Thursday, January 19, 2012

K.I.O/K.I.A ရဲ့ Operation Padang Hkrunlam - Part 4

 Thursday, January 19, 2012
W.P Moses
K.I.O/K.I.A ရဲ့ Operation Padang Hkrunlam - Part 4 - Part IV

 ကျနော်တို့ အပစ်အခတ်ခဲ့ကြတာဟာ နိုင်ငံရေး စကားဝိုင်းကို သွားဖို့ပါ။ နိုင်ငံရေး ဆွေးနွေးမှုတွေ မရှိဘူး ဆိုရင်တော့ အပစ်ရပ်လို့လဲ ဘာအကျိုးရှိမှာလဲ။ ကျနော်တို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်ကို နိုင်ငံရေး နည်းအားဖြင့် ဆွေးနွေးအဖြေရှာဖို့ ဖြစ်တယ်။ လက်နက်ကိုင် တိုက်ခိုက်ခြင်းဖြင့် မဟုတ်ပဲ နိုင်ငံရေး နည်းလမ်းနဲ့ အဖြေရှာနိုင်ဖို့ အပစ်ရပ်ခဲ့ခြင်းဖြစ်တယ်။ အပစ်ရပ်ခြင်းအားဖြင့် အစစအရာရာ ရပ်တန့်သွားဖို့ မဟုတ်ဘူး။ လွန်ခဲ့တဲ့ (၁၇) နှစ် အတွင်းမှာ ဒီလို ဖြစ်သွားတယ်။ ဒါကို နားလည်ထားဖို့ လိုပါတယ်။ လွန်ခဲ့တဲ့ (၁၇) နှစ်မှာ ကျနော်တို့ဟာ အပစ်ရပ်ရာမှ အားလုံး ရပ်တန့်သွားတဲ့ နိုင်ငံရေး လမ်းစဉ် ဖြစ်သွားတယ်။ ဘာဆိုဘာမှ လုပ်လို့ကိုင်လို့ မရဘူး။ နိုင်ငံရေး ဆွေးနွေး ပြောဆိုခွင့်လဲ မရခဲ့ဘူး။

 ဒီအပစ်ရပ်ထားတာကိုပဲ ငြိမ်းချမ်းရေးလို့ ပြောဆိုသုံးနှုန်းနေကြခြင်း ဖြစ်တယ်။ ဒီငြိမ်းချမ်းရေးဆိုတဲ့ ကာလ အတောအတွင်းမှာ လက်နက်ကိုင်ဆောင်ခွင့် ပြုထားတာကိုက အင်မတန် မွန်မြတ်ကြီးမားတဲ့ နိုင်ငံတော်ရဲ့ စေတနာ ဆိုပဲ။ ‘အခြေခံ ဥပဒေကို အတည်ပြုပြီးလို့ ရွေးကောက်ပွဲတွေ ကျင်းပတော့မှာ ဖြစ်တဲ့အတွက် နိုင်ငံရေးပါတီတွေ ဖွဲ့စည်းရတော့မှာ ဖြစ်တဲ့အတွက် လက်နက် တကားကားနဲ့တော့ ဘယ်ဖြစ်တော့မလဲ’ တဲ့။ ကျနော်တို့ကို ဒီလို ပြောခဲ့ကြတယ်။ ဒါကြောင့်ပဲ ‘BGF လက်ခံပါ၊ အသွင်ပြောင်းပါ၊ ထာဝရ ငြိမ်းချမ်ရေး ယူလိုက်ကြပါ’ ဆိုပြီး ဖိအားပေးခဲ့ကြတယ်။ သူတို့ပြောတဲ့ ထာဝရ ငြိမ်းချမ်းရေးဆိုတာက လက်နက် အပြီးအပိုင်စွန့်ခြင်း ဖြစ်နေတယ်။ ဘယ်သူက ဒီလို အလုပ်မျိုး လုပ်မှာလဲ။ ကချင် တပ်မတော်ကို ဖျက်ဆီးပစ်လိုက်မယ့်ကိစ္စ ဘယ်သူကမှ စိတ်တောင် ကူးဖူးကြမှာ မဟုတ်ဘူး။ အင်မတန်ကို ဒေါသ ထွက်ခဲ့ကြရပါတယ်။



အဲဒီတော့ ကျနော်တို့ဘက်က ပြန်မေးလိုက်တယ်။

“ကေအိုင်အို/ကေအိုင်အေကို ဘယ်လိုမြင်ပါသလဲ … သောင်းကျန်းသူလား … အကြမ်းဖက်သမားလား … နိုင်ငံရေး ရည်မှန်းချက်ရှိတဲ့ အဖွဲ့အစည်းလား … ကဲ .. ဖြေကြပါ …”

သူတို့ အဖြေ မပေးရဲခဲ့ကြပါဘူး။

 “ဒါပေမယ့် ကျနော်တို့ အဖြေကို သိပါပြီ … ကျော်ဆန်းရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကျနော်တို့ကို သောင်းကျန်းသူလို့ ပြောသွားပါတယ် … အကြမ်းဖက်လုပ်ရပ်တွေကို လုပ်တဲ့ သောင်းကျန်းသူလို့ ပြောသွားပါတယ် …”

အဲဒီတော့ ပြည်နယ်တစ်ပြည်နယ် ပိုင်ဆိုင်တဲ့ လူမျိုးတစ်မျိုး ရသင့်ရထိုက်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ပေးဖို့ မစဉ်းစားတဲ့ သဘောပါပဲ။ နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းလိုခြင်း မရှိတဲ့ သဘောပါပဲ။ ပင်လုံဆိုတာ ပြောကို မပြောချင်တော့ဘူး ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

 ဒီမေးခွန်း အပါအ၀င် မေးခွန်း (၆) ခုကို ကျနော်တို့ မေးခဲ့ပါတယ်။ ကေအိုင်အို/ကေအိုင်အေကို ဘယ်လို မြင်သလဲဆိုတော့ သောင်းကျန်းသူ၊ အဖျက်အမှောက် လုပ်ရပ်တွေလုပ်တဲ့ အကြမ်းဖက် သမားလို့ သဘောထားကြတယ်။ အဲဒီတော့ နိုင်ငံရေး အဖွဲ့အစည်း တစ်ရပ်အဖြစ် သဘော မထားဘူး ဆိုရင်တော့ ကျနော်တို့ဘက်ကလဲ နိုင်ငံရေး နည်းနဲ့ဖြေရှင်းဖို့ မရှိပါဘူး။

 ဒုတိယ မေးခွန်းအနေနဲ့

“ခင်ဗျားတို့ပြောတဲ့ နိုင်ငံရေးဆိုတာ ဘာလဲ … နိုင်ငံရေးနည်းလမ်းနဲ့ ပြောမယ်ဆိုတော့ ဘယ်လို ဘယ်ပုံမျိုး (ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ် အဆင့်ဆင့် - Road Map) နဲ့ သွားမှာလဲ …” လို့ ကျနော်တို့ မေးတယ်။
 ဒါကိုလည်း မဖြေနိုင်ကြပါဘူး။


 “သို့သော်လည်း ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းရဲ့ သတင်းစာရှင်းလင်းပွဲမှာ အဖြေထွက်ပါပြီ … သူဘယ်လို ပြောသလဲဆိုတော့ ‘ကျနော်တို့ဟာ ပြည်သူလူထုက အတည်ပြုထားတဲ့ ၂၀၀၈ အခြေခံ ဥပဒေဘောင် အတွင်းမှာ လုပ်ကိုင်ရမှာ ဖြစ်တယ်၊ ဒီဥပဒေနဲ့ အညီလုပ်သွားရမှာ ဖြစ်တယ်’ ဆိုပဲ … ၂၀၀၈ အခြေခံ ဥပဒေဘောင်ဆိုတာက အမျိုးသားနိုင်ငံရေးတွင် တပ်မတော်ပါဝင်ရေး ဆိုပြီး တမတ်သား အမတ်တွေလည်းဝင်ထိုင်၊ ဘောင်းဘီချွတ်တွေလည်း ၀င်ထိုင်၊ စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ဖွံ့ ပါတီဝင်တွေလည်း ၀င်ထိုင်တဲ့ ပါလီမန်ပဲ … ကျနော်တို့ ဘယ်တော့မှ ဘာမှ လုပ်ကိုင်လို့ရ၊ ပြောဆိုလို့ရမယ့် ကိစ္စမဟုတ်ဘူး … တစ်ပါတီ စစ်အာဏာရှင်စနစ်ပါပဲ … သိန်းစိန်က အရင် ဗိုလ်ချုပ်သိန်းစိန်လေ … အရပ်ဝတ်လဲပြီး သူ့နဂိုနေရာ ပြန်ဝင်ထိုင်တဲ့ကိစ္စ ဘယ်လိုလုပ် အရပ်သား အစိုးရ ဖြစ်လာမှာလဲ … ခလေးတောင် သိတဲ့ကိစ္စပဲ … ဘယ်လိုမှ လက်ခံလို့မရတဲ့ ကိစ္စပဲ … ဒီလွှတ်တော်ကနေ သွားတော့လည်း ကျနော်တို့လိုချင်တဲ့ ပြည်ထောင်စု စနစ်ကို ဖော်ဆောင်နိုင်မှာ မဟုတ်ဘူး … ကျနော်တို့က စစ်မှန်တဲ့ ပြည်ထောင်စုရဲ့ အခြေခံဖြစ်တဲ့ ပင်လုံစာချုပ်၊ ပင်လုံစိတ်ဓါတ်ကို အခြေပြုတဲ့ နိုင်ငံရေး လမ်းကြောင်းကို သွားချင်တာပါ … ဒီတော့မှ စစ်မှန်တဲ့ ပြည်ထောင်စု ဆိုတာ ပေါ်ပေါက်လာမှာပါ … စစ်မှန်တဲ့ပြည်ထောင်စု ပေါ်ပေါက်လာမှသာလျှင် ပြည်နယ်တစ်ခုချင်းမှာလည်း စစ်မှန်တဲ့၊ ရသင့်ရထိုက်တဲ့၊ ရှိသင့်ရှိထိုက်တဲ့ အခွင့်အရေးတွေ ရရှိလာမှာ ဖြစ်တယ် … ပြည်ထောင်စုအတွင်းက ပြည်နယ်တွေ ဖြစ်လာမှာ ဖြစ်တယ် … ဒီတော့မှ ကျနော်တို့မှာ တန်းတူညီမျှတဲ့ အခွင့်အရေးတွေ ရလာမှာ ဖြစ်တယ် … ပြည်ထောင်စုအဆင့်က ပုဂ္ဂိုလ်တွေ၊ ဗဟိုအဆင့်ကလူတွေက မဟုတ်တဲ့အခါကြတော့ ကျနော်တို့ ဘယ်လိုရှေ့ဆက်ကြမှာလဲ … ”

 

နောက်မေးခွန်းတစ်ခု အနေနဲ့

“အပစ်အခတ် ရပ်စဲရေးကို ခင်ဗျားတို့ ဘယ်လို အနက်ဖွင့်သလဲ” လို့ ကျနော်တို့ မေးတယ်။
ဒါလည်း ပွင့်ပွင့်လင်းလင်း မဖြေကြဘူး။

 “ထာဝရ ငြိမ်းချမ်းရေး ဆိုပြီးတော့လည်း ခင်ဗျားတို့ပြောတယ် ... ဒီထာဝရငြိမ်းချမ်းရေးရဲ့ နောက်ဆုံး ပန်းတိုင်က ဘာလဲ” လို့ ကျနော်တို့ ထပ်မေးတယ်။

မဖြေနိုင်ကြဘူး။

ဒီအကြောင်းအရာတွေကို အားလုံး နားလည်သိရှိနိုင်ဖို့ရန်အတွက် လိုင်ဇာ ရုပ်မြင်သံကြား (Laiza TV) မှလည်း ထုတ်လွှင့်ခဲ့ပါတယ်။ အခုနောက်ဆုံး သူတို့ဘက်က ပြန်ကြားလာတဲ့ စာထဲမှာ ဘာပြော ထားသလဲ ဆိုတော့…

“ကေအိုင်အို/ကေအိုင်အေ အနေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရန် ဆန္ဒ ရှိမရှိ ဆိုတာ အကြောင်း ပြန်ပေးပါ …” လို့ ပြောလာပါတယ်။ ဒါကတော့ ဒီကနေ့အထိ နောက်ဆုံးရရှိတဲ့ အကြောင်း ပြန်ကြားချက် ဖြစ်ပါတယ်။
 ဒီလူတွေဟာ ကျနော်တို့အပေါ် မတရား ကလိန်ကျမှုတွေလည်း လုပ်နေကြပါတယ်။ တပ်ရင်း (၅) ဘက်မှာ ဆေးလိပ်တောင် မသောက်တတ်တဲ့ ကျနော်တို့ရဲ့ ဆက်ဆံရေး အရာရှိ (Liaison Officer) ကိုလည်း ဘိန်းပစ်ပြီး မတရား ဖမ်းဆီးခဲ့ပါတယ်။ ဘိန်းမှု ဇာတ်လမ်းဆင်ကာ လက်ပူးလက်ကြပ်မိပြီ ဆိုပြီး မတရား အပြစ်ရှာ ဖမ်းဆီးခဲ့ကြတာပါ။ နယ်မြေဒေသ အသီးသီးမှာ ဖွင့်လှစ်ထားတဲ့ ဆက်ဆံရေးရုံး (Liaison Office) တွေကိုလည်း အတင်းအကျပ် ပိတ်သိမ်း ခိုင်းခဲ့ပါတယ်။ ဖြတ်လေးဖြတ်တွေ လုပ်ခဲ့တယ်။ ကျနော်တို့ရဲ အမှုထမ်းတွေကိုလည်း အပြစ်မရှိ အပြစ်ရှာ ဖမ်းဆီး ထောင်ချကြတယ်။ ယုတ်စွအဆုံး လူတိုင်းစီးတဲ့ Without ဆိုင်ကယ်၊ ကျနော်တို့ ကချင် လွတ်လပ်ရေး အစိုးရ၀န်ထမ်း စီးရင်တော့ အရေးယူ ဖမ်းဆီးခံရတယ်။ ဒီလို ဖမ်းဆီးခံရတဲ့ ကျနော်တို့ ၀န်ထမ်းတွေလည်း အများအပြားပါပဲ။

 မြို့ပြတွေမှာ နေထိုင်ကြတဲ့ မိဘပြည်သူအချို့က အမြင်လွှဲမှား လာကြတယ်။ အပစ်အခတ် အရင် ရပ်စဲပြီး နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ဖို့၊ ထာဝရငြိမ်းချမ်းရေးရအောင် လုပ်ကြဖို့ ပြောလာကြတယ်။ ဗမာ အစိုးရပြောတဲ့ ထာဝရငြိမ်းချမ်းရေးဆိုတာ ၂၀၀၈ အခြေခံ ဥပဒေဘောင်အတွင်း ဆွဲသွင်း လိုက်ခြင်းသာ ဖြစ်တယ်။ ဒီဥပဒေကို ဘယ်သူကမှ လက်မခံပါဘူး။ သူတို့ ဗမာ အချင်းချင်းတောင် လက်ခံတာ မဟုတ်ဘူး။ အောင်ဆန်းစုကြည်တို့ အဖွဲ့လည်း လက်မခံဘူး။ ကျနော်တို့ချည်းပဲ လက်မခံတာ မဟုတ်ဘူး။ သိန်းစိန်ရဲ့ မိန့်ခွန်းမှာ ‘၂၀၀၈ အခြေခံဥပဒေကို လက်မခံနိုင်ကြသေးတဲ့ လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ပြည်တွင်းနိုင်ငံရေး အစုအဖွဲ့များ’ လို့ သုံးနှုန်း သွားပါတယ်။ ဒီဥပဒေကို လက်မခံလို့မရ လက်ခံလာအောင် ဖျားယောင်းသွေးဆောင် စည်းရုံးမယ့် သဘော ရှိပါတယ်။ နွားရိုင်းကို ကျုံးလှောင်ချိုင့်ထဲကို မ၀င်, ၀င်အောင် ကျုံးသွင်းပြီး ၀င်ပြီ ဆိုတာနဲ့ ကျုံးတံခါး ပိတ်ပစ်လိုက်မယ့် သဘောပါပဲ။ ဒါကို ကျနော်တို့ ဘယ်လိုမှ လက်ခံလို့ မရပါဘူး။

 ကျနော်တို့ ဗဟိုကော်မတီအနေနဲ့ လွန်ခဲ့တဲ့ ဇူလိုင်လ (၁၂ - ၁၃) ရက်တွေမှာ တိုင်းပြည်နဲ့လူမျိုး အကျိုးကို ဆုံးဖြတ်အဖြေ ပေးနိုင်မယ့် တတိုင်းပြည်လုံးမှ၊ အနယ်နယ် အရပ်ရပ်မှ လူကြီးတွေ၊ ခေါင်းဆောင်တွေကို ဖိတ်ခေါ်ကာ နှီးနှောဖလှယ်တဲ့ အစည်းအဝေးကို ကျင်းပခဲ့ပါတယ်။ ဒီအစည်း အဝေးကြီးမှ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ထုတ်ဖော်ကြေငြာခဲ့ပြီး ဖြစ်ပါတယ်။ စီးပွားရေးရာ ဌာနခန်းမဆောင်မှာ ကျင်းပခဲ့တဲ့ ဒီအစည်းအဝေးမှာ နယ်မြေဒေသ အသီးသီးမှ အတွေ့အကြုံရင့်ကျက်တဲ့ ခေါင်းဆောင် ကိုယ်စားလှယ်တွေ အကြံပြု ဆွေးနွေးခဲ့ကြရာမှာ -

 “လွန်ခဲ့တဲ့ အချိန်ကာလတွေတုန်းက ဗမာအစိုးရ လိမ်လည်လှည့်ဖျားခဲ့တဲ့ အဖြစ်မျိုး ထပ်အဖြစ်မခံဖို့၊ အပစ်အခတ် ရပ်စဲပြီး ရှေ့ဆက်လို့လည်းမရ နောက်ပြန်ဆုတ်လို့လည်း မဖြစ်တဲ့ အခြေအနေမျိုး ထပ်အဖြစ်မခံဖို့၊  ငြိမ်းချမ်းရေး ခေါင်းစဉ်တပ်ပြီး နောက်တစ်ကြိမ်ထပ် အလိမ်မခံရဖို့၊ ဗမာအစိုးရနဲ့ ဆက်ဆံရာမှာ အင်မတန် သတိရှိကြဖို့၊ ဒီတခေါက်တော့ တစ်ဘက်ကနေ တိုက်လည်းတိုက် နောက်တစ်ဘက် ကနေလည်း နိုင်ငံရေး ဆွေးနွေးရန် ဖိအားပေးခြင်းဖြင့် ရှေ့ဆက်သွားဖို့ အကြံပြုခဲ့ကြပါတယ် …”


 ဒီကနေ့ ကျနော်တို့ ကျင့်သုံးနေတဲ့ မူဝါဒ အနေနဲ့ အမှန်တကယ် နိုင်ငံရေး ဆွေးနွေးမယ် ဆိုရင်တော့  ဖယ်ဒရယ် ကောင်စီအနေနဲ့ပဲ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ လက်နက်ကိုင် တိုင်းရင်းသား အင်အားစုတွေ၊ အခြား နိုင်ငံရေး အစုအဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ (United Nationalities Federal Council) အနေနဲ့သာ နိုင်ငံရေး ဆွေးနွေးသွားဖို့ ရှိပါတယ်။ ဒါဟာဆိုရင် ဒီကနေ့အထိ ကျနော်တို့ ကေအိုင်အို ဗဟိုအနေနဲ့ ချမှတ် ဆောင်ရွက်နေတဲ့ မူဝါဒလမ်းစဉ် ဖြစ်ကြောင်း ဖော်ပြလိုပါတယ်။ ရှေ့တန်း စခန်းအသီးသီးမှာ တိုင်းပြည်တာဝန် ထမ်းဆောင်နေကြတဲ့ ရဲဘော်ရဲဘက်တွေ၊ ပြည်သူလူထု အခြေပြု အရပ်ဘက် ပြည်သူ့စစ် အဖွဲ့ (Mung Shawa Hpyen Hpung) မှ အရပ်သား ကာကွယ်ရေး ၀န်ထမ်းတွေ၊ သီးသန့် ဖွဲ့စည်းထားတဲ့ အထူးတပ်ဖွဲ့ အသီးသီးမှ စစ်သည်တွေ၊ နည်းလမ်း အမျိုးမျိုးနဲ့ လွတ်လပ်ရေး အစိုးရရဲ့ ၀န်ထမ်း ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ကျရာတာဝန်တွေကို ထမ်းရွက်နေကြတဲ့ တိုင်းသူ ပြည်သားတွေ အားလုံးကို ဒီအကြောင်းအရာတွေ လက်ဆင့်ကမ်း ပြောကြားကြဖို့ လိုပါတယ်။ ဗဟိုအနေနဲ့ ဘယ်လိုမူဝါဒတွေနဲ့ ဦးဆောင် လျှောက်လှမ်းနေသလဲ ဆိုတာကို အားလုံး သိအောင် အချင်းချင်း လက်ဆင့်ကမ်း ပြောပြကြပါလို့ တိုက်တွန်းလိုပါတယ်။ ဗမာ (အစိုးရ) က ဘယ်လို ကလိန်ဆင် လိမ်လည်နေသလဲ၊ ဒါကို ဗဟိုအနေနဲ့ ဘယ်လိုဘယ်ပုံ ရင်ဆိုင်ကျော်လွှားနေခဲ့တယ် စသဖြင့် ရှင်းလင်း ပြောပြကြပါ။ ကျနော်တို့ တိုင်းပြည်ဒေသမှာ ကေအိုင်အို အနေနဲ့ လုပ်ငန်း ဆောင်ရွက်နေသလို၊ တစ်ဘက်မှာ UNFC ဖယ်ဒရယ်ကောင်စီမှ တဆင့်လည်း နိုင်ငံရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေတဲ့ အကြောင်းကို နားလည် သဘောပေါက်စေလိုပါတယ်။ ဒီမူဝါဒအတိုင်း ရှေ့ဆက် လျှောက်လှမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
 လွန်ခဲ့တဲ့ (၁၇) နှစ်မှ ခါးသီးတဲ့ အတွေ့အကြုံကို သင်ခန်းစာယူကာ ရှေ့ဆက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီတစ်ခေါက်မှာတော့ ခိုင်မာတဲ့ အသိသက်သေ၊ ခိုင်မြဲမယ့် ကတိက၀တ် မရရှိဘူး ဆိုရင်တော့ ကျနော်တို့ ဗဟိုအနေနဲ့ ဘယ်လိုမှ ရှေ့ဆက်မှာ မဟုတ်ပါဘူး။ ဘယ်လို အမှားမျိုးကိုမှ ထပ်အဖြစ် မခံတော့ပါဘူး။ တိုင်းသူပြည်သားတွေကို ကျနော်တို့က ဦးဆောင်ပြီး suicide လုပ်နေသလို အဖြစ်မျိုး လုံးဝ ထပ်အဖြစ် မခံပါဘူး။ လုံးဝ ထပ်မမှားဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်ပါတယ်။
 ပြည်သူလူထုတွေက ကျနော်တို့ ဗဟိုရဲ့ ဦးဆောင်မှု ထပ်မှားသွားမှာကို အရမ်းစိုးရိမ်ကြတယ်။
 “ဗဟိုကော်မတီဝင်တွေ သတိထားကြပါ … ဒီဗမာ (အစိုးရ) တွေ နောက်တခါ အပျော့ဆွဲတာ ခံရမယ် သတိထားကြပါ …” ဆိုပြီး သတိပေးကြပါတယ်။ ကာသိုလစ် ဘုန်းတော်ကြီးတွေ၊ သင်းအုပ် ဆရာတော်ကြီးတွေက အစ “သေချာ သတိထားကြပါ … ထပ်မမှားကြပါနဲ့ … ဗမာ (အစိုးရ) အလိုကျ စိတ်ပျော့ မသွားကြပါနဲ့ …” ဆိုပြီး ကျနော်တို့ကို လေးလေးနက်နက် သတိပေးကြပါတယ်။ ကျနော်တို့ကို ထပ်မမှားစေလိုတဲ့ စေတနာ မေတ္တာနဲ့ သတိ ပေးကြပါတယ်။

ဘာသာရေး ခေါင်းဆောင်တွေ ဖြစ်နေသော်လည်းပဲ သူတို့လည်း မျိုးချစ်စိတ်၊ ပြည်ချစ်စိတ်နဲ့ သတိပေး ပြောကြားကြခြင်း ဖြစ်ပါတယ်။ အလေးအနက်ကို သတိပေးကြတယ်။ ဒေသအသီးသီးမှ ကိုယ်စားလှယ် ခေါင်းဆောင်ကြီးတွေလည်း ဒီလိုပဲ သတိပေးကြတယ်။ နိုင်ငံရပ်ခြား တိုင်းပြည် (၂၂) ခုမှာ ရောက်ရှိနေကြတဲ့ ကချင် အမျိုးသားတွေမှလည်း သတိပေးတယ်။ အတိုင်းတိုင်း အပြည်ပြည် အနယ်နယ် အရပ်ရပ်မှ ကချင် မျိုးနွယ်ဝင်တွေ ကျနော်တို့ကို အင်မတန် သတိရှိကြဖို့ သတိ ပေးခဲ့ကြပါတယ်။ ဗမာ (အစိုးရ) နဲ့ ဆက်ဆံရာမှာ အင်မတန် သတိထား ဆက်ဆံကြဖို့ တိုက်တွန်း ကြတယ်။ ဒီလို သတိပေးတာ၊ အကြံပေးတာတွေကို ကျနော်တို့ လက်ခံမှတ်ယူပြီးတော့ မီးရှူး တန်ဆောင် အနေနဲ့ အသုံးပြုကာ ရှေ့ဆက်လျှောက်လှမ်းသွားမှာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။

ကချင်စစ်ပြေးဒုက္ခသည် ကလေးငယ်များ..

ဒီကနေ့ ဗမာ (အစိုးရ) က ကျနော်တို့ကို ပြောဆိုလာတဲ့ ကမ်းလှမ်းချက်ကို ကြည့်ရင်တော့ အင်မတန်မှကို သာယာနာပျော်ဖွယ် ဖြစ်တာကို တွေ့ရမှာပါ။ ‘အပစ်အခတ် ရပ်စဲပြီး နိုင်ငံရေး နည်းလမ်းဖြင့် တွေ့ဆုံ ဆွေးနွေးသွားရန်’ ဆိုတာမျိုး၊ ‘ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်ရန်’ ဆိုတာမျိုးတွေ တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ပြည်သူလူထုက ‘ဒါ အကောင်းဆုံး အခွင့်အရေးပဲ … အရင်ခေတ် အဆက်ဆက်မှာ ဗမာ (အစိုးရ) တွေ ဒီလို ကမ်းလှမ်းတာမျိုး ရှိခဲ့တာ မဟုတ်ဘူး … ကေအိုင်အို အနေနဲ့ အမြန်ဆွေးနွေးကြပါ … အမြန် အပစ်ရပ်ကြပါတော့ …’ ဆိုပြီး ပြောဆို လာတာလည်း ရှိပါတယ်။ ဗမာ (အစိုးရ) ပြောတဲ့ ထာဝရ ငြိမ်းချမ်းရေး ဆိုတာ အပြီးအပိုင် လက်နက်စွန့်ခြင်းကို ဆိုလိုတာဖြစ်ကြောင်း နားလည်ကြပါ။ ဗမာ (အစိုးရ) ပြောတဲ့ အပစ်အခတ် ရပ်စဲရေး ဆိုတာဟာ နိုင်ငံရေး နည်းလမ်းကို ရောက်မယ့် ကိစ္စမဟုတ်ကြောင်း သဘောပေါက်ကြပါ။ ဗမာ (အစိုးရ) ပြောတဲ့ ငြိမ်းချမ်းရေး၊ နိုင်ငံရေး နည်းလမ်းဆိုတာတွေဟာ ကျနော်တို့ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဘောင်ထဲကို သိမ်းသွင်းပစ်လိုက်မယ့် ကိစ္စသာ ဖြစ်ကြောင်း နားလည် သဘော ပေါက်ကြပါ။ ကျနော်တို့အတွက် အာမခံချက် တစုံတရာမျှ မရှိတဲ့ ဒီအခြေခံ ဥပဒေအောက် ဆွဲသွင်း၊ တံခါးပိတ်ကာ တစ်သက်လုံး ဒုက္ခရောက်ကြရမယ့် ကိစ္စပါပဲ။ ဒီအကြောင်းအရာတွေကို ပြည်သူလူထုတွေ သဘောပေါက်အောင် ရှင်းပြကြပါ။

 “ဒီအကြောင်းအရာတွေကို နားလည်သဘောပေါက်ကာ
ကေအိုင်အိုဗဟိုရဲ့ ဦးဆောင်မှုအတိုင်း ညီညီညွတ်ညွတ် လျှောက်လှမ်းကြပါစို့ …
 နောက်ဆုံးအနေနဲ့ ထပ်မံမှာကြားလိုတာကတော့ ပြည်သူလူထုတွေ အရမ်းစိုးရိမ်နေတဲ့
 ကေအိုင်အိုဗဟိုမှ အမှားထပ်လုပ်မိမယ့် ကိစ္စမျိုး လုံးဝ မဖြစ်စေရပါဘူးလို့
ကတိပေး ပြောကြားလိုပါတယ် …
အပစ်အခတ်မရပ်ပဲနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပေါ်ပေါက်လာအောင်
 ကြိုးပမ်းသွားမှာ ဖြစ်ပါတယ် …
သူတို့ဘက်က နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေ ဖော်ဆောင်လာခြင်း မရှိဘူးဆိုရင်လည်း
အပစ်အခတ်တွေ ဆက်ရှိနေခြင်းအားဖြင့်
ဖိအားပေးနေမှာ ဖြစ်ပါတယ် …”

ဒီကနေ့ တက်ရောက်လာတဲ့ ညီအစ်ကို မောင်နှမတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။

 [ကချင်ပြည်နယ်နှင့် ကချင်လူမျိုးများကို အဓိက ကိုယ်စားပြုသော ကေအိုင်အို၏ နိုင်ငံရေး ရပ်တည်ချက်နှင့် အမြင်များကို ဝေမျှရန် ရည်ရွယ်ချက်ဖြင့် ဘာသာ ပြန်ဆိုပါသည်။ လွတ်လပ်စွာ သဘော ကွဲလွှဲနိုင်ပါသည်။]

0 comments: