Wednesday, January 12, 2011

စစ်သားတစ်ယောက်ရဲ့ ရှစ်လေးလုံး ဝေဒနာ


စာဖတ်သူများခင်ဗျား 

ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ မြန်မာ့သမိုင်းမှာရော ကမ္ဘာ့သမိုင်းမှာပါ အံ့မခန်း မှတ်တမ်း တင်လောက်တဲ့ အရေးတော်ပုံကြီးတစ်ခု ဖြစ်တာနဲ့အညီ ကျွန်တော် ကိုဖိုးတရုတ်က ဂုဏ်ပြုသောအားဖြင့် အထူးအစီအစဉ် တစ်ရပ်အနေနဲ့ တင်ဆက်လိုပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီး ကာလအတွင်း သမိုင်းအလှည့်အပြောင်း အရေးပါတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်တဲ့ ကုန်သွယ်ရေးဝန်ကြီးဌာန အရေးအခင်းမှာ အနီးကပ် တက်ကြွစွာ လှုပ်ရှား ဆောင်ရွက်ခဲ့တဲ့ ပြည်သူ့တပ်မတော်သားတစ်ဦးက စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်မှာ မြိုသိပ်ခဲ့ရတဲ့ ဝေဒနာ တစ်ရပ်ကို ဖော်ထုတ် ပေးပို့လာခဲ့ပါတယ်။

အဲဒီ ပြည်သူ့တပ်မတော်သားကတော့ အမှတ်(၅၀၁) လေတပ်စခန်း ဌာနချုပ်မှာ တာဝန် ထမ်းဆောင်ခဲ့တဲ့ ပြည်ပရောက် တပ်မတော်လေ စစ်သည်တစ်ဦးဖြစ်ပြီး ပြည်သူ့ရင်ခွင်သို့ ရဲဝံ့စွာ ခိုလှုံခဲ့ကာ ရှစ်လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကြီးမှာ တက်ကြွစွာ လှုပ်ရှား ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ ယခုလို ကိုယ်တွေ့ဖြစ်စဉ်များကို ပေးပို့ခဲ့တဲ့ ပြည်သူ့တပ်မတော်သား အစစ်အမှန် တပ်မတော်လေမှ ရဲဘော်ကြီးအား ကျွန်တော် ကိုဖိုးတရုတ်က အထူး ကျေးဇူးတင်ရှိကြောင်း ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါတယ် ခင်ဗျား။ 

မမေ့နိုင်တဲ့ နှစ် (၂၀) ကျော်က ပုံရိပ်များ 

ဆောင်းပါးရှင် - မင်းသစ္စာ (ပြည်ပရောက် တပ်မတော် လေ စစ်သည်တော်တစ်ဦး)

ကျွန်တော်ဟာ ၁၉၈၈ ခုနှစ် စက်တင်ဘာ (၁၁) ရက်နေ့တွင် အမှတ်(၅၀၁) လေတပ်စခန်း ဌာနချုပ်မှ ရဲဘော်ရဲဘက် သူငယ်ချင်း(၁၄) ဦးနှင့်အတူ နံနက်လင်းအားကြီး နှစ်နာရီခွဲတွင် ထွက်လာပြီး မှော်ဘီမြို့သို့ ချီတက်သွားခဲ့ပါတယ်။ မှော်ဘီကျောင်းသားများရဲ့ သပိတ်စခန်းက ကြိုဆိုပြီး ထိုနေ့ စက်တင်ဘာ (၁၁) ရက်နေ့တွင်ပင် ကျွန်တော်တို့ကို ကြည်းတပ်မှ အငြိမ်းစားယူထားတဲ့ ဗိုလ်မှူးကျော်ဒွန်း အပါအ၀င် မှော်ဘီ ကျောင်းသားများနဲ့ လူငယ်များက ရန်ကုန်ရှိ သရက်တော ကျောင်းတိုက်ကို ကားနဲ့ ပို့ဆောင်ပေးခဲ့ပါတယ်။ 


 မှော်ဘီကနေ မင်္ဂလာဒုံကိုကျော်တဲ့အထိ ကားလမ်းတလျှောက်မှာတော့ ကျနော်တို့တတွေ စစ်ယူနီဖေါ်င်းတွေ ဖွက်လာခဲ့ရပြီး ကျောင်းသားလူငယ်တွေလို အ၀တ်အစားတွေဝတ်ကာ လာခဲ့ရပါတယ်။။ ထိုအချိန်မှာတော့ သရက်တောကျောင်းတိုက်မှာ ပြည်သူ့ရင်ခွင်ကို ကူးပြောင်း လာခဲ့တဲ့ ပြုပြင်ထိမ်းသိမ်းရေးး လေတပ်စခန်း မင်္ဂလာဒုံက တပ်မတော်(လေ) စစ်သည်များနဲ့ တပ်မတော်(ကြည်း) မှ ရန်ကုန်ကို တာဝန်နဲ့ ရောက်လာတဲ့ နယ်တပ်တွေက ရဲဘော်များဟာ အရင်ရောက်ရှိ စခန်းချနေကြပါပြီ။ ပြုပြင်ထိန်းသိမ်းရေး လေတပ်စခန်း ဌာနချုပ်မှ အကြပ်/စစ်သည်များ အလုံးအရင်းနဲ့ တပ်ကနေ ထွက်ခွာလာတဲ့အတွက် လူထုက တခဲနက် ပန်းကုံးစွပ် ကြိုဆိုကြသလို စားကောင်း သောက်ဖွယ်ရာများနှင့်လည်း ကျွေးမွေးပြုစုကြရာ ပြည်သူ့ရင်ခွင်မှာ ငြိမ်းချမ်းစွာ ခိုလှုံမိကြပါတော့တယ်။ စက်တင်ဘာ (၁၂) ရက်နေ့တွင်လည်း ကျွန်တော်တို့ လေတပ်စခန်း ဌာနချုပ်မှ အကြပ်/စစ်သည် (၂၀) ကျော် သရက်တော ကျောင်းတိုက်ကို ထပ်မံရောက်ရှိ လာကြပါတယ်။။ 

အလားတူ သြဂုတ်လ (၉) ရက် နေ့မှာကတည်းက အမှတ် (၅၀၂) လေတပ်စခန်း မင်္ဂလာဒုံမှာ တပ်တွင်း ပုန်ကုန်မှုလို့တောင် ပြောလို့ရတဲ့ အာဏာဖီဆန်မှု တစ်ခုဖြစ်ပွားခဲ့ပြီးတော့ ရန်ကုန် တက္ကသိုလ် ပင်မ ကျောင်းသား သမဂ္ဂနှင့် သွားရောက် ပူးပေါင်းခဲ့ကြပြီး ဖြစ်ပါတယ်။

စက်တင်ဘာ (၁၇) ရက်နေ့တွင် ကုန်သွယ်ရေးဝန်ကြီးရုံးမှာ လုံခြုံရေး တာဝန်ယူထားသော ခမရ (၆) မှ တပ်ခွဲရုံးတစ်စုနှင့် လူထုတို့ ပဋိပက္ခ ဖြစ်ပွားနေကြောင်း သံဃာတော်တစ်ပါးက လာရောက် ပြော ကြားခဲ့ပါတယ်။ စစ်သားတချို့ က လက်နက်မချဘဲ ရုံးထဲမှာ ပုံးအောင်း နေကြကြောင်း သိရပါတယ်။ တခုခု လုပ်သင့်တယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ (၅၀၁) လေတပ်စခန်း ဌာနချုပ်မှ အကြပ်/စစ်သည် (၁၅) ယောက် ချက်ချင်း ထလိုက်သွားကြပြီး ကုန်သွယ်ရေးရုံးဝင်း တံခါးဝသို့ ရောက်ရှိသွားခဲ့ပါတယ်။ 

အဲဒီအချိန်မှာ မျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့ချုပ်က ဗိုလ်ကြီးဝင်းသိန်း ရောက်လာပြီး ရုံးးတွင်းသို့ ဝင်လိုကြောင်းပြောတဲ့အတွက် သူ့အား ကုန်သွယ်ရေး ရုံးဝင်းအတွင်းသို့ သွင်းလိုက်ကာ သူဟာ ရဟန်းပျို၊ ဘုန်းတော်ကြီး၊ ကျောင်းသားများနှင့်အတူ ညှိနှိုင်းဆောင်ရွက်မှု ပြုလုပ်နေ ကြပါတယ်။ ကျွန်တော်တို့ကတော့ ကုန်သွယ်ရေး ၀န်ကြီးရုံးရဲ့ ဆင်ဝင်ကြီးတံခါးရှေ့မှာ တာဝန်ကျပြီး ကျွန်တော်တို့ ရဲဘော်များနှင့်အတူ တန်းစီနေရာယူကာ လူထုအား ချော့မော့ ထိမ်းသိမ်း နေရပါတယ်၊ တောင်းပန်နေရပါတယ်။ လူထုဟာ အတော် ဒေါသဖြစ်နေလို့ ထိန်းမနိုင် သိမ်းမနိုင် ဖြစ်နေပါတယ်။ 


 လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါတဲ့ ကားများ အပါအ၀င် ကားပေါင်းစုံ ရောက် လာလို့ အခြေအနေမှာလည်း ရှုပ်ရှက်ခပ်နေပါတယ်။ လူထုအင်အား ကြီးမားလာပြီး ကား တစ်စီးကို ဆွဲမှောက် လိုက်တဲ့အထိ ဒေါသအရှိန် မြင့်တက်လာ နေပြီဖြစ်ပါတယ်။ အဲဒီအချိန်မှာ အင်အားဖြည့်အနေနဲ့ ပြုပြင် ထိန်းသိမ်းရေး လေတပ်စခန်းမှ တပ်ခွဲတစ်ခွဲစာ ရှိသော အကြပ်/ စစ်သည်များနှင့် ရေတပ်မှ (၁၀) ယောက်ခန့် ယူနီဖောင်းဝတ်ပြီး ကျွန်တော်တို့နဲ့ ထပ်မံ ပူးပေါင်းကာ လူထုနှင့် ခမရ (၆) တပ်အကြား ဖြန်ဖြေမှုပေးရင်း အခြေအနေကို ထိန်းသိမ်း နေရပါတယ်။

လူထုဟာ ဒေါသအရှိန်ကို မထိန်းနိုင်လို့ အောက်ထပ်က ကွဲနေသော မှန်တွေဆီမှ တစ်ဆင့် ပြူတင်းပေါက်ကို ကျော်ဝင်ဖို့ ကြိုးစားလာပါတယ်။ ကျွန်တော်တို့က တန်းစီပြီး ရှေ့တည့်တည့်က ပိတ်ထားကာ ပါးစပ်ကလည်း တတွတ်တွတ် တောင်းပန်နေလို့ လူထုက ကျွန်တော်တို့အား အားနာပုံရကာ အရှိန်လျော့သွားခဲ့ပါတယ်။

အဲဒီအချိန်မှာ ကုန်သွယ်ရေးရုံး အပေါ်ထပ်မှ ရဟန်းပျိုနှင့် ကျောင်းသားတွေ ဆင်းလာပြီး သူတို့ထဲမှာ စစ်သည်တွေလည်း ရောနှောပုံဖျက်ကာ ဆင်းလာကြပါတယ်။ ကျွန်တော်တို့ အတွင်းသိတွေ အနေနဲ့ တွဲဆင်းလာတဲ့ ကျောင်းသားရယ်၊ ဘုရားသားရယ်၊ စစ်သားရယ်ကို ကြည့်ရင်း ရင်ထဲမှာ ဖေါ်မပြနိုင်တဲ့ ဝေဒနာ တစ်ရပ်ကို ခံစားခဲ့ကြရပါတယ်။ တကယ်တော့ ဘုရားသားနဲ့ ကျောင်းသားတွေဟာ လူကိုတိုက်နေတာ မဟုတ်ဘဲ စစ်သားတွေကို မုန်းလို့ မဟုတ်တာရယ် “မူ” ကိုသာ တိုက်နေတဲ့ တိုင်းပြည်အတွက် တကယ်ချစ်လို့ ဆိုတာတွေရယ်ကို ဒီဖြစ်စဉ်မှာ လက်တွေ့ သိရှိခဲ့ရပါတယ်။ 

ဒီနောက် ရိက္ခာတွေထဲမှာ လက်နက်ခဲယမ်းတွေကို ဖွက်လာခဲ့ပြီး ကားတွေပေါ် စုတင်ကာ တချို့ကားတွေ ဘယ်ဘက်လမ်း အတိုင်းသွားသလို တချို့ကားတွေကျတော့ ညာဘက် လမ်းအတိုင်း လမ်းကြောင်း သင့်သလို အသီးသီး ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

ဒီနေရာမှာ လူထုသိချင်တဲ့အဖြေကို ကျွန်တော် မပေးလိုက်ရလို့ မြိုသိပ်ထားခဲ့ရတဲ့ ဝေဒနာကို ရင်ဖွင့်ချင်ပါတယ်။ အဲဒီ အဖြေကတော့ ခမရ (၆) က တပ်ခွဲမှူး ဗိုလ်ကြီး ခင်မောင်ချို လက်နက်ချ/မချ ဆိုတာ ဖြစ်ပြီး လူထုက သံသယစိတ်နှင့် ကျန်နေရစ်ခဲ့ကြရတာကို ကျွန်တော်တို့ ရိပ်မိနေပါတယ်။ ကျွန်တော်တို့ကလည်း လူထုအား နောက်ဆုံးရလဒ် အခြေအနေ ကို သိခွင့် မပေးလိုက်ရတဲ့အတွက် လူထုကို လိမ်ညာခဲ့ရသလို ခံစားနေရပါတယ်။ 

အမှန်တကယ်တော့ ကျွန်တော်တို့ (၅၀၁) လေတပ်စခန်းဌာနချုပ်က ရဲဘော်တွေဟာ ကြည်းတပ် ကို တိုက်ဖို့ လက်သီးလက်မောင်းတန်းပြီး ကုန်သွယ်ရေးရုံးကို ပြည်သူ့ဘက် ရပ်တည်ဖို့ ချီတက် လာကြခြင်း ဖြစ်ပါတယ်။ ဟိုရောက်တော့ အပေါ်ထပ်ကို ၀င်ခွင့်မရဘဲ သံဃာတွေနဲ့ ကျနော်တို့ စီနီယာတွေရဲ့ တာဝန်ချထားမှုကြောင့် ဖျန်ဖြေရေးကိစ္စကိုသာ ဘုမသိဘမသိနဲ့ လုပ်နေကြရပါ တယ်။ ကုန်သွယ်ရေးရုံးမှ ဗိုလ်ကြီးခင်မောင်ချို တို့အဖွဲ့ ထွက်သွားတော့လည်း ဘာမှန်းမသိ ဖြစ်နေချိန်မှာ ကျွန်တော်တို့ဟာ ညာလှည့် တန်းဖြုတ်ပြီး ကမ်းနားလမ်းမှ သရက်တော ကျောင်းတိုက်ကို ပြန်လာခဲ့ရပါတယ်။

ကျွန်တော်ရဲ့ ရင်ထဲမှာ ဟာတာတာကြီး ဖြစ်နေပြီး ဆုံးရှုံးမှုကြီး တစ်ခု မကြာခင် ဖြစ်တော့မှာကို စိုးရိမ်မိခဲ့ပါတယ်။ အချိန်ကြာလာတဲ့ အခါကျမှ ကျွန်တော် စဉ်းစားမိတာမှာ ကျွန်တော်တို့အနေနဲ့ ရုတ်ချည်း သတင်းအခြေအမြစ် မသိလိုက်ရလို့ လူထုကို ကာကွယ်ပေးချင်တဲ့စိတ်ဇောနဲ့ ကြည်းတပ်ကို တိုက်မယ်လို့ လက်သီး လက်မောင်းတန်း ချီတက်လာပါတယ်။ ဒါပေမဲ့ ဟိုရောက်တော့ အခြေအနေနဲ့ အချိန်အခါအရ ပြောင်းလဲသွားလို့ ကြည်းတပ်ကို စည်းရုံးနိုင်ခွင့်နဲ့ ထိတွေ့ပြောဆိုနိုင်ခွင့် အခွင့်အလမ်း ကျွန်တော်တို့မှာ ရှိခဲ့ရင် သိပ်ကောင်းမှာဘဲလို့ တွေးတော ခဲ့ပါတယ်။

 အနည်းဆုံး အဲဒီလို လုပ်ခွင့်မရရင်တောင် ပြည်သူလူထုအား အတိုင်းအတာ တစ်ခုထိ ဗိုလ်ကြီးခင်မောင်ချို လက်နက်ချသွားပြီ ဆိုတဲ့ သတင်းကို ရှင်းပြနိုင်ခွင့် ရှိခဲ့ရင် ဖြေသာနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့သာ ဗိုလ်ကြီး ခင်မောင်ချိုတို့ တပ်စုဟာ ပြည်သူတွေကို ၀န်ချတောင်းပန်ခဲ့လို့ အခုလို ခိုးကြောင်ခိုးဝှက်နဲ့ ကျောင်းသားလို ပေးဝတ်ရ ဘုန်းကြီး ယောင်ဆောင်ရပြီး ခိုးထုတ်ရတာမျိုး မဟုတ်ခဲ့ဘဲ အဲဒီ ကုန်သွယ်ရေးရုံးရဲ့ရှေ့မှာ ပြည်သူတွေရဲ့ ကြည်ကြည်ဖြူဖြူနဲ့ ခွင့်လွှတ်မှုကိုသာ ရခဲ့မယ်ဆိုရင် ဘယ်လောက်များ ကောင်းလိုက် မလဲလို့  စိတ်ကူးယဉ်မိပါတယ်။ 

ဒီထက်ပိုပြီး လုပ်နိုင်တာက လက်နက်ချသွားတဲ့ ကြည်းတပ်ရဲ့ ပစ်ခတ်နိုင်မှု ( Fire Power) စွမ်းအားကို အသုံးပြုနိုင်ဖို့ ကျွန်တော်တို့ ကြည်းတပ်နှင့်လေတပ် ပူးပေါင်းလိုက်မယ်ဆိုရင် စစ်အာဏာရှင်တွေ တုန်လှုပ် ချောက်ခြား သွားရုံမက ဒီမိုကရေစီ ပန်းတိုင်သို့ လမ်းပွင့်သွား နိုင်မယ်လို့ ယုံကြည်မိပါတယ်။ ဒီသင်ခန်းစာကို ကျွန်တော့် တစ်သက် မမေ့နိုင်တော့သလို စစ်အာဏာရှင်တွေ ပြုတ်ကျဖို့ ဘုရားသား ကျောင်းသားသာမက စစ်သားလည်းပူးပေါင်း ပါဝင်ဖို့ လိုသလို အခုဆိုရင် တိုင်းရင်းသားတွေကလည်း ပူးပေါင်းပါဝင်မှသာ ကျွန်တော်တို့ လိုလားတဲ့ ပန်းတိုင်ကို လှမ်းကိုင်နိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား။

0 comments: