Monday, April 08, 2013

အစိုးရ အဖွဲ့နဲ့ လွှတ်တော် ထိပ်ပိုင်း ခေါင်းဆောင်တို့ရဲ့ နိုင်ငံရေး အခင်းအကျင်း လှုပ်ရှားမှုများ - အပိုင်း (၂)

|0 comments

 အစိုးရ အဖွဲ့နဲ့ လွှတ်တော် ထိပ်ပိုင်း ခေါင်းဆောင်တို့ရဲ့ နိုင်ငံရေး အခင်းအကျင်း လှုပ်ရှားမှုများ - အပိုင်း (၂)
 W.P Moses
8 April, 2013 (Monday)
 အစိုးရ အဖွဲ့နဲ့ လွှတ်တော် ထိပ်ပိုင်း ခေါင်းဆောင်တို့ရဲ့ နိုင်ငံရေး အခင်းအကျင်း လှုပ်ရှားမှုများ - အပိုင်း 
(၁) ကို ဒီမှာ နှိပ်၍ လေ့လာဖတ်ရှုနိုင်ပါသည်။

လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ အစိုးရတို့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ process လုပ်ငန်းစဉ်အား ဆက်လက်သုံးသပ်ရာမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေး ဆွေးနွေးပွဲမှ စစ်ဖက်နီးစပ်သူများရဲ့ ကြားသိရတာများကို တင်ပြလာပါတယ်။

သိန်းစိန်၊ ဌေးဦး၊ မူတူး

ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ အဓိကတောင်းဆိုတဲ့ အချက်ဖြစ်တဲ့ ဖက်ဒရယ် တောင်းဆိုမှုအပေါ် လိုက်လျောပေးရမယ့် အခြေအနေ ကြုံတွေ့နေရ ပါတယ်။ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှ ဖက်ဒရယ်အား လိုက်လျောရ မည် ဆိုပါက တိုင်းရင်းသားအဖွဲ့တွေရဲ့ ကိုယ်ပိုင်စစ်တပ်ကိုတော့ ဆက်လက်ရပ်တည်ခွင့် မပြုနိုင်ဟု ဆွေးနွေးကြဟန် တူပါတယ်။ ဘာလို့လဲဆိုတော့ သူတို့နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကဖြစ်တဲ့ ကြံ့ဖွံ့ပါတီ ထိပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဋ္ဌေးဦးက ဖက်ဒရယ် ပြဿနာမရှိပေမဲ့ ကိုယ်ပိုင်စစ်တပ်ကို ခွင့်မပြုနိုင်ဟု မီဒီယာတစ်ခုနှင့် တွေဆုံခဲ့စဉ်က ပြောကြားသွားပါတယ်။

နော်ဝေးနိုင်ငံကို အလည်အပတ်ရောက်ခဲ့တုံးက သမ္မတဦးသိန်းစိန် မိန့်ခွန်းအရ တိုင်းရင်းသားများရဲ့ ကိုယ်ပိုင်အခွင့်အရေး၊ ခံစားခွင့် စတာတွေကို တောင်းဆိုလိုပါက လွှတ်တော်မှာ ဆက်လက် ဆွေးနွေး ရမယ်လို့ ဆိုပြန်တယ်။ ဒါကြောင့်လွှတ်တော်မှာ မဲအများစုရထားတဲ့ ကြံ့ဖွံ့ ပါတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်များ အကြိတ်အနယ်ဆွေးနွေးရမယ့် အနေအထားမျိုးရှိပါတယ်။ ဒါပေမဲ့ ဦးသိန်းစိန်က ဖင်လန်နိုင်ငံရောက်ပြန်တော့ စကားတမျိုး ပြောလာပြန်တယ်။ လွှတ်တော်အတွင်းမှာတောင် မဟုတ်တော့ဘဲ အစိုးရအဖွဲ့နဲ့ လွှတ်တော်က ကိုယ်စားလှယ်များ၊ လူထုလူတန်းစားနဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်မှ ကိုယ်စားလှယ်များ စုပေါင်းပါဝင်တဲ့ အဖွဲ့နဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေ ထပ်ပြီး ဆွေးနွေးရမယ်လို့ ဆိုပြန်တာကြောင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့ အလှမ်းဝေးဦးမှာ ဖြစ်နေတယ်လို့ စစ်ဖက်နီးစပ်သူများက သုံးသပ်ပါတယ်။

ဒါကြောင့် အစိုးရအဖွဲ့နဲ့ လွှတ်တော်ထိပ်ပိုင်း ခေါင်းဆောင်တို့ရဲ့ ငြိမ်းချမ်းရေး မဟာဗျူဟာမူဝါဒ ချမှတ်နိုင်ရေးအတွက် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေကို ဖက်ဒရယ်နဲ့ ကိုယ်ပိုင်စစ်တပ် အလဲအလှယ် လုပ်သင့်/မလုပ်သင့် ထည့်သွင်းစဉ်းစားသုံးသပ် နိုင်ပါတယ်။ ဖယ်ဒရယ်ပေးမည် ဆိုလျှင်လည်း လက်ရှိရေးဆွဲထားသည့် အခြေခံဥပဒေကို တော်တော်များများ ပြန်လည် ပြင်ဆင် ပေးရမှာ ဖြစ်ပါတယ်။ (ကာ/လုံ) အစည်းအဝေးမှာ ဆက်လက်ဆွေးနွေးနိုင်တာကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ယုံကြည်မှု မရသရွေ့ လက်နက်မစွန့်နိုင်ဘဲ သူတို့အား ပြည်နယ်စောင့် ရဲတပ်ဖွဲ့အဖြစ် အသွင်ကူးပြောင်းရေး ဆွေးနွေးညှိနှိုင်းဖို့ ရှိပါတယ်။ ဒါပေမဲ့ BGF အသွင်ကူးပြောင်းဖို့ကိုတော့ တိုင်းရင်းသား လက်နက်ကိုင်များက လက်မခံနိုင်ကြောင်း သူတို့ သိထားပါတယ်။

ဒါပေမဲ့ ရဲအဖွဲ့မှာဆိုရင် ဖွဲ့စည်းပုံနဲ့ လုပ်ထုံးလုပ်နည်းအရ လက်နက်ကြီးများကို ထားခွင့်ပြုမှာ မဟုတ်ပြန်တာကြောင့် ဆွေးနွေးသဘောတူညီချက် ရရှိဖို့က အဖုအထစ် အခက်အခဲများစွာ ရှိနေပြီး အချိန်ကြာကြာ ဆွေးနွေးကြဦးမှာ ဖြစ်ပါကြောင်း စစ်ဖက်နီးစပ်သူများက သုံးသပ် တင်ပြသွားပါတယ်။

www.photayokeking.org မှ ကူးယူဖော်ပြသည်။

Sunday, April 07, 2013

အစိုးရ အဖွဲ့နဲ့ လွှတ်တော် ထိပ်ပိုင်း ခေါင်းဆောင်တို့ရဲ့ နိုင်ငံရေး အခင်းအကျင်း လှုပ်ရှားမှုများ - အပိုင်း (၁)

|0 comments

 အစိုးရ အဖွဲ့နဲ့ လွှတ်တော် ထိပ်ပိုင်း ခေါင်းဆောင်တို့ရဲ့ နိုင်ငံရေး အခင်းအကျင်း လှုပ်ရှားမှုများ - အပိုင်း (၁)
W.P Moses
7 April, 2013 (sunday)

၂၀၁၃ ခုနှစ် စတင်ဝင်ရောက်လာပြီ ဆိုကတည်းက ပြုပြင်ပြောင်းလဲရေး လုပ်လိုသော အစိုးရအဖွဲ့နှင့် လွှတ်တော်တို့အကြား အထူးသဖြင့် နိုင်ငံတော်သမ္မတနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တို့အကြား အပြိုင်အဆိုင်ဖြင့် နိုင်ငံတကာနှင့် ပြည်သူလူထုရှေ့တွင် အသားယူ၊ အမှတ်ယူတဲ့ အသွင်သဏ္ဌာန် ထပ်မံပေါ်ပေါက်လာကြောင်း စစ်ဖက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ တင်ပြလာပါတယ်။ မနှစ်က အခြေခံဥပဒေ ခုံရုံးဥက္ကဋ္ဌအား ပြည်ထောင်စုအဆင့် သတ်မှတ်ဖို့ သင့်/မသင့်နဲ့ စပ်လျဉ်းပြီး အစိုးရနဲ့ လွှတ်တော်တို့အကြား သဘောထားကွဲလွဲမှု ဖြစ်ပွားခဲ့ပါတယ်။ အလားတူ ဝန်ထမ်းများအား လစာတိုးပေးရန် အဆိုကို ဦးရွှေမန်းက ဖိအားပေး တောင်းဆိုခဲ့ပေမဲ့ အစိုးရအနေနဲ့ ဘတ်ဂျက်လိုငွေပြမှာ စိုးရိမ်ပြီး ငြင်းဆန်ခဲ့ပါတယ်။ နှစ်သိမ့်တဲ့အနေနဲ့ ဝန်ထမ်း တစ်ဦးလျှင် ထောက်ပံ့ကြေး ပုံသေကျပ် (သုံးသောင်း) သာ ခွင့်ပြုခဲ့ပေမဲ့ ဦးရွှေမန်းက ကျေနပ်ဟန် မတူခဲ့လို့ ဒီနှစ်မှာ ထပ်မံပြီး ဝန်ထမ်းလစာတိုးပေးဖို့ ဖိအားပေး တောင်းဆိုခဲ့ပါတယ်။ ယခုတော့ ဝန်ထမ်းတွေအား မဖြစ်မနေ လစာကျပ် (၂၀၀၀၀) တိုးပေးရတော့မယ်လို့ သိရှိရပါတယ်။ တပ်မတော် အငြိမ်းစား အရာရှိကြီးတစ်ဦးကတော့ အခုလို ဆိုလာပါတယ်။

 မြတ်ဟိန်း၊ သိန်းစိန်၊ ရွှေမန်း

“ဦးရွှေမန်းရဲ့မိန့်ခွန်းထဲမှာ နိုင်ငံတကာရဲ့ရင်းနှီးမြုပ်နှံမှုက လတ်တလောမှာ ဖြစ်ကောဖြစ်ပါ့မလား ဆိုပြီး မသေချာတဲ့ သဘောနဲ့ သံသယရှိတဲ့ အသုံးအနှုန်းမျိုး သုံးလိုက်တယ်။ သမ္မတဦးသိန်းစိန်ရဲ့ Image ပုံရိပ်ကောင်း ထွက်ပေါ်လာမှုအပေါ် ဦးရွှေမန်းရဲ့အတွင်းစိတ်က ယှဉ်ပြိုင်လိုတာမျိုး ရှိတာမို့ သူကလည်း ပြည်သူလူထုအတွက် တကယ်ပဲ အကျိုးဆောင် လုပ်ပေးတော့မလို အနစ်နာခံပြမလို အမှတ်ယူ ချင်တယ်လေ။ ဒါပေမဲ့ လွှတ်တော်မှာ ဦးရွှေမန်းမိန့်ခွန်းက အသက်ဝင်မူအားနည်းနေသလို စကားလုံး၊ စကားစုတွေကို စာဖတ်သလို ဖတ်ရူနေတယ်။ ဖတ်ရာမှာလည်း ထစ်ငေါ့နေတယ်၊ ဆွဲဆောင်မှု မရှိဘူးပေါ့ဗျာ။ ဦးသိန်းစိန်တောင် မိန့်ခွန်းပြောရင် ချောနေတာဘဲ၊ ခေါင်းဆောင်တစ်ဦးရဲ့ ထန်၊ မာန်တွေ အပြည့်နဲ့ ထိထိရောက်ရောက် ပြတ်ပြတ်သားသား လှိုက်လှိုက်လှဲလှဲ ပြောရမယ်ဆိုတာ ဦးရွှေမန်း မေ့သွားပြီ ထင်တယ်၊ စက်ရုပ်ကြီးလို ပြောနေတယ်၊ လုံးဝ အားမရဘူး”

မကြာသေးမှီကလေးကမှ အစိုးရအဖွဲ့အတွင်း အပြောင်းအလဲတွေများပြီး မတည်မငြိမ် ဖြစ်နေတာကို တွေ့ရပါတယ်။ နယ်စပ်ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးဟာလည်း ရခိုင်ကိစ္စကြောင့် ဒုတိယ အကြိမ်မြောက် တပ်ထဲကို ပြန်သွားရတဲ့ ဗိုလ်ချုပ်တစ်ဦးအဖြစ် စံချိန်တင်သွားပြီး သူ့အစား ကစထမှူး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း ဝင်လာပါတယ်။ ခန့်လိုက်တဲ့ဆက်သွယ်ရေး စာတိုက်နှင့်ကြေးနန်းဝန်ကြီး ယခင် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်းတစ်ယောက် စိတ်ထဲမှာ ခံစားနေရတယ် လို့ လေတပ်နဲ့ နီးစပ်သူများ အသိုင်းအဝိုင်းများထံမှ ကြားသိရပါတယ်။ တပ်မတော်မှာနေခဲ့တုန်းက သူနဲ့အပြိုင်ဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဦးဥာဏ်ထွန်းကတော့ ဒုသမ္မတဖြစ်သွားပြီး သူကတော့ ဦးဥာဏ်ထွန်းလက်အောက်ခံ ဝန်ကြီးဖြစ်သွား လို့ စစ်ဖက်နီးစပ်သူများက ကိုမြတ်ဟိန်း စိတ်ထဲမှာ အောင့်သက်သက် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ အမှတ်လျော့သွားတာကတော့ KIA ကို စစ်ဆင်ရေးလုပ်တဲ့ အတောအတွင်း MI-24 ရဟတ်ယာဉ် စက်ချို့ယွင်းချက် ဖြစ်သွားလို့ ထိုးဆင်းလိုက်ရသလို KIA စခန်းတွေကို တိုက်ခိုက်ဖို့ လေကြောင်းအကူ သုံးရာမှာလည်း အမောင်းသင်လေယာဉ်ဖြင့် ပစ်ခတ်ရာမှာ ထိရောက်မှု မရှိတာမို့ နဂိုကတည်းက ပွင့်ပွင့်လင်းလင်း မပြောခဲ့လို့ ဖြစ်ပါတယ်။ နောက်ဆုံးတော့ အစိုးရရဲ့ လေကြောင်း ပစ်ကူ သုံးတာကို နိုင်ငံတကာက ထောက်ပြတာပဲ အဖတ်တင်တာ တွေ့ရပါတယ်။

တပ်မတော်မှာ ငယ်ရွယ်နုပျိုသူများကိုသာ ထားရမယ်ဆိုတဲ့ မူအရ အသက်ကန့်သတ်ချက်များကြောင့် တပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (DSA-19) ထက် တစ်နှစ်ကြီးနေတဲ့ (DSA-18) က (လေ) ချုပ် ဗိုလ်ချုပ်ကြီးမြတ်ဟိန်းကို ဖယ်လိုက်တာလည်း ဖြစ်နိုင်ကြောင်း စစ်ဖက်နီးစပ်သူများက တင်ပြသွားပါတယ်။

 www.photayokeking.org မှ ကူးယူဖော်ပြသည်။