Thursday, January 13, 2011

စစ်တပ်နဲ့ စစ်အာဏာရှင် - အပိုင်း(၁)

စစ်အာဏာရှင်ကို တော်လှန်ခြင်းသည် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ခြင်း ဖြစ်သည် - အပိုင်း(၁) 

ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင် 

ပြည်ပရောက် မြန်မာ့တပ်မတော် အရာရှိ ဗိုလ်မှူးကျော်ကျော်ခိုင်က ကျွန်တော် ကိုဖိုးတရုတ်ထံ "အာဏာရှင်ကို တော်လှန်ခြင်းသည် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ခြင်း ဖြစ်သည်" ဆိုတဲ့ အခန်းဆက် ဆောင်းပါးတွဲ ရေးသားပေးပို့ လာပါတယ်။ ဗိုလ်မှူးကျော်ကျော်ခိုင်ဟာ စစ်တပ်မှာ အရေးပါတဲ့ Commander ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံတော်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စ အ၀၀၊ ဘာကြောင့် မြန်မာနိုင်ငံ အမှန်တကယ် မတိုးတက်ရတဲ့ အကြောင်းရင်း၊ နိုင်ငံရဲ့  စီမံကိန်းတွေကို အကျိုးတူ ကုမ္ပဏီများနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်တွေက အဂတိ လိုက်စားကြပုံတွေ နဲ့ စစ်အာဏာရှင်တွေက စစ်တပ်ကိုခုတုံး လုပ်ထားပုံတွေ၊ တပ်မတော်သားများအား စစ်အာဏာရှင်နဲ့ စစ်ခေါင်းဆောင်ကို ခွဲခြား မြင်တတ်ဖို့စတဲ့ ဆန္ဒမွန်များနဲ့ ရေးသား ပေးပို့လာခြင်း ဖြစ်ပါတယ်။ ဗိုလ်မှူး ကျော်ကျော်ခိုင်ရဲ့  ဆောင်းပါးတွဲကို အပတ်စဉ် အပိုင်း(၂)ပိုင်း စီစဉ် တင်ဆက်သွားမှာ ဖြစ်ပါတယ်။ အခုလို ဆောင်းပါးရေးသား ပေးပို့လာတဲ့ ဗိုလ်မှူးကျော်ကျော်ခိုင်အား ကျွန်တော် ကိုဖိုးတရုတ်မှ အထူးကျေးဇူး တင်ရှိပြီး စည်းလုံးခြင်းရဲ့ အင်အား ဘာလောဂ်မှာ ပင်တိုင်ဆောင်းပါးရှင် အဖြစ် မှတ်တမ်းတင် ဂုဏ်ပြု အပ်ပါတယ်။

မြန်မာနိုင်ငံ ပြင်ပကို ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတိုင်းဟာ ပြည်ပနိုင်ငံတွေရဲ့  နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည်ဖြင့် အထွေထွေ တိုးတက်နေမှုတွေကို ကြည့်ပြီး ကိုယ့်နိုင်ငံရဲ့  ဖြစ်ကြောင်းစုံလင်ကို ပြန်လည် မြင်ယောင်နေကြ၊ ၀မ်းနည်းပက်လက်ဖြစ်ကြ၊ ဒေါသတွေ ဖြစ်ကြရကာ ဖြေမဆည်နိုင်အောင် ဖြစ်နေမိ ကြပါတယ်။ မြန်မာနိုင်ငံက ထွက်လို့ ထိုင်းနိုင်ငံ လေဆိပ် ရောက်တာနဲ့ကို "ဟာ" ကနဲ ဖြစ်သွားပြီ၊ အမြင်ပြောင်းလဲသွားပါပြီ။ ဘာကြောင့်လဲဆိုတော့ နွားခြေရာခွက်ထဲက ရေအိုင်ကို ပင်လယ်ထင်နေကြရတဲ့ ဘ၀က တကယ့်အမှန် ပင်လယ်ပြင်ကြီးကို တွေ့လိုက်သလို ခံစားသွားမိလို့ ဖြစ်ပါတယ်။ တနည်းပြောရရင် မြင်းလှည်းဆွဲနေရတဲ့ မြင်းဟာ မြင်းလှည်းဆရာက ရှေ့ ကိုပဲ သူသွားခိုင်းတဲ့ နေရာပဲ မြင်ရပြီး၊ ဘယ်ကိုမှ မမြင်မကြည့် နိုင်အောင် မျက်နှာဖုံးတပ် ပိတ်ကာခံထားရသလို အကာခံထားရတဲ့ မျက်နှာဖုံးက ကျွတ်သွားခဲ့လို့ ဖြစ်ပါတယ်။ 

ဒီ အခိုက်အတန့်မှာပဲ ကိုယ့်နိုင်ငံကြီးဟာ ဘယ်လောက် ခေတ်နောက်ကျ ကျန်နေတာ၊ အဖိနှိပ်ခံနေရတာ၊ လူတစ်ယောက်ရဲ့တန်ဖိုးကို အနှိမ်ခံထားရတာ၊ လူ့အခွင့်အရေး ဆုံးရှုံးနေတာ၊ ပြည်သူလူထုရဲ့  အာဏာဟာ ပြည်သူ့လက်ထဲမှာ မရှိပဲ စစ်ခေါင်းဆောင်များက လက်နက်ပြ အကြောက်တရားနဲ့ လုယူထားပြီး စစ်တပ်ကို အသုံးချကာ အာဏာရှင်စနစ် ကျင့်သုံးနေတာ၊ ဒီလို အာဏာရှင်စနစ်ကြောင့် နိုင်ငံရဲ့ အထွေထွေရေးရာ နိမ့်ကျ ချွတ်ချူံကျ ဆင်းရဲ ဒုက္ခရောက်နေကြရတာ၊ အာဏာရှင်တွေက ပြည်သူလူထုကို လှည့်စား ထားတာတွေကို ကွက်ကွက် ကွင်းကွင်း သိမြင်လာကြ ရပါတော့တယ်။

         ခေတ်မှီ ခမ်းနားနေတဲ့ ဘန်ကောက် သုဝဏ္ဏဘူမိ လေဆိပ်


မူလတန်းကျောင်း သာသာ မျက်နှာငယ်လေးနဲ့ ဖြစ်နေတဲ့ ရန်ကုန်လေဆိပ်

ဒီလို သိမြင်လာကြလို့ဘဲ ပြည်ပရောက် မြန်မာနိုင်ငံသားတွေဟာ စစ်အာဏာရှင် ဆန့်ကျင်ရေးကို အားကြိုးမာန်တက် လှုပ်ရှားလာ ကြပါတော့တယ်။ ဒါဟာအပြစ် မရှိပါဘူး။ "ပြည်ပအားကိုး ပုဆိန်ရိုး" မဟုတ်ပါဘူး။ ဒီလူတွေဟာ ပြည်ပက မြှောက်ပေးလို့ လုပ်နေကြတာ မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံကို ချစ်မြတ်နိုးလို့ တိုးတက်ချင်လို့၊ မြန်မာပြည်သူ တွေကို မြန်မာ မြန်မာချင်းဖြစ်တဲ့ စစ်အာဏာရှင်တွေရဲ့  ဂုတ်သွေးစုပ် ဖိနှိပ်ချယ်လှယ်ခံနေရမှုမှ လွတ်မြောက်စေချင်လို့ ကိုယ်တတ်နိုင်သလို ကိုယ်ပိုင် အသိစိတ်ဓာတ်နဲ့ ရောက်ရာနေရာ အသီးသီးက ဆန့်ကျင်နေကြတာ ဖြစ်ပါတယ်။ 

ကြီးကြီးကျယ်ကျယ်ဆိုလို့ တစ်ခုတည်းရှိတဲ့ အဆောက်အဦးနဲ့ ဘုရားစူး ရန်ကုန်လေဆိပ်

အဆောင်အထပ်ထပ် အဆောက်အဦး ခန့်ခန့်တွေနဲ့ ရှုမငြီးစဖွယ် တင့်တယ်နေတဲ့ ဘန်ကောက် သုဝဏ္ဏဘူမိ လေဆိပ်


ကျွန်တော် ကိုယ်တိုင် တပ်မတော်မှာ အရေးပါတဲ့ Commander ရာထူးအဆင့် တစ်ခုထိ လုပ်ခဲ့ပေမဲ့ ပြည်သူလူထု ကြားထဲက သာမန်ပြည်သူရဲ့  သားတစ်ဦးသာ ဖြစ်ခဲ့ပါတယ်။ ပြည်တွင်းရှိ စစ်တပ်အကြောင်း၊ စစ်တပ်ကို ခုတုံးလုပ် စစ်အာဏာရှင် လုပ်နေတဲ့ ခေါင်းဆောင်အိုကြီးများ အကြောင်းကို အမှန်အတိုင်း သိမြင်ခဲ့ပါတယ်။ ပြည်ပသို့ ရောက်တော့လည်း နို်င်ငံရေးအဖွဲ့များ၊ လူပုဂ္ဂိုလ် အသီးသီးနဲ့လည်း ထိတွေ့ ဆက်ဆံဖူးသူ ဖြစ်လို့ နိုင်ငံရေး သမားများနဲ့ တော်လှန်ရေး အဖွဲ့အစည်းအကြောင်းကို အမြင်ရှုဒေါင့် အသီးသီးမှ သိမြင်ရသူ တစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူဟာ လမ်းကြောင်းမှန်ပေါ် လျှောက်နေပြီး၊ ဘယ်သူဟာ လမ်းကြောင်း မှားနေတယ်၊ လှည့်ဖျား ကောက်ကျစ် နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း တွေ့မြင်နေလို့ ဘက်မလိုက်တမ်း ရေးသားတင်ပြ လာရတာ ဖြစ်ပါတယ်။ စစ်တပ်နဲ့ ပတ်သက်လို့ ခံစားချက်ရှိလို့ ရေးသားခြင်း၊ စစ်တပ်ကို ဆန့်ကျင် ခြင်းမျိုးလည်း မဟုတ်ပါ။ စစ်တပ်ဟာ စစ်တပ်၊ အာဏာရှင်ဟာ အာဏာရှင်လို့ ခွဲခြားသိမြင်ထားပြီး၊ ပကတိ အခြေအနေမှန်ကို ရေးသား တင်ပြခြင်းသာ ဖြစ်ပါတယ်။ 

ဒီကနေ့ နိုင်ငံရေးသမားများနဲ့ ကျောင်းသား လူငယ်တွေ၊ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူတွေ၊ တော်လှန်ရေးအဖွဲ့တွေဟာ နအဖ ပြောနေသလို တိုင်းပြည်ကို မချစ်လို့ တိုင်းပြည်အကျိုး ဖျက်လို ဖျက်ဆီး လုပ်ချင်လို့ လုပ်နေကြတာ မဟုတ်ပါဘူး။ စစ်တပ်ကို တိုက်နေတာ မဟုတ်ပါဘူး။ စစ်တပ်ကို မျက်စိပိတ်၊ နားပိတ် လုပ်ပြီး သူတို့ကိုယ် သူတို့ စစ်ခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ အမိန့်နာခံရမှုကို အလွဲသုံးစားလုပ်ကာ စစ်တပ်ကို အသုံးချနေတဲ့ အာဏာရှင် လုပ်နေတဲ့ စစ်အာဏာရှင်တစ်စုနဲ့ သူတို့ရဲ့  မှားယွင်းတဲ့မူဝါဒတွေ၊ လမ်းညွှန်မှုတွေကို တော်လှန် တိုက်ဖျက် နေကြတာ ဖြစ်ပါတယ်။ နောင်ဒီလို အာဏာရှင် အဆက်ဆက် ဖြစ်ပေါ်မလာရေး တိုက်ပွဲဝင် နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် အာဏာရှင်စနစ်ကို တိုက်ဖျက်တာ သဘာဝကြပါတယ်။ တစ်နည်းအားဖြင့် ပြည်သူလူထုကို ကာကွယ် စောင့်ရှောက်ခြင်းသာ ဖြစ်ပါတယ်။ 

အထူးသတင်း 

ပြည်တွင်းမှ သတင်းပေးပို့ လာချက်အရ လွန်ခဲ့တဲ့ (၃) ရက်ခန့်တွင် ဂျိုင်းမြစ် ကူးတံတားမှာ လုံခြုံရေး ယူထားသော စစ်တပ်နဲ့ ရဲ၊ လ၀က ပူးပေါင်း အဖွဲ့အား အမည်မသိ အဖွဲ့တစ်ခုက မကျေနပ်၍ သေနတ်သံ တချက်မှ မဖောက်ရဘဲ အသံတိတ် လုပ်ကြံ သတ်ဖြတ်သွားကြောင်း သတင်းရရှိပါသည်။ စုစုပေါင်း (၂၄) ဦးခန့် သေဆုံးသွားပြီး ဤ ဖြစ်စဉ်နဲ့ ပတ်သက်၍ ပတ်ဝန်းကျင် ရွာများသို့ တပ်များက တောနင်းရှာဖွေ ဖိအားပေး စုံစမ်း ဖော်ထုတ်လျက် ရှိကြောင်းနှင့် အဲဒီ သေဆုံးသူ အဖွဲ့များမှာ မြ၀တီဘက်သို့ အတက်အဆင်း လုပ်သည့် ကားများပေါ်တွင် ဆက်ကြေးကောက် မတရား ငွေညှစ် နိုင်ထက် စီးနင်း လုပ်နေသည့် အဖွဲ့များ ဖြစ်ကြောင်းလည်း သိရှိရပါသည်။ ယခုအခါ မြ၀တီ အတက်အဆင်း ကားများကို လုံခြုံရေး တပ်များက ပိတ်ဆို့ စစ်ဆေးနေ၍ လမ်းကြောင်းများ ကြန့်ကြာနေကြောင်း ခရီးသည်များ ထံမှ သိရှိရပါသည်။

0 comments: