Tuesday, January 11, 2011

“တို့နိုင်ငံတပ်မတော်ကြီး ကောင်းမြတ်စေဖို့” - အပိုင်း (၄)

“တို့နိုင်ငံတပ်မတော်ကြီး ကောင်းမြတ်စေဖို့” - အပိုင်း (၄)

ဆောင်းပါးရှင် - ဗိုလ်သိုးထိန်း 

ထုံးစံအတိုင်း ခွင့်ရလာသော အရာရှိများ၏ ရထားတွဲမှာ ကြက်ကြော်၊ ငှက်ကြော်၊ အရက်ရောင်းသည့် ဈေးသည် များသာ ပလူပျံနေတော့သည်။ ညလုံးပေါက် သောက်ကြ၊ စားကြနှင့် အိပ်သူ မရှိသလောက်ပင်။ အရာရှိ ဘဝ ပထမဆုံးရသည့် ခွင့်ကိုး။ ဒီလိုနဲ့ မနက်မိုးလင်း ပဲခူးရောက်တော့ ထမင်းသည်များ အလျှိုလျှို တက်လာတော့သည်။ ညက ဘာမှ မစားရသေးသူများ ထမင်းကို အလုအယက် ဝယ်စားကြတော့သည်။ 

ကျွန်တော်လည်း ဝယ်စားသည်။ ထမင်းတစ်ထုပ်မှ (၂၀၀) ကျပ်သာ။ ထူးခြားသည်က အရပ်သားများဘက်မှ မည်သူမျှ ဝယ်မစားကြ။ ထမင်းထုပ်သည်များကလည်း ကျွန်တော်တို့ အရာရှိများဘက်တွင်သာ တဝဲလည်လည်။ ဘာကြောင့် အရပ်သားများ ဝယ်မစားကြသနည်း။ ညကလည်း အရက်ရောင်းသူမှလွဲ၍ မည်သူမျှ ရထားတွဲပေါ် တက်မလာ။ မစားဘဲနဲ့တော့ နေကြမည် မဟုတ်။ 

ပေါ်တာများ

ဒါနဲ့ ထမင်းထုပ်သည်ကို ခေါ်၍ ထမင်းထုပ်များကို ရေကြည့်ခိုင်းရာ (၁၅) ထုပ် ကျော်ကျော်လောက်ရှိမည်။ ကျွန်တော်လည်း ရှိသမျှ ထမင်းထုပ်အကုန် ဝယ်လိုက်ကာ အရပ်သားများကို ဝေပေးလိုက်သည်။ ထိုအခါမှပင် ထမင်းထုပ်များကို အားလုံး စားလိုက်ကြတာ တကယ့်ကို အားကျစရာပင်။ အဘွားကြီး တစ်ယောက်ဆို သူရရှိတဲ့ ထမင်းထုပ်ကို ဖွင့်ကာ ခုံအောက်တွင် ဝင်အိပ်နေသော မြေးမလေးအား “မြေးလေး ထထ ဒီမှာ ထမင်း” ဆိုပြီး ကျွေးချင်ဇောနဲ့ နှိုးကျွေးနေတဲ့ အသံဟာ ယနေ့တိုင် ကျွန်တော့် နားထဲမှ မထွက်သေးပါ။ သူတို့အတွက် (၂၀၀) တန် ထမင်းထုပ်က အလွန်ကို တန်ဖိုးကြီးနေသည်လေ။ ကျွန်တော့်မှာ ထိုစဉ်ကတည်းက ပြည်သူလူထုကို ချစ်ခင်သနားမိတဲ့စိတ် တကယ်ကို ရှိခဲ့သည်။

ထိုအရပ်သားများ၏ စိတ်တွင် မည်သို့ ဖြစ်သွားနိုင်သလဲ။ ကျွန်တော်၏ လုပ်ရပ်ကြောင့် “စစ်သားထဲမှာလည်း ကောင်းတဲ့ စစ်သားတွေ ရှိနေပါသေးလား။ မကောင်းတဲ့သူက မကောင်းတာပါပဲလား” ဆိုတဲ့အတွေး သေချာပေါက်ကို တွေးမိသွားစေနိုင်သည်။ ဒါ ကျွန်တော် ရလိုက်သော အမြတ်၊ နောက်ဆုံး ကျွန်တော် ယခု သေရမည်ဆိုပါစို့၊ နောက်ဘဝအတွက် ပြုခဲ့ဖူးသော ကုသိုလ်ကောင်းမှု တစ်ခုခုကို စဉ်းစားပါဆိုလျှင် ကျွန်တော် ကျွေးခဲ့သော ထိုထမင်းထုပ် (၁၅) ထုပ်ကို နောက်ဆုံးတွေးမိမှာ သေချာပါသည်။ ယနေ့အချိန်ထိ ပြန်စဉ်းစားမိတိုင်း ပီတိဖြစ်ရပါသည်။ 

ယခုဆိုလျှင် တပ်မတော်ကြီး ကောင်းစားဖို့၊ ပြည်သူတွေ ချစ်ခင်ရိုသေဖို့ ဘာတွေ လုပ်သင့်သည်ကို တစ်ချက်ချင်း ရှင်းပြစရာ မလိုတော့ဟု ထင်ပါသည်။ အဝေးကြီး တွေးရင်တော့ ခြေတစ်လှမ်းက လေးလံ နေပါမည်။ လွယ်တာလေးတွေကိုဘဲ တွေးပြီး မှန်တာလေးတွေကို ကိုယ်စီဆုပ်ကိုင်ထားရင် တပ်မတော်ကြီး တကယ့်ကို ပြောင်ရောင်လာမှာ အမှန်ဖြစ်ပါသည်။ 

တပ်မတော်ကြီး ပြောင်ရောင်ဖို့ လူအင်အား မရှိမဖြစ် မဟုတ်ပါ။ လူတိုင်းမှာ (စစ်သားတိုင်း) လုပ်နိုင်တဲ့ အရည်အချင်း ရှိပြီးသားပါ။ လုပ်သင့်လုပ်ထိုက်သည်များကို ကိုယ်စီ လုပ်လိုက်ကြဖို့သာ အဓိက ဖြစ်ပါသည်။ 

ဒီလိုပြောလို့ တပ်မတော်ကြီးက ချို့ယွင်းချက်တွေ အတော်များနေပြီ။ ကျုပ်တစ်ယောက်တည်း ထလုပ်လို့ ဘာများ ထူးခြားလာမှာလဲလို့ ပြောလာလျှင် ကျွန်တော်က ဆရာဖေမြင့်ရဲ့ စာအုပ်ထဲက စကားစု တစ်ခုကို ထုတ်ပြပါမည်။ ကျွန်တော် မှတ်မိသလောက် ပြန်ရေးပြပါမည်။ 

“တခါက လူနှစ်ဦး ကမ်းခြေတစ်ခုမှာ လမ်းလျှောက်နေသတဲ့၊ ဦးပြူးနဲ့ ဦးမဲ ဆိုပါစို့။ ကမ်းခြေမှာက ရေလှိုင်းနဲ့အတူ ပါလာတဲ့ ခရုလေးတွေ အများအပြားပါ။ သူတို့က လှိုင်းနဲ့ အတူပါလာပေမယ့် လှိုင်းပြန်ကျသွားတဲ့အခါ သောင်ပေါ်မှာ တင်ကျန်ခဲ့ပြီး နေအပူဒဏ်ကြောင့် အသက်တွေ သေကြရသည်။ ဒါကို လမ်းလျှောက်လာတဲ့ထဲက ဦးပြူးက စကားလေး ပြောလိုက်၊ သောင်ပြင်က ခရုတစ်ကောင်ကို ကောက်လိုက် ပင်လယ်ထဲ ပစ်ချလိုက်နဲ့ လမ်းလျှောက်လာပါသည်။ 

ဒါကို ဦးမဲက “ခင်ဗျား ဘာလို့များ ဒီခရုတွေကို ရေထဲ လှမ်းလှမ်း ပစ်နေရတာလဲ” လို့ မေးလိုက်တော့ ဦးဖြူက “သူတို့လေးတွေ နေပူဒဏ်ခံရပြီး မကြာမီ သေတော့မှာဗျ။ အဲ့ဒါကြောင့် သူတို့ အသက်ကို ကယ်တဲ့အနေနဲ့ ရေထဲ ပြန်ပစ်ချပေးနေတာပါ” လို့ ပြန်ဖြေသတဲ့။ ဒါကို ဦးမဲက “ခင်ဗျား ဗျာ ကမ်းခြေမှာ ခရုတွေ ဒီလောက်များတာ ခင်ဗျား တစ်ကောင်တလေ ပစ်ချတော့ရော ဘာများ အဓိပ္ပါယ်ရှိလာမှာလဲ” လို့ ပြန်မေးသတဲ့။ အဲ့ဒီအခါမှာ ဦးဖြူက သောင်ပြင်ပေါ်က ခရုလေးတွေကို ကောက်ပြီး ဘာပြန်ပြောလိုက်သလဲ ဆိုတော့ “ဟောဒီ အကောင်လေးအတွက်ကတော့ သိပ်ကို အဓိပ္ပါယ် ရှိသွားတာပေါ့ဗျာ” လို့ ပြောပြီး သူ့လက်ထဲက ခရုလေးကို ရေထဲ ပစ်ချလိုက်တော့တယ်” အဲ့ဒါ ဆရာဖေမြင့်ရဲ့ စကားစုလေးပါ။ 

ဒီလိုပါဘဲ ငါတစ်ယောက်တည်း လုပ်လို့ ဘာများထူးလာမှာလဲလို့တော့ မတွေးကြပါနဲ့။ လုပ်မှာသာ လုပ်လိုက်ပါ။ တကယ့်ကို တစ်ခုခုကတော့ ထူးခြားလာမှာ အမှန်ပါ။ ကဲ… သင့်ကို သင် ယုံကြည်လိုက်ပါ။ တပ်မတော်ကြီး ကောင်းဖို့ သင်တစ်ခုခု လုပ်နိုင်တယ်လို့ လုံးဝ မှတ်လိုက်ပါတော့။ 

သိုးထိန်း

0 comments: