Thursday, January 13, 2011

အိမ်တွင်း လူသတ်မှုနဲ့ အလောင်းဖျောက်ဖျက်မှုကြီး-အပိုင်း(၂)


စာဖတ်ပရိသတ်များခင်ဗျား -

“လူခင်ရင် မူ ပြင်”၊ “လူမုန်းရင် မူ သုံး” ၊ “ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့” ဆိုတဲ့ ယနေ့ စစ်အာဏာရှင်တွေရဲ့ အတွင်း သရုပ်အမှန်ကို ကိုအောင်မင်းရဲ့ဆောင်းပါးမှာ ယခုလို ဆက်လက် တင်ပြထား ပါတယ်။ နောက်ရက် တွေမှာလည်း ကျွန်တော် ကိုဖိုးတရုတ်က ဖြစ်ရပ်မှန် ကိုယ်တွေ့ ဇာတ်လမ်းတွေနဲ့ စက်တင်ဘာရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည် အထူး အစီအစဉ်များကို စာဖတ် ပရိသတ်များအား ထူးထူးခြားခြား တင်ဆက်ပေး သွားပါမယ်။

ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်နဲ့ ညီအကိုချင်းတော်စပ်သူ ဗိုလ်မှူးကြီးတစ်ဦး၏ အိမ်တွင်းလူသတ်မှုနဲ့ အလောင်းဖျောက်ဖျက်မှုကြီး - အပိုင်း(၂) 

ဆောင်းပါးရှင် - အောင်မင်း 

စာဖတ်ပရိသတ်များခင်ဗျား - အလောင်းဖျောက်ဖျက် မှုအတွက် ကြားထဲက အချောင် အချုပ်ခံနေရတဲ့ ဦးပြုံးချိုဟာ အချုပ်ခန်းထဲမှာ တရားထိုင် ပုတီးစိပ်နေပြီး အာမခံနဲ့ လွတ်လာတဲ့ အခါမှာလည်း ဘုန်းကြီး ၀တ်လိုက်ပါ တော့တယ်။ အမှတ်(၁) စက်မှုဝန်ကြီး ဦးအောင်သောင်းဟာ အဲဒီလူသတ်မှု ကိစ္စကို ၀န်ထမ်းတွေ အုတ်အော်သောင်းနင်း ပြောဆိုနေ ကြတဲ့အချိန်မှာ ဗိုလ်မှူးကြီး စိုးရီကို ဥပဒေအရ ထိုက်သင့်သလို အရေးယူ အပြစ်ပေးရမဲ့အစား မသိကျိုးကျွံ ပြုနေတဲ့အတွက် စဉ်းစားစရာ ဖြစ်နေပါတယ်။ ၀န်ထမ်းတွေ ဟာလည်း အဲဒီကိစ္စအတွက် မကြေမနပ် ဖြစ်နေ ကြပါတယ်။ အနည်းဆုံးတော့ ဗိုလ်မှူးကြီး စိုးရီကို စက်မှု(၁) မှာ အကောင်းဆုံး ဌာနဖြစ်တဲ့ မြန်မာ့ ကြွေထည်မြေထည် လုပ်ငန်းကနေ အခြား တစ်နေရာကို ပြောင်းပေး လိမ့်မယ်လို့ ထင်နေကြပါတယ်။ ဒါပေမဲ့ ၀န်ကြီး ဦးအောင်သောင်းနဲ့ ဗိုလ်မှူးကြီး စိုးရီရဲ့  အကိုအရင်း ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်ဟာ တစ်ပတ်စဉ်ထဲ ဆင်းတဲ့ သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။ ဒါ့အပြင် ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဖြစ်ခဲ့စဉ်က မန္တလေးတိုင်း ဧရိယာမှာ ဦးအောင်သောင်းနဲ့ စီးပွား ဘက်အဖြစ် ဆက်ဆံခဲ့ ကြောင်းလည်း သိရပါတယ်။ အလားတူ ဆောက်လုပ်ရေး ကုမ္ပဏီရှိတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်ရဲ့သားကို ဦးအောင်သောင်းဟာ အမှတ်(၁) စက်မှုဝန်ကြီးဌာနပိုင် စက်ရုံ တည်ဆောက် ရေးတွေမှာ ကန်ထရိုက် ပေးထားတာလည်း ရှိပါတယ်။ ဒါကြောင့် တိုင်းပြည် ဘဏ္ဍာငွေကို အချင်းချင်း မျှဝေအလွဲသုံးစား လုပ်ကြသူများ ပီပီ လူသတ်မှုနဲ့ အလောင်း ဖျောက်ဖျက်မှုအား မသိကျိုးကျွံ ပြုခဲ့ခြင်း ဖြစ်ပါတယ်။ လူ့အသက်ကို တိရိစ္ဆာန် တစ်ကောင်လောက်တောင် တန်ဖိုးမထားဘဲ “မြေနိမ့်ရာ လှံစိုက်” တဲ့ စစ်အာဏာ ရှင်တွေရဲ့ အတွင်းသရုပ် ဖြစ်ပါတယ်။ 

 အငြိမ်းစားပေး မခံရခင်က ဆရာကြီးလုပ်နေတဲ့ ရဲမြင့်ကြီး


ဝန်ကြီး ဦးအောင်သောင်းဟာ ဂုဏ်သိက္ခာမရှိတဲ့သူ၊ အထက် အာဏာပိုင်တွေကို ကြံဖန် အမှတ်ယူ တတ်သူ ပီပီ လူသတ်မှု ကိစ္စကို မကိုင်တွယ်ခြင်း ဖြစ်ပါတယ်။ စက်မှု(၁) လေးလပတ် အစည်းအဝေးတွေမှာ စက်ရုံတွေရဲ့ ကုန်ထုတ်လုပ်မှု၊ ကုန်ကြမ်းနဲ့ စွမ်းအင်လိုအပ်ချက်တွေကို အလေးအနက်ထားပြီး ဖြည့်ဆည်း ဆွေးနွေး ရမဲ့အစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အကြိုက်လိုက်ကာ ဒေါ်အောင်ဆန်းစုကြည် အား ပုဂ္ဂိုလ်ရေး တိုက်ခိုက်၍ နိုင်ငံရေး စကားများကိုသာ ပြောဆိုနေ ပါတယ်။ သူတို့ သတ်မှတ်ထားတဲ့ အတိုင်း ပါတီနိုင်ငံရေး ကင်းရှင်းစွာ နေထိုင် ရမယ်ဆိုတဲ့ မူကို မျက်ကွယ်ပြုပြီး ၀န်ထမ်းတွေကို သွေးထိုး စည်းရုံးနေသူ ဖြစ်ပါတယ်။ 

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့  “င လေးလုံး ရှောင်” ဆောင်ပုဒ်မှာ ပါတဲ့ “ငါ့ အတွက်၊ ငါ့ သားသမီး အတွက်၊ ငါ့ မိန်းမအတွက်၊ ငါ့ အမျိုးအတွက်” မပြုလုပ်ရဆိုတဲ့ စာတမ်းကို ၀န်ကြီးဌာနတွေမှာ ကပ်ထားပေမဲ့ ၀န်ကြီး ဦးအောင်သောင်း ကတော့ “င လေးလုံး” ကို ဆောင်နေပါတယ်။ “ငါ့ အမျိုးအတွက် ငါ ၀န်ကြီး မပြုတ်ခင် လုပ်ရဦးမယ်” ဆိုတဲ့ သဘော ၀န်ထမ်းတွေကို ပေါ်တင် ပြောဆိုတာ ဟာလည်း ယိုသူမရှက် မြင်သူရှက် ဖြစ်နေ ပါတယ်။ အလားတူ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်ဟာလည်း ငါ့ အမျိုးအတွက် မလုပ်ရဆိုတဲ့ စည်းကမ်း ချက်ကို ချိုးဖောက်ရာ ရောက်နေပြီး ဒီလူသတ်မှု ကိစ္စကို သူ့အမျိုးအတွက် ကာကွယ်ပေးခဲ့ပါတယ်။ အစွမ်းကုန် ထင်သလို လုပ်နေကြတဲ့ အာဏာရူးကြီးတွေရဲ့ လက်အောက်မှာ ပြည်သူလူထုရဲ့ ဘ၀ဟာ “နင်းပြား” ဖြစ်နေရ ပါတယ်။

ဒီလူသတ်မှုနဲ့ အလောင်းဖျောက်ဖျက်မှုကို စုံစမ်း ဖော်ထုတ်ခြင်း အရေးယူခြင်း တစုံတရာ မရှိတော့လို့ ဗိုလ်ချုပ်ကြီး သူရရွှေမန်း သတင်းစာ ရှင်းလင်းပွဲတခုမှာ ပြောကြားခဲ့တဲ့ “တရားဥပဒေ အထက်မှာ ဘယ်သူမှ မရှိရဘူး” ဆိုတဲ့ စကားဟာ ပြည်သူတွေကြားမှာ ရယ်စရာ ဟာသတခု ဖြစ်နေရ ပါတယ်။ အခု ဒီဖြစ်စဉ်ကို ကြည့်ရင် တရားဥပဒေ အထက်မှာ ဗိုလ်မှူးကြီး စိုးရီ ရှိနေတယ်ဆိုတဲ့ အကြောင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်းကို လက်တို့ပြီး ပြောပြလိုက်ချင် ပါတယ်။ ဗိုလ်မှူးကြီး စိုးရီနဲ့ မိသားစုကို တစ်စုံတရာ အပြစ်ပေးခြင်း၊ အရေးယူခြင်း၊ ဆူပူကြိမ်းမောင်းခြင်း၊ ရာထူးနေရာ ပြောင်းရွေ့ခြင်းတောင် မရှိဘဲ သေသူက သေသွားပေမဲ့ သူတို့ မိသားစုကတော့ ပျော်ပျော်ရွှင်ရွှင်ဘဲ ရှိနေကြ ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်ရဲ့ ဇနီး ဒေါက်တာ ဒေါ်တင်လင်းမြင့်ဟာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် နာယက ဖြစ်ပါတယ်။ မြန်မာနိုင်ငံအမျိုးသမီး အဖွဲ့ချုပ်က ပြဌာန်းထားတဲ့ အမျိုးသမီးများရဲ့ရပိုင်ခွင့်၊ နစ်နာနေသော အကြမ်းဖက်မှုမှ ကာကွယ် စောင့်ရှောက်ရေးဆိုတာ ဘာလဲလို့ ဒေါ်တင်လင်းမြင့်ကို မေးကြည့် ချင်ပါတယ်။ အိမ်ဖော် မိန်းကလေးကို မိမိဆွေမျိုးက ရက်စက်စွာ သတ်ဖြတ် ခဲ့မှုအပေါ် မသိကျိုးကျွံ ပြုပြီး ဖိအားပေး နှုတ်ပိတ်ခဲ့ကြလို့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ဟာ ယနေ့ မြန်မာ့ အမျိုးသမီးထု တစ်ရပ်လုံးရဲ့  အားကိုး အားထားရာ အဖွဲ့အစည်း မဟုတ်ကြောင်း မီးမောင်းထိုးပြလို ပါတယ်။ ယခုလို အနှိမ်ခံ အိမ်ဖော်မိန်းကလေးရဲ့ ရင်နင့်ဖွယ်ရာ ဖြစ်ရပ်ကို ဖော်ထုတ်ရပ်တည်မှု ပျက်ကွက်တဲ့အတွက် နအဖ စစ်တပ် အရာရှိကြီးတွေရဲ့ အသိုင်းအ၀ိုင်းဟာ တရားဥပဒေနဲ့ အညီ ကျင့်ကြံ အုပ်ချုပ်နေတာ မဟုတ်ကြောင်းနဲ့ လူ့အခွင့် အရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြောင်း သက်သေ သာဓကနဲ့ တင်ပြလိုက် ရပါတယ်။ ပိုပြီးရင်နာစရာ ကောင်းတာက အဲဒီအိမ်ဖော် ကလေးမဟာ (၁၀) တန်းအောင်ပြီး ကျောင်းဆက် မတက်နိုင်တာကြောင့် အလုပ်နေရာကောင်း တခုခု ရလိုရငြား အသိမိတ်ဆွေ တစ်ဦးရဲ့ဆက်သွယ် ပေးမှုကြောင့် ဗိုလ်မှူးကြီး စိုးရီအိမ်ကို ရောက်ရှိသွားခြင်း ဖြစ်ကြောင်းပါ ခင်ဗျား။ ယခုဆိုရင် လူငယ်တွေ အတွက် အကြီးမားဆုံး အန္တရာယ်ဖြစ်တဲ့ မူးယစ်ဆေးဝါး ဖြန့်ချီ ရောင်းဝယ်ရေး ပြုလုပ်နေတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်ရဲ့သား အောင်ဇော်ရဲမြင့် ကိုတောင် ထိထိရောက်ရောက် အပြစ်မပေးဘဲ ပြောင်ပြောင်တင်းတင်း ကာကွယ်ပေးနေလို့ မင်းကျင့်တရား ဆယ်ပါးနဲ့ ညီညွှတ်အောင် မအုပ်ချုပ်တဲ့ ထိပ်ပိုင်း လက်တဆုပ်စာ ၀ိသမ လောဘသမား စစ်အာဏာရှင် အုပ်စုကို ပြည်သူလူထု တရပ်လုံး စည်းလုံးညီညွတ်စွာ ဖယ်ရှားပြီး အမိမြန်မာနိုင်ငံတော်အား ကယ်တင်ကြပါလို့ တိုက်တွန်းနှိုးဆော် လိုက်ရပါတယ်။

0 comments: