Wednesday, January 12, 2011

တပ်မတော်နှင့်ပြည်သူကို သွေးခွဲနေသူ မိစှ္ဆာတစ်ဦး

တပ်မတော်နှင့်ပြည်သူကို သွေးခွဲနေသူ မိစှ္ဆာတစ်ဦး

ဆောင်းပါးရှင် - ကျော်ကျော် (လူထုအသံ) 

လူထုအသံ အင်တာနက် စာမျက်နှာမှ ဆောင်းပါးရှင် ကျော်ကျော်ရဲ့  တပ်မတော်နှင့်ပြည်သူကို သွေးခွဲနေသူ မိစှ္ဆာတစ်ဦး ဆောင်းပါးကို ကျွန်တော် ကိုဖိုးတရုတ် ဖတ်ကြည့်လိုက်တော့ တော်တော်လေး အားရ ကျေနပ်မိပါတယ်။ တကယ်တော့ တပ်မတော်ဟာ ပြည်သူကနေ ပေါက်ဖွားလာတာဖြစ်လို့ ယနေ့ မြန်မာနိုင်ငံမှာ တပ်မတော်နဲ့ ပြည်သူ ဘာကြောင့် ဒီလို သွေးကွဲနေရတာလဲဆိုတာနဲ့ ပတ်သက်ပြီး ဆောင်းပါးရှင် ကျော်ကျော်က ဖော်ပြထားပါတယ်။ ဒါ့အပြင် ယခုလို သွေးကွဲနေတာကနေ တပ်မတော်နှင့် ပြည်သူတို့ ချစ်ကြည်စွာ ပြန်လည်လက်တွဲနိုင်မယ်ဆိုရင် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်မယ်ဆိုတာကိုပါ ရေးသား ပြောဆိုထားပါတယ်။ ကိုကျော်ကျော်ဟာ တပ်မတော်သား တစ်ယောက် မဟုတ်ပေမဲ့ စစ်အာဏာရှင်တွေ ပြုတ်ကျဖို့ တပ်မတော်နဲ့ ပြည်သူ လက်တွဲကြည်ဖြူချင်တဲ့ စိတ်ဓာတ်ရှိနေတာကို ဒီဆောင်းပါး ဖတ်ပြီးတဲ့နောက်မှာ သဘောပေါက် နားလည်လိုက်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးကို လူထုအသံ အင်တာနက် စာမျက်နှာမှတဆင့် ကျွန်တော့် ဘာလောဂ်မှ ကူးယူးဖော်ပြပေးလိုက်ပါတယ်။ 


ဗိုလ်ချုပ်ကြီး သန်းရွှေ မြန်မာနိုင်ငံတပ်မတော်၏ အထွဋ်အထိပ် ရာထူးနေရာကို ဆုပ်ကိုင်ထားပြီး  စစ်အာဏာရှင်အဖြစ် ဆိုးသွမ်း မင်းမူနေခြင်းသည် မြန်မာနိုင်ငံရှိ ပြည်သူပြည်သားများအတွက် အလွန်ဆိုးရွား သည့် ငရဲခန်းတစ်ခု ဖြစ်နေသည်မှာ ကမ္ဘာသိ ဖြစ်ရပ်တစ်ခု ဖြစ်နေပြီးဖြစ်ပါသည်။ ထိုအခါတွင် နောက်ထပ်မေးစရာ မေးခွန်းတစ်ခု ရှိလာခဲ့သည်။ ထိုမေးခွန်းမှာ စစ်အာဏာရှင် ဗိုလ်သန်းရွှေကြောင့် မြန်မာစစ်တပ်နှင့် တပ်မတော်သားများရော အကျိုးကျေးဇူး တစုံတရာ ဖြစ်ထွန်းမှုများ ရှိနေသလားဆိုသော မေးခွန်းပင် ဖြစ်ပါသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ စစ်တပ်အား အင်အားကြီးမားစွာ ဖွဲ့စည်းနေသည်မှာ သံသယဖြစ်စရာ မလိုသော အကြောင်းအရာ တစ်ရပ်ဖြစ်သည်။ ငယ်ရွယ်သော လူငယ်များစွာ တပ်မတော်တွင် ပြန်တမ်းဝင် အရာရှိတွေ ဖြစ်လာကြသည်။ ရာထူးတွေ၊ ကြယ်ပွင့်တွေနှင့် ခန့်ညား လာကြသည်။ 

စစ်အဆောင်အယောင်တွေနှင့် သာယာလာကြသည်။ ထိုအခါတွင် မြန်မာလူငယ်များ၏ အမှန်တက် ရင်တွင်း ကိန်းအောင်းနေသင့်သော နိုင်ငံချစ်စိတ်သည်ေ၀၀ါး ပျောက်ကွယ် လာသည်။ တပ်မတော်သား ဆိုသည်မှာ မြန်မာပြည်သူတစ်ရပ်လုံး၏ လုံခြုံမှုအတွက် မားမားမတ်မတ် ရပ်တည်ရမည့် လူတန်းစား ဆိုသော ပင်ကိုယ်အသိထက် ရာထူးဌာနများနောက် တကောက်ကောက် လိုက်တတ်လာကြသည်။ အာဏာရှင် ဗိုလ်သန်းရွှေနှင့် အခြားသော စစ်ဘက်အရာရှိကြီးများ ချီးမြှောက်တာ၊ မြှောက်စားတာ ခံရရေး အတွက် အပြိုင်အဆိုင် ကြိုးစားလာကြသည်။ တိုင်းပြည်အတွက် သေနတ်ကိုင်ပြီး စောင့်ရှောက်ရမည့် တပ်မတော် အရာရှိငယ်တို့သည် Hand Phone ကိုင်ပြီး မော်တော်ကားလေး တ၀ီဝီနှင့် ယူနီဖောင်း မတွန့်မကြေ သွားလာနေရသော ဘ၀ကို တပ်မက်လာကြသည်။

မြန်မာနိုင်ငံသည် စစ်အာဏာရှင် စနစ်၏လက်အောက်တွင် အလူးအလိမ့် ငရဲခံနေရသော်လည်း စစ်တပ်နှင့် ကင်းကွာပြီး နေ၍ကားရနိုင်မည် မဟုတ်ပါ။ စစ်အစိုးရအား မည်မျှမုန်းတီးသော အတိုက်အခံ အမြင်ရှိသူပင် ဖြစ်ပါစေ၊ တပ်မတော်မရှိဘဲ ရပ်တည်နိုင်မည့် မြန်မာနိုင်ငံတော်ကို ထူထောင်နိုင်မည် မဟုတ်ကြောင်း အသေအချာ လက်ခံရမည်သာ။ တကယ်တော့ မြန်မာ့တပ်မတော် သည်စစ်အစိုးရ၏ ၀ါဒဖြန့်စကားတွေ အတိုင်းပြည်သူတို့၏ အမွေတစ်ခု သာဖြစ်သည်။ တပ်မတော်သားတို့သည် ပြည်သူ့မိခင်များက မွေးဖွားခဲ့သော ရင်နှစ်သည်းချာများသာ ဖြစ်ကြပါသည်။ ထိုသို့ဖြစ်လျက်နှင့် မြန်မာစစ်တပ်နှင့် မြန်မာပြည်သူများ တစိတ်တ၀ှမ်းတည်း မဖြစ်နိုင် ရပါသနည်း။ 

အဘယ်ကြောင့် ပြည်သူများက စစ်သားများကို မုန်းတီးနေကြ ပါသနည်း။ ရှင်းပါသည်။ ထိုကိစ္စ များအားလုံးကို ဆရာကြီး ဗိုလ်သန်းရွှေက ကြားကွက်ရွှေ့ထားခြင်းကြောင့် ဖြစ်ပါသည်။ တနည်းဆိုသော် အာဏာကို တည်မြဲအောင် ထိန်းသိမ်းရာတွင် အကွက်မြင်လှပြီး ပါးနပ်လှသော ဗိုလ်ချုပ်ကြီး သန်းရွှေက တပ်မတော်သားများနှင့် ပြည်သူများ၏ မျက်ခုံးမွှေးများပေါ်တွင် စင်္ကြံန်လျှောက် နေခြင်းမျှသာ ဖြစ်တော့သည်။ ဗိုလ်ချုပ်ကြီး သန်းရွှေသည် အင်္ဂါရုပ်အားဖြင့် သမာသမတ် မရှိသလို ခန့်ညားထည်ဝါသော ခေါင်းဆောင်ကောင်းတို့၏ ဟန်ပန်မျိုးလည်းမရှိပါ။ သို့သော်လည်း လူတို့၏ အတွင်းစိတ်ကို နားလည်ပြီး ကောက်ကျစ် စဉ်းလဲသည့် နေရာတွင်မူ ပါးတာမှ လှပ်နေတာပဲဆိုသော အမျိုးအစားထဲက ဖြစ်သည်။ 

၎င်း၏နေရာကို ထိပါးလာနိုင်သည်ဟု သတိပြုမိသည်နှင့် ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ရက်ရက်စက်စက် စတေးခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ဖိအားတွေကို ရင်မဆိုင်ရရေးအတွက် ၀န်ကြီးချုပ်ဆိုသော ရာထူးတွေ ခန့်ပြီး လူမိုက်ငှားသည်။ ၎င်းသည် အရပ်စကားနှင့် ပြောလျှင် ချိန်းရိုက်တတ်သော လူမိုက်မျိုးမဟုတ်။ ထိုသို့သော လူမိုက်တွေကို နောက်ကွယ်က ကြိုးကိုင်ပြီး ကောင်းမွန်စွာ ကိုင်တွယ်တတ်သော Master Brain လူမိုက်မျိုးဖြစ်သည်။ ဗိုလ်သန်းရွှေသည် အသက်ငယ်ငယ်နှင့် အရာရှိလေးတွေ မွေးထုတ်ပေးမည့် စီမံကိန်းကို စနစ်တကျ ကြံဆောင်သည်။ ၎င်းတို့ခံစား၊ စံစားနေသည့် စည်းစိမ်နှင့် ယှဉ်ပါက အရိုးအရင်မျှပင်မရှိသောခံစားခွင့်လေးတွေ ပေးထားသည်။ ကျန်သောပြည်သူများကိုဆင်းရဲငတ်ပြတ် နေအောင် ထားထားသည်။

0 comments: