Tuesday, January 17, 2012

K.I.O/K.I.A ရဲ့ Operation Padang Hkrunlam - Part I

Tuesday, January 17, 2012
W.P Moses

ကချင်လွတ်လပ်ရေးအဖွဲ့
ကချင်လွတ်လပ်ရေးတပ်မတော်
Padang Hkrunlam စစ်ဆင်ရေးပတ်သက်၍
စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်ထန်ဂမ်ရှောင်၏ ရှင်းလင်းချက်မိန့်ခွန်း
 K.I.A ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂွမ်ထန်ဂမ်ရှောင်

 နေ့စွဲ ။  ။ ၂၇.၈.၂၀၁၁

 ဖန်ဆင်းရှင် ထာဝရ ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာအပေါင်း ခညောင်းတဲ့  ဒီကနေ့မှာ သွေးစည်း ညီညွတ်တဲ့ ခေါင်းဆောင်တွေ၊ ရဲဘော်ရဲဘက်တွေ၊ ညီအစ်ကို မောင်နှမတွေနဲ့ တွေ့ဆုံခွင့် ရတဲ့အတွက် အင်မတန် ၀မ်းမြောက်ပါတယ်။ အားရကျေနပ် ပါတယ်။ အခုဆိုရင် ကျနော်တို့ဟာ Padang Hkrunlam စစ်ဆင်ရေး အချိန်ကာလ (၃) လအတွင်းကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးကို ဆောင်ရွက်ရာမှာ ဘာ့ကြောင့် ဒီစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ရတာလဲ၊ ဘာတွေကို လုပ်ဆောင်ခဲ့ပြီးပြီလဲ၊ ဘာတွေ ဆက်လက် လုပ်ဆောင်သွားမလဲ ဆိုတာတွေကို ပြည်သူပြည်သားတွေ ရဲဘော်ရဲဘက်တွေကို ရှင်းလင်းတင်ပြဖို့ အချိန်တန်ပြီလို့ ဗဟိုကော်မတီက ဆုံးဖြတ်တဲ့အတွက် ဒေသအသီးသီး၊ တပ်ဖွဲ့အသီးသီးကို အကြောင်းကြား ရှင်းလင်းသွားမှာ ဖြစ်ပါတယ်။ စစ်ဘေး ဒုက္ခသည် စခန်းတွေကို ရောက်ရှိလာတဲ့ တိုင်းသူပြည်သားတွေ၊ မြို့ရွာဒေသ အသီးသီးမှာ နေထိုင်နေကြတဲ့ ပြည်သူတွေ၊ တပ်ရင်းတပ်ဖွဲ့ အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ မျိုးချစ် ရဲဘော်တွေ အားလုံးထံ ဗဟိုကော်မတီ ကိုယ်စားလှယ်တွေ စေလွှတ်ကာ ရှင်းလင်းပြောကြားသွားမှာ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်စားလှယ်တွေ မရောက်ရှိသွားနိုင်တဲ့ ဒေသ တွေကိုတော့ ရုပ်သံ ဒီဗွီဒီတွေနဲ့ ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။ ဗဟိုဌာနချုပ်ကို မရောက်သော်လည်း ဗဟို အစည်းအဝေးကို ကိုယ်တိုင် တက်ရောက် နားထောင်ခဲ့သလို သိရှိ နားလည်နိုင်အောင် ဖြန့်ဝေသွားမှာ ဖြစ်ပါတယ်။ 
 K.I.A ကာကွယ်ရေး ပ+ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင်နှင့် ဂွမ်မော်

တစ်တိုင်းပြည်လုံး သာမက နိုင်ငံရပ်ခြားသို့တိုင်အောင် ဖြန့်ဝေသွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ လုပ်ငန်းတစ်ခုကို ဆောင်ရွက်ရာမှာ အဲဒီလုပ်ငန်းရဲ့ အကြောင်းတရားကို နားမလည်လို့ရှိရင် ဘယ်လိုဘယ်ပုံ ကြိုးစားအားထုတ် ရမယ်၊ ဘယ်လို စိတ်ခွန်အား ဖြည့်ဆည်းရမယ် ဆိုတာ မသိ နိုင်ပါဘူး။ အဲဒီလိုပဲ ကိုယ်လုပ်မယ့် အလုပ်ရဲ့ ရည်မှန်းချက်ကို မသိတဲ့အခါ ဘယ်လိုဘယ်ပုံ လျှောက်လှမ်း ဆောင်ရွက်ရမယ် ဆိုတာ သိဖို့ ခက်ပါတယ်။ အဲဒါကြောင့် ကျနော်တို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ၊ ဒီရည်မှန်းချက်ကို အကောင်အထည် ဖော်ဆောင်ရာမှာ ကျော်ဖြတ်ခဲ့ပြီးတဲ့ အကြောင်းအရာတွေ၊ ဆက်လက်ကြုံတွေ့ရမယ့် အရာတွေနဲ့ ပတ်သက်ပြီး ဒီကနေ့ ရှင်းလင်း ပြောကြားသွားမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဇွန်လက စတင်ကာ ကောက်ကျစ်စဉ်းလဲတဲ့ ဒီ ဗမာ (စစ်တပ်) တွေက အသားလွှတ် လာရောက်ပြီး ကျူးကျော်စစ် စတင်လိုက်ပါတယ်။ တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၅) ရဲ့ ဘွန်ဆင်(န်) (Bum Sen) စခန်းနဲ့၊ ဆန်ဂန် (Sang Gang) က ဆက်ဆံရေး ရုံးတွေမှာ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ကျနော်တို့ (၄) ရက်တိုင်တိုင် စောင့်ဆိုင်း သည်းခံခဲ့ပါတယ်။ အဲဒီလို စောင့်ဆိုင်း သည်းခံနေတဲ့ အချိန်မှာ ကျနော်တို့ရဲ့ ပြောဆို ဆွေးနွေးမှုတွေကို သူတို့ ဂရုမှမစိုက်ပါဘူး။ အရေးမလုပ်ပါဘူး။ ဒါ့ကြောင့် ကျနော်တို့လဲ သူတို့ကို သတိပေးတယ်။ ဒီကိစ္စက (၉) ရက်နေ့မှ စဖြစ်တယ်။ “(၁၃) ရက်နေ့ မွန်းတည့် (၁၂) နာရီအထိ ကျနော်တို့ စောင့်မယ်” လို့ ကျနော်တို့ သတိ ပေးတယ်။ အဲဒီအချိန်မှာ ဗမာ (စစ်တပ်) တွေက အင်အား အလုံးအရင်းနဲ့ တပ်ရင်း (၁၅) ကို ၀ိုင်းတိုက်နေကြပြီ။ အဲဒီလို ၀ိုင်းတိုက်နေတာကို ကျနော်တို့တတွေက ပွဲကြည့်သလို စောင့်ကြည့် နေရမယ့် ကိစ္စမဟုတ်ဘူး။ သည်းခံတယ်ဆိုရာမှာလဲ အတိုင်းအတာဆိုတာ ရှိတယ်။ အဲဒီ သည်းခံမှု အတိုင်းအတာ မရှိဘူးဆိုရင်တော့ လက်နက်ချလိုက်တာနဲ့ ဘာများကွာခြားတော့မှာလဲ။ အဲဒီတော့ သုံးလေးရက် သည်းခံ စောင့်ဆိုင်းပြီးတဲ့နောက် သည်းခံစရာအကြောင်း မရှိတော့ပါဘူး။ ဒါ့ကြောင့် (၁၃) ရက်နေ့ မနက်မှာ ကျနော်တို့ ဗဟိုကော်မတီကနေ ဗမာ (စစ်တပ်) တိုင်းမှူးကို စာနဲ့ တရားဝင် အကြောင်းကြားတယ်။

“ ဒီနေ့ (၁၃) ရက်နေ့ မွန်းတည့် (၁၂) နာရီအထိ ကျနော်တို့ စောင့်မယ်။ ခင်ဗျားတို့ ဒီပုံအတိုင်း ဆက်သွားမယ်ဆိုရင်တော့ ကျုပ်တို့လည်း ဒီစစ်မီးကို တပြည်လုံး ဖြန့်ပစ်လိုက်မယ်။ ပြည်ထောင်စု တစ်ခုလုံးကို ဖြန့်ပစ်လိုက်မယ်။ ခင်ဗျားတို့ သတ္တိရှိသလား။ လုပ်ရဲတယ်ဆို ရင်တော့ ဆက်လုပ်လိုက်။ ကျုပ်တို့လည်း ခပ်မာမာပဲ။ "
ကချင်လွတ်လပ်ရေး တပ်မတော်


 ကျနော်တို့ ကချင် ဘိုးဘွားတွေ လက်ထက်မှာ ဘယ်တော့မှ လက်နက်ချတယ်ဆိုတာ မရှိခဲ့ဘူး။ ကျနော်တို့ ဘိုးဘွားတွေ တိုက်ခဲ့တဲ့ စစ်ပွဲတွေမှာ လက်နက် အပ်ပစ်လိုက်ပြီး ကျွဲနွားဆွဲကာ ထွက်ပြေးတယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ဘိုးဘေးတွေဟာ ပထမ ကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ် အပါအ၀င် စစ်ပွဲတွေများစွာမှာ တိုက်ခိုက်ခဲ့ကြတယ်။ ကျုပ်တို့ဟာ ဒီလို ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့ ဘိုးဘွားတွေရဲ့ မျိုးဆက်တွေဖြစ်တာနဲ့ အမျှ ကျနော်တို့ သူရဲဘောကြောင်စရာ အကြောင်းမရှိဘူး။ နောက်တစ်ချက်က ကျနော်တို့ဟာ ထာဝရ ဘုရားသခင်ရဲ့ အလိုတော်ဖြစ်တဲ့ တရားမျှတမှု၊ အမှန်တရား အတိုင်း လျှောက်လှမ်းကြတာ ဖြစ်တဲ့အတွက် ကျနော်တို့ မလုပ်ရဲစရာ အကြောင်း မရှိပါဘူး။

ဒါနဲ့ပဲ ကျနော်တို့ ဗမာတိုင်းမှူးဆီက ပြန်ကြားချက်ကို စောင့်ပါတယ်။ သူက ကျနော်တို့ကို ဂရု မစိုက်ပါဘူး။ အရေး မလုပ်ပါဘူး။ အဲဒါကြောင့် မွန်းတည့် (၁၂) နာရီကျော်သွားတဲ့ နောက်ပိုင်းမှာ ကျနော်တို့ ဗဟိုကော်မတီ အစည်းအဝေးလုပ်တယ်။ ဒီလူတွေတော့ ကျနော်တို့ရဲ့ ဆက်သွယ် ဆွေးနွေးမှုတွေကို အရေးတယူလုပ်မှာ မဟုတ်တော့ဘူး။ ကျနော်တို့လဲ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ကာကွယ်စစ် သို့မဟုတ် ခုခံတွန်းလှန်စစ်ကို ဆင်နွှဲရတော့မယ်။ ဒါကို ရှောင်ဖယ်လို့ မရတော့တဲ့ အတွက် ကျနော်တို့ ယုံကြည်ကိုးစားတဲ့ ထာဝရဘုရား သခင်ထံမှ ခွန်အားယူကာ ခုခံစစ်ကို ဆင်နွှဲကြစို့ ဆိုပြီး ကချင် လွတ်လပ်ရေးအဖွဲ့ ဥက္ကဌကြီးကိုယ်တိုင် လက်မှတ်ရေးထိုးကာ အဲဒီညနေမှာ တတိုင်းပြည်လုံးကို ဒီအမိန့်ညွှန်ကြားချက်ကို ဖြန့်ဝေလိုက်ရာမှ ပြန်လည်စတင်တဲ့ ကျနော်တို့ရဲ့ စစ်ရေးနဲ့ ယှဉ်တွဲနေတဲ့ နိုင်ငံရေး လုပ်ငန်းစဉ် ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

ဒီခုခံ တွန်းလှန်တဲ့ စစ်ဆင်ရေးကို ဆင်နွှဲရာမှာ ကျနော်တို့ ဘယ်လို မူဝါဒကို လက်ကိုင်စွဲထားသလဲ ဆိုတာ နားလည်ဖို့ရန်အတွက် ဖော်ပြလိုပါတယ်။ လွန်ခဲ့တဲ့ (၁၇) နှစ်တာ ကာလက စပြီးတော့ ကျနော်တို့ အပစ်အခတ် ရပ်စဲခဲ့ကြပါတယ်။ နိုင်ငံရေး နည်းလမ်းဖြင့်၊ တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် ဖြေရှင်း အဖြေရှာဖို့အတွက် အပစ်အခတ် ရပ်စဲခဲ့ခြင်း ဖြစ်ပါတယ်။ အပစ်အခတ် ရပ်တယ်ဆိုတာဟာ ကျနော်တို့ လိုချင်တဲ့ နိုင်ငံရေး လမ်းစဉ်ကို နိုင်ငံရေးနည်းအားဖြင့် ရရှိနိုင်ဖို့ အပစ်ရပ်ခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီ အပစ်အခတ် ရပ်စဲရေး ကနဦးကာလတုန်းက ကျနော်တို့ကို ဘာပြောသလဲဆိုတော့ သူတို့ဟာ ယာယီအစိုးရသာ ဖြစ်ကြောင်း၊ အရပ်သားအစိုးရ ပေါ်ပေါက်လာမှာ ဖြစ်ကြောင်း၊ သူတို့ တပ်မတော်အစိုးရဟာ ပြည်ထောင်စုကြီး ချောက်ကမ်းပါးထဲ ကျရောက်တော့မယ့် အခြေအနေကြောင့် ကယ်တင်ရခြင်းသာ ဖြစ်ကြောင်း၊ သူတို့ဟာ အရပ်သားအစိုးရ မဟုတ်တဲ့အတွက် အရပ်သားအစိုးရ ပေါ်ပေါက်လာတဲ့အခါ ဆွေးနွေးရယူနိုင်မှာ ဖြစ်ကြောင်း ပြောခဲ့ကြပါတယ်။ အဲဒီလိုပဲ အကြိမ်ပေါင်း မြောက်များစွာ ကျနော်တို့ကို ပြောခဲ့ကြပါတယ်။ အပစ်ရပ်ကာလအတွင်း ဘာလုပ်ကြမှာလဲဆိုတော့ စစ်ကြောင့် ယိုယွင်းပျက်စီးသွားတဲ့ ဒေသတွေကို ပြန်လည်တည်ဆောက်ဖို့၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ပြောတဲ့အတွက် ကျနော်တို့ကလည်း သဘောတူခဲ့ကြတာပါ။

အဲဒါကြောင့် ကျနော်တို့က နောင်အနာဂတ်မှာ စစ်တိုက်စရာ မလိုတော့ဘူး၊ စစ်ပွဲတွေရှိစရာ အကြောင်း မရှိတော့ဘူးလို့ တွေးထင် မှတ်ယူတဲ့အတွက် စစ်တပ်ကိုတောင် အင်အား တောင့်တင်းအောင် ဆောင်ရွက်ခြင်း မရှိတော့ပါဘူး။ နိုင်ငံရေးနည်းနဲ့ သို့မဟုတ် ဆွေးနွေးပွဲတွေနဲ့ အဆုံးသတ်တော့မယ့် တော်လှန်ရေးလမ်းစဉ်  ဖြစ်မယ်လို့ မျှော်မှန်း ခဲ့ကြတာပါ။ ဒီလိုနဲ့ပဲ အချိန်ကာလ နှစ်ပေါင်းများစွာ ကုန်ဆုံး သွားခဲ့ပါတယ်။ ဒါပေမယ့် အမှန်တကယ် လက်တွေ့မှာ ဘာတွေ ဖြစ်ခဲ့သလဲဆိုတော့ အရပ်သားအစိုးရ မပေါ်ပေါက်ခင်မှာ သူတို့တတွေ ညီလာခံ (အမျိုးသား ညီလာခံ) ကို ကျင်းပခဲ့ကြတယ်။ ညီလာခံဆိုတာ ကျနော်တို့ ဘာသာစကားအရ ဘာအဓိပ္ပယ်လဲဆိုတော့ မညီမညွတ်ဖြစ်နေတဲ့ ပြည်ထောင်စုကြီးကို ပြုပြင်ပြောင်းလဲနိုင်ဖို့ရန်အတွက် ကျင်းပတဲ့ ဆွေးနွေးပွဲကြီး ဖြစ်ပါတယ်။ 
လွှတ်တော် အစည်းအဝေးတက်ရောက်နေတဲ့ မြန်မာ့ တပ်မတော်မှ အရာရှိများ

ဒီဆွေးနွေးပွဲကြီးမှာ တိုင်ပင်နှီးနှောကြပြီးတော့ ကျနော်တို့ရဲ့ ပြည်ထောင်စုကြီးကို ဘယ်လို ဘယ်ပုံ ဖွဲ့စည်း တည်ထောင်ကြမယ်၊ ပြည်တွင်းစစ်မက်မီးတွေ မရှိတဲ့၊ အေးချမ်းတည်ငြိမ်တဲ့ ပြည်ထောင်စုကြီး၊ တိုင်းရင်းသားအားလုံး သာတူညီမျှ အခွင့်အရေးရရှိတဲ့ ပြည်ထောင်စုကြီးကို တည်ထောင်ဖို့ တိုင်ပင် အဖြေရှာတဲ့ ဆွေးနွေးပွဲကြီးကို ညီလာခံလို့ ခေါ်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီညီလာခံကြီးမှာ ဘာဆိုဘာမှ ပြောဆိုဆွေးနွေးခွင့် မရခဲ့ပါဘူး။ ဒီလူတွေက ကောက်ကျစ်တဲ့ လူတွေပဲ။ ဒီဗမာ စစ်တပ်က သူတို့ကြိုက်သလို ချယ်လှယ်နိုင်မယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးသား ပြဌာန်းနိုင်ဖို့ လုပ်ဆောင်ခြင်းသာ ဖြစ်ပါတယ်။ သူတို့ ကြိုက်သလို ရေးသားပြီးတော့ သူတို့ကြိုက်သလို တစ်သက်လုံး စစ်တပ်ကလူတွေ စစ်တပ်ပုံစံနဲ့၊ စစ်တပ်စနစ်နဲ့ အုပ်စိုးသွားနိုင်ဖို့သာ ဖြစ်ပါတယ်။ စစ်မှန်တဲ့ အရပ်သားအစိုးရ ပေါ်ပေါက်လာဖို့မှ သူတို့ ရည်ရွယ်ခြင်း မရှိခဲ့ပါဘူး။ သူတို့ ချမှတ်ထားပြီးသား လမ်းစဉ်အတိုင်းပဲ လုပ်ဆောင်ခဲ့ကြတယ်။ ဘာဆိုဘာမှ ပြောဆို ဆွေးနွေးခွင့် မရှိဘူး။ ရုပ်မြင်သံကြားမှာ ကြည့်ရင်တော့ အားလုံးက ကိုယ့်ရဲ့ တိုင်းရင်းသား ၀တ်စုံတွေ ခံ့ခံ့ညားညား ၀တ်ဆင်ပြီး အတွေ့အကြုံရင့်ကျက်တဲ့၊ တိုင်းပြည်နဲ့ လူမျိုးအနာဂတ်ကို စဉ်းစားဆုံးဖြတ်ပေးနိုင်မယ့် လူကြီးလူကောင်းတွေ ညီလာခံ ခန်းမကြီးထဲကို စီတန်းဝင်ရောက်သွားကြတာပဲ။ ဒါပေမယ့် ခန်းမထဲမှာ ပါးစပ်ပိတ်ပြီးပဲ နေကြရတာပဲ။ ဘာမှ ပြောဆိုဆွေးနွေးခွင့် မရှိဘူး။ အဲဒါကြောင့် ကျနော်တို့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ အချင်းချင်း တိုင်ပင်ဆွေးနွေးပြီး ရေးသားတင်ပြခဲ့ကြပါတယ်။ ပြောဆိုဆွေးနွေးလို့ မရတဲ့အတွက် ကျနော်တို့ လက်နက်ကိုင်အဖွဲ့ (၁၃) ဖွဲ့ စုပေါင်းပြီးတော့လည်း ရေးသား တင်ပြခဲ့တယ်။ အဖွဲ့ (၆) ဖွဲ့ အနေနဲ့လည်း ရေးသားတင်ပြတယ်။ ပြီးတော့ ကျနော်တို့ ကချင် မျိုးနွယ်စုတွေလဲပဲ ကချင်ပြည်နဲ့ ကချင်ပြည်သူပြည်သားတွေ အပေါ်မှာ သမိုင်းကြွေးတင်လို့ မဖြစ်တဲ့ အတွက် ကချင် အမျိုးသားများ အတိုင်ပင်ခံ လွှတ်တော် (Kachin National Consultative Assembly – Wunpawng Mungbawng Rapdaw) မှာ ဆွေးနွေးတိုင်ပင်ပြီးတော့ ကချင်တွေအားလုံးကိုယ်စား လိုချင်တဲ့ အကြောင်းအရာတွေကို ရေးသားတင်ပြခဲ့ကြပါတယ်။ ပြည်ထောင်စုကြီးကို ဘယ်လို ဘယ်ပုံ ဖွဲ့စည်း တည်ဆောက်စေလိုပါတယ် ဆိုတဲ့ အကြောင်းကို တင်ပြခဲ့ကြပါတယ်။ ဒါတင်မကပဲ ကျနော်တို့ ကေအိုင်အို အနေနဲ့လည်း ရေးသားတင်ပြခဲ့ပါတယ်။ မရတဲ့အခါကြတော့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ကျနော်တို့ ပြောပြီ။ အဲဒီအချိန်တုန်းက သိန်းစိန်က အမျိုးသား ညီလာခံ ကျင်းပရေးကော်မတီ ဥက္ကဌ ဖြစ်တယ်။ သူ့ကို ပြောလို့မရတဲ့အဆုံး သူ့ရဲ့ ဖအေလား၊ အစ်ကိုလား ဖြစ်တဲ့ သန်းရွှေဆီကို ပြောဆိုတင်ပြကြစို့ ဆိုပြီးတော့ အချက် (၁၉) ချက်ပါ တောင်းဆိုတင်ပြချက်ကို ရေးသား တင်ပြခဲ့တယ်။ ကျနော်တို့ ကချင် ကေအိုင်အိုက တင်ပြတဲ့ အချက် (၁၉) ချက်က ပြည်ထောင်စုနဲ့ ပတ်သက်တဲ့ အကြောင်း အချက်တွေချည်းပဲ ဖြစ်တယ်။ ကချင်အမျိုးသား၊ ကချင်ပြည်နယ်နဲ့ သက်ဆိုင်တဲ့ အချက်တစ်ချက်ပဲ ပါတယ်။ အဲဒါကြောင့် ရှမ်း၊ ကရင်၊ ချင်း၊ ကယား စတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေက ကချင် (ကေအိုင်အို) ဟာ အားလုံးအတွက် စဉ်းစား ပေးပါလားဆိုပြီး နားလည် သဘောပေါက်ခဲ့ကြတယ်။ ကချင်တွေအတွက်သာ မဟုတ်ပဲ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်နေကြတဲ့ တိုင်းရင်းသားတွေ အားလုံးရဲ့ အကျိုး၊ အခွင့်အရေးကို ထည့်သွင်း စဉ်းစားပေးပါလား ဆိုပြီး နားလည် သဘောပေါက်ခဲ့ကြပါတယ်။

ဒီလို အကြိမ်ပေါင်းများစွာ ရေးသားတင်ပြခဲ့ကြပါတယ်။ ရှမ်းညီအစ်ကိုတွေနဲ့လည်း ဆွေးနွေးတိုင်ပင် တင်ပြခဲ့ကြတယ်။ WMR အနေနဲ့ရော၊ ကျနော်တို့ ကေအိုင်အို အနေနဲ့ရော၊ နောက်ဆုံး (၁၉) ချက် အနေနဲ့ရော တင်ပြခဲ့ပေမယ့် ပြန်လည်ရရှိတဲ့ အဖြေကတော့ “မှတ်တမ်း တင်ထားပေးပါမယ်” ဆိုပဲ။ မှတ်တမ်း တင်ထားပေးပါမယ် ဆိုတာက ကချင်စကားပုံနဲ့ ပြောရင် “Udi htingpa tawn di ya ai” ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ အလိမ္မာနည်းနဲ့ လူကြီးလူကောင်းစကား ပြောခြင်းပါပဲ။ စာရွက်ပေါ်မှာ ရေးခြစ်ထားပေးမယ်ဆိုတဲ့  အဓိပ္ပယ်ပါပဲ။ လုံးဝအရေးမလုပ်တဲ့ သဘောပဲ။ ဘာမှ ဆက်လက် တိုင်ပင် ဆွေးနွေးစရာ မရှိတော့ပါဘူး။ စစ်မှန်တဲ့ ပြည်ထောင်စုကို တည်ထောင်ဖို့ သူတို့ မရည်ရွယ်ပါဘူး။ ဘာဒီမိုကရေစီကိုမှလည်း ဦးတည်ခြင်းမရှိပါဘူး။ ဒါဟာ ညာလာခံပါ၊ ညီလာခံမဟုတ်ပါဘူး။ ဘာမှပြောဆိုလို့ မရတော့တဲ့အခါကြတော့ အစည်းအဝေး လာတက်တဲ့ လူကြီးတွေက ဘာမှ လုပ်စရာ မရှိတော့ဘူး။ အိပ်ငိုက်တဲ့လူက ငိုက်၊ တစ်နေ့လုံး ငိုက်။ အရက်သောက်ပြီး မူးတဲ့လူ ကလည်း မူးရူး။ အချို့လူကြီးတွေဆိုရင် အရက်သောက်လို့မရဘူးဆိုရင် အိမ်ပြန်မယ်လုပ်လို့ ပြန်လိုက်ဆွဲကြနဲ့။ အချို့တွေက ပေါက်ကရတွေလုပ်ပြီး အဲဒီအနီးဝန်းကျင်က ခလေးမတွေကို ရည်းစားထားကြည့် ကြတယ်။ အဲဒီလိုပဲ လုပ်ချင်တာတွေလုပ်၊ ဖြစ်ချင်တာတွေဖြစ်ပြီး သူတို့ ရေးထားပြီးသား စာတွေကို တစ်ရက်ပြီး တစ်ရက် ဖတ်ကြတယ်။ ဖတ်ပြီးတာနဲ့ ဒီညာလာခံလည်း ပြီးတာပဲ။ ဘာဒီမိုကရေစီမှ မဟုတ်ဘူး၊ ဘာပြည်ထောင်စုမှ မဟုတ်ပဲနဲ့ ဦဆောင်ကျင်းပခဲ့ကြခြင်းဖြစ်တယ်။ ဒါကိုပဲ (၁၃) နှစ်ကျော် (၁၄) နှစ်နီးပါး ကျင်းပခဲ့ကြပြီး လိမ်လည်ခဲ့ကြပါတယ်။ ကျနော်တို့လည်းပဲ ဒီအကြောင်းအရာတွေမှာ (၁၇) နှစ်တိုင်တိုင် အချိန်ဖြုန်း ကုန်လွန်ခဲ့ကြတာပါ။ ဘယ်အရပ်သား အစိုးရကိုမှ အာဏာ လွှဲပြောင်းပေးခြင်း မရှိပဲ ကျနော်တို့တတွေ လိမ်လည်လှည့်ဖြား ခံခဲ့ကြရတာပါ။

အဲဒီနောက်မှာတော့ သူတို့ကြိုက်သလို ရေးသားထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို ထုတ်ပြန်ပါတယ်။ အဲဒီဥပဒေအရ လွှတ်တော်အမတ် အယောက် (၁၀၀) မှာ ဗမာစစ်သား (၂၅) ယောက်က ရွေးချယ်ခံစရာမလိုပဲ အလိုအလျောက် အမတ်တွေဖြစ်လာမယ်။ စစ်မိန့်နဲ့ အမတ်နေရာ (၂၅) ရာခိုင်နှုန်းကို  ရယူထားမယ်။ ကျန်တဲ့ (၇၅) ရာခိုင်နှုန်းမှာလည်း သိန်းစိန်၊ သီဟသူရ တင်အောင်မြင့်ဦး၊ ခင်အောင်မြင့်၊ သူရရွှေမန်းတို့လို ဗိုလ်ချုပ်တွေက အရပ်သားဝတ်စုံ လဲဝတ်ပြီး လွှတ်တော်ထဲ ပြန်ဝင်ထိုင်ကြမယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ထုတ်ပြန်ပြီးသွားတဲ့ အခါကျတော့ ဒါကို ထောက်ခံ ပေးရမယ်လို့ ဆိုလာပြန်ပါတယ်။ လုပ်နေကျအတိုင်း ကလိန်ကကျစ်နည်းလမ်းတွေနဲ့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း အတည်ပြုခဲ့ကြပါတယ်။ အဲဒီနောက် နိုင်ငံရေး လုပ်ချင်ရင် ရွေးကောက်ပွဲ ၀င်ပါလို့ ကျနော်တို့ကို ပြောလာပြန်ပါတယ်။ ရွေးကောက်ပွဲဝင်ပြီး အမတ်အဖြစ် အရွေးခံပါ ဆိုပဲ။ ယှဉ်ပြိုင်ခိုင်းတဲ့ မဲဆန္ဒနယ်ကတော့ ဒေါ့ဖုန်းယန်မြို့နယ်မှာပေါ့။ ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်မယ်ဆိုရင်တော့ လက်နက်ကိုင်လို့ မရဘူးလို့လည်း ပြောပြန်ပါတယ်။ ညဏ်နီ ညဏ်နက်တွေနဲ့ ကလိန်ကကျစ်ကျဖို့ ကြိုးစားလာကြတာပေါ့။

လက်နက်ကိုင်အဖွဲ့ အနေနဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်မရှိတဲ့ အတွက် ကျနော်တို့ လက်နက်တွေကို အပြီးတိုင် အပ်ရင်အပ်၊ ဒါမှမဟုတ် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖို့ရန် ဖိအားပေး ပြန်ရော။ ဒီနယ်ခြားစောင့်တပ် လုပ်ဖို့အတွက် ကျနော်တို့ စစ်တပ်ထဲက အသက် (၁၈) နဲ့ (၅၀) နှစ်ကြား အရွယ်ကောင်း စစ်သည်တွေကိုပဲ ရွေးထုတ်သွားမှာ ဖြစ်တယ်။ အရပ်ဘက် အုပ်ချုပ်ရေးဌာန၊ စီးပွားရေးဌာန၊ ပညာရေးဌာန၊ ကျန်းမာရေးဌာန စတဲ့ အခြားဌာနတွေက ၀န်ထမ်းတွေ မပါဝင်ပဲ စစ်တပ်ထဲက အရွယ်ကောင်း စစ်သည်တွေကိုသာ ဖဲ့ထုတ်သွားမယ့် အစီအစဉ် ဖြစ်တယ်။ နယ်ခြားစောင့်တပ်ရင်းတွေ အနေနဲ့ဖွဲ့စည်းပြီး တပ်ရင်း တစ်ရင်းကို ဗမာစစ်သား အယောက် (၃၀) ထည့်သွင်းရောနှောကာ အုပ်ချုပ်ရေးပိုင်းကိုကျတော့ သူတို့ ဗမာတွေ ရယူထားမှာ ဖြစ်တယ်။ ဒီလိုနည်းလမ်းတွေနဲ့ ကျနော်တို့ကို နှဖားကြိုးလျှိုမယ့် အစီအစဉ်ဖြစ်ပါတယ်။

 တပ်ရင်းတွေအနေနဲ့ပဲ ဖွဲ့စည်းသွားမှာဖြစ်တဲ့ အတွက် အခုလက်ရှိလိုမျိုး တပ်မဟာ ဖွဲ့စည်းပုံတွေလည်း ရှိတော့မှာ မဟုတ်ဘူး။ ဒီတပ်ရင်းတွေဟာလည်း သုံးလေးနှစ် ကြာပြီးသွားတဲ့ နောက်တော့ တဖြည်းဖြည်းနဲ့ ဖျက်သိမ်း ပစ်လိုက်ကြမှာပဲ။ ဒီနယ်ခြားစောင့်တပ်ဆိုတာဟာ လက်နက် ဖြုတ်သိမ်းရေးမူပဲ ဖြစ်တယ်။ ဒါကိုသာ လက်ခံခဲ့ရင် တပ်သားသစ်တွေလည်း ထည့်သွင်းလို့ရတော့မှာ မဟုတ်ဘူး။ တပ်က ထွက်သွားတဲ့ သူတွေရဲ့ နေရာတွေမှာလဲ ဗမာစစ်သားတွေပဲ အစားထိုး ၀င်ရောက်လာမှာ ဖြစ်တယ်။ ကျနော်လူမျိုးတွေဝင်လို့ရမှာ မဟုတ်တော့ဘူး။ ဒီလိုနဲ့ပဲ နောက်ဆုံးတော့ ဗမာတပ်ဖြစ်သွားမှာ ဖြစ်တယ်။ ဒီလိုနည်းလမ်းတွေနဲ့ ကျနော်တို့ကို ကလိန်ကကျစ်လုပ်ဖို့ ကြိုးစား ခဲ့ကြပါတယ်။

ဒါတွေကို ကျနော်တို့ ကောင်းကောင်း သဘောပေါက်တဲ့အတွက် ဗဟိုကော်မတီ အနေနဲ့ ဒါကို လုံးဝ လက်မခံခဲ့ပါဘူး။ ကျနော်တို့ရဲ့ လက်နက်တွေကို ဖြုတ်သိမ်းလိုက်ဖို့ Disarm လုပ်လိုက်ဖို့ပဲ ဖြစ်တယ်။ ဒီလိုအလုပ်ကို ကျနော်တို့ မလုပ်ပါဘူး။ လုံးဝ မလုပ်ပါဘူး။ ကျနော်တို့ လိုချင်တာ လွတ်လပ်ရေးပါ။ အနည်းဆုံးတော့ အခွင့်အရေး တန်းတူရရှိမှုကို အာမခံပေးနိုင်မယ့် ကိုယ်ပိုင်ပြဌာန်းခွင့် ရကိုရရပါမယ်။ Equality နဲ့ Self- determination ရဖို့ လိုပါတယ်။ တိုင်းပြည်တိုင်းက လူမျိုးတိုင်း ရရှိထားကြတဲ့ မိမိကြမ္မာ မိမိဖန်တီးနိုင်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရဖို့ လိုပါတယ်။ ကျနော်တို့ရဲ့ အနာဂတ်၊ ကံကြမ္မာကို ဗမာတွေ လာဖန်တီးပေးလို့ မရပါဘူး။ ဒီကနေ့ လူငယ်တွေကို အနည်းငယ် ပြောပြလိုပါတယ်။ ဗမာတွေနဲ့ ကျနော်တို့ မတူပါဘူး။

ကဲ … ကျနော်တို့ လူမျိုးတွေ ဗမာနဲ့ မျိုးနွယ်တူသလား။ မတူပါဘူး။

စာပေ တူသလား။ မတူပါဘူး။

စကား တူသလား။ မတူပါဘူး။

ကိုးကွယ်ယုံကြည်မှု တူသလား။ ကျနော်တို့ လူမျိုးတွေရဲ့ (၉၈) ရာခိုင်နှုန်းက ခရစ်ယာန်တွေ ဖြစ်တယ်။ 
ကျန်တဲ့ ဗုဒ္ဓဘာသာဝင်တွေ၊ မူစလင်ဘာသာဝင်တွေ၊ နတ်စား (နတ်ကိုးကွယ်မှု) တွေဟာ အနည်း အကျဉ်းမျှသာ ဖြစ်တယ်။

ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ တူသလား။ မတူပါဘူး။ တစ်ခုမှ မတူပါဘူး။

ကျနော်တို့ဟာ ကျနော်တို့ရဲ့ ယဉ်ကျေးမှုနဲ့အညီ တိုးတက်လာဖို့ လိုပါတယ်။ ကျနော်တို့ရဲ့ စာပေ၊ ဘာသာ စကားတွေကို ထိန်းသိမ်း စောင့်ရှောက်ကြရပါမယ်။ ဒါပေမယ့် အခွင့်အာဏာ မရှိတဲ့အခါမှာ ဒါတွေကို လုပ်ဆောင်လို့ မရနိုင်ပါဘူး။ ကျနော်တို့ရဲ့ စာကို တရားဝင် သတ်မှတ်ပေးခြင်း မရှိပါဘူး။ သင်ကြားခွင့်မရှိသလို အသုံးပြုခွင့်လဲ မရှိပါဘူး။ ကျနော်တို့ရဲ့ စာပေ၊ ဘာသာစကား၊ ကိုးကွယ် ယုံကြည်မှုတွေမှာ လွတ်လပ်မှုတွေရှိနေဖို့ လိုပါတယ်။ ကျနော်တို့ရဲ့ ကံကြမ္မာကို ကျနော်တို့ပဲ နားလည်တာပါ။ ကျနော်တို့တတွေ ဘယ်လို အောင်မြင် တိုးတက်ချင်တယ်ဆိုတာ ဗမာတွေ နားမလည် နိုင်ပါဘူး။ ဒါတွေက ဗမာတွေ လာဆုံးဖြတ်ပေးရမယ့် ကိစ္စလား။ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ အနာဂတ်ကို ကျနော်တို့ ကိုယ်တိုင် စီမံဆုံးဖြတ်ပိုင်ခွင့်ဆိုတာဟာ ကိုယ်ပိုင်ပြဌာန်းခွင့် (Self-determination) ပါပဲ။ ဒါရကိုရရမယ်၊ ရှိကို ရှိရပါမယ်။ ကိုယ်ပိုင် ပြဌာန်းခွင့် မရှိဘူးဆိုရင် ကျွန်မျိုး ဖြစ်မှာပဲ။ မိမိ လျှောက်မယ့်လမ်း မိမိ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူးဆိုရင် ကျွန်မျိုးပဲ ဖြစ်မှာပဲ။ သမ္မာ ကျမ်းစာထဲမှာ ကျွန်မျိုးနဲ့ လွတ်လပ်တဲ့ လူမျိုးဆိုပြီး နှစ်မျိုးပဲ ရှိတယ်။ လွတ်လပ်တဲ့ လူမျိုးမဖြစ်တရွေ့ ကျွန်မျိုး ဖြစ်နေဦးမှာပဲ။ ကျွန်, မဖြစ်ချင်ဘူးဆိုရင် လွတ်လပ်တဲ့ လူမျိုးဖြစ်ဖို့လိုတယ်။ ကျနော်တို့ဟာ ကျွန်မျိုးတွေ မဟုတ်ဘူး။ ရှေးပဝေသဏီ ကတည်းက ကျွန်မျိုး မဟုတ်သလို၊ ယခု အချိန်ကာလမှာလည်း ကျနော်တို့ဟာ ဗမာတွေရဲ့ ကျွန်, မဟုတ်ဘူး။ စစ်အာဏာရှင် စနစ်က ကျနော်တို့ကို ကျွန်ဇာတ်သွင်းနေတယ်။ ကျနော်တို့ တိုင်းပြည်မှ အဆီအနှစ်တွေ ထုတ်စား နေကြတယ်။

ဒါ့ကြောင့် ကိုယ်ပိုင်ပြဌာန်းခွင့် (Self-determination) မရဘူးဆိုရင် ကျနော်တို့ရဲ့ အနာဂတ်ကို ဖော်ဆောင်နိုင်မှာ မဟုတ်ဘူး။ ဒီလို ဖော်ဆောင်နိုင်မယ့် အခွင့်အရေး မရှိဘူးဆိုရင် ကျွန် ဖြစ်သွားလိမ့်မယ်။ ကျွန်, မဖြစ်လိုတဲ့ အတွက်ကြောင့် ကျနော်တို့ တော်လှန်ရေး လုပ်နေကြခြင်း ဖြစ်တယ်။ ယူနီဖောင်းဝတ်ဆင်ကာ လူငယ် လူရွယ်တွေ ကြိုးစားအားထုတ် နေကြခြင်းဖြစ်တယ်။ အခုဆိုရင် တော်လှန်ရေးမှ အနားယူသွားတဲ့ အမှုထမ်းဟောင်းတွေ ပါဝင်တဲ့ အရပ်ဘက် ပြည်သူ့စစ် အဖွဲ့ (Mung Shawa Hpyen Hpung) ကိုလည်း ဖွဲ့စည်းကာ အတူတကွ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ ဒါတွေဟာ ကျနော်တို့ ကျွန်မျိုး အဖြစ်မခံနိုင်တဲ့ အတွက်ဖြစ်တယ်။ ဒါ့ကြောင့်မို့ ဘုရားသခင်ထံ ဆုတောင်းတဲ့ အခါတိုင်းမှာ ကျနော်တို့ကို ကျွန်မျိုး မဖြစ်စေဖို့၊ လွတ်လပ်တဲ့ လူမျိုးတွေဖြစ်စေဖို့ တောင်းကြရမယ်။ ထာဝရဘုရားသခင်ဟာ ကျနော်တို့ကို ကျွန်မျိုးအဖြစ် ဖန်ဆင်းလိုက်တာ မဟုတ်ဘူး။ ကျွန်ဖြစ်သွားဖို့လည်း အလိုတော်မရှိဘူး။ လွတ်လပ်တဲ့ လူမျိုးပဲ ဖြစ်ရမယ်။ ဒါ့ကြောင့် ကျနော်တို့ ကြိုးစားဖို့ လိုပါတယ်။ အဲဒါကြောင့် ကျနော်တို့ရဲ့ အနာဂတ်ကို မိမိဘာသာမိမိ ပြဌာန်းပိုင်ခွင့်၊ စီမံပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် မရှိသရွေ့ ကျွန်ပဲဖြစ်နေဦးမှာပါပဲ။ ဒီလိုအဖြစ်ကိုတော့ ကျနော်တို့ ဘယ်သူမှ လက်ခံလို့ မရပါဘူး။
 [ကချင်ပြည်နယ်နှင့် ကချင်လူမျိုးများကို အဓိက ကိုယ်စားပြုသော ကေအိုင်အို၏ နိုင်ငံရေး ရပ်တည်ချက်နှင့် အမြင်များကို ဝေမျှရန် ရည်ရွယ်ချက်ဖြင့် ဘာသာပြန်ဆိုပါသည်။ လွတ်လပ်စွာ သဘော ကွဲလွှဲနိုင်ပါသည်။]


0 comments: