Thursday, January 13, 2011

ဟစ်တလာရဲ့ လျှို့ဝှက် အိန္ဒိယတပ်မတော် - အပိုင်း(၂)

ဟစ်တလာရဲ့ လျှို့ဝှက် အိန္ဒိယတပ်မတော် - အပိုင်း(၂)
ဆောင်းပါးရှင် - ဆရာဂါမဏိ 

မဆိုးပါဘူ.....

အဲဒီ အချိန်တုံးက ဘို့စ်ရဲ့တပ်ထဲဝင်ခဲ့သူ တယောက်ဖြစ်တဲ့ ဗိုလ်ဘာရဝန်ဆင်းကို ဘီဘီစီသတင်းထောက်က စုံစမ်းရှာဖွေပြီး အင်တာဗျူး ခဲ့ပါတယ်။ သူဟာ အဲဒီတုံးက သူနေတဲ့ စစ်သုံ့ပန်းစခန်းကို အိန္ဒိယ တော်လှန်ရေးသမားကြီး ဆိုက်ရောက်လာပုံကို ကောင်းကောင်း မှတ်မိနေဆဲ ဖြစ်ပါတယ်။ "အဲဒီမှာ သူ့ကို ကျုပ်တို့နဲ့ စကားပြောချင်တဲ့ ကျုပ်တို့တိုင်းပြည်က ခေါင်းဆောင် တယောက်အဖြစ် မိတ်ဆက်ပေး ခဲ့တယ်" လို့ ဆင်းက ပြန်ပြောပြတယ်။ "သူက ကိုယ့်ဆန္ဒအလျောက် စာရင်းသွင်းတဲ့ ရဲဘော် (၅၀၀)လိုချင်တယ်၊ အဲဒီလူတွေကို ဂျာမဏီနိုင်ငံမှာ သင်တန်းပေးပြီး အိန္ဒိယနိုင်ငံထဲ လေထီးနဲ့ချပေး မယ်တဲ့။ လူအားလုံး လက်ထောင်ကြတယ်။ ကျုပ်တို့ ကုလားသုံ့ပန်းတွေ ထောင်နဲ့ချီပြီး စာရင်းပေးကြ တယ်ဗျ။" 

စုစုပေါင်း ကုလားစစ်သုံ့ပန်း ၃၀၀၀ ကလွတ်လပ်သော အိန္ဒိယတပ်အတွက် စာရင်းသွင်းခဲ့ ကြပါတယ်။ ဒါပေမဲ့ လက်ဝဲသမား တယောက်ဖြစ်တဲ့ ဘို့စ်ဟာ ဟစ်တလာရဲ့တင့်ကားတွေ ဆိုဗီယက်ရုရှားနယ်စပ်ကို ဖြတ်ကျော်ပြီး ဝင်တိုက်တဲ့အခါမှာ စိတ်ပျက် သွားခဲ့ပါတယ်။ ၁၉၄၂ ခုမေလမှာ ဘို့စ်နဲ့ဟစ်တလာ တွေ့ဆုံတဲ့အခါ ဘို့စ်ရဲ့သံသယတွေ ပိုခိုင်မာလာပါတယ်။ နာဇီဂျာမဏီ ခေါင်းဆောင်ကြီးဟာ ဘို့စ်လူတွေကိုသုံးပြီး စစ်ရေးအောင်ပွဲတွေ ရအောင်လုပ်ဖို့ထက် ဝါဒဖြန့်ချိရေး အောင်ပွဲတွေ ရအောင်လုပ်ဖို့ ပိုစိတ်ဝင်စားနေ တယ်လို့ ဘို့စ်က ယုံကြည်လာ ပါတယ်။ ဒါ့အပြင် အခြေအနေ ပိုဆိုးသွားတာကတော့ ၁၉၄၃ ခုနှစ် ဖေဖော်ဝါရီလ စတာလင်ဂရက် တိုက်ပွဲပြီးနောက်မှာ ဂျာမန်စစ်တပ်တွေ စဆုတ်နေ ရပြီး ဝေးလံလှတဲ့ အိန္ဒိယပြည်က ဗြိတိသျှတွေကို တိုက်ထုတ်ရာမှာ အကူအညီ ပေးနိုင်မယ့် အခြေအနေ မရှိ ဖြစ်လာတာပါဘဲ။ 

ကောင်းလိုက်တာ..

ဒါကြောင့် ၁၉၄၃ ဖေဖော်ဝါရီမှာ ဘို့စ်ဟာ သူ့တပ်ဖွဲ့ဝင်တွေကို ထားရစ်ခဲ့ပြီး ဂျပန်ပြည်ကို သွားတဲ့ ရေငုပ်သင်္ဘော တစီးနဲ့ တိတ်တဆိတ် လိုက်ပါသွားခဲ့ပါတယ်။

ဂျပန်ပြည်ရောက်တော့ ဘို့စ်ဟာ ဂျပန့်အကူနဲ့ အင်အား ၆၀၀၀၀ ရှိတဲ့တပ်ကိုဖွဲ့၊ မြန်မာ့လွတ်လပ်ရေး တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ မဟာမိတ်ပြုပြီး အိန္ဒိယပြည်ကို ချီတက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဂျာမဏီပြည်မှာတော့ သူစုဆောင်းခဲ့တဲ့ ရဲဘော်တွေဟာ ခေါင်းဆောင်မဲ့ဖြစ်ပြီး စိတ်ဓာတ်ကျဆင်း ကျန်ရစ်ခဲ့ပါတယ်။ မကျေမနပ် ဆူဆူပူပူတွေ တော်တော်ကြီးဖြစ်၊ တပ်တွင်း ပုန်ကန်မှု တခုတောင်ဖြစ်ပြီး နောက်မှာ ဂျာမန် စစ်ဦးစီးဌာနက ဒီ အိန္ဒိယတပ်ကို ပထမဦးစွာ ဟော်လန်နိုင်ငံကို စေလွှတ် ခဲ့ပြီး နောက်ပိုင်းမှာ ပြင်သစ်နိုင်ငံ အနောက်တောင် ပိုင်းကိုပို့၊ မဟာမိတ်တပ်တွေ ကမ်းတက် စစ်ဆင်လာမယ်လို့ မျှော်လင့်ရတဲ့ ကမ်းခြေမှာ အခိုင်အခန့် ခံကတုတ်တွေ တည်ဆောက်ခိုင်း ခဲ့ပါတယ်။

၁၉၄၄ ခုနှစ် ဇွန်လ မဟာမိတ်တပ်တွေ ပြင်သစ်မြောက်ပိုင်းမှာ နော်မန်ဒီ ကမ်းတက် စစ်ဆင်ရေး လုပ်ပြီးနောက် လွတ်လပ်သော အိန္ဒိယတပ်ဖွဲ့ဟာ ဂျာမန် တပ်တွေနဲ့အတူ ပြင်သစ်နိုင်ငံ တလွှားကိုဖြတ် ဆုတ်ခွာ ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဒီအိန္ဒိယတပ်ဟာ ဟင်းမလားရဲ့ ဝါးဖင် အက်စ်အက်စ်တပ်ထဲ ပေါင်းထည့်ခံထား ရပါပြီ။ အခုလို တပ်ဆုတ်ရတဲ့အချိန်မှာ အိန္ဒိယတပ်ဟာ အရပ်သားပြည်သူလူထုတွေ ကြားထဲ ရိုင်းစိုင်း ကြမ်းကြုတ်တယ်၊ ရွံမုန်းစရာ ကောင်းတယ်လို့လည်း နာမည်ဆိုးရလာပါတယ်။ မုဒိန်းကျင့်တာတွေ၊ တရားလက်လွတ် သတ်တာ ဖြတ်တာတွေ ဖြစ်ခဲ့ပါတယ်။ 

နောက်ဆုံးမှာတော့ ဒီလွတ်လပ်သော အိန္ဒိယတပ်ဖွဲ့ဟာ ဗြိတိသျှတွေကို အိန္ဒိယနိုင်ငံက မောင်းထုတ်နိုင်မယ့် အစား ပြင်သစ်ကနေ မောင်းထုတ်ခံရ၊ ဒီ့နောက် ဂျာမဏီနိုင်ငံကနေ မောင်းထုတ်ခံရပြီး မဟာမိတ်တပ်တွေရဲ့ ဖမ်းဆီးမှုကိုသာ ခံခဲ့ရပါတယ်။ စစ်ပြီးတနှစ်အကြာမှာ ဒီသုံ့ပန်းတွေကို အိန္ဒိယနိုင်ငံ ပြန်ပို့၊ နှစ်တိုထောင်ဒဏ်တွေ ချခဲ့ပြီးနောက် ပြန်လွှတ်ခဲ့ ပါတယ်။ ဒါပေမဲ့ အဲဒီတပ်ဖွဲ့ထဲက အကြီးတန်း အရာရှိကြီး သုံးယောက်ကို ဗြိတိသျှအစိုးရက ဒေလီမြို့နားမှာ တရားရုံးတင် စစ်ဆေးတဲ့အခါ ဗြိတိသျှအိန္ဒိယ စစ်တပ်အတွင်း တပ်တွင်း ပုန်ကန်မှုတွေ ဖြစ်လာခဲ့ပြီး လမ်းပေါ်လူထု ဆန္ဒပြပွဲတွေလည်း ပေါက်ကွဲခဲ့ပါတယ်။ အခုလို အိန္ဒိယစစ်တပ်ဟာ ဗြိတိသျှတွေခိုင်းတဲ့အတိုင်း လိုက်နာလိမ့်မယ်လို့ စိတ်မချရတော့ကြောင်း ဗြိတိသျှတွေ သဘော ပေါက်လာတဲ့အခါ အိန္ဒိယ လွတ်လပ်ရေးဟာ မကြာခင် ပေါ်ထွန်းလာပါ တော့တယ်။

ဒါပေမဲ့ ဆူဘတ်စ်ချန်ဒရာဘို့စ်ကတော့ သူတစိုက်မတ်မတ် ခက်ခက်ခဲခဲ စွန့်စွန့်စားစား တိုက်ပွဲဝင်ခဲ့တဲ့ လွတ်လပ်ရေး အလင်း ရောင်ကို မြင်မသွားရဘဲ ၁၉၄၅ ခုမှာ ကွယ်လွန်သွား ခဲ့ပါတယ်။ အဲဒိနောက်ပိုင်းမှာ ဗိုလ်ဘာရဝန်ဆင်းနဲ့ သူ့ရဲဘော် တပ်ဖွဲ့ဝင်တွေ အကြောင်းကိုလည်း ဘာမှသိပ်မကြားရ တော့ပါဘူး။ ဒီအဖြစ် အပျက်တွေကို မထုတ်လွှင့်ဖို့ ဘီဘီစီ သတင်းဌာနကို စစ်အပြီးမှာ တားမြစ်ပိတ်ပင်ခဲ့ပြီး ထူးခြားလှတဲ့ ဇာတ်ထုပ်ကြီးဟာ မော်ကွန်းတိုက်ထဲ ပိတ်လှောင် ထားခံခဲ့ရတာ အခုအချိန်ထိဖြစ်ပါ တယ်။ ဒါပေမဲ့ ဗိုလ်ဆင်းကတော့ အဲဒီစိတ်လှုပ်ရှား စရာကာလတွေကို ဘယ်တော့မှ မမေ့ခဲ့ပါဘူး။ "ကျုပ်တို့ တပ်ယူနီဖောင်းတွေ၊ ဘက်တံဆိပ်တွေနဲ့ ကျုပ်တို့ ပုံစံတွေကို ကျုပ်မြင်ယောင် နေတုံးဘဲ။ ကျုပ်တို့တတွေ စစ်ချီသီချင်းတွေ ဝိုင်းဆိုကြ၊ နောက်ဆုံးမှာ နိုင်ငံလွတ်လပ်ရေး ရမယ့် အကြောင်းတွေ အားတက်သရော ပြောကြ ဆိုကြတာတွေကို မြင်ယောင်နေ တုံးဘဲ" လို့ ဗိုလ်ဆင်းက ဘီဘီစီကို ဒီ ၂၀၀၄ ခုမှာ ပြန်ပြော ပြခဲ့ပါတယ်။

0 comments: