Wednesday, January 12, 2011

စစ်အာဏာရှင် စနစ်အောက်က တပ်မတော် - အပိုင်း (၆) (DVB ရဲ့ထုတ်လွှင့်မှု အစီအစဉ်)

စစ်အာဏာရှင် စနစ်အောက်က တပ်မတော် - အပိုင်း (၆) (DVB ရဲ့ထုတ်လွှင့်မှု အစီအစဉ်)

ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင် 

ဖတ်ကြားသူ - ကိုခင်မောင်စိုး 

သောတရှင်များ ခင်ဗျား 

စစ်အာဏာရှင် တွေရဲ့စိတ်ဓါတ်စစ် ဆင်ရေးပညာနဲ့ဝါဒဖြန့် ဆောင်းပါးတွေကို ဓမ္မစာစောင်တွေနဲ့  အားကစားဂျာနယ် တွေပါမကျန်ထည့်သွင်းနေတာဟာ ပြည်သူလူထုကိုရော တပ်မတော်သား တွေကိုပါ မှိုင်းတိုက် ချင်နေတဲ့ သဘောကို ပြနေပါတယ်။ ဒီမိုကရေစီ နိုင်ငံများရဲ့ သတင်းကောင်းတွေ ဆိုရင် စစ်အာဏာရှင်စနစ်နဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့အတွက် ဖေါ်ပြခွင့် ပြုရမှာကိုအလွန်ကြောက် ကြပါတယ်။ အမေရိကန်ပြည်ထောင်စု အကြောင်းဆိုရင် အနိဋ္ဌာန်ရုံ တွေကိုပဲ ရွေးထုတ်ဖော်ပြ ကြပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ တစ်နေ့ပြစ်မှု ဘယ်နှစ်မှု ဖြစ်နေပြီ။ တစ်နှစ်ဘယ်လောက် ရှိတဲ့အကြောင်း ပြောပါလိမ့်မယ်။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုရဲ့ အကျယ်အ၀န်း၊ အမေရိကန် ပြည်ထောင်စုမှာ ပါဝင်နေတဲ့ ပြည်နယ်တွေနဲ့ လူဦးရေတွေကိုတော့ ထည့်ပြောလေ့ မရှိပါဘူး။ အမေရိကန်ပြည်ထောင်စု အပါအ၀င် အနောက်နိုင်ငံများရဲ့ မဖွယ်မရာ မဂ္ဂဇင်း စာစောင်တွေနဲ့ ရုပ်ရှင်တွေကိုတော့ ဒီမိုကရေစီရဲ့ မကောင်းကျိုး အဖြစ်ပြစ်တင် ထောက်ပြ တတ်ပါတယ်။ 


 
ဒီမိုကရေစီ ရရင်အဲဒီလို မဖွယ်မရာ တွေဖြစ်လာလိမ့်မယ်လို့ ခြိမ်းခြောက်ပြောဆို တတ်ကြပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ ထုတ်ဝေခွင့် ပြုထားတဲ့မှုခင်း ဂျာနယ်တွေမှာလည်း ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ လူသတ်မှု၊ မုဒိန်းမှု စတဲ့သတင်းတွေ ပါဝင်နေတာကို ကြည့်ရင် မဖွယ်မရာ ရာဇ၀တ်ပြစ်မှုတွေဟာ နအဖစစ်အစိုးရ လက်ထက်မှာလည်း မနည်းလှဘူးဆိုတာ ထင်ရှားပါတယ်။ ဒီမိုကရေစီရဲ့ အပြစ် မဟုတ်ပါဘူး။

ဒီမိုကရေစီစနစ်ဟာ အာရှ လူနေမှု စရိုက်၊ အာရှဓလေ့ထုံးစံ၊ အာရှယဉ်ကျေးမှုတွေနဲ့ အံဝင်ဂွင်ကျ မရှိဘူး ဆိုပြီးတော့လည်း တစ်မျိုး ပြောတတ်ကြပြန်ပါတယ်။ တကယ်တော့ ဒီမိုကရေစီစနစ်ဟာ အနောက်တိုင်းမှာ ထွန်းကားနေပေမယ့် အနောက်တိုင်းက ထုတ်လုပ်လိုက်တဲ့ စနစ်တစ်ခုတော့ မဟုတ်ပါဘူး။ ရှေးခေတ်က ဆိုရင် အိန္ဒိယ နိုင်ငံမှာလည်း ပေါ်ပေါက်ခဲ့ဘူးတဲ့ စနစ်ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ဟာ ဘယ်နိုင်ငံကဘဲ ထုတ်လုပ်တဲ့ စနစ်ဖြစ်ပါစေ ဒါဟာ လူထု အုပ်ချုပ်ရေး စနစ်တစ်ခုသာ ဖြစ်တဲ့အတွက် ဘယ်လူမျိုး ဘယ်နိုင်ငံမှာ မဆို အကျိုးရှိရှိ ကျင့်သုံးနိုင်တဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ ပတ်သက်တဲ့ ကိစ္စ အ၀၀ကို ပြည်သူလူထုက စီမံလုပ်ဆောင်တဲ့ အုပ်ချုပ်ရေး စနစ် ဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ ကိုယ့်ကြံမ္မာ ကိုယ်ဖန်တီးနိုင်တဲ့ စနစ်လို့ ခေါ်ဆိုနိုင်ပါတယ်။ အာဏာရှင် တွေက ခိုင်းချင်သလို ခိုင်းနေတာကို ကိုယ့်ဆန္ဒ မပါဘဲ လိုက်နာ လုပ်ဆောင်နေရတဲ့ ကျေးကျွန် စနစ်မျိုး မဟုတ်ပါဘူး။ လူ့ဂုဏ်သိက္ခာနဲ့ ညီညွတ်တဲ့စနစ် လူ့ဂုဏ်သိက္ခာနဲ့အညီ နေထိုင်နိုင်တဲ့ စနစ်လို့ ပြောရပါလိမ့်မယ်။ 

ဒါကြောင့် နအဖစစ်အာဏာရှင်များ အော်နေသလို “စည်းကမ်းရှိ၍ စနစ်ကျသော” ဒီမိုကရေစီ လို့ ကန့်သတ်ပြောဆိုနေစရာလည်း မလိုအပ်ပါဘူး။ ဒီမိုကရေစီ စနစ်မှာ စည်းကမ်းရှိတဲ့ ဒီမိုကရေစီနဲ့ စည်းကမ်းမဲ့တဲ့ ဒီမိုကရေစီ ဆိုပြီး နှစ်မျိုးကွဲနေတာမျိုး မရှိပါဘူး။ ဒီမိုကရေစီ စနစ်မှာ ဒီမိုကရေစီ ကျင့်စဉ်တွေ၊ ဒီမိုကရေစီ စည်းကမ်းတွေ ပါဝင်ပြီးသား ဖြစ်ပါတယ်။ လိုက်နာရမယ့် တရားဥပဒေတွေ ကိုင်စွဲရမယ့် ကျင့်ဝတ်တွေ ရှိပြီးသား ဖြစ်ပါတယ်။ ပြည်သူလူထုက ရွေးချယ်ထားတဲ့ အမတ်များနဲ့ ဖွဲ့စည်းထားတဲ့ ဥပဒေပြုရေး လွှတ်တော်၊ နောက် အုပ်ချုပ်ရေးအဖွဲ့၊ နောက် လွတ်လပ်တဲ့ တရားစီရင်ရေးစနစ် စတာတွေ အပြင် လွတ်လပ်ပွင့်လင်းတဲ့ မီဒီယာတွေလည်း ရှိတဲ့အတွက် တစ်ခုနဲ့တစ်ခု ထိန်းညှိထားတဲ့ စနစ်လို့ ပြောနိုင်ပါတယ်။ အာဏာရှင်က ၀င်ပြီး အမိန့်ပေးစရာ မလိုတဲ့ စနစ်မျိုး ဖြစ်ပါတယ်။ 

တကယ်တော့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီစနစ်ကို ထူထောင်ရမယ်လို့ အော်ဟစ်နေကြတဲ့ စစ်အာဏာရှင်ကြီးများ ကိုယ်တိုင် ဘယ်လောက် စည်းကမ်းရှိပါသလဲ။ ဒါ့အပြင် ဒီမိုကရေစီ ဆိုတာကို သရုပ်ခွဲနေတဲ့ အဲဒီ စစ်အာဏာရှင်တွေဟာ ဒီမိုကရေစီ ကျင့်စဉ်ကို ဘယ်နေရာမှာ ကိုယ်တိုင် ကျင့်သုံးခဲ့ဘူးပါသလဲ။ ဒီမိုကရေစီ ၀န်းကျင်မှာ ဘယ်တုန်းက နေထိုင်ခဲ့ဘူးပါသလဲ။ ကိုယ် ကိုယ်တိုင် စည်းကမ်းမလိုက်နာဘဲ၊ ကိုယ် ကိုယ်တိုင် ဒီမိုကရေစီကို မကြုံတွေ့ဘူးပါဘဲ၊ ဒီမိုကရေစီ ကျင့်စဉ်ကို ကိုယ်တိုင် မကျင့်သုံးဘူးပါဘဲ၊ စည်းကမ်းရှိတဲ့ ဒီမိုကရေစီကို ထူထောင်မယ်လို့ လေလုံးထွားနေကြတဲ့ စစ်အာဏာရှင်တွေဟာ တကယ်တော့ တိုင်းသူပြည်သားများနဲ့ တပ်မတော်သားတွေကို လိမ်ညာလှည့်စားနေခြင်းသာ ဖြစ်ပါတယ်။ 

ဒီမိုကရေစီကို တကယ် ထူထောင်ချင်တယ်ဆိုရင် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်၊ လွတ်လပ်စွာ ဝေဖန်ပိုင်ခွင့်၊ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းနိုင်ခွင့် စတဲ့ ဒီမိုကရေစီ ကျင့်စဉ်တွေကို ယခုကတည်းက စတင်လမ်းဖွင့်ပေးဖို့ လိုအပ်ပါတယ်။ တပ်မတော်သားများ အပါအ၀င် ပြည်သူလူထုကို ဒီမိုကရေစီ ကျင့်စဉ်တွေနဲ့ ယဉ်ပါးနေအောင် လုပ်ပေးဖို့ လိုအပ်ပါတယ်။ စာသင်ကျောင်းတွေ တက္ကသိုလ်တွေမှာလည်း ဒီမိုကရေစီ ကျင့်စဉ်များကို စတင်လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။ သေချာတာကတော့ ဒီမိုကရေစီစနစ်ကို ထူထောင်ချင်တယ်ဆိုရင် အာဏာရှင်စနစ်ကို အပြီးအပိုင် ဖျက်သိမ်း ပစ်ရပါမယ်။

ဒီမိုကရေစီစနစ်နဲ့ အာဏာရှင်စနစ်ဆိုတာ ယှဉ်တွဲလို့ ရကောင်းတဲ့ အရာနှစ်ခု မဟုတ်ပါဘူး။ ဒီမိုကရေစီစနစ်ရှိရင် စစ်အာဏာရှင်တွေ မရှိနိုင်ပါဘူး။ စစ်အာဏာရှင် လက်ထက်မှာလည်း ဒီမိုကရေစီ မထွန်းကားနိုင်ပါဘူး။ ဒီအချက်ကို စစ်အာဏာရှင်တွေရဲ့ မှိုင်းသွင်းတာ ခံနေရတဲ့ တပ်မတော်သားများ သဘောပေါက်ဖို့ လိုအပ်ပါတယ်။ ဒါကို သဘောမပေါက်ရင် စစ်အာဏာရှင် စနစ်အောက်မှာ ကျွန်တွေလို ဆက်နေရဖို့ပဲ ရှိပါလိမ့်မယ်။ ဒီမိုကရေစီ လိုလားတဲ့ ပြည်သူလူထုကို ဖိနှိပ်ချေမှုန်းနေရတဲ့ ကြေးစား စစ်သားတွေ အဖြစ်ဘဲ အသက်ရှင် နေရပါလိမ့်မယ်။

ဒါကြောင့် ဒီမိုကရေစီ ရရှိရေးအတွက် ကြိုးပမ်းနေကြတဲ့ ပြည်သူလူထုကို တပ်မတော်က ကာကွယ်စောင့်ရှောက် ရပါလိမ့်မယ်။ နှိမ်နင်းတာမျိုး၊ ဖိနှိပ်တာမျိုး မလုပ်သင့်ပါဘူး။ ဒီမိုကရေစီ အရေး လှုပ်ရှားနေတဲ့ ပြည်သူလူထုကို နှိမ်နင်းတာဟာ မိမိ ကိုယ်ကိုယ် အာဏာရှင်စနစ်ဆိုးအောက်က မလွှတ်အောင် လုပ်နေတာနဲ့ တူပါတယ်။ ကိုယ့် လည်ပင်း ကိုယ် ကြိုးကွင်းစွပ်နေတာနဲ့ တူပါတယ်။ ကိုယ့်သေတွင်း ကိုယ်တူးနေတာနဲ့ တူပါတယ်။ မိမိကိုယ်တိုင်လည်း ပြည်သူလူထုရဲ့ ဒီမိုကရေစီ အရေး ကြိုးပမ်းအားထုတ်မှုကို အားပေးကူညီ သင့်သလို ဒီမိုကရေစီ အရေးကို ပိတ်ပင်ဟန့်ထားနေတဲ့ စစ်အာဏာရှင်တစ်စု ကိုလည်းဖယ်ရှားနိုင်ဖို့ တပ်မတော်သားများအနေနဲ့ စည်းစည်းလုံးလုံး ကြိုးပမ်းသင့်ပါတယ် ခင်ဗျာ။

0 comments: