Wednesday, January 12, 2011

စစ်အာဏာရှင် စနစ်အောက်က တပ်မတော် - အပိုင်း (၉) (DVB ရဲ့ထုတ်လွှင့်မှု အစီအစဉ်)

စစ်အာဏာရှင် စနစ်အောက်က တပ်မတော် - အပိုင်း (၉) (DVB ရဲ့ထုတ်လွှင့်မှု အစီအစဉ်) 

ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင် 

ထုတ်လွှင့်ဖတ်ကြားသူ - မန်းစိုင်းမွန် 

၁၉၈၈ ခုနှစ် မတိုင်မီကာလအထိ တပ်မတော်ဟာ ပြည်သူလူထုရဲ့ မေတ္တာကို အတော်အတန် ခံယူနိုင်ခဲ့ကြ ပါသေးတယ်။ ဒါတောင် နိုင်ငံရေးအရ ပြည်သူလူထုဟာ ခံစားချက်တွေ အများကြီး ရှိနေတဲ့အချိန်ပါ။ ရှေ့တန်းက ပြန်လာရင် ရပ်မိရပ်ဖ၊ မြို့သူမြို့သားများဟာ ကိုယ့်ရဲ့သားသမီး အစ်ကိုမောင်နမတွေ ပြန်လာသလိုဘဲ ဝမ်းပမ်းတသာနဲ့ ပန်းကုံးတွေစွပ် ကြိုဆိုကြတဲ့ မြင်ကွင်းဟာ တမျှော်တခေါ်ပါ။ ဒါကို ၁၉၈၈ ခု နောက်ပိုင်းက အရာရှိ/စစ်သည်များကတော့ သိမှာ မဟုတ်ပါဘူး။ 

သူတို့ကတော့ အဲ့ဒီအချိန်မှာ ကလေးဘဝ သို့မဟုတ် ဒို့အရေးမှာ ပါဝင်ဖူးသူတွေသာ ဖြစ်ပါတယ်။ ခုတော့ စစ်တပ်ထဲမှာ ဦးနှောက် အဆေးခံရပြီး အချို့ဆို ပြည်သူလူထုကို ရန်သူလို့ ပြန်မြင်နေသူတွေတောင် ဖြစ်နေပါပြီ။ ပြည်သူ့မေတ္တာကို ခံယူနိုင်တဲ့ ပြည်သူ့ တပ်မတော်သား ဘဝဆိုတာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အပေါင်းအပါ စစ်အာဏာရှင်တစ်စုရဲ့ စနစ်လက်အောက်မှာ တပ်မတော် ရှိနေသရွေ့တော့ ဘယ်သောအခါမှ ပြန်ရကြမှာ မဟုတ်ပါဘူး။ 


ကမ္ဘာ့အဆိုးဆုံး အာဏာရှင်ကြီးများထဲတွင် တတိယချိတ်သော ဗိုလ်သန်းရွှေ

ဘာ့ကြောင့်လဲဆိုတော့ တပ်မတော်ကို ပြည်သူလူထုနဲ့ ရန်သူအဖြစ် ထိပ်တိုက်ဖြစ်သွားအောင် ဖန်တီးတဲ့ တရားခံဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဘဲ ဖြစ်နေလို့ပါ။ တပ်မတော်နဲ့ ဝန်ထမ်းတွေဟာ အစိုးရတစ်ရပ်နဲ့ ပြည်သူလူထု ထိပ်တိုက်ဖြစ်လာရင် ဘယ်သူ့အပေါ် သစ္စာရှိရမလဲဆိုပြီး မေးခွန်းထုတ်ကာ ပြည်သူလူထုအပေါ် သစ္စာရှိဖို့လိုကြောင်း သင်တန်းတစ်ခုမှာ ပို့ခဲ့ချတဲ့ နည်းပြအရာရှိတစ်ဦးဟာ ယနေ့ ပြည်ထဲရေး ဝန်ကြီးဌာန ရဲတပ်ဖွဲ့မှာ အရာရှိကြီးတစ်ဦး ဖြစ်လာပြီးနောက် ပြည်သူလူထုကို နှိပ်ကွပ်နေတဲ့သူ ဖြစ်နေပါပြီ။ စစ်အာဏာရှင်တွေ ချမှတ်တဲ့ ပေါ်လစီတိုင်းမှာ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားနဲ့ အာဏာကို ချုပ်ကိုင်ရေးဟာ အဓိက ဖြစ်ပါတယ်။ စစ်တပ်ကို လုံးဝ ချုပ်ကိုင်ထားတာဟာ စစ်တပ်ကို ချစ်လွန်းလို့ တိုင်းပြည်ကို ချစ်လွန်းလို့ မဟုတ်တာသေချာ လွန်းလှပါတယ်။ 

တကယ်တော့ စစ်အာဏာရှင်တွေ အနေနဲ့ ပြည်သူလူထုအပေါ် စေတနာမရှိသလို တပ်မတော်အပေါ်လည်း စေတနာမမှန်ပါဘူး။ ကြည်း/ရေ/လေ တပ်မတော်သားတွေရဲ့ ဆင်းရဲကြပ်တည်းနေတဲ့ ဘဝအခြေအနေဟာ တပ်ချုပ်ကြီးရဲ့ စေတနာ မမှန်ကန်ပုံကို ပြသနေပါတယ်။ ဒီရာထူးကို အသတ် (၇၀) ကျော် (၈၀) နီးပါးရှိတဲ့ အချိန်ထိ မစွန့်လွှတ်နိုင်ဘဲ အာဏာရှင် လုပ်နေတာကိုကသူ့ရဲ့ မမှန်ကန်တဲ့ စိတ်ထားကြောင့် ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ စစ်အာဏာရှင်တစ်စုဟာ သူတို့အာဏာ တည်မြဲရေးအတွက် နည်းလမ်းပေါင်းစုံ သုံးစွဲကာ ကျားကန်ထားကြပါတယ်။ ပုံမှန်နည်းတွေကတော့ ရန်သူပြနည်းပါ။ ဒီနည်းဟာ အာရုံလွှဲဖို့နဲ့ တပ်ကို စုစည်းဖို့ အသုံးပြုတာပါ။ ပြည်တွင်း သောင်းကျန်းမှု၊ သောင်းကျန်းသူ၊ သူပုန်ဆိုတာတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ညွှန်ပြဖူးပါတယ်။ ဒီလို မရှင်းတာဟာလည်း အာဏာကို ဆုပ်ကိုင်ထားချင်လို့ဘဲ မရှင်းတာ ဖြစ်ပါတယ်။ နောက်တော့ ပြည်ပစစ်ကို မျှော်မှန်းတယ်လို့လည်း ပြောပြန်ပါတယ်။ တကယ်တော့ ပြည်ပက ကျူးကျော်မယ့်ရန် ဘာမှမရှိပါဘူး။ ကျူးကျော်လာရင်လည်း ရင်ဆိုင်နိုင်စွမ်း အမှန်တကယ် မရှိပါဘူး။ စစ်တပ်ကို စွမ်းရည်တိုးတက်အောင် လုပ်နေကြရတာတော့ နိုင်ငံတိုင်းရဲ့ ပုံမှန်သာမန်ရိုးကျ အလုပ်ပါ။

တကယ်တော့ စစ်အာဏာရှင်တွေက သူတို့ရဲ့ အကြံအစည်တွေ၊ သူတို့ရဲ့ အမှားများ၊ အားနည်းချက်များ၊ ကိုယ်ကျိုးစီးပွား ကာကွယ်နေတာများကို မမြင်အောင် ဖုံးကွယ် လိုက်တာပါ။ အောက်ခြေက အရာရှိ/ စစ်သည်များဟာ ဒီပရိယာယ်ကို မမြင်နိုင် ကြပါဘူး။ ဥပမာဆိုရရင် “မျှားပစ်တဲ့ မုဆိုးကို ရန်သူလို့ မမြင်ဘဲ၊ မျှားတံကိုသာ ရန်သူထင်ပြီး လိုက်နေကြ သလိုပါဘဲ။ နောက်ဆုံးမှာတော့ စစ်အာဏာရှင်ကြီးများ ထိုးပြထား တဲ့ရန်သူဟာ ပြည်သူလူထုသာဖြစ်နေ ပါတော့တယ်။ ပြည်သူလူထုလက်ထဲ အာဏာရောက်သွားရင် နိုင်ငံ ပြိုကွဲသွားမယ်၊ စစ်တပ်ကသာ ထိန်းချုပ်ထားမှ ရမယ်၊ ပြည်သူလူထုလက်ထဲ အာဏာရောက်သွားရင် နိုင်ငံပြိုကွဲ သွားမယ်၊ စစ်တပ်ကသာ ထိန်းချုပ်ထားမှ ရမယ်၊ ပြည်သူလူထုလက်ထဲ အာဏာလွှဲတာနဲ့ ပြည်တွင်းစစ်ဖြစ်မယ်၊  တိုင်းရင်းသားလက်နက် ကိုင်တွေတိုက်ကြမယ်၊ ပြည်နယ်တွေခွဲထွက်မယ်ဆိုတဲ့ မှားယွင်းတဲ့အတွေးအခေါ်တွေကို စစ်တပ်ထဲမှာရိုက်သွင်း ထားခဲ့ကြပါတယ်။ ပြည်ထဲရေးက ဝန်ထမ်းတွေပါ မကျန်စေရအောင် ရိုက်သွင်း ထားပါတယ်။ 

အာဏာရှင်စနစ်နဲ့ စစ်အာဏာရှင်တွေ ရှိနေသရွေ့ တပ်မတော်နဲ့ ပြည်သူအကြားမှာ ရန်သူထင်ပြီး ဝေးကွာ နေကြဦးမှာပါ။ ပြည်သူ့မေတ္တာကို ခံယူနိုင်မယ့် ပြည်သူ့တပ်မတော် ပြန်ဖြစ်လာမှာ မဟုတ်ပါဘူး။ တပ်မတော်နဲ့ ပြည်သူ ကြည်ဖြူနိုင်မယ့် အခြေအနေ ရောက်ချင်ရင်တော့ စစ်အာဏာရှင်ကြီး တစ်စုကို ဖယ်ရှားပစ်မှ ဖြစ်ပါလိမ့်မယ်။ မကောင်းတဲ့အနာအိုင်း ပြည်ပုပ်တွေကို ဖေါက်ထုတ်ပစ် ရပါတော့မယ်။ ဖယ်ရှားတိုက်ထုတ်ဖို့ နည်းလမ်းများစွာ ရှိပါတယ်။ အကောင်းဆုံးကတော့မတိုက်ရဘဲ အောင်ပွဲရတာ ဖြစ်ပါတယ်။ ဒီအခြေအနေကို ဖန်တီးနိုင်ခွင့်ဟာစစ်တပ်ရဲ့ လက်ထဲမှာဘဲ ရှိပါတယ်။ 

ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်ကလိုပြည်ပထွက် စစ်ပညာသင်၊ လူသူလက်နက်စုဆောင်းဖို့ မလိုတော့ပါဘူး။ လူအင်အား၊ လက်နက်အင်အား၊ ခဲယမ်းအင်အားအစစတပ်ဆင်ပြီး အသင့်အနေအထားပါ။ ကမ္ဘာနဲ့ မြန်မာ့နိုင်ငံရေး အခြေအနေကလည်း ဒီလို ကယ်တင်ရှင်မျိုးကို လက်ခံမျှော်လင့်နေတဲ့ အချိန်ပါ။ ဒီလို အချိန်အခါမျိုး အမြဲ မရနိုင်ပါဘူး။ ငါ ကယ်ချင်လိုက်တာဆိုပြီး ကယ်ချင်တိုင်း ကယ်လို့ မရပါဘူး။ အခုက ကယ်ချင်ရင် ကယ်နိုင်တဲ့ အခြေအနေ အပြည့်အဝ ရှိနေပါပြီ။ ကယ်တင်ရှင်များအတွက် ပတ်ဝန်းကျင် ရာသီဥတုက သာယာနေပါပြီ။ အခြေအနေဖန်တီးနိုင်ခွင့် လက်ဝယ်ရောက်ရှိနေတဲ့ တပ်မတော်မှစီနီယာ အရာရှိကြီးများနေနဲ့ တိုင်းပြည်ကို တကယ် ကယ်တင်နိုင်မယ့် အခြေအနေကို ရောက်ရှိနေပါပြီ။

ဒီလိုအချိန်အခါမှာ တပ်မတော်အနေနဲ့ ကယ်တင်မှု မပြုခဲ့ရင်နောင် ဘယ်တော့မှာ ပြည်သူလူထုရဲ့ရင်ခွင်ထဲ ပြန်ရောက်ဖို့ မရှိတော့ပါ။ ပြည်သူ့မေတ္တာခံရဖို့ မရှိသလို ပြည်သူလူထုအကြား မျက်နှာငယ်နေ ကြရမှာပါ။ စစ်အောင် ရာသောအကြောင်း အရင်းကြီးများမှာ ပြည်သူလူထုရဲ့ပါဝင် ထောက်ခံအားပေးမှုဆိုတာ ပါဝင်နေကြောင်း တပ်မတော်သားတိုင်းသိနား လည်ကြပါတယ်။ ပြည်သူလူထုကို ရေလို လလို့ ဆက်ဆံရမယ် ဆိုတာဘဲ ရှိပါတယ်။ ကျင့်ဝတ် (၆၀) ထဲက ပြည်သူလူထုအပေါ် ပြုကျင့်ရမယ့် ကျင့်ဝတ်ဟာ လက်တွေ့ကျင့်နိုင်ဖို့ လိုပါတယ်။ အကြီးအကဲအပေါ် တော်တည့်မှန်ကန်စွာ သစ္စာစောင့်သိဖို့ဘဲ ပါ ပါတယ်။ တော်တည့်မှန်ကန်စွာ ဆိုပြီး ထည့်ရေးထားတာဟာ အဓိပ္ပါယ်ရှိပါတယ်။ အမြဲသစ္စာရှိရမယ်လို့ မဆိုလိုပါဘူး။ အကြီးအကဲဟာ ဖေါက်လွဲ ဖေါက်ပြန်လုပ်လာရင် ဒါကိုတော့ သစ္စာစောင့်နေရမယ်လို့ မဆိုလိုထားပါဘူး။ 

တကယ်တော့ စစ်အာဏာရှင်အိုကြီးများ တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ် ဖေါက်လွဲဖေါက်ပြန် ပြုနေခဲ့ကြတဲ့ အခြေအနေမှာ တပ်မတော်ဟာ ပြည်သူလူထုနဲ့ တိုင်းပြည်အပေါ်သာ သစ္စာထားရမယ့် အချိန်ဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ တိုင်းပြည်ကို သစ္စာထားပြီး ကယ်တင်စောင့်ရှောက်ဖို့ဟာ ကြည်း/ရေ/လေ တပ်မတော်သား အပေါင်းရဲ့တာဝန် ဖြစ်နေပါပြီ။ ကြည်း/ရေ/လေ တပ်မတော်သားအားလုံး “ပြည်သူသာအမိ၊ ပြည်သူသာအဖ” ဆောင်ပုဒ်ကိုကိုင်ပြီး ပြည်သူ့မေတ္တာကိုခံယူမယ့် သားကောင်းများဘဝကို ပြန်လည် ခံယူနိုင်ဖို့ အလွန်အရေးကြီး ပါတယ် ခင်ဗျား။

0 comments: