Friday, January 27, 2012

KIA တပ်မဟာ (၄) နယ်မြေတွင် တိုက်ပွဲဖြစ်ပွား

|0 comments

Friday, January 27, 2012
W.P Moses
အကူအညီ မြောက်များစွာ လိုအပ်နေတဲ့ ကချင် စစ်ပြေးဒုက္ခသည်များ

ကချင် လွတ်လပ်ရေးတပ်မတော် K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၂၉) နယ်မြေ မော်ဟန် (Mawhan) နှင့် တာမိုးညဲ (Ta Mu Nye) ဒေသသို့  ကွတ်ခိုင်ဘက်မှ စစ်ကြောင်း ထိုးတက်လာသော မြန်မာစစ်တပ် ခလရ (၂၉၀) တပ်ဖွဲ့ နှင့် K.I.A တပ်ရင်း (၂၉) တပ်ဖွဲ့ ဝင်တို့ ဇန်န၀ါရီလ (၂၆) မနက် အစောပိုင်း (၁း၀၀) နာရီဝန်းကျင်တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။ တိုက်ပွဲတွင် စစ်တပ်ဘက်မှ (၁၀) ဦးထက်မနည်း ကျဆုံးကြောင်း ထပ်မံစုံစမ်း သိရှိရပါတယ်။ K.I.A နှင့် စစ်အစိုးရတို့ တရုတ်နိုင်ငံ ရွှေလီမြို့တွင် နိုင်ငံရေး အပါအဝင် တိုင်းရင်းသားများရဲ့ တန်းတူ အခွင့်အရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့် စသည်တို့ကို ဆွေးနွေးခဲ့ပေမယ့် လက်ရှိ သိန်းစိန် အစိုးရမှ သေချာတဲ့ အဖြေ တခုမှ မပေးခဲ့ကြောင်း သိရှိရပါတယ်။

နှစ်ဖက် စစ်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည်များမှာ ယခုချိန်တွင် ၇၀၀၀၀ ခုနှစ်သောင်း ရှိလာပြီး အကူအညီမြောက်များစွာ လိုအပ်နေကြောင်း သိရှိရပါတယ်။

ဦးသိန်းစိန်၊ တပ်မတော်နဲ့ ပါဝါ အနိမ့်အမြင့် - အပိုင်း (၂)

|0 comments
 Friday, January 27, 2012


ဆောင်းပါးရှင် - မင်းကန်စီ (တပ်မတော် အရာရှိကြီးတစ်ဦး)  (အပိုင်း (၁) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါသည်...)

ဒါကြောင့် စစ်တပ်လူကြီးတွေကတော့ တပ်တွေကို အထပ်ထပ်စစ်၊ ခြံစည်းရိုးတွေထပ်ထပ်ပြီး မြှင့်သထက်မြှင့်အောင်ကာ၊ အခြေအနေအရပ်ရပ်အတွက် အသင့်ဖြစ်အောင်လုပ်ဆိုပြီး တွင်တွင်မှာကြားနေကြတယ်။ တဖက်ကလည်း သူတို့ မျှော်မှန်းထားတဲ့ အနာဂါတ်ဦးဆောင်မှုအခန်းကဏ္ဍက ဒီမိုကရေစီ ကန့်လန့်ကာနောက်မှာ ဝေးသထက်ဝေးလာတော့ ဒါတွေကို ဘယ်လိုလုပ်ရမလည်းလို့ အကြိတ်အနယ် စဉ်းစားနေလေရဲ့။

သမ္မတ ဦးသိန်းစိန်

ဖြစ်ပေါ်လာတဲ့ ပြဿနာတွေအပေါ်မှာ ဦးသိန်းစိန်းအနေနဲ့၊ ညှင်သာပျော့ပြောင်းမှုအများဆုံး၊ လိုက်လျောမှုအများဆုံးနဲ့ ဖြေရှင်းလာခဲ့တော့၊ သူရဲ့ပုံရိပ်က အရမ်းကောင်းမွန်နေခဲ့ပြီး ပြည်တွင်းရော ပြည်ပပါ လက်ခံလာတဲ့ အခြေအနေမျိုး ရောက်လာခဲ့တာ တွေ့ရမှာဖြစ်တယ်။ စစ်တပ်ရဲ့ ပုံရိပ်ကတော့ အတိတ်က အကြွေးတွေဆပ်ရင်း တဖြေးဖြေးနဲ့ ပိုပြီးမှေးမှိန်လာနေတာကိုဘဲ တွေ့ရမှာဖြစ်တယ်။ ဒီတော့ ဒီအခြေအနေကို ကုစားဖို့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ကြိုးစားအားထုတ်ဦးမှာ မလွဲပါဘဲ။ ပင်ကိုယ်သဘာဝက ထက်မြက်တဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က၊ အေးချမ်းတည်ငြိမ်ပြီး၊ တက်ကြွမှုအတန်အသင့်ဘဲရှိတဲ့ ဦးသိန်းစိန်ကို သူဘယ်လိုကျော်ဖြတ်မလည်းဆိုတာ အမြဲတမ်း စဉ်းစားနေမှာ အမှန်ပါဘဲ။


နောက်ပြီး၊ ဦးသိန်းစိန်က ဘယ်လိုဘဲ စိတ်သဘောထားကောင်းပေမဲ့၊ သူ့အောက်က၊ အာဏာရှုး ဝန်ကြီးတွေ၊ ဘဝင်မြင့်အမတ်တွေ၊ အနိုင်ကျင့်တဲ့ရဲတွေ၊ သခင်အားရ ကျွန်ပါးဝ လက်ကိုင်တုတ် ကြံ့ဖွံ့တွေနဲ့၊ တစ်ချိန်လုံး ဦးစားပေး (၁) ဖြစ်ခဲ့တဲ့ စစ်တပ် အဆင်ပြေဖို့ဆိုတာက ပြဒါးတစ်လမ်း၊ သံတစ်လမ်း၊ ပါဘဲ။ ဒါတွေကို ဘယ်လို ဟန့်တားတား၊ ဖြေရှင်းရှင်း၊ ပြေလည်နိုင်စရာ အကြောင်းမရှိပါဘူး။

တပ်မတော်ကာကွယ်ရေး စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်

အခုဘဲကြည့်၊ ဒီကေဘီအေ ဗိုလ်မှူးချုပ်စောလဖွယ်တို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ BGF က ပြန်ထွက်သွားတဲ့ ဒုတပ်ရင်းမှူး ဗိုလ်မှူးပိတို့ ပါလာတော့ တပ်က စစ်ပြေးသဘောဖြစ်နေတဲ့ဟာ သဘော မကျဘူး၊ ဒါပေမဲ့ အစိုးရ အဖွဲ့က လက်ခံချင်တော့၊ လက်လျှော့ခဲ့ရတယ်။ ကေအိုင်အေ ချေမှုန်းရေးမှာလည်း အပြုတ်တိုက်ရေးစီမံချက်တွေ ရေးဆွဲပြီး တပ်မ (၁၀) မလောက် အင်အားရှိတဲ့ အင်အားတွေကို စစ်တပ်ဘက်က ကြိုပို့ပြီးသားဖြစ်နေပြီး၊ နိုင်ငံရေးဘက်က ညှိနှိုင်းမှုတွေက မပြီးသေးဘူး၊ စစ်တပ်ကတော့ ပြင်းပြင်းထန်ထန်တိုက်ဖို့ အားသန်တယ်။ အစိုးရသစ်ကတော့ အမြင်ကောင်းအောင် ငြိမ်းချမ်းရေးရအောင် လုပ်ချင်တယ်။ ဒါတွေကလည်း သဘောထားကွဲလွဲနေတာကို ကြားနေမြင်နေရပြီးဘဲ။


လတ်တလောကတော့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ဦးသိန်းစိန်ကို တွန်းလှန်နိုင်ဖို့၊ ဖယ်ရှားနိုင်ဖို့ လွယ်တော့ မလွယ်လှသေးဘူး၊ ဒါပေမဲ့ သူရဲ့ စစ်တပ်လုပ်ဆောင်နိုင်စွမ်းရှိတဲ့ ထဲကတော့ သူလုပ်နေဦးမှာဘဲ။ သူရဲ့ တပ်မတော်အာဏာတည်ဆောက်မှုကို အချိန်ယူတည်ဆောက်ရဦးမှာဘဲဖြစ်တယ်။ ဒီကြားထဲမှာ တပ်မတော်ရဲ့ အရေးပါမှုကဏ္ဍ အောက်ကျလာတာကို သူသည်းခံနေရမှာပါဘဲ။ သူရဲ့ရှေ့က တပ်မတော် စီနီယာ နောင်တော်ကြီးတွေဖြစ်တဲ့၊ သီဟသူရဦးတင်အောင်မြင့်ဦးတို့၊ သူရဦးရွှေမန်းတို့ မျက်နှာကို သူထောက်ထားရဦးမဲ့ အချိန်လည်းရှိနေသေးတယ်။ သူ့ကို မင်းသားတင်မြောက်ပေးလိုက်တဲ့ ဦးသန်းရွှေ စိတ်မကွက်အောင်လည်း ကပြရဦးမယ်။ ဒါကြောင့် အခုအချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်တွေကို အပြုတ်တိုက်ချင်ပေမဲ့ တိုက်နိုင်ဦးမှာ မဟုတ်သလို၊ နိုင်ငံရေးပါဝါ မျက်နှာစာမှာလည်း နည်းနည်းတော့အရောင်လျော့နေဦးမှာပါဘဲ၊ ဒီကြားထဲမှာတော့ နေသေးသပ ချုံထဲက၊ ဂျိုသွေး တမြမြဆိုတဲ့ အတိုင်း၊ ကျွဲကြီးက ချုံထဲက ခွန်အားပြည့်လာခဲ့ရင်၊ ဂျိုထက်ပြီး ထလာခဲ့ရင်တော့…. ဘာဖြစ်ကြမလဲဆိုတာတော့ စောင့်ကြည့်ကြရဦးမှာပါဘဲလေ။