Monday, November 21, 2011

ဒို့နိုင်ငံတော် သီချင်းသံ ဒို့ပြည်သူထံ လွှမ်းစေရန် - အပိုင်း (၁)

 Monday, November 21, 2011

ဆောင်းပါးရှင် - နတ်မောက်ခင်

တရားမျှတ .. လွတ်လပ်ခြင်းနှင့်မသွေ .. ဒို့ပြေ (ပြည်) ဒို့မြေ.. ပြည်ထောင်စုအမွေ..အမြဲတည်တံ့စေ.. အဓိဌာန်ပြုမလေ.. ထိန်းသိမ်းစို့မသွေ…
(ကမ္ဘာမကြေ.. မြန်မာတွေ… ဒို့ဘိုးဘွား အမွေအနှစ်မို့… ချစ်မြတ်နိုးပေ…) ၂
(ပြည်ထောင်စုကို အသက်ပေးလို့.. ဒို့…ကာကွယ်မလေ.. ဒါဒို့ပြေ (ပြည်) ဒါဒို့မြေ … ဒို့ပိုင်တဲ့ ပြေ..) ၂
ဒို့ပြေ..ဒို့မြေ.. အကျိုးမို့..ညီညာစွာ.. ဒို့တတွေ… ထမ်းဆောင်ပါစို့မသွေ.. ဒို့တာဝန်ပေ.. အဖိုးတန်မြေ…
သို့

ပြည်ထောင်စုဖွား တိုင်းရင်းသား လူမျိုးစုအပေါင်းတို့-

နိုင်ငံနှင့်လူမျိုး ပိုင်ဆိုင်တဲ့ အမိမြန်မာပြည်ကြီးကိုသာမက နိုင်ငံနှင့်လူမျိုးရဲ့ အသက် သွေးကြောဖြစ်သည့် မြန်မာ့ဧရာဝတီမြစ်ကြီးကိုပါ အပိုင်စီးသိမ်းပိုက်နိုင်ရန် အိမ်နီးချင်း တရုတ်နိုင်ငံကြီးက ခေတ်သစ် နယ်ချဲ့ စနစ်သစ်ဖြစ်သော နှစ်နိုင်ငံ အကျိုးတူစီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး မဟာဗျူဟာဖြင့် သပ်လျှိုကာ ကြိုးပမ်းလာနေပါပြီ။ နှစ်ရှည် စီမံကိန်းကြီးများဆိုင်ရာ အန္တရာယ်မျိုးစုံတို့၏ ဆိုးကျိုးအမွေကို နောင်မျိုးဆက်သစ် ခေတ်အဆက်ဆက်ထိ တိုင်အောင် ခံစားသွားကြရတော့မည့် အမျိုးသားရေး အန္တရာယ်ကို တမျိုးသားလုံး စုပေါင်းကာကွယ်သွားရန် အချိန်ဆိုက်ရောက်လာပေပြီ။

ကချင်ပြည်နယ် မြစ်ဆုံရေကာတာ တည်ဆောက်နေစဉ် (ပုံ -www.wunpawngnewsgroup.blogspot.com)

ပြည်ထောင်စုဖွား တိုင်းရင်းသား လူမျိုးစုအပေါင်းတို့-

အိမ်နီးချင်း တရုတ်နိုင်ငံကြီးက ကချင်ပြည်နယ်ရှိ အမိမြန်မာပြည်ရဲ့ ဦးခေါင်းပိုင်းသဖွယ် ပြည်ထောင်စုကြီး၏ ဦးဏှောက်အား ဖေါက်စားခံရသည့်အလား ထုထည် ကြီးမားလှသည့် မြစ်ဆုံဆည်ကြီးနှင့် ဆည်ဝန်းကျင်တွင် ရေကာတာများစွာ ဝိုင်းရံ တည်ဆောက်နေသည်မှာ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ ဦးခေါင်းနှင့်မမျှ၊ မတန်တဆ တည်ဆောက်နေသလို ဖြစ်နေပါပြီ။

ပြည်ထောင်စုဖွား တိုင်းရင်းသား လူမျိုးစုအပေါင်းတို့-

အမိမြန်မာပြည်ကြီးရဲ့ လည်မျိုကို မြစ်ဆုံဆည်ကြီးက လိမ်ချိုးထားပါ၏။ ဆည်ကြီးနှင့်အတူ ဝန်းကျင်ရေကာတာမျးစွာက ပြည်ထောင်စု၏ ဦးဏှောက်ကို ဖေါက်စားထားနေပါသည်။
ဤမျှသာမက နိုင်ငံနှင့် လူမျိုး၏ အသက်သွေးကြောဖြစ်သည့် ဧရာဝတီမြစ်ကြီး၏ မြစ်ဖျားခံရာ မေခနှင့် မလိခတို့၏ ချစ်ခြင်းကို ဖြိုခွင်းကာ မြစ်ညွှန့်နှစ်သွယ်အား မြစ်ဆုံဆည်ကြီးကပင် ချိုးသတ်ထားပြန်၏။

အမိရင်ခွင်၌ နှစ်ရာထောင်ချီ၍ ငြိမ်းချမ်းစွာ စီးဆင်းလျက် နိုင်ငံနှင့်လူမျိုးကို အသက်ဆက်  ပေးနေရှာသော ကမ္ဘာ့မြစ်များ စာရင်းဝင် မြစ်မင်းဧရာဝတီကြီး အသက်ငင်၍ နေတာကြောင့် ကယ်တင်ရှင်ကို မျှော်လင့်နေရှာပါသည်။ ကယ်ပါ၊ ကူပါ တစာစာဖြင့် ရေစီးသံတို့ လှိုက်ဖိုကာ မချိတင်ကဲ အော်ညည်းနေရှာသည့် ဧရာဝတီမြစ်ကြီး၏ အသက်ကို ကယ်တင်နိုင်ရေးအတွက် တမျိုးသားလုံး အမျိုးသားရေးတာဝန်အဖြစ် ထမ်းရွက်ကြရမည် ဖြစ်ပါသည်။

မြစ်မင်းဧရာ အသက်ပျောက်ပါက ဧရာဝတီမြစ်ကြီး ပင်တိုင် မြစ်ဝကျွန်းပေါ်မှသည် ပင်လယ်ဝအရောက် မြစ်ရိုးတလျှောက် ဧရာဝတီမြစ်ကြီး အသက်ပျောက် ရရှာပေတော့မည်။ ဧရာဝတီမြစ်ကြီး အသက်ပျောက်ပါက မြန်မာ့စပါးကျီသိုက်ကြီး မြစ်ဝကျွန်းပေါ်လည်း ဆိတ်သုဉ်း ကွယ်ပျောက်ပေတော့မည်။ သို့ကြောင့်ပင် နိုင်ငံနှင့်လူမျိုးအတွက် အစားထိုး၍ မရနိုင်သည့် အလုံးစုံသော အနန္တ ဆုံးရှုံးမှုတို့ကား ကြီးမားလွန်းလှပါမည်။ သားစဉ်မြေးဆက် ဝမ်းရေးခက်ကာ ကပ်ကြီးသုံးပါးဘေး ကြုံတွေ့ရမည့် အခြေအနေကို ရင်ဆိုင် ကြရပေလိမ့်မည်။

ရိုးတယ်ပြောမလား၊ ဆန်းတယ်ပြောမလား ၂၀၁၁ ခုနှစ် ၁ လပိုင်းမှာ မြစ်ဆုံစီမံကိန်း လာရောက်ကြည့်ရှု ညအိပ်ရပ်နားပြီး နောက်တနေ့မှာ လုံခြည်အရောင်မဲ့နဲ့ မြင်တွေ့ရတဲ့ ဦးသိန်းစိန် (ပုံ -www.wunpawngnewsgroup.blogspot.com)
ပြည်ထောင်စုဖွား တိုင်းရင်းသား လူမျိုးစု အပေါင်းတို့ -

မြန်မာ့ဦးခေါင်းထိပ် မြန်မာ့ရေမြေအသက်ဖျား၌ ထုထည်ကြီးမား များပြားလှသည့် မြစ်ဆုံဆည် ရေကာတာများဖြင့် မြန်မာ့ရေကြောမြေကြောအား “သင်းသတ်ဖို့” တရုတ်ပြည်ကြီးက ကြိုးစား အားထုတ်နေခြင်းသာ ဖြစ်ပါ၏။

မြစ်မင်းဧရာ၏ အလှကျက်သရေနှင့် သဏ္ဍာန်သရုပ် ပျက်စီးသွားပါက မြန်မာ့ယဉ်ကျေးမှု အလှများလည်း မှေးမှိန် ပျောက်ကွယ်သွားမည်သာမက နိုင်ငံနှင့်လူမျိုးပါ ကပ်ကြီးသုံးပါး ချောက်ကမ်းပါးအတွင်း ကျရောက်သွားနိုင်ပါ၏။
အပိုင်း (၂) ကို ဆက်လက်ဖေါ်ပြသွားပါမည်....

http://photayokeking.org/truewords/open-letters/813-tichinn-tann-duu-pyi-tu-htan-lwan-zee- မှ ကူးယူဖော်ပြပါသည်...

0 comments: