Friday, March 23, 2012

K.I.A နှင့် စစ်အစိုးရတို့ တိုက်ပွဲ ပြန်လည် ပြင်းထန်လာ၊ အစိုးရမှ အဆိပ် လက်နက်အသုံး ပြန်ပြုနေဟု K.I.A ပြော


W.P Moses

23 March, 2012 (Friday)

ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A နှင့် မြန်မာ တပ်တို့ အကြား ကချင်နယ်မြေတွေနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းများတွင် နေ့စဉ် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း စုံစမ်း သိရှိရပါတယ်။ K.I.A တပ်မဟာ (၅) နယ်မြေ၊ ခေါက်ဂျန်ကျေးရွာ (ရှမ်းရွာ)၊ ဘန်ဒေါင်ကျေးရွာနှင့် ဧဒင်ကျေးရွာ ဘက်သို့ ဦးတည်ချီတက်လာတဲ့ စစ်အစိုးရ စစ်တပ် ခလရ ၃၇၊ ၄၀၊ ခမရ ၃၈၈  တပ်ဖွဲ့များနှင့် K.I.A တပ်ဖွဲ့များဟာ ၂၀၁၂ ခုနှစ် မတ်လ ၂၂ ရက် နေ့ မနက်ပိုင်း ၇း၃၀ နာရီ ဝန်းကျင်မှ မနက် ၉း၃၀ နာရီ ကျော် အထိ ယင်းကျေးရွာ တဝိုက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်း သိရှိ ရပါတယ်။

 ရှေ့တန်းနယ်မြေမှ K.I.A စစ်သည်တော်များ

အခုသီတင်းပတ် အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတခုမှာ အစိုးရစစ်တပ်ဘက်က အဆိပ်ဓါတ်ငွေ့တွေပါ ပြန်လည်သုံးစွဲလာတယ်လို့ K.I.A ပြောရေးဆိုခွင့်ရှိ ဦးလနန်က ပြောပါတယ်။
ဒီလ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကန်ဒေါင်ယာန်ကျေးရွာအနီးမှ တိုက်ပွဲမှာ စစ်အစိုးရ စစ်တပ်ဘက်က အဆိပ်သင့် ကျည်ငွေ့တွေကို အသုံးပြုခဲ့တာလို့ သူ (ဦးလနန်) က ပြောပါတယ်။ မြစ်ကြီးနား မန်မော်ကားလမ်းမကြီးပေါ်မှာ ရှိတဲ့ K.I.A တပ်မဟာ (၅) လက်အောက်ခံ ခြေကုပ် စခန်းတွေကို အစိုးရ စစ်တပ် ခလရ ၄၆၀၊ ခမရ ၃၉၀ စတဲ့ စစ်အစိုးရ စစ်တပ်တို့က လွန်ခဲ့တဲ့ ၃ - ၄ ရက်က စပြီး သိမ်းပိုက်ဖို့ ကြိုးစားလာတဲ့ အတွက် နှစ်ဖက် တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ သူက ဆိုပါတယ်။

K.I.O/A နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် တို့ ပြုလုပ် ကျင်းပပြီးခဲ့တဲ့ နှစ်ဖက်ဆွေးနွေးပွဲတွေဟာ သေချာရေရာတဲ့ အဖြေ တစ်ခုမှ မရရှိခဲ့ပါ။
၂၁-၂၂ ရက် မှာလည်း ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော် (မန်မော်) ကားလမ်းမကြီး ပေါ်ရှိ အင်ပေါင် ကျေးရွာနှင့် ဂန်ဒေါင်ယာန် အကြားရောက်ရှိနေတဲ့ မြန်မာစစ်တပ် ခလရ ၂၆၀၊ ခမရ ၃၈၉၊ ၃၉၀ တပ်ဖွဲ့တို့နှင့် K.I.A အထူးတပ် ၂၅၅ တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ ယနေ့ဆိုရင် ယင်းနှစ်ဖက် တိုက်ပွဲဟာ ၅ ရက် ရှိပြီ ဖြစ်ကြောင်း စုံစမ်း သိရှိရပါတယ်။

 

ကချင် စစ်ပြေး ဒုက္ခသည်စခန်း တစ်ခုမှ ကလေးသူငယ်များ

ယခုလို နှစ်ဖက်အကြား တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာမှုကြောင့် ပြည်သူလူထုများဟာ စိုးရိမ်ပူပန်မှုများ ပိုမူများပြားလာကြောင်း သိရပါတယ်။ မိုးရသီရောက် ရှိလာပြီဖြစ်တဲ့ အားလျော်စွာ စားဝတ်နေရေးနှင့် ကျန်းမားရေးများဟာ ကချင် စစ်ပြေး ဒုက္ခသည်တွေအတွက် စိုးရိမ်စရာ ဖြစ်နေ ပါတယ်။ ကချင် စစ်ပြေးဒုက္ခသည်များဟာ စခန်းအတွင်း ခိုလှုံနေရတဲ့သူတွေ ရှိသလို တချို့ဆိုရင် ဆင်းရဲ ခက်ခဲစွာ တောတောင် အတွင်းမှာဘဲ ပုန်းခိုနေရသေးကြောင်း စုံစမ်း သိရှိရပါတယ်။ ပြည်တွင်း စစ်ကြောင့် ကချင်စစ်ပြေးဒုက္ခသည်ရှိ ကလေးသူငယ်များနှင့် တိုက်ပွဲဖြစ်တဲ့ ဧရိယာမှ ကလေး သူငယ်များရဲ့ ပညာရေးနှင့် အနာဂတ်ဟာ တွေးလိုက်ရင် ရင်လေးစရာနှင့် သနားစရာ ဖြစ်နေ ပါတော့တယ်။


2 comments:

  • maungmin says:
    April 29, 2012 at 10:47 AM

    တော်ပါတော့ ဦးလနန်ရယ်.. လိမ်နေတာတွေရပ်ပါတော့.. တော်ပါတော့..
    သွားပုပ်လေလွင့် မဟုတ်သရမ်းတွေနဲ့ ၀ါဒဖြန့်နေတာတွေတော်ပါတော့လို့ပဲပြောချင်ပါတော့တယ်ဗျာ...

  • thuyainaung says:
    February 6, 2015 at 7:04 PM

    လီဘဲကွာ သတင်းဟောင်းတွေ
    ဖျက်ပစ်တော့