Thursday, January 13, 2011

အာဏာရှင်ကြီးများ၏ အတွင်းရေး - အပိုင်း(၁)

အခန်းဆက် ဆောင်းပါး တင်ဆက်ရခြင်း၏ ရည်ရွယ်ချက် 

စာဖတ်သူများခင်ဗျား -
 ဒီလိုဆိုမဆိုးပါဘူး...

ဦးနေ၀င်းဟာ တစ်ဦးတည်းသော အကိုးကွယ်ခံ စစ်အာဏာရှင်ကြီး ဘ၀ရောက်အောင် ဘယ်လို ဥာဏ်နီ ဥာဏ်နက်တွေ သုံးပြီး စက်ပုန်းခုတ်သွားတယ်၊ ဆိုရှယ်လစ် စနစ်ကို အမှန် ယုံကြည်မှု မရှိခဲ့ဘဲ ဦးနေ၀င်းနှင့် အပေါင်းအပါတို့ရဲ့ အာဏာတည်မြဲရေး အတွက်သာ လုပ်ခဲ့ကြပုံ၊ ခွင့်လွှတ် နိုင်ဖွယ် မရှိသော အမှားကြီးများကို ဦးနေ၀င်းဟာ အကြိမ်ကြိမ် ကျူးလွန်ခဲ့ပုံ၊ ဖြုတ်, ထုတ်, ချ ခံရသော တပ်မတော် ထောက်လှမ်းရေး အကြောင်း၊ မျက်မှန်ကြီး ဗိုလ်မှူးချုပ်တင်ဦး အကြောင်း၊ ဦးနေ၀င်းရဲ့  အတွင်းရေး ဇာတ်လမ်းများ အကြောင်း၊ တောခိုခဲ့တဲ့ ဗိုလ်ကြီးကျော်စွာမြင့် အကြောင်းနဲ့ တပ်မတော် ပြုပြင် ပြောင်းလဲရေးကို လိုလားပြီး အာဏာရှင် တွေကိုဖြုတ်ချဖို့ ကြံစည်တဲ့ ဗိုလ်ကြီးအုံးကျော်မြင့် ကွပ်မျက်ခံခဲ့ရပုံနှင့် တပ်မတော်သားများ၏ ကြည်ညို လေးစားမှုကို ခံယူခဲ့နိုင်တဲ့ သူရဲကောင်း ဗိုလ်ချုပ်ကြီးသူရတင်ဦး အကြောင်း စတာတွေ ပါဝင်တဲ့ ဒုဗိုလ်မှူးကြီး ကြည်ဆွေရဲ့  အာဏာရှင်ကြီး များ၏ အတွင်းရေး စာအုပ်ကို စာဖတ်သူများ ဗဟုသုတ ရရှိစေဖို့ ကျွန်တော် ကိုဖိုးတရုတ်က အပတ်စဉ် အခန်းဆက်တင်ပြဖို့ စီစဉ်ထား ပါတယ်။ ဒီစာအုပ် ရေးသား ထုတ်ဝေခဲ့သူ ဒု- ဗိုလ်မှူးကြီး ကြည်ဆွေဟာ ဒီစာအုပ်ငယ်ကြောင့် ထောင်ဒဏ် ဆယ်နှစ် အပြစ်ပေး ခံခဲ့ရပြီး ထောင်က ရရှိခံစားခဲ့ရတဲ့ ရောဂါ ဝေဒနာနဲ့ပဲ ကွယ်လွန်သွားရရှာ ပါတယ်။ သူ့ရဲ့ မိသားစုဝင် များလည်း မကြာခဏ ခေါ်ယူစစ်ဆေး မေးမြန်းခံခဲ့ရပါတယ်။ ဤ စာအုပ်ပါ အကြောင်းအရာများကို ကျွန်တော် ကိုဖိုးတရုတ် အနေနဲ့ တင်ပြရာမှာ တစ်ပါတီ အာဏာရှင် စနစ်ဆိုး ကျဆုံးသွားရတဲ့ အကြောင်းရင်း၊ တပ်မတော်သားများ အာဏာရှင် စနစ်ကြောင့် တပ်မတော် ဂုဏ်သိက္ခာ ညှးိနွမ်း ကျဆင်းရတဲ့ အကြောင်းရင်းစတဲ့ ရည်ရွယ်ချက် များနှင့် တင်ပြရခြင်းဖြစ်လို့ ခေတ်နဲ့ မလျော်ညီတဲ့ အချို့ အကြောင်းအရာ အချက်အလက် များကို စီစစ် တည်းဖြတ် ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် န၀တခေတ်၊ နအဖခေတ်တို့မှ အာဏာရှင်များရဲ့ အတွင်းရေးများနဲ့ ဤစာအုပ်ပါ အာဏာရှင်တွေရဲ့ အတွင်းရေး ဇာတ်လမ်းများ ဆက်စပ်မှု ရှိခဲ့ပုံတွေကို ကျွန်တော် ကိုဖိုးတရုတ်က စစ်ဖက်နီးစပ်သူများနှင့် ဆွေးနွေးညှိနှိုင်းပြီး ဒီစာအုပ်ပါ အချက်အလက်များကို ကျောရိုးထားကာ နောက်ဆုံး အခြေအနေနဲ့ အကျုံးဝင်နေတဲ့ စစ်တပ်အတွင်းရေး အကြောင်းအရာ အချက်အလက် အသစ်များကို ထပ်မံဖြည့်စွက် ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ယခု အပတ်မှာတော့ တပ်မတော် ထောက်လှမ်းရေး အကြောင်း ဦးစွာ တင်ပြသွားပါမယ်။

0 comments: