အ၀ ထောက်ခံနေကြတဲ့ အိန္ဒိယနဲ့ အမေရိကန် ပြည်ထောင်စုတို့က မြန်မာနိုင်ငံကို ၀င်ရောက်တိုက်ခိုက်နိုင်တယ်လို့ ကျန်တဲ့ စစ်ခေါင်းဆောင်တွေကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အကြောင်းပြပါတယ်။ အဲဒီအချိန်က ရှိနေတဲ့ တပ်မတော် အရွယ်အစားထက် အဆမတန် ကြီးတဲ့ စစ်တပ်ကြီးကို ဗိုလ်ချုပ်မှူးကြီးက တည်ဆောက်ချင်နေပြီး အဲဒီအတွက် မြန်မာနိုင်ငံ ပြည်သူလူထု ဆင်းရဲတွင်း နက်ကြရမှာကို သူက လုံးဝ ဂရုမစိုက်ပါဘူး။ ထည့်သွင်း စဉ်းစားတာ မလုပ်ခဲ့ပါဘူး။ သူဟာ ခေတ်မှီ လက်နက်တွေ၊ နျူကလီးယားလက်နက်တွေကိုလည်း လိုချင်နေပါတယ်။ အဲဒီအချိန်ကစပြီး တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းရှင် အယောင်ဆောင်ထားတဲ့ မြောက်ကိုရီးယားတွေ မြန်မာနိုင်ငံကို တဖွဲဖွဲ ရောက်ရှိလာခဲ့ကြ ပါတယ်။

ဒီလိုနဲ့ မြန်မာနိုင်ငံကို ရောက်လာကြတဲ့ မြောက်ကိုရီးယားတွေကို ကျနော် မှတ်မိနေပါတယ်။ သူတို့ကို ရန်ကုန် မင်္ဂလာဒုံလေဆိပ်မှာ အထူးဧည့်သည်တွေလို ကြိုဆိုခဲ့ကြပါတယ်။ ထိုင်းနိုင်ငံကို သဘာဝဓါတ်ငွေ့တွေ ရောင်းချလို့ရတဲ့ ၀င်ငွေတွေဟာ မြောက်ကိုရီးယားက ဒုံးကျည် နည်းပညာကို ငွေသားနဲ့ ပေးချေဖို့ စစ်အစိုးရမှာ အဆင်ပြေသွားခဲ့ပါတယ်။ နျူကလီးယား ထိပ်ဖူးတွေ ရရှိလာဖို့အထိပါ ဗိုလ်ချုပ်မှူးကြီးနဲ့ သူ့ရဲ့ သစ္စာရှိ ဗိုလ်ချုပ်ကြီးတစ်ချို့က စိတ်ကူးတွေ ယဉ်ခဲ့ကြပါတယ်။ နျူကလီးယား ထိပ်ဖူးတွေကို ဒုံးကျည်တွေမှာ တပ်ဆင်ပြီးပြီဆိုရင် အမေရိကန် ပြည်ထောင်စုနဲ့ တခြား အင်အားကြီး နိုင်ငံတွေ မြန်မာနိုင်ငံကို လာပြီး တိုက်ခိုက်ရဲတော့မှာ မဟုတ်သလို သူတို့တစ်တွေ အာဏာကနေ လက်လွှတ်ရမဲ့ အရေးကလည်း လျော့နည်းသွားမယ်လို့ တွက်ဆခဲ့ကြတာပါ။ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဆိုသလို တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေ မြန်မာနိုင်ငံမှာ စီးပွားရေး လာလုပ်ကြပါလို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စည်းရုံးနေရင်း တောင်ကိုရီးယားတွေ၊ ဂျပန်တွေ မြန်မာနိုင်ငံကို ၀င်ထွက်နေကြတာကို မြောက်ကိုရီးယားတွေရဲ့ ၀င်ထွက်မှုတွေနဲ့ ရောင်တော်ပြန် ရောလွှတ်ခဲ့ပါတယ်။ 

(၂၀၀၆) ခုနှစ်လောက် ရောက်လာတဲ့အခါမှာတော့ ဗိုလ်ချုပ်မှူးကြီးနဲ့ သူ့ကို သစ္စာရှိတဲ့ ဗိုလ်ချုပ်ကြီး တစ်စုဟာ မြောက်ကိုရီးယားနဲ့ ပြန်ပြီး သံတမန် ဆက်ဆံရေးကို လူသိရှင်ကြား ကျယ်ကျယ်လောင်လောင် ပြောရဲဆိုရဲ ဖြစ်လာကြပါတယ်။ မြန်မာစစ်အစိုးရဟာ ဒုံးကျည်တွေ ဓါတုဗေဒ လက်နက်ထိပ်ဖူးတွေ ထုတ်လုပ်နိုင်ရေးအတွက် ဆယ်စုနှစ် တစ်ခုစာနီးပါး လုံးပမ်းခဲ့တာပါ။ မြန်မာစစ်အစိုးရရဲ့ နံပါတ် (၅) ခေါင်းဆောင်လည်း ဖြစ်ပြီးတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တပ်မ (၈၈) တပ်မမှူး ဖြစ်စဉ်အခါက ကိုယ်ရေး လုံခြုံရေးအရာရှိ ဖြစ်ခဲ့တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေးဟာ မြန်မာစစ်အစိုးရနဲ့ မြောက်ကိုရီးယား နိုင်ငံကြားမှာ ဆက်ဆံရေး အရာရှိအဖြစ် ဆောင်ရွက်နေသူ ဖြစ်ပါတယ်။ သူဟာ စစ်တပ်ရဲ့ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းကြီး ဖြစ်တဲ့ မြန်မာ ဦးပိုင်လီမီတက်ရဲ့ ဥက္ကဌ ဖြစ်ပါတယ်။ မနှစ်က ထွက်ပေါ်လာခဲ့တဲ့ လျှို့ဝှက် မှတ်တမ်းတွေအရ စစ်အစိုးရရဲ့ နံပါတ် (၃) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းဟာ မြောက်ကိုရီးယားနိုင်ငံကို ၂၀၀၈ ခုနှစ် နိုဝင်ဘာလက သွားရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ မြောက်ကိုရီးယားက ဥမင်လှိုင်ခေါင်းတွေ လာရောက် တည်ဆောက်ပေးရေး နှစ်နိုင်ငံ သဘောတူညီချက်ကို အဲဒီခရီးစဉ်မှာ ဗိုလ်ချုပ်ကြီး ရွှေမန်းက လက်မှတ် ရေးထိုးခဲ့ပါတယ်။ ဒုံးကျည်တွေ၊ စစ်လေယာဉ်တွေ၊ စစ်သင်္ဘောတွေကိုပါ ဒီလှိုင်ခေါင်းတွေထဲမှာ ၀ှက်ပြီး ထားရှိဖို့ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးရဲ့ ဒီစီမံကိန်းတွေထဲမှာ လုပ်ကိုင်နေကြတဲ့ အရာရှိ စစ်သည်တွေဆီကပဲ ဒီလျှို့ဝှက်သတင်းတွေ ပေါက်ကြားနေတာကို ကြည့်ရင် သူ့ကို ဆန့်ကျင်သူတွေဟာ သူ့လူတွေ ထဲမှာလည်း ရှိနေပြီဆိုတာကို အထင်အရှား ပြသနေပါတယ်။ လက်တွေကျကျ ထိတွေ့ဆက်ဆံခြင်းဆိုတဲ့ စကားလုံးတွေကြောင့်တော့ မြန်မာစစ်အစိုးရကို ခိုင်ခိုင်မာမာ ဆန့်ကျင်ရပ်တည်နေတဲ့ အမေရိကန်အစိုးရရဲ့ အနေအထား ယိုင်နဲ့ မသွားသင့်ပါဘူး။

အမေရိကန် ပြည်ထောင်စုနဲ့ နိုင်ငံတကာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ သူ့အစိုးရဟာ တရားဝင် ရပ်တည်နိုင်ခွင့် ရှိ/မရှိ ကိုအမြဲ မေးခွန်း ထုတ်နေရမှာပါ။ ဒီနှစ်ထဲ လွတ်လပ်ပြီး တရာမျှတတဲ့ ရွေးကောက်ပွဲတွေ လုပ်ပေးမယ်ဆိုတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ကတိကိုလည်း ဘယ်နိုင်ငံကမှ မယုံကြည်သင့်ပါဘူး။ ကမ္ဘာတဝှမ်းလုံးက ညှိနှိုင်းပေါင်းစပ် ပါဝင်မှုတွေနဲ့ ပြင်းပြင်းထန်ထန် အခုလို ကလိမ်စေ့ဥာဏ်းဆင် လိမ်ညာနေတဲ့ ဗိုလ်ချုပ်မှူးကြီးနဲ့ အပေးအယူ လုပ်ရာမှာ ထိရောက်မှု ရှိလာမှာပါလို့ ဆောင်းပါးရှင် အောင်လင်းထွဋ်က သူ့ဆောင်းပါးကို အဆုံးသတ်ထားပါတယ် ခင်ဗျား။

0 comments: