Wednesday, January 12, 2011

စစ်အာဏာရှင်စနစ်အောက်က တပ်မတော် - အပိုင်း (၁၀) (DVB ရဲ့ထုတ်လွှင့်မှု အစီအစဉ်)

စစ်အာဏာရှင်စနစ်အောက်က တပ်မတော် - အပိုင်း (၁၀) (DVB ရဲ့ထုတ်လွှင့်မှု အစီအစဉ်) 

ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင် 

ထုတ်လွှင့်ဖတ်ကြားသူ - မန်းစိုင်းမွန်

သောတရှင်များခင်ဗျား 

ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးရဲ့ အုပ်ချုပ်ရေးစနစ်များကို သေချာ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ကြည့်လိုက်မယ်ဆိုရင် တိုင်းပြည်နဲ့ ပြည်သူလူထုကို ဆင်းရဲတွင်း နက်စေတဲ့၊ နှိပ်စက်တဲ့ စနစ်များထဲမှာ စစ်အာဏာရှင်စနစ်က အဆိုးဆုံး ဖြစ်ပါတယ်။ အာဏာရှင်စနစ်မှာ မူဝါဒ မရှိပါဘူး။ တရားဥပဒေလည်း မရှိပါဘူး။ အာဏာရှိသူရဲ့ ပါးစပ်က ထွက်သမျှကိုဘဲ လိုက်နာနေရပါတယ်။ တိုင်းပြည်နဲ့ ပြည်သူလူထုအကျိုးဆိုတာက ရုပ်ပြသက်သက် ဖြစ်ပါတယ်။ အာဏာရှင်တစ်စုရဲ့ ကိုယ်ကျိုးစီးပွားက အဓိက ဖြစ်ပါတယ်။ 

စစ်အာဏာရှင်စနစ်က ပြည်သူလူထုအပေါ်တွင်သာ ဗိုလ်ကျ အမြတ်ထုတ်တာ မဟုတ်ပါဘူး၊ စစ်တပ်ကိုလည်း လှည့်စားပြီး သူတို့ အကျိုးစီးပွားအတွက် အမြတ်ထုတ်ပါတယ်။ အထင်ရှားဆုံး နမူနာတစ်ခုကတော့ ဦးပိုင် ကုမ္ပဏီဖြစ်ပါတယ်။ တပ်မတော်သားများ၏ နောင်ရေးအတွက် တပ်ရင်း၊ တပ်ဖွဲ့ အစီအစဉ်အရ ချွေးနည်းစာ ငွေများကို ဦးပိုင်မှာ စုဆောင်းခိုင်းပါတယ်။ ဒါပေမယ့် ဦးပိုင်ကရတဲ့ အကျိုးအမြတ်တွေကို အဓိက စားသုံးနေရ သူများမှာ ထိပ်ပိုင်းက အာဏာရှင်များသာ ဖြစ်ပါတယ်။ 

တပ်မတော်ရဲ့ ထိပ်ပိုင်း စစ်အာဏာရှင်တစ်စုက ၎င်းတို့အာဏာတည်မြဲရေးနဲ့ စည်းစိမ်ချမ်းသာ ပြည့်ဝရေး အတွက် လုပ်နေပေမယ့် အောက်ခြေအရာရှိနဲ့ တခြားအဆင့် စစ်သည်များကတော့ သူတို့လုပ်နေ တာတွေဟာ အာဏာရှင်တွေအတွက် မဟုတ်ဘဲ တိုင်းပြည်အတွက် လုပ်နေရတာလို့ ထင်မှတ်နေကြပါတယ်။ အောက်ခြေပိုင်း အရာရှိတွေနဲ့ အညတရ စစ်သည်တွေဟာ စစ်အာဏာရှင်တွေရဲ့ မရိုးသားတဲ့ အကြံကို သိမြင်နားလည်နိုင်စွမ်း မရှိကြပါဘူး။ ဒါကြောင့်လည်း အာဏာရှင်များ စေခိုင်းသမျှ လိုက်လုပ်နေကြပါတယ်။ ပြည်သူ့ဘဏ္ဍာများကို မတရားစားသုံး နေကြသော စစ်အာဏာရှင်ကြီးတစ်စု 


ပြည်သူ့ဘဏ္ဍာများကို မတရားစားသုံးနေကြသော စစ်အာဏာရှင်ကြီးတစ်စု

ဒါပေမယ့် လက်တွေ့ဘဝမှာတော့ အာဏာရှင်ကြီးများ ရတနာစိန်ကျောက် ဇယ်တောက်တမ်း ကစားနေချိန်မှာ အောက်ခြေက အရာရှိ/စစ်သည်များ ဆင်းရဲစုတ်ပြတ်နေ ကြပါတယ်။ အာဏာရှင် ကြီးများကတော့ လစာတွေတိုးပေးပြီး အမှတ်ယူနေကြပါတယ်။ တကယ်တော့ လစာတိုးပေးတဲ့အတွက် စားဝတ်နေရေး ဖူလုံခြင်း မရှိပါ။ ဝန်ထမ်းများမှာ လစာတိုးပေးတာနဲ့ဘဲ ကျေနပ်နေရ ပါတယ်။ ဒါပေမယ့် ဘဝကတော့ ဒုံရင်း ဒုံရင်း ဖြစ်ပါတယ်။ လူပျိုစစ်သည်ဆောင်တွေ သွားစစ်ရင် စစ်သည် (၃) ယောက်မှ သေတ္တာ တစ်လုံးသာ ရှိပါတယ်။ ခြင်ထောင်နဲ့ စောင်ပင် ကိုယ်စီ မရှိကြပါဘူး၊ ဖျာလည်း မရှိပါဘူး။

စားရိက္ခာဆိုတာလည်း တကယ်တော့ နာမည်ဘဲ ရှိပါတော့တယ်။ လူပျိုအရာရှိရိပ်သာ Mass မှာလည်း မယ်မယ်ရရ တန်ဖိုးရှိတဲ့ ပစ္စည်းဟူ၍   ဘာမှမရှိ၊ အိုးခွက်ပန်းကန်တွေက ရွာအလှူမှာသုံးတဲ့ ဒန်အိုး၊ ဒယ်အိုး အဆင့်လောက်ဘဲ ရှိပါတယ်။ အခြားအဆင့် လိုင်းခန်းများမှာလည်း အိမ်ထောင်စုပိုင် ပစ္စည်းက တန်ဖိုးမရှိတဲ့ ပစ္စည်းတွေချည်း ဖြစ်ပါတယ်။ စစ်တပ်ပိုင် စောင်ဟောင်းတွေ ခြင်ထောင်ဟောင်းတွေနဲ့ အဝတ်အစားဟောင်း တွေကိုဘဲ တွေ့ရပါမယ်။

စစ်သည်များ တပ်ပြောင်းရင် တွေ့ရမယ့် ဆေးသားမပီတော့တဲ့ သေတ္တာဟောင်းလေး တစ်လုံး နှစ်လုံးဟာ အဲ့ဒီစစ်သည် မိသားစု ချမ်းသာသမျှ ပစ္စည်းဖြစ်ပါတယ်။ တပ်တွင်းမှာ အခမဲ့ပြသတဲ့ ရုပ်ရှင်၊ ဗွီဒီယိုတွေဟာ သူတို့အတွက် အပမ်းဖြေစရာဖြစ်သလို သိစရာ မှတ်စရာတွေဘဲ ဖြစ်နေရပါတယ်။ ရဲမေတွေ ကလည်း ကလေးတွေကို ပစ်ထားပြီး တပ်တွင်း လုပ်အားပေးကို နေ့စဉ် လုပ်ပေးနေရပါတယ်။ တကယ်တော့ အရာရှိ/စစ်သည် ဇနီးများဟာ “ကျွန်ဝယ်ရာ အဆစ်ပါလာကြခြင်း” ဘဲ ဖြစ်ပါတယ်။ 

စစ်တပ်အတွင်း မော်တော်ယာဉ်ဌာနမှာလည်း သုံးမရတဲ့ ဒေါက်များထောင်ထားတဲ့ မော်တော်ယာဉ် အဟောင်းကြီးများကို ယနေ့တိုင် တွေ့နိုင်ပါသေးတယ်။ ဒီမော်တော်ယာဉ်အိုကြီးများဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထက်ပင် အသက်ကြီးပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တပ်ရင်းမှူးဘဝက ယခု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အထိ ဒီကားများကို မပြင်ဘဲ ဆီထုတ်ယူ ရောင်းစားနေခဲ့တာပါ။ တပ်ရင်းဆေးခန်း သွားကြည့်ရင်လည်း ဆေးပစ္စည်းကိရိယာ ဘာမှ အစုံအလင် မရှိပါဘူး။ ဆေးအရာခံဗိုလ်တွေမှာလည်း လုပ်ပိုင်ခွင့်ဘာမှ မရှိပါဘူး။ လူနာကို မောင်းပို့ပေးမယ့် ကားမရှိတဲ့အတွက် ဆေးတပ်ဆွယ်လေးများဆီ လမ်းလျှောက်ပြီး စေလွှတ်ရတဲ့အထိ ရှိပါတယ်။ 

ယူနီဖေါင်းကို လူမြင်သူမြင် တင့်တယ်အောင် ပြင်ပမှ တန်ဖိုးကြီး ပိတ်စများကို ကိုယ်တိုင် ဝယ်ယူပြီး ချုပ်ဝတ်ကြ ရပါတယ်။ စစ်ဦးထုပ် များမှာလည်း ပြင်ပမှလက်လုပ် လက်စားများ ဝတ်တဲ့ ဦးထုပ်တွေလောက်ဘဲ အဆင့်ရှိပါတယ်။ အရာရှိကြီး/ငယ်တွေဟာ ရန်ကုန်မြို့က မောင်သောင်းဦးထုပ်ဆိုင်မှာသာ ဝယ်ယူသုံးစွဲ နေရပါတယ်။ အရာရှိတွေ ဆောင်းတဲ့ တောဆောင်းဦးထုပ်တွေဟာ တပ်ကပေးတဲ့အစစ်တွေ မဟုတ်ပါဘူး။ ရိက္ခာနဲ့ ပတ်သက်ရင် စစ်ထောက်ချုပ်ကနေ တပ်ထောက်ဗိုလ်ကြီးအထိ စစ်သည်များအပေါ် ခေါင်းပုံဖြတ်နေကြဆဲ ဖြစ်ပါတယ်။ 

ဆီကိုင်ရင် ဆီပေမယ်ဆိုတဲ့ စကားဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တပ်ရင်းမှူးဘဝကတည်းက စစ်ထောက်ဌာနမှ သူခိုး သူဝှက်များရဲ့ လက်သုံးစကား ဖြစ်နေခဲ့ပါတယ်။ ယနေ့တိုင် မရိုးနိုင်သေးတဲ့ စကားပါ။ ဒီလိုနဲ့ဘဲ တပ်ရင်းမှူး၊ တပ်မမှူးမှ ဒီ တပ်ချုပ်ဖြစ်လာတဲ့အခါ လုပ်ပိုင်ခွင့်နှင့် အာဏာအရှိဆုံး ဖြစ်လာသည်နှင့်အမျှ တိုင်းပြည်ဘဏ္ဍာ သယံဇာတများကို စိတ်တိုင်းကျ တရားဝင် ယူငင်သိမ်းဆည်း ခိုးဝှက်ကာ သူခိုးကြီးများ ဖြစ်လာကြလေတယ်။ ကိုယ်နဲ့ဘဝတူ တပ်မတော်သားတွေကိုပင် မညှာမတာ အမြတ်ထုတ်ရက်တဲ့ စစ်အာဏာရှင်များရဲ့ လက်အောက်မှာ မြန်မာနိုင်ငံဟာ ဘယ်လိုမှ နလန်ထူနိုင်မှာ မဟုတ်ပါဘူး။

ဦးနေဝင်း လက်ထက်ကစခဲ့တဲ့ အာဏာရှင်စနစ်ကြောင့် ချွတ်ခြုံကျခဲ့တဲ့ မြန်မာနိုင်ငံဟာ နအဖခေတ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်ထိ ဆင်းရဲမွဲတေမှုတွေနဲ့ နပမ်းလုံးနေရဆဲ ဖြစ်ပါတယ်။ ဒါကို ပြည်သူ့ တပ်မတော်သားတွေနားလည် သဘောပေါက်သင့်ပါပြီ။ ဒါကြောင့် မျိုးဆက်သစ် ကြည်း/ရေ/လေ တပ်မတော်သား များအနေနဲ့ တိုင်းပြည်နဲ့လူမျိုး ပြည်သူလူထုအကျိုးကို အမှန်တကယ်လိုလား စောင့်ရှောက်ချင် တယ်ဆိုရင် စစ်အာဏာရှင်တစ်စုက ဖန်တီးထားတဲ့ စစ်အာဏာရှင်စနစ်ကို စုပေါင်းဖယ်ရှား ပစ်သင့်ပါတယ် ခင်ဗျား။

0 comments: