Saturday, March 24, 2012

နံပါတ် (၆) အဖြစ် သတ်မှတ်ခံရတဲ့ ဒဘူဘွမ်

|0 comments

W.P Moses
24 March, 2012 (Saturday)

စစ်အစိုးရ စစ်တပ်နှင့် K.I.A တို့အကြား ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့် အပြစ်မဲ့ ပြည်သူ လူထုများဟာ နေရာအိမ်များကို စွန့်ပစ်ကာ တောတွင်း တောင်ကြားများသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်။

ကချင်စစ်ပြေး ဒုက္ခသည် စခန်းများထဲမှ ဒဘူဘွမ် (Dabu Bum) ခေါ် ကချင်-တရုတ်နယ်စပ် တောင်ကြားမှာ ရှိတဲ့ စခန်း အခြေအနေနှင့် ကချင်စစ်ပြေးတွေရဲ့ အခြေအနေကို စုံစမ်း သိရှိသလောက် တင်ဆက်လိုက်ပါတယ်။

ဒဘူဘွမ်ဟာ ကချင်ပြည်နယ်ရှိ ဝိုင်းမော်မြို့နယ် ဆဒုံးတောင်တန်း တောင်ကြားရှိ တရုတ်နယ်စပ် အနီးမှာ တည်ရှိပါတယ်။ ယင်း ဒဘူဘွမ် စခန်းဟာ တောတောင် တောင်ကြားမှာ ရှိပြီး အင်မတန် အေးခဲတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။ တောတောင်များဖြင့် ဝန်းရံထားသဖြင့် အဆက်အသွယ်၊ အသွားအလာ လမ်းပမ်းဆက်သွယ်ရေး အဆင်မပြေကာ ခက်ခဲတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။ ကချင်-တရုတ်နိုင်ငံ နယ်စပ်ဖြစ်သော်လည်း တရုတ်အစိုးရရဲ့ ကူညီမှုရရှိရန်မှာ မလွယ်ကူပါ။

ကချင်စစ်ပြေး ဒုက္ခသည်
ယင်း ဒဘူဘွမ် ကချင် စစ်ပြေးဒုက္ခသည် စခန်းတွင် ဆဒုံး၊ ဆဒုံးပါ၊ ဆကာပါ၊ ဘွမ်ဝါ၊ လော့လာန်၊ လုမြန် (Lu Myang)၊ ဆော့လော်၊ ဂေါ့နန်၊ လဂျောင်၊ လုကျီ၊ လဖိုင် စတဲ့ ကချင်ရွာပေါင်း တော်တော်များများက ပြည်သူများ ထွက်ပြေးခိုလှုံနေတာ ဖြစ်ပါတယ်။  ယင်းစခန်းမှာရှိတဲ့ လူဦးရေပေါင်းမှာ ၄၀၀ ကျော် ၅၀၀ နီးပါး ခိုလှုံနေကြောင်း သိရှိရပါတယ်။ များသောအားဖြင့် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နာသာရှည် ရောဂါရှိသူများ၊ ဒုက္ခိတများ နှင့် အရွယ်မရောက်သေးတဲ့ ကလေး သူငယ်များသာ ဖြစ်ပါတယ်။

စခန်းတွင်းမှ ကလေးသူငယ်များရဲ့ ပညာရေး

ကချင် စစ်ပြေးဒုက္ခသည် စခန်း တခု ဖြစ်တဲ့ တဘူဘွမ် (Dabu Bum)  စခန်းတွင် ကလေး သူငယ်များအတွက် ကျောင်းတစ်ကျောင်း ဖွင့်လှစ်ထားပါတယ်။ သူငယ်တန်းမှ သတ္တမ (၇) တန်း ထိရှိပါတယ်။ ကျောင်းသား ကျောင်းသူပေါင်း ၂၀၀ ကျော်ရှိပြီး ၎င်းတို့မှာ နှင်းတွေ ထူထပ်ပြီး အေးခဲ လှပေမယ့် ကိုယ့်ရဲ့ အနာဂတ်အတွက် မရှိမဖြစ် လိုအပ်နေသော ပညာကို ကျိုးစားအားထုတ် သင်ယူနေကြပါတယ်။ ယင်းကျောင်းတွင် ဆရာ၊ ဆရာမပေါင်း ၁၀ ဦးကျော် ရှိပြီး ၎င်းတို့မှာ ပြည်တွင်းစစ်ကြောင့် အနာဂတ်မဲ့နေတဲ့ စခန်းတွင်းမှ ကလေးသူငယ်များကို အကောင်းဆုံးဖြင့် ကိုယ်တတ်မြောက်ထားတဲ့ ပညာကို ပညာဒါနအဖြစ် စေတနာ မေတ္တာဖြင့် သင်ကြားပေးလျက် ရှိပါတယ်။

ယင်း ဒဘူဘွမ် စခန်းမှ စိတ်မကောင်းစရာ တစ်ခုမှာ စခန်းတွင်းရှိ ကျောင်းဟာ တရုတ်နယ်မြေထဲ နဲနဲလေး ကျော်ဝင်နေခြင်းဖြစ်ရာ တရုတ်အာဏာပိုင်တို့မှ ယင်းကျောင်းကို ပြန်လည်ဖြိုဖျက်၍ သူတို့ (တရုတ်) နယ်မြေဘက်သို့ မကျော်စေဘဲ စခန်းတွင်းထဲမှာသာ ပြန်လည်ဆောက်လုပ်ရန် ညွန်ကြားလိုက်ပါတယ်။
 ဒီအကြောင်းကို ယင်းစခန်းတွင်းရှိ ကျောင်းဆရာမ တစ်ဦးမှ…“ ကျမတို့ အလယ်တန်းကျောင်း ကျောင်းဆောင်ကို တရုတ်မြေဘက်သို့ နဲနဲလေး… စာသင်ခန်း တစ်ခန်းစာလောက် ကျော်ဝင်နေတယ်… အဲ့ဒါကို တရုတ် အာဏာပိုင်များက မကြိုက်လို့ ကျမတို့ ကျောင်းကို ပြန်ဖြိုခိုင်းတယ်..။ လွန်ခဲ့တဲ့အပတ်ကပဲ ကျမတို့ တာဝန်ရှိသူတွေနှင့် ပြည်သူလူထုတို့ ပူးပေါင်းကာ ဖြိုလိုက်ပြီး စခန်းတွင်းထဲမှာဘဲ ပြန်ဆောက်ပြီးပါပြီ…။ ကျောင်းသားတွေက သနားစရာပါ..။ ကျောင်း ၃ - ၄ ရက် တောင် ပိတ်လိုက်ရပါတယ်…” ဟု ပြောပြပါတယ်။ ကလေးငယ်များရဲ့ ပညာရေးဟာ မျော်မှန်းထား သလောက်တော့ ပြည့်စုံလာနိုင်မှာ မဟုတ်ပါဘူး ဟု ဆရာမက သူ့ရဲ့ အမြင်ကို ဆက်လက် ပြောပြပါတယ်။

စားဝတ်နေရေး

ဒဘူဘွမ် စခန်းတွင်ရှိတဲ့ ကချင်စစ်ပြေး ဒုက္ခသည်များကို ကချင်လွတ်မြောက်ရေး တပ်မတော် K.I.O/A မှ ကြည့်ရှုစောင့်ရှောက် နေသလို၊ မန်ရှီ (Mang Shi)၊ ဂျီနာ (Ji Na)၊  ဂျန့်ရှီ (Jan Shi)၊ စတဲ့ တရုတ်နိုင်ငံ အတွင်းရှိ ဝန်ပေါင် ကချင် ညီအစ်ကိုများမှ လိုအပ်နေတဲ့ ဆန်၊ ဆီ၊ ပဲ၊ ဆား စသည့် အစားအသောက်များကို တတ်နိုင်သည့် ဘက်ကနေ ကူညီနေပါတယ်။ K.B.C အသင်းသူ အသင်းသားများနှင့် တခြား အဖွဲ့ အစည်းများကလည်း လိုအပ်တဲ့ ပစ္စည်းဥစ္စာများကို တတ်နိုင်၊ လက်လှမ်းမှီသလောက် ကူညီ ထောက်ပံ့နေပါတယ်။ နေရာထိုင်ခင်းကတော့ တောတောင် တောင်ကြား ဆိုတော့ နဲနဲတော့ အဆင်မပြေဘူး၊ တချို့အတွက်ပေါ့.. ဒါပေမယ့် သူ့ဟာနဲ့သူတော့ ဟုတ်နေပါပြီ..။ K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား ပြည်တွင်းစစ် အချိန်ကြာရှည်လာသည်နဲ့ အမျှ ပြည်သူလူထုနှင့် စစ်ပြေး ဒုက္ခသည် စခန်းအသီးသီး အတွက် စားဝတ်နေရေးများ အခက်အခဲ ရှိလာနိုင်ပါတယ်။

ကျန်းမာရေး

ဒဘူဘွမ်စခန်းရှိ ကချင် စစ်ပြေးဒုက္ခသည်များရဲ့ ကျန်းမာရေးဟာ တခြား စစ်ပြေးဒုက္ခသည် စခန်းတွေနှင့် ကွာခြားချက်တော့ ရှိပါတယ်။ ဒဘူဘွမ် စခန်းမှ ပြည်သူများမှာ ဖျားနာခြင်း သိပ်မရှိကြောင်း သိရှိရပါတယ်။ ဒဘူဘွမ် စစ်ပြေးဒုက္ခသည်များရဲ့ ကျန်းမာရေးကို စခန်းတွင်းရှိ ကျန်းမာရေးမှူးအား မေးမြန်းကြည့်ရာ… “ ကျမတို့ ဒီမှာရှိတဲ့ စစ်ပြေးတွေကတော့ ကျန်းမာရေးသိပ်ပြီး စိုးရိမ်စရာ မရှိပါဘူး..။ ကလေးသူငယ်များ နဲနဲပါးပါး ဖျားနာတာတို့တော့ ရှိပါတယ်။ ဒီမှာတော့ အအေးချိန် ဒီဂရီများတဲ့ အတွက် သက်ကြီးရွယ်အိုနှင့် ကလေးငယ်များ အတွက်တော့ နဲနဲ စိုးရိမ်မိပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ဒီမှာက တအား အေးတယ်လေး.. နှင်းတွေဆိုရင် တော်တော် ထူထပ်အောင် ကျတယ်… ပြီးတော့ ဒုက္ခသည်တွေက လုံလောက်တဲ့ အနွေးထည်တို့၊ အဝတ်အစားတို့၊ စောင်တို့ စသည့် အအေးဒဏ်ကို အပြည့်အဝ ကာကွယ်နိုင်မယ့် ပစ္စည်းတွေ လုံလုံလောက်လောက် မရရှိတဲ့ အတွက် စိုးရိမ်မိတယ်…” ဟု ဆရာဝန်မက ပြောပြပါတယ်။

ရွာသူရွာသားတွေ ဒဘူဘွမ် စစ်ပြေးဒုက္ခသည် စခန်းသို့ ရောက်ရှိလာတဲ့ အကြောင်းကို မေးကြည့်တော့.. “စစ်ဖြစ်လာပြီးနောက် ကျနော်တို့ ရွာကို စစ်အစိုးရ စစ်တပ်တို့က ရောက်ရှိလာပြီလို့ ကြားတဲ့အတွက် ကျနော်တို့ ရွာသူရွာသားများဟာ ည သန်းခေါင်းမှာမှ ထွက်ပြေးခဲ့ရတယ်.. အိမ်က ပစ္စည်းဥစ္စာ တစ်ခုမှ မသယ်ယူနိုင်ခဲ့ဘူး.. အားလုံး ဒီအတိုင်းပဲ ရွာမှာ ချန်ထားခဲ့တယ်… ဒီအချိန်လောက်ဆိုရင်တော့ စစ်တပ်တို့က အိမ်တွေကို မီးရှို့လိုက်ပြီလား မသိဘူး.. ရွာကအိမ်မှာ ရှိတဲ့ ပစ္စည်းတွေကိုလည်း သူတို့ (စစ်အစိုးရ) ကြိုက်သလို မွှေနေလောက်ပြီ.. ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်တို့ သတင်း တချို့ ကြားရပါတယ်.. အချို့ရွာတွေကို စစ်တပ်တို့က မီးရှို့ဖျက်ဆီး၊ ပစ္စည်းများကို သူတို့ ကြိုက်သလို အသုံးပြု၊ ရွာတွေ ထဲမှာရှိတဲ့ ပြည်သူပိုင် စပါးကျီကို သူတို့ရဲ့ စစ်ရိက္ခာ အဖြစ် သုံးစွဲနေကြတယ်တဲ့.. ပြီးတော့ စစ်အစိုးရ စစ်တပ်တို့က အပြစ်မဲ့ ပြည်သူတွေ၊ ကလေးသူငယ်တွေကို ခြိမ်းခြောက်ကာ ပေါ်တာအဖြစ် ခေါ်ဆောင်၊ ကချင် အမျိုးသမီးများကို မဒိန်းကျင့် သတ်ဖြတ်.. ဟာ..ပြောတောင် မပြောပြတတ်ဘူး.. စုံနေတာဘဲ..  ” ဟု စစ်ပြေး တစ်ဦးက သူ့ရဲ့ ခံစားချက်၊ အမြင်များကို ရင်နှင့်ဖွယ် ပြောပြပါတယ်။

ကချင်နယ်မြေ တရုတ်နယ်စပ်ရှိ ဒဘူဘွမ် (Dabu Bum) ခေါ် နံပါတ် ၆ ကချင်စစ်ပြေး ဒုက္ခသည် စခန်းမှာဆိုရင် ယခုချိန်ထိ အင်မတန် အေးခဲပြီး နှင်း များဆိုရင်လည်း တစ်ပေနီးပါး ထူထပ်ကြောင်း … “ဟုတ်တယ်.. ဒီစခန်းဆိုရင် အရမ်းအေးတာပဲ.. နှင်းတွေဆိုရင် အထူကြီးပဲ.. မြူနှင်းတွေလည်း အများကြီး.. ခေါင်းမိုးပေါ်မှာဆိုရင် နှင်း ကျတာ မိုးရွာနေသလိုပဲ…ဖြူဖွေးနေတာပဲ… အင်… တမျိုးတော့ ကောင်းသလိုဘဲ.. နှင်း ကျတာတွေကို တွေ့ရင် ပျော်သလိုလို.. တခုခု လိုအပ်နေသလို ခံစားမိတယ်…” ဟု စခန်းတွင်းမှ ဒုက္ခသည် တစ်ဦးက ပြောပြပါတယ်။

ဒီအရာအားလုံးဟာ ပြည်တွင်းစစ်ကြောင့် ဖြစ်ပေါ်လာတဲ့ နံပါတ် (၆) အဖြစ် သတ်မှတ်ခံရတဲ့ ဒဘူဘွမ်ခေါ် ကချင်စစ်ပြေးဒုက္ခသည် စခန်းတစ်ခု အကြောင်း တစေ့တစောင်း ဖော်ပြလိုက်ပါတယ်။ ကျန်ရှိနေတဲ့ စစ်ပြေးဒုက္ခသည် စခန်းများရဲ့ သဘာဝ အခြေအနေ အကြောင်းများကိုလည်း ကျိုးစား ဖော်ပြသွားပါမည်။

Friday, March 23, 2012

K.I.A နှင့် စစ်အစိုးရတို့ တိုက်ပွဲ ပြန်လည် ပြင်းထန်လာ၊ အစိုးရမှ အဆိပ် လက်နက်အသုံး ပြန်ပြုနေဟု K.I.A ပြော

|2 comments

W.P Moses

23 March, 2012 (Friday)

ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A နှင့် မြန်မာ တပ်တို့ အကြား ကချင်နယ်မြေတွေနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းများတွင် နေ့စဉ် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း စုံစမ်း သိရှိရပါတယ်။ K.I.A တပ်မဟာ (၅) နယ်မြေ၊ ခေါက်ဂျန်ကျေးရွာ (ရှမ်းရွာ)၊ ဘန်ဒေါင်ကျေးရွာနှင့် ဧဒင်ကျေးရွာ ဘက်သို့ ဦးတည်ချီတက်လာတဲ့ စစ်အစိုးရ စစ်တပ် ခလရ ၃၇၊ ၄၀၊ ခမရ ၃၈၈  တပ်ဖွဲ့များနှင့် K.I.A တပ်ဖွဲ့များဟာ ၂၀၁၂ ခုနှစ် မတ်လ ၂၂ ရက် နေ့ မနက်ပိုင်း ၇း၃၀ နာရီ ဝန်းကျင်မှ မနက် ၉း၃၀ နာရီ ကျော် အထိ ယင်းကျေးရွာ တဝိုက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်း သိရှိ ရပါတယ်။

 ရှေ့တန်းနယ်မြေမှ K.I.A စစ်သည်တော်များ

အခုသီတင်းပတ် အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတခုမှာ အစိုးရစစ်တပ်ဘက်က အဆိပ်ဓါတ်ငွေ့တွေပါ ပြန်လည်သုံးစွဲလာတယ်လို့ K.I.A ပြောရေးဆိုခွင့်ရှိ ဦးလနန်က ပြောပါတယ်။
ဒီလ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကန်ဒေါင်ယာန်ကျေးရွာအနီးမှ တိုက်ပွဲမှာ စစ်အစိုးရ စစ်တပ်ဘက်က အဆိပ်သင့် ကျည်ငွေ့တွေကို အသုံးပြုခဲ့တာလို့ သူ (ဦးလနန်) က ပြောပါတယ်။ မြစ်ကြီးနား မန်မော်ကားလမ်းမကြီးပေါ်မှာ ရှိတဲ့ K.I.A တပ်မဟာ (၅) လက်အောက်ခံ ခြေကုပ် စခန်းတွေကို အစိုးရ စစ်တပ် ခလရ ၄၆၀၊ ခမရ ၃၉၀ စတဲ့ စစ်အစိုးရ စစ်တပ်တို့က လွန်ခဲ့တဲ့ ၃ - ၄ ရက်က စပြီး သိမ်းပိုက်ဖို့ ကြိုးစားလာတဲ့ အတွက် နှစ်ဖက် တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ သူက ဆိုပါတယ်။

K.I.O/A နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် တို့ ပြုလုပ် ကျင်းပပြီးခဲ့တဲ့ နှစ်ဖက်ဆွေးနွေးပွဲတွေဟာ သေချာရေရာတဲ့ အဖြေ တစ်ခုမှ မရရှိခဲ့ပါ။
၂၁-၂၂ ရက် မှာလည်း ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော် (မန်မော်) ကားလမ်းမကြီး ပေါ်ရှိ အင်ပေါင် ကျေးရွာနှင့် ဂန်ဒေါင်ယာန် အကြားရောက်ရှိနေတဲ့ မြန်မာစစ်တပ် ခလရ ၂၆၀၊ ခမရ ၃၈၉၊ ၃၉၀ တပ်ဖွဲ့တို့နှင့် K.I.A အထူးတပ် ၂၅၅ တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ ယနေ့ဆိုရင် ယင်းနှစ်ဖက် တိုက်ပွဲဟာ ၅ ရက် ရှိပြီ ဖြစ်ကြောင်း စုံစမ်း သိရှိရပါတယ်။

 

ကချင် စစ်ပြေး ဒုက္ခသည်စခန်း တစ်ခုမှ ကလေးသူငယ်များ

ယခုလို နှစ်ဖက်အကြား တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာမှုကြောင့် ပြည်သူလူထုများဟာ စိုးရိမ်ပူပန်မှုများ ပိုမူများပြားလာကြောင်း သိရပါတယ်။ မိုးရသီရောက် ရှိလာပြီဖြစ်တဲ့ အားလျော်စွာ စားဝတ်နေရေးနှင့် ကျန်းမားရေးများဟာ ကချင် စစ်ပြေး ဒုက္ခသည်တွေအတွက် စိုးရိမ်စရာ ဖြစ်နေ ပါတယ်။ ကချင် စစ်ပြေးဒုက္ခသည်များဟာ စခန်းအတွင်း ခိုလှုံနေရတဲ့သူတွေ ရှိသလို တချို့ဆိုရင် ဆင်းရဲ ခက်ခဲစွာ တောတောင် အတွင်းမှာဘဲ ပုန်းခိုနေရသေးကြောင်း စုံစမ်း သိရှိရပါတယ်။ ပြည်တွင်း စစ်ကြောင့် ကချင်စစ်ပြေးဒုက္ခသည်ရှိ ကလေးသူငယ်များနှင့် တိုက်ပွဲဖြစ်တဲ့ ဧရိယာမှ ကလေး သူငယ်များရဲ့ ပညာရေးနှင့် အနာဂတ်ဟာ တွေးလိုက်ရင် ရင်လေးစရာနှင့် သနားစရာ ဖြစ်နေ ပါတော့တယ်။