Thursday, February 23, 2012

'' မိမိရဲ့နိုင်ငံရေးလမ်းစဉ်အတိုင်း ခိုင်ခိုင်မာမာ ရပ်တည်ဖို့က ပထမပါ '' ဆိုတဲ့ ဒေါ်ဘောက်ဂျာ

|0 comments

Hugawng  ............WPN

အမေရိကန်ပြည်ထောင်စုကို ဆရာမ လာရောက်တဲ့ အကြောင်းကို ပြောပြပေးပါ။

အမေရိကန်အစိုးရက ဖိတ်ကြားတဲ့အတွက် လာရောက်ခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကချင်အရေး၊ တိုင်းရင်းသားအရေး၊ ပြည်တွင်းစစ်ကိစ္စနဲ့ ကချင်ဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးကိစ္စတွေကို အမေရိကန်အစိုးရက သိရှိလိုတဲ့ အတွက်လာရောက်ခြင်း ဖြစ်ပါတယ်။ အမေရိကန်ကို ရောက်တုန်းရောက်ခိုက် ကချင်မျိုးနွယ်စုဝင် ညီအစ်ကိုမောင်နှမတွေနဲ့လည်း တွေ့ဆုံလိုတဲ့အတွက် ဒီနေရာကို ရောက်ရှိလာခြင်း ဖြစ်ပါတယ်။

ဆရာမအနေနဲ့ ကချင်လူမျိုးတွေအတွက် လူမှုရေး၊ နိုင်ငံရေးကိစ္စတွေမှာ အင်တိုက်အားတိုက် လှုပ်ရှားဆောင်ရွက်ပေးနေတယ်ဆိုတာကို ကျနော်တို့ ကြားသိရပါတယ်။ ရှေ့ဆက်ပြီးတော့ လုပ်ဆောင်မယ့် ဆရာမရဲ့ လုပ်ငန်းစဉ်ကို သိပါရစေ။

ကချင်လူမျိုးတွေအနေနဲ့ မိမိရဲ့နိုင်ငံရေးလမ်းစဉ်အတိုင်း ခိုင်ခိုင်မာမာ ရပ်တည်ဖို့က ပထမ နံပါတ်(၁) ဖြစ်ပါတယ်။ နိုင်ငံရေးမှာ ခိုင်ခိုင်မြဲမြဲ ရပ်တည်ရဲမှသာလျှင် ကျမတို့ လူမျိုးတွေရဲ့ ရပိုင်ခွင့်နဲ့ လိုအပ်ချက်တွေကို ရရှိမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီကနေ့ လူငယ်မောင်မယ်တွေအနေနဲ့ မိမိရဲ့ နိုင်ငံရေးရပ်တည်ချက်ကို သိရှိပြီး ဒီနိုင်ငံရေးလမ်းစဉ်မှာ မားမားမတ်မတ် ရပ်တည်နေဖို့က နံပါတ်(၁) အရေးကြီးဆုံး ဖြစ်ပါတယ်။
ဒုတိယအနေနဲ့ လူငယ်တွေသာမက တိုင်းသူပြည်သားတွေ အားလုံးသည်လည်းပဲ မိမိတို့ရဲ့ ရပိုင်ခွင့်၊ အခွင့်အရေးတွေကို သေသေချာချာ သိရှိနားလည်ကာ မိမိတို့ရဲ့ နိုင်ငံရေးလမ်းစဉ် ရဲရဲဝံ့ဝံ့ လက်ခံလျှောက်လှမ်းဖို့ လိုပါတယ်။ ဒီကိစ္စတွေကို လက်ရှိအချိန်မှာ (ပညာပေး)လုပ်ဆောင်နေပါတယ်။ နောက်ပြီးတော့ လာမယ့် ရွေးကောက်ပွဲမှာလည်း ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဘာလို့ ရွေးကောက်ပွဲဝင်ရသလဲဆိုရင် ကျမတို့ရဲ့ အရေးကို ကျမတို့ဘက်မှာ ရပ်ပြီးပြောမယ့်သူ မရှိလို့ပါ။ လွှတ်တော်မှာ တိုင်းရင်းသားကိုယ်စားလှယ်တွေရှိသော်လည်းပဲ ကျမတို့ရဲ့ လိုအပ်ချက်နဲ့ အခွင့်အရေးတွေကို တောင်းဆိုတင်ပြမယ့်သူ မရှိပါဘူး။ လွှတ်တော်ထဲမှာ ပိုပြီးတော့ ထိထိရောက်ရောက် ပြောဆိုတင်ပြနိုင်လိမ့်မယ်လို့ ထင်တဲ့အတွက် ရွေးကောက်ပွဲဝင်မှာ ဖြစ်ပါတယ်။ ကျမတို့ ရှေ့ဆက်လုပ်ဆောင်ရမယ့် ကိစ္စတွေ အများကြီးရှိပါတယ်။ လူငယ်တွေကို ပြုစုပျိုးထောင်ရမယ်။ ဒီလိုကိစ္စတွေကို ဆက်လက်ဆောင်ရွက်နိုင်ဖို့ အခုကတည်းက ပြင်ဆင်နေပါတယ်။

စစ်ဖြစ်ပွားနေတဲ့ အတွက် စစ်ပြေးဒုက္ခသည်တွေ အများအပြား ဆင်းရဲဒုက္ခရောက်နေကြောင်း၊ ကချင်လွတ်မြောက်ရေးတပ်မတော်သားတွေလည်း ရှေ့တန်းစစ်မျက်နှာတွေမှာ အပြင်းအထန် ကြိုးစားတွန်းလှန်တိုက်ခိုက်နေကြောင်း သိရှိရပါတယ်။ ကချင်လွတ်မြောက်ရေးအစိုးရမှလည်း ဗမာ(မြန်မာ)အစိုးရနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ကာ ငြိမ်းချမ်းရေးရရှိဖို့ ကြိုးစားနေကြောင်း သိရပါတယ်။ ဒီအကြောင်းကိစ္စတွေအပေါ် ဆရာမရဲ့ သဘောထားအမြင်ကို ပြောပြပေးပါ။

ကျမတို့ ကချင်ပြည်မှာ သေနတ်ပြန်ဖောက်တာ (၈)လ ရှိလာပါပြီ။ ဒီကာလအတွင်းမှာ ဆင်းရဲဒုက္ခ ရောက်ကြရတယ်ဆိုတာ မှန်ပါတယ်။ စစ်မက်တိုက်ပွဲတွေ မရှိတဲ့ကာလတွေတုန်းကလည်း ကျမတို့ရဲ့ ပြည်သူတွေ အကြီးအကျယ် ဆင်းရဲဒုက္ခရောက်ခဲ့ကြရတာပါ။ ဟူးကောင်းလွင်ပြင်ဒေသမှာ ယုဇနကုမ္ပဏီက မြေဧက နှစ်သိန်းကျော်သိမ်းလိုက်လို့ မြောက်များစွာသော ပြည်သူတွေ ဒုက္ခပင်လယ်ဝေခဲ့ကြရတာပါ။ တိုင်းသူပြည်သားတွေခမျာ နေစရာ မရှိ၊ စားစရာ မရှိနဲ့ ဆင်းရဲဒုက္ခရောက်ကြတယ်။ အစားအသောက်မရှိလို့၊ ဆေးဝါးကုသနိုင်ခြင်းမရှိလို့ သေဆုံးသွားကြရတယ်။ ကလေးတွေ ကျောင်းမတက်နိုင်ဘူး။ လူငယ်လူရွယ်တွေ ပျက်စီးသွားကြရတယ်။ ဒီကနေ့ စစ်ဖြစ်နေလို့သာလျှင် ပြည်သူတွေ ဒုက္ခရောက်တာ မဟုတ်ပါဘူး။ စစ်မဖြစ်တဲ့ အချိန်ကာလတွေမှာလည်း ဆင်းရဲဒုက္ခတွေကို အကြီးအကျယ် ခံစားဖြတ်သန်းခဲ့ကြရတာပါ။ ဒီကနေ့အထိလည်း ဒုက္ခရောက်နေကြတုန်းပါပဲ။ စခန်းတွေမှာ ရောက်ရှိနေတဲ့ စစ်ပြေးဒုက္ခသည်တွေလည်း ပင်ပန်းဆင်းရဲနေကြရပါတယ်။ အထူးသဖြင့် ရှမ်းပြည် ဖောင်းဆိုင်၊ အင်ဘော်ပါ စတဲ့ ဒေသတွေမှာ အကူအညီရောက်ရှိမှု နည်းတဲ့အတွက် ပိုပြီးဆင်းရဲဒုက္ခရောက်ကြကြောင်း သိရပါတယ်။ အင်မတန် ချမ်းတဲ့အချိန်ကာလမှာ ၀တ်စရာ အနွေးထည်မရှိ၊ အမိုးအကာမရှိတဲ့ နေရာတွေမှာ နေထိုင်ကြရတာပါ။ အမိုးအကာနဲ့ လုံလုံခြုံခြုံနေရတဲ့ နေရာတွေမှာလည်း အချို့က စားစရာဆန်ပဲ ရှိပြီး ဟင်းလျာချက်ပြုတ်စားသောက်ဖို့ မရှိဘူး၊ နေမကောင်းဖြစ်ရင် သောက်သုံးဖို့ ဆေးဝါးမရှိဘူး စတာတွေကို ကြုံတွေ့နေကြတယ်။ နေရာဒေသအချို့မှာ ကလေးတွေ ကျောင်းမနေနိုင်ဘူး။ ထွက်ပြေးတိမ်းရှောင်လာရတဲ့အတွက် ကျောင်းမတက်နိုင်တာ၊ တချို့က သူတို့တိမ်းရှောင်ရောက်ရှိနေတဲ့ နေရာနဲ့ စာသင်ကျောင်း ကွာဝေးလွန်းတာ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ကလေးငယ်တွေ ကျောင်းမနေနိုင်၊ စာမသင်ကြားနိုင် ဖြစ်နေရပါတယ်။
ပြည်သူလူထုကို ဘယ်လောက်ထိ နှိပ်စက်သလဲဆိုတော့ ကလေးတွေကို စာသင်ကြားပေးတဲ့ ဂေဟာမှာလည်း ဗုံးလာခွဲတယ်။ တောင်ယာသွားတဲ့သူတွေကိုလည်း အသားလွတ် ပစ်သတ်တယ်။ ဒီလို နည်းလမ်းပေါင်းစုံနဲ့ နှိပ်စက်တာတွေကိုလည်း ခံခဲ့ကြရပါတယ်။ အမျိုးသမီးတွေကို အနိုင်ကျင့်စော်ကားတဲ့ ကိစ္စတွေလည်း အမြောက်အများ ဖြစ်ပွားခဲ့ပါတယ်။ ယောက်ျားတွေ့ရင် ပေါ်တာဆွဲတယ်၊ မိန်းမနဲ့ကလေးတွေကိုတော့ လူသားဒိုင်းသဖွယ်အသုံးပြုတယ်။ နည်းလမ်းပေါင်းစုံနဲ့ စော်ကားနေကြပါတယ်။ ရွာမှာမနေရဲလို့ ထွက်ပြေးသွားတဲ့ရွာတွေကို မီးရှို့တယ်၊ ရိတ်သိမ်းထားတဲ့ ကောက်ပဲသီးနှံတွေကို မီးရှို့ဖျက်ဆီးတယ်။
ဒီတော့ စစ်မီးငြိမ်းသွားခဲ့ရင်တောင် ပြန်စရာအိမ်မရှိတဲ့အဖြစ်ဆိုတော့ ပြန်လည်ထူထောင်ရေးအတွက်လည်း အများကြီးလုပ်ရဦးမှာပါ။ ဒါ့ကြောင့် ကျမတို့ရဲ့ သွေးချင်းညီအစ်ကိုမောင်နှမတွေအတွက် ပြန်လည်ထူထောင်ရေးသည်လည်းပဲ ကျမတို့ အားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးကိစ္စအတွက်တော့ ခေါင်းဆောင်ကြီးတွေ ဆောင်ရွက်နေကြပါတယ်။ ရှေ့တန်း စခန်းအသီးသီးမှာ ရဲဘော်ရဲဘက်တွေ ကြိုးပမ်းအားထုတ်နေကြပါတယ်။ ငြိမ်းချမ်းရေးကိစ္စပြောမယ်ဆိုရင် လွန်ခဲ့တဲ့(၁၇)နှစ်တိုင်တိုင် အပစ်ရပ်ခဲ့ကြပါတယ်။ ငြိမ်းချမ်းရေးလို့ ပြောတဲ့ ဒီအပစ်ရပ်ကာလမှာ တိုင်းသူပြည်သားတွေ အလွန် ဆင်းရဲဒုက္ခရောက်သွားခဲ့ရပါတယ်။ လယ်ယာမြေတွေ သိမ်းခံရတယ်။ ဒီစစ်အေးတိုက်ပွဲကာလမှာ ကျမတို့ အင်မတန် ကျရှုံးသွားခဲ့ရပါတယ်။ အခုလည်းပဲ အရင်လိုအပစ်ရပ် ငြိမ်းချမ်းရေးပုံစံပဲ ပြန်သွားမယ်ဆိုရင်တော့ ဘာမှမထူးပါဘူး။ ဗမာအစိုးရရဲ့ လှည့်ဖြားမှု၊ ကလိန်ကျမှု နောက်တစ်ခေါက် ထပ်မခံရဖို့ လိုပါတယ်။ ကျမတို့ ထပ်မှားလို့ မရပါဘူး။ ထပ်မှားခဲ့မယ်ဆိုရင်တော့ ကျမတို့ တိုင်းပြည်နဲ့လူမျိုးရဲ့ အနာဂတ်ဟာ ပိုမို ဆိုးရွားသွားပါလိမ့်မယ်။ ဒီဗမာအစိုးရက ကျမတို့ကို ဘယ်လိုနည်းနဲ့မှ မနိုင်တဲ့အတွက်ကြောင့်သာ သည်းခံကာ တွေ့ဆုံဆွေးနွေးနေခြင်း ဖြစ်တယ်ဆိုတာ နားလည်ဖို့ လိုပါတယ်။ ကျမတို့ရဲ့ ရိုးသားပွင့်လင်းမှုကို အခွင့်ကောင်းယူကာ လှည့်ဖြားနေကြတဲ့ ဒီဗမာအစိုးရရဲ့ သွေးဆောင်မှုအောက် ကျဆုံးရောက်ရှိ မသွားဖို့ ဖန်ဆင်းရှင်ထာဝရဘုရားသခင်ထံ ကိုးစားဆုတောင်းခြင်းဖြင့် တိုင်းသူပြည်သားတွေအားလုံး လက်တွဲညီညီ လျှောက်လှမ်းကြမယ်ဆိုရင် ကျမတို့ လိုချင်တဲ့ ပန်းတိုင်ကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။

ကမ္ဘာတ၀ှမ်းလုံးမှာ ရောက်ရှိနေကြတဲ့ ကချင်လူမျိုးတွေအတွက် အမှာစကားပြောကြားပေးပါဦး။

တိုင်းပြည်ဒေသအသီးသီးကို ရောက်ရှိနေကြတဲ့ ကချင်ညီအစ်ကိုမောင်နှမတွေကို ကျေးဇူးတင်ပါတယ်။ ကျမတို့ မြန်မာနိုင်ငံသား၊ ကချင်လူမျိုးဖြစ်ခွင့်ရခြင်းဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်သက်သက် ဖြစ်ပါတယ်။

 ဒီကနေ့  စစ်တိုက်နေကြနေတယ်ဆိုပေမယ့် ကျမတို့ဟာ အမှန်တရားဘက်မှာ ရပ်တည်နေကြတဲ့အတွက် ကချင်လူမျိုးတွေအားလုံးရဲ့ ဂုဏ်အဖြစ် မှတ်ယူကြရမှာပါ။ စစ်ပွဲတွေနဲ့ ပင်ပန်းဆင်းရဲခက်ခဲမှုတွေအတွက် ညည်းတွားနေစရာအကြောင်း မရှိပါဘူး။ ကျမတို့ အားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။

အားလုံးအတွက် ကောင်းမွန်တဲ့ လမ်းစဉ်ဖြစ်တဲ့အတွက် ကျေးဇူးတော်ကို ချီးမွမ်းကာ အားလုံးဆက်လက်ကြိုးစား အားထုတ်သွားမယ်ဆိုရင် ဘုရားသခင်က တည်ငြိမ်အေးချမ်းတဲ့ ခါနန်ပြည်သစ်ကို ခေါ်ဆောင်သွားလိမ့်မယ်ဆိုတာကို ယုံကြည်ခြင်းအားဖြင့်၊ ဆုတောင်းခြင်းအားဖြင့်၊ ညီညွတ်ခြင်းအားဖြင့် ရှေ့ဆက်လျှောက်လှမ်းကြပါစို့။

'' မိမိရဲ့နိုင်ငံရေးလမ်းစဉ်အတိုင်း ခိုင်ခိုင်မာမာ ရပ်တည်ဖို့က ပထမပါ '' ဆိုတဲ့ ဒေါ်ဘောက်ဂျာ နံပါတ်(၁) အင်တာဗျူး

ဒေါ်အောင်ဆန်းစုကြည် ကချင်ခေါင်းဆောင်များနှင့် တွေ့ဆုံမည်

|0 comments

 ကြာသပတေးနေ့တွင် စတင်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ်ခရီးစဉ်တွင် ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့ WMR ခေါင်းဆောင်များနှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း ကချင်ခေါင်းဆောင်များ ထံမှ သိရသည်။

“ကျနော်တို့ကတော့ ဘာဆွေးနွေးဖို့ ကြိုတိုင်ပင်ထားတာတော့ မရှိသေးဘူး။ ဒါပေမယ့် သူနဲ့ တွေ့ဆုံတဲ့အခါမှာပဲ အချင်းချင်း မိတ်ဆက်ရင်းနဲ့ ပြောကြဆိုကြမှာပါ။ အိမ်ရှင်ဆိုတော့ ဧည့်သည်က လာတွေ့တယ်ဆိုရင် လက်ခံ ကြိုဆိုပါ တယ်”ဟု အမည်မဖော်လိုသည့် WMR  အဖွဲ့ဝင် ကချင်ခေါင်းဆောင်တဦးက မဇ္စျိမကို ပြောသည်။

WMR ကချင်အတိုင်ပင်ခံအဖွဲ့တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ ကချင် ပြည်နယ်တွင်းရှိ စီးပွားရေး လုပ်ငန်းရှင် များ၊ ဘာသာရေး ခေါင်းဆောင်များ အပါအဝင် အဖွဲ့ဝင် ၅ဝ ကျော် ပါဝင်ပြီး ထိုအဖွဲ့မှ ခေါင်းဆောင်အချို့သည် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အစိုးရအကြား ငြိမ်းချမ်းရေးရရှိရန် ညှိုနိုင်းပေးနေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ်ခရီးစဉ်တွင် ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့ WMR ခေါင်းဆောင်များနှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း ကချင်ခေါင်းဆောင်များ ထံမှ သိရ

ဒေါ်အောင်ဆန်းစုကြည်နှင့် မည်သည့် အကြောင်းအရာများ ဆွေးနွေးဖြစ်မည် ဆိုသည်ကိုမူ WMR က ထုတ်ဖော်
ပြောဆိုခြင်း မရှိသေးပေ။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ကြာသပတေးနေ့တွင် ရန်ကုန်မြို့မှ
မြစ်ကြီးနားမြို့သို့ လေကြောင်းမှ သွားရောက်မည် ဖြစ်ပြီး မိုးကောင်းမြို့နယ် နမ္မတီးကျေးရွာအုပ်စုရှိ အားကစားကွင်း တွင် လူထုဟောပြောပွဲ နေ့ချင်း ပြုလုပ်မည်ဖြစ်သည်။ ဟောပြောမည့် စင်မြင့်ကို နမ္မတီး NLD လူငယ်များက အဆင်သင့် ဆောက်လုပ်ကာ လုံခြုံရေး စီစဉ်ထားကြောင်း နမ္မတီး စည်းရုံးရေးအဖွဲ့ဝင် ဦးဝင်းဗိုလ်က ပြောသည်။

သောကြာနေ့၌ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ကချင်ရိုးရာမနောကွင်းတွင် စည်းရုံး ဟောပြောဦးမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြစ်ကြီးနားမြို့ရှိ ဝန်းသိုကျောင်းတိုက် ဆရာတော်နှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း ဆရာတော်နှင့် နီးစပ်သည့် မြစ်ကြီးနားမြို့ခံတဦးက ပြောသည်။

ထို့နောက် ဗန်းမော်မြို့ဘက်သို့ သွားရောက်၍ ကချင်ရိုးရာ မနောကွင်းတွင် ဟောပြောဦးမည်ဟု NLD မဲဆွယ် စည်းရုံးရေး မန်နေဂျာ ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ်သို့ ၁၉၈၉ ခုနှစ် နှင့် ၂ဝဝ၃ ခုနှစ်များတွင် သွားရောက်ခဲ့ပြီး ယခု ခရီးစဉ် မှာ တတိယအကြိမ်မြောက် ဖြစ်သည်။

၁၉၈၉ ခုနှစ်က သွားရောက်စဉ် ပင်လုံပြည်ထောင်စု လမ်းပြမြေပုံကို ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ရေးဆွဲခဲ့သည့် ဒူဝါဇော်ရစ်ပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း မြန်မာပြည် တောင်ပိုင်းနှင့် အလယ်ပိုင်း
ဒေသများဖြစ်သည့် ထားဝယ်၊ ပခုက္ကူ၊ ပုသိမ်၊ ကော့မှူး၊ လှည်းကူးနှင့် ဖျာပုံမြို့များသို့ မဲဆွယ် စည်းရုံးရေး ခရီးစဉ် အဖြစ် သွားရောက်ခဲ့သည်။

မန္တလးတိုင်း NLD မှ ဒေါ်ဝင်းမြမြ အပါအဝင် အဖွဲ့ဝင် ၇ ဦးသည်လည်း ကချင်စစ်ပြေး ဒုက္ခသည်များအား ကူညီရန် အတွက် အဝတ်အထည်များနှင့် ကျပ်သိန်း ၁ဝဝ ယူဆောင်ပြီး မြစ်ကြီးနားမြို့သို့ မီးရထားဖြင့် ဗုဒ္ဓဟူးနေ့က ထွက်ခွာ သွားပြီဖြစ်ကြောင်း သိရသည်။

KIO/KIA အဖွဲ့၏ဖြတ်သန်းမှုသမိုင်းအကျဉ်း

|0 comments

gumsan

- ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကို ၁၉၆၀ ပြည့်နှစ် အောက်တိုဘာလ ၂၅ရက်နေ့တွင်စတင်ဖွဲ့စည်းခဲ့။
- ဒူဝါဇော်ဆိုင်းက ဦးဆောင် ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့ပြီး ဒူဝါဇော်တူးက ဒုတိယဥက္ကဋ္ဌ၊ ဦးလမာလရိမ်က အတွင်းရေးမှူးအဖြစ်တာဝန်ယူခဲ့။

- ၁၉၆၁ ခုနှစ် ဖေဖေါ်ဝါရီ ၅ ရက်နေ့တွင် လားရှိုးငွေတိုက်ကိုတိုက်သိမ်းယူခဲ့ခြင်းဖြင့် KIO ၏လက်နက်ကိုင်တော်လှန်ရေးစတင်ခဲ့။
- လက်နက်ကိုင်တပ်များဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ကချင်လွတ်လပ်ရေးကောင်စီ (KIC) တို့ကိုဖွဲ့စည်း။

- ၁၉၆၁ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်၌ ပထစအစို့ရမှထုတ်ပြန်သည့် နိုင်ငံတော်ဘာသာကို ဗုဒ္ဓဘာသာ အဖြစ်ကြေငြာခဲ့ပြီးချိန် နောက်ပိုင်းမှစပြီး KIO ၏လက်နက်ကိုင်ပိုမိုကြီးထွားလာ။
- ၁၉၆၃ ခုနှစ်တွင် ဒူဝါဇော်ဆိုင်း၊ ဒူဝါဇော်တူးတို့၏ ညီ ဒူဝါဇော်ဒန်ပြန်လည်လွတ်မြောက်ခဲ့ပြီး အဆိုပါသုံးဦးစလုံးမှာ KIO ၏ အရေးပါသော ခေါင်းဆောင်များဖြစ်လာခဲ့။

- ၎င်းနှစ်တွင် တော်လှန်ရေးကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ နှစ်ကြိမ်တိုင်တက်ရောက်ခဲ့ပြီး သဘောတူညီမှု မရရှိခဲ့။
- ၁၉၆၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့တွင် တော်လှန်ရေးကောင်စီက တွေ့ဆုံဆွေးနွေးမှုကို ရပ်စဲကြောင်း ကြေငြာခဲ့။
- ၁၉၆၇ ခုနှစ်တွင် KIA ခေါင်းဆောင် ဒူဝါဇော်ဆိုင်းနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ အဝေးရောက်ပါတီ ခေါင်းဆောင် သခင်ဗသိန်းတင်တို့ တရုတ်နိုင်ငံတွင် ဆွေးနွေးမှုများပြုလုပ်ခဲ့။
- ၁၉၆၈ ခုနှစ်တွင် KIA နှင့် ဗကပတို့အကြား ပြဿနာအချို့ပေါ်ပေါက်။
- ၁၉၇၂ ခုနှစ်တွင် KIA ၌တပ်မဟာလေးခုအထိရှိလာ။
- ၁၉၇၅ ခုနှစ်တွင် ဒူဝါဇော်ဒန်ကျဆုံး။ KIA ထိပ်တန်းခေါင်းဆောင်များ ဖြစ်သည့် ဒူဝါဇော်ဆိုင်း၊ ဒူဝါဇော်တူးတို့ လုပ်ကြံခံရ။

- ၁၉၇၆ ခုနှစ်တွင် မရန်ဘရန်ဆိုင်းက KIO ၏ ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်။
- ၁၉၈၀ ပြည့်နှစ် အောက်တိုဘာလတွင် KIO နှင့် ဗကပပူးတွဲစစ်ဆင်းရေးကိုအကောင်အထည်ဖေါ်။ တော်လှန်ရေးကောင်စီအစို့ရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်။ သုံးကြိမ်တိုင် ဆွေးနွေးပြီးနောက် သဘောတူညီမှုမရခဲ့ဘဲ ဆွေးနွေးမှုရပ်စဲကြောင်း အစို့ရဘက်မှ ထုတ်ပြန်ကြေငြာ။

- ၁၉၉၃ ခုနှစ်တွင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ကိုယ်စားလှယ်များနှင့် KIO အဖွဲ့တို့ ငါးကြိမ်တွေ့ဆုံခဲ့ပြီး အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရရှိခဲ့။

- ဘရန်ဆိုင်းကွယ်လွန်ပြီးနောက် ဦးဇော်မိုင် ဥက္ကဋ္ဌဖြစ်လာ၊ ၂၀၀၂ ခုနှစ်တွင် ဦးဇော်မိုင် နှုတ်ထွက်ခဲ့ပြီးနောက် ဦးလမုန်တူးဂျိုင် ဥက္ကဋ္ဌဖြစ်ခဲ့။
- ၂၀၀၆ ခုနှစ်တွင် ဦးလမုန်တူးဂျိုင် ကွယ်လွန်ပြီးနောက်ပိုင်း ဥက္ကဋ္ဌတာဝန်ကို ဦးဇောင်းဟရားက တာဝန်ယူခဲ့။

- ၂၀၀၉ ခုနှစ် ဩဂုတ်လအတွင်း အပစ်အခတ်ငြိမ်းအဖွဲ့များ လက်နက်အပ်ရေးကို KIO မှ ငြင်းဆန်ခဲ့ပြီး နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရေးကိုလည်း လက်မခံခဲ့။ ၎င်းလအတွင်း ဒုဥက္ကဋ္ဌ ဒေါက်တာတူးဂျာအပါအဝင် ခေါင်းဆောင် ငါးဦးကို ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီသစ် ဖြင့်ပါဝင်နိုင်ရန် နှုတ်ထွက်ခွင့်ပြုခဲ့။

- ၂၀၁၁ ဇွန်လ ၉ တွင် KIO နှင့် အစို့ရအဖွဲ့များအကြား တိုက်ပွဲများစတင်။

- ၂၀၁၁ သြဂတ်စ်လ်တွင် လဂျားယန်ကျေးရွာ၊ နိုဝင်ဘာလ တရုတ်နိုင်ငံ ရွေလီမြို့ ၊

- ၂၀၁၂ ဇန်န၀ါရီတွင် ရွေလီမြို့ သုံးကြိမ် တိုင်ဆွေးနွေးခဲ့ သော်လည်း တစ်စုံတစ်ရာအရေးပါ သော သဘောတူညီမှုမရရှိခဲ့…

ဒေါ်စု ကချင်ပြည်နယ် ခရီးစဉ် (Update)

|0 comments

ပါတီအသီးသီးက ကိုယ်စားလှယ်လောင်းများကို မေးခွန်းမေးဖို့ မိုးကောင်းလူထုကို ဒေါ်စုပြော

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၆ နာရီ ၄၈ မိနစ်
 
ဒေါ်အောင်ဆန်းစုကြည်က မိုးကောင်းမြို့နယ် ပြည်သူသို့ ပြောကြားသွားရာတွင် မိမိတို့ဒေသထံ လာရောက် စည်းရုံးသည့် မည်သည့် ပါတီမှက လွှတ်တော် ကိုယ်စားလှယ်လောင်းကို မဆို မေးခွန်းများ မေးရန်လိုအပ်ပြီး ကိုယ်စားလှယ်လောင်းများကလည်း ဆန္ဒရှင်များ၏ ထောက်ခံမှုကို လိုချင်ပါက ဘာ့ကြောင့် ထောက်ခံခိုင်းသည်ကို ရှင်းပြနိုင်ရမည်ဟု ပြောသွားသည်။

“ဘယ်နိုင်ငံရေးပါတီပဲဖြစ်ဖြစ် ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် လာပြီးတော့ စည်းရုံးလို့ရှိရင် ပြည်သူတွေက မေးခွန်း
မေးပိုင်ခွင့် ရှိတယ်။ မေးခွန်းတွေ ခေါင်းထဲမှာရှိရင် မေးပိုင်ခွင့်ရှိတယ်။ ပြည်သူတွေက မေးပိုင်ခွင့်ရှိရင် ပြည်သူ
တွေ ဘာသိချင်သလဲဆိုတာကို စဉ်းစားပြီးတော့ ဖြေရမယ်။ ဘာ့ကြောင့် ဒီအလုပ်တခုကို လုပ်တယ်ဆိုတာကို ရှင်းပြရမယ်။ ပြည်သူတွေရဲ့ ထောက်ခံမှုလိုချင်ရင် ဒီထောက်ခံဖို့ ကိစ္စကို ဘာဖြစ်လို့ လုပ်ချင်လဲဆိုတာကို ရှင်းပြရမယ်။” ဟု ဒေါ်စုက ပြောသွားသည်။

NLD ၏ မိုးကောင်း လွှတ်တော် ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနှင့် ပတ်သက်၍လည်း “ဒေါ်ခင်ကြည်ကို မိုးကောင်းမြို့နယ်မှာ ကိုယ်စားလှယ်လောင်း အဖြစ်နဲ့ ရွေးချယ်လိုက်သလဲဆိုတာက အဖွဲ့ချုပ်က ပြည်သူတွေ
လေးစားနိုင်လောက်အောင် ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျောက်လှမ်းခဲ့တယ်။” ဟု ပြောကြားသွားပြီး အတွေ့အကြုံနှင့် ပညာအရည်အချင်းတို့ကိုလည်း ထည့်သွင်းစဉ်းစား ရွေးချယ်ခဲ့ကြောင်း ပြောကြားသွားသည်။
 
ဒေါ်စု မိုးကောင်းရောက် လူထု တခဲနက်ကြိုဆို

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၆ နာရီ ၀၀ မိနစ်
 
မိုးကောင်းမြို့သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိနေပြီဖြစ်ပြီး ကျောင်းသားလူငယ်များ၊ မြို့သူမြိုသားများမှ ကြိုဆိုကြသည်ဟု မြစ်ကြီးနား NLD ဥက္ကဋ္ဌ ဦးနေဝင်းက မဇ္ဈိမကို ပြောသည်။

“ကလေးတွေ၊ လူကြီးတွေကော၊ ကျောင်းသားတွေကော၊ ကျောင်းဝတ်စုံလေးတွေနဲ့ အကုန်လုံး တခဲနက် ကြိုဆို
နေကြတယ်ဗျ။ လူကလည်း တော်တော်များပါတယ် ခင်ဗျာ့ တော်တော်များပါတယ်။ လမ်းတလျောက် အရှည်ကြီး
ပဲဗျ လူကတော့ လေးငါး ခြောက်သောင်းကျော်ရှိမယ်ဗျ။ ကြိုဆိုနေကြတာ တခဲနက်ပဲ။” ဟု ဦးနေဝင်းက ပြောသည်။

ဦးနေဝင်း၏ ဖုန်းဖြင့် ဖြေကြားမှုတွင် မိုးကောင်းလူထုမှ “အမေစု ကျန်းမာပါစေ၊ အမေစု ကျန်းမာပါစေ” ဟု ဆန္ဒပြု ဆုတောင်းသံများလည်း ကြားနေရသည်။
နမ္မတီး အားကစားကွင်းအတွင်း ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၅ နာရီ ၄၆ မိနစ်
 
နမ္မတီးကျေးရွာရှိ ဘောလုံးကွင်းတွင် လူထု ၅ သောင်းခန့် လာရောက် အားပေးကြပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေဟူသော ဆုတောင်းမေတ္တာများ ပေးခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲမှ ကောက်နုတ်ချက် အချို့မှာ “မိုးကောင်းမြို့နယ်တွင် NLD ပါတီအနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်ရခြင်းမှာ စစ်မှန်သော ပြည်ထောင်စုစိတ်ဓါတ် ပြန့်ပွားနေချင်လို့ ဖြစ်ပါတယ်။ ဖွဲ့ထားစဉ် ကာလကတည်းက တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်ရေးကို မြင်ချင်လို့ ဖြစ်တယ်”

“ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့မှာ တော်တော်များများ ရှိပါတယ်။ အဲဒီများတဲ့ထဲက ပြန်စဉ်းစားတဲ့အခါမှာ အမျိုးသမီးတွေ၊ တိုင်းရင်းသူ တိုင်းရင်းသားတွေကို ဦးစားပေးမယ် ဆိုပြီးတော့ ဆုံးဖြတ်ခဲ့ပါတယ်။ အမျိုးသမီးတွေကို အားပေးတဲ့ သဘောပါ။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတွေရဲ့ အင်အား မသုံးဘူးဆိုလို့ရှိရင် ကျမတို့နိုင်ငံမှာ တိုးတက်သင့်သလောက် တိုးတက်မှာ မဟုတ်ဘူး။ ကျမတို့နိုင်ငံက အမျိုးသမီးတွေ များတယ်” ဟု
ဒေါ်အောင်ဆန်းစုကြည်က ဟောပြောသွားသည်။

မိုးကောင်းမြို့မှ အိုးတန်းဘောလုံးကွင်းတွင်လည်း ထပ်မံ ဟောပြောပြီးနောက် မြစ်ကြီးနားမြို့ကို ပြန်မည်ဖြစ်ကြောင်း နမ္မတီး အမျိုသား ဒီမိုကရေစီ အဖွဲ့ချုပ် စည်းရုံးရေးမှူး ဦးဝင်းဗိုလ်က ပြောသည်။