Thursday, January 13, 2011

စစ်တပ်နဲ့ စစ်အာဏာရှင် - အပိုင်း(၂)

စစ်အာဏာရှင်ကို တော်လှန်ခြင်းသည် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ခြင်း ဖြစ်သည် - အပိုင်း(၂) 

ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင် 

ဒီအာဏာရှင်စနစ်ကို ဖြစ်စေတာ လက်နက် စွမ်းအားရှိ စစ်တပ်ကို ချုပ်ကိုင်ထားနိုင်တာ ထိပ်ပိုင်း စစ်ခေါင်းဆောင်တွေ လူနည်းစုသာ ဖြစ်ပါတယ်။ ဒီလူတစ်စုကို တော်လှန်တော့ အလိုလို စစ်တပ်ကို တော်လှန်သလို ဖြစ်သွားရပါတယ်။ စစ်အာဏာရှင်တွေကလည်း စစ်တပ်ရဲ့  စစ်သည်တွေမှာရှိတဲ့ "တပ်ဖွဲ့စိတ်" ရဲဘော်ရဲဘက် စိတ်တွေကို အခြေပြုပြီး စစ်သည်တွေကို အတွေးအခေါ် အမှားတွေ ရိုက်သွင်းလို့ ပြည်သူလူထုနဲ့ ထိပ်တိုက်ဖြစ်စေ ပါတော့တယ်။ တကယ်တမ်း အပြစ်ရှိသူတွေဟာ စစ်တပ်ရော၊ တော်လှန်ရေး သမား၊ နိုင်ငံရေးသမားတွေ မဟုတ်ဘဲ စစ်အာဏာရှင်တွေသာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်အာဏာရှင် ဆန့်ကျင်ရေးရဲ့ တာဝန်ဟာ ပြည်သူလူထုရဲ့ သားသမီးဖြစ်တဲ့ စစ်တပ်ရဲ့ တာဝန် ဖြစ်လာပါပြီ။ 

 ဘာတွေကြည့်နေကြတာလဲ..

တပ်မတော်သား တွေဟာ စစ်တပ်ရဲ့ သမိုင်းကြောင်း ကောင်းဖို့နဲ့ ပြည်သူချစ်တဲ့ "ပြည်သူ့တပ်မတော်" ဖြစ်ဖို့ ပြည်သူလူထုကို "စစ်မှန်သော ကာကွယ်စောင့်ရှောက်မှု" ပြုဖို့ ပြည်သူလူထုနဲ့ လက်တွဲဖို့ ပြည်သူလူထုရှေ့က မားမားမတ်မတ် ရပ်ပြီး ကာကွယ်ပေးဖို့၊ စစ်အာဏာရှင်နဲ့ စစ်ခေါင်းဆောင် ခွဲခြားသိမြင်ဖို့ လိုအပ်လာပါပြီ။ 

ကျွန်တော်တို့ တိုင်းပြည် ဆင်းရဲမွဲတေ လူနေမှု အဆင့်အတန်း နိမ့်ကျလာပြီး အကျင့်စာရိတ္တ ယိုယွင်းမှုတွေ ဖြစ်လာတာဟာ စစ်အာဏာရှင်များရဲ့ မှားယွင်းတဲ့ မူဝါဒနဲ့ သူတို့ ကိုယ်တိုင်ကစတဲ့ အကျင့်ပျက် ခြစားမှု၊ အဂတိလိုက်စား ကိုယ်ကျိုး ရှာမှုတွေက စခဲ့တာ ဖြစ်ပါတယ်။

ဥပမာ ပြောရရင် ၁၉၈၉ အာဏာသိမ်းပြီးစ စစ်တပ်မှ အရာရှိတချို့ မ၀တ၊ ခ၀တ၊ တ၀တ၊ န၀တ နေရာ အသီးသီးမှာ တာဝန်ယူခဲ့သလို လမ်းပန်း ဆက်သွယ်မှု လုံခြုံချောမွေ့ စေရေးဆိုကာ တံတားဆောက် လမ်းဖောက် လုပ်ငန်းတွေလည်း မြန်မာပြည်တစ်ခွင် ဆိုပြီးလုပ်ခဲ့ ကြပါတယ်။ ဒီအချိန်မှာ ဗိုလ်ချုပ်မှူးကြီး စောမောင်က စစ်တပ်ဟာ အာဏာလွှဲအပ်ပြီး စစ်တန်းလျားကို ပြန်သွားမယ်လို့ ဂတိပြုထားတယ်။ သူဟာ ဂတိတည်တဲ့ စစ်သားပီသသူပါ။ အာဏာရှင် ဗိုလ်ချုပ်တွေကတော့ နောင်ဒီလို ဆွမ်းကြီးလောင်းပွဲမျိုး မရနိုင်တော့ ဘူးဆိုပြီး ရာထူး၊ အဆင့်အတန်း၊ နေရာဒေသ အသီးသီးမှာ အကျိုးဆောင် ကုမ္ပဏီတွေနဲ့အတူ ပူးပေါင်းပြီး တာဝန်ယူနေကြရတဲ့ အချိန်အတောအတွင်း အကြီးအကျယ် ကိုယ်ကျိုး ရှာစားကြပါတော့တယ်။ 

စည်ပင်ဈေးတွေ ဆောက်လို့ ကိုယ်ကျိုးရှာခြင်း၊ ပန်းခြံဖွင့်၊ တံတားဆောက် လမ်းဖောက် စီမံကိန်းတွေ၊ မဖြစ်ညစ်ကျယ် လေဆိပ်၊ ရေအား လျှပ်စစ်၊ ဆည်မြောင်း စီမံကိန်းတွေနဲ့ ကိုယ်ကျိုးရှာခြင်း၊ အချင်းချင်း သစ်ပေး၊ အုတ်ပေး၊ သံပေး၊ ဘိလပ်မြေပေးစနစ်နဲ့ တိုက်တာ အဆောက်အဦးတွေ ဆောက်လုပ် ကိုယ်ကျိုးရှာခြင်း၊ မြေကွက်တွေ ဖော်ထုတ် မြေကွက်ယူရတဲ့ စည်ပင်သာယာ အာဏာကို သုံးပြီး မြေကွက် လဲလှယ်ခြင်း၊ ရောင်းစားခြင်းနဲ့ ကိုယ်ကျိုးရှာခြင်း၊ စီးပွားရေး ၀ိသမ လောဘသမားတွေနဲ့ ပေါင်းကာ ဆက်ကြေးယူ ကိုယ်ကျိုးရှာခြင်းစတဲ့ နည်းပေါင်းစုံနဲ့ ကိုယ်ကျိုးရှာခဲ့ကြကာ လောဘ အတောမသတ်နိုင် ဖြစ်ခဲ့ကြပါတယ်။ ယုဇန ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဌေးမြင့် ဆိုရင် ရွှေပိဿအလိုက် ခြင်းနဲ့ လာဘ်ထိုးခဲ့လို့ အိုးအိမ်ဦးစီးဌာန နဲ့ ပူးပေါင်းကာ ရန်ကုန်မြို့တော် တည်ဆောက်ရေး စီမံကိန်း နေရာကောင်းများကို အမြတ်ထုတ် ကိုယ်ကျိုးရှာ ခဲ့ပါတယ်။

ဒီကြားထဲ ပြည်သူ့အာဏာ ပြည်သူကို မလွှဲအပ်တော့ဘဲ ဂတိဖျက်ပြီး အာဏာကို ချုပ်ကိုင်ကာ လိုသလို ကြိုးဆွဲ "က" နိုင်တဲ့ အခြေအနေမှာတော့ ဒီလို အခွင့်အရေးကြီးကို လက်မလွှတ်လိုတော့ဘဲ ရှင်ဘုရင်စိတ်ပေါက်လို့ အာဏာပါ မက်မောကြရာက အာဏာရှင် ဖြစ်လာကြတာပါ။ အာဏာရော စည်းစိမ်ရော စိတ်တိုင်းကျ ချယ်လှယ် နိုင်သွားခဲ့ပြီလေ။ 

ဒါဟာ တကယ်တော့ "တပ်မတော်ဟာ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေသည်" "တပ်မတော်က နိုင်ငံတော်ကို အရေးကြုံတိုင်း ကယ်တင်ခဲ့သည်" ဆိုတဲ့ စကားလှလှ သုံးကာ စစ်တပ်ကို နာမည်သုံး ခုတုံးလုပ်စား သွားခဲ့ကြတာ ဖြစ်ပါတယ်။

0 comments: