Wednesday, November 23, 2011

(သန်း) ရွှေဂက်စ် (ဓါတ်ငွေ့) စီမံကိန်း - တိုင်းပြည်ပျောက်သွားစရာ အကြောင်း -အပိုင်း (၁)

Wednesday, November 23, 2011

ဆောင်းပါးရှင် - ဒေါက်တာ ဦးဝင်း

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်တို့ အကြားအငြင်းပွားနေသော ပင်လယ်ပြင် နယ်စပ် လမ်းကြောင်း ပြဿနာကိုလာမည့် လပိုင်း အတွင်း ကမ္ဘာ့ ကုလသမဂ္ဂမှ ဆုံးဖြတ်ပေးဖွယ်ရာ ရှိသည်။ ဤကိစ္စ၏ ဇစ်မြစ်မှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ အနီးရှိ၊ ကမ်းလွန်ပင်လယ်ရေပြင်ရှိ၊ သဘာဝဓါတ်ငွေ့ သံယံဇာတသိုက်၏ တည်ရာနယ်နမိတ် အတွက်၊ မြန်မာစစ်အစိုးရက သတ်မှတ်မှုကို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကန့်ကွက် ထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံ ပြည်တွင်းရှိ ရခိုင်ပြည်သူများနှင့် တိုင်းရင်းသားများမှာ ဤကမ်းလွန်ရေနံနှင့် ဓါတ်ငွေ့သိုက်ကို ညှစ်ထုတ်၍ တရုတ်ပြည်သို့ ပိုက်များဖြင့် ပို့ထုတ်ပေးမည့် စစ်အစိုးရ၏ စီမံကိန်းကို ရင်ထုမနာ ဝမ်းနည်းနာကျဉ်းစွာ ရှိနေကြသည်။ ယခုရွှေဂက်စ်ဟုခေါ်သော စီမံကိန်းမှာ တရုတ်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ယခုထိရာထူးမှ အငြိမ်းစားယူပြီဟု တရားဝင် မကြေငြာရသေး) ၏ စီးပွားသာဖြစ်ပြီး၊ ဆင်းရဲငတ်ပြတ်နေကြသည့် မြန်မာ နိုင်ငံသားများအတွက် အကျိုးစီးပွား မပါ။ ယနေ့ပင်တွေ့မြင်နိုင်သည် - တရုတ်ပြည်မှာ တရုတ်များကျောက်ဖြူသို့ ဝင်လာကြပြီ။ အန်းမြို့တဝိုက်မှာ စစ်တပ် အင်အားများ တိုးချဲ့ထားသည်။ တရုတ် နယ်စပ်၌ ရေနံ ဓါတ်ငွေ့ ပိုက်လိုင်း ချထားရန် မြေကွက် ချထားရေးအတွက် တသက်လုံး ဘိုးစဉ် ဘောင်ဆက်ကပင် ထိုတရုတ် နယ်စပ်တွင် နေထိုင်ခဲ့ကြသည့် ကချင် ပြည်သူများကို မြန်မာ စစ်အင်အားဖြင့် တိုက်ခိုက် သတ်ဖြတ် လျက်ရှိသည်ကို ယနေ့သိနေကြရသည်။


ယနေ့ ကဲ့သို့သော မြန်မာ သမိုင်းစဉ်တွင် သေရေး ရှင်ရေး ဒီမိုကရေစီ အရေး လမ်းချိုးလေးသို့ ရောက်နေကြသည့် ကာလ၌ကို ပေါက်ဖေါ် တရုတ်နိုင်ငံက မြန်မာပြည်မှစီးပွားရေး၊ စစ်ရေး အရ ရှားပါးလှစွာသော အခွင့် အရေးကြီးများကို စစ်သူကြီးသန်းရွှေ၏ ကျေးဇူးတော်ဖြင့် ရရှိလျက်ရှိသည်။ တရုတ်ပြည် သစ္စာခံ စစ်သူကြီးဟုပင် ထင်နိုင်ပါသည်။

တရုတ်နိုင်ငံစစ်ဌာန၏ လူယုံတော်ဆောက်လုပ်ရေး ကုမ္ပဏီများကို မြန်မာနိုင်ငံအရပ်ရပ်မှာ တရုတ်နိုင်ငံ အတွက် လျှပ်စစ်ဓါတ်အားထုတ်လုပ်ရန် ရေကာတာများဆောက်လုပ်ခွင့် စာချုပ်များ ချုပ်ခဲ့သည်။ (မြန်မာပြည်သားများမှာ ညတွင်မှောင်မဲမီးမရှိနေကြရသည်။)

မြန်မာ့ကြေး (Copper) သဘာဝသိုက် (Mine) ကို တရုတ်စစ်လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီများသို့ တိုက်ရိုက်သို့မဟုတ် မျက်နှာလွဲလျက်ထုတ်လုပ်ခွင့်ပေးခဲ့သည်။

တရုတ်နိုင်ငံကို အိန္ဒိယနှင့် အိန္ဒိယ ပင်လယ်ပြင်တဝှမ်း ထောက်လှမ်းရေး သတင်းများဖြတ်ယူနိုင်ရန် စစ်သူကြီး ကိုသန်းရွှေက ကိုကိုးကျွန်းနှင် ဟိုင်းကြီးကျွန်းတို့ကို ရေတပ်စခန်းဖွင့်ခွင့် မြန်မာရေတပ်ကို ဦးဆောင် ပံ့ပိုးပေးခဲ့တယ်။

တရုတ်ပြည်၏ ရှေးဟောင်းနတ်ဘီလူးကြီးများက စစ်သူကြီးသန်းရွှေအား ဖန်တီးပေးလိုက်သည့် အလား တရုတ်နိုင်ငံ အတွက် ကံကောင်း စရာများပေါ်လာခဲ့သည်မှာကား ကမ်းလွန် (ရွှေဂက်စ်) နှင့် ကုန်းတွင်း (ရေနံချောင်း) ရှိရေနံနှင့် ဓါတ်ငွေ့ပိုက်များကို တရုတ်အား ထုတ်ယူခွင့် ကိုသန်းရွှေက ပြုလိုက်သည်။ ထို့ပြင်မက ကျောက်ဖြူမြို့တွင် ရေနက် ဆိပ်ကမ်း တည်ဆောက်ရေး အတွက် ကျောက်ဖြူလေယာဉ် ကွင်းသစ် ဖောက်လုပ်ရေးရေနံနှင့် ဓါတ်ငွေ့ ပိုက်လိုင်းနှင့် အပြိုင် မီးရထား လမ်းများကို တရုတ်ပြည်ရှိ ကူမင်းမြို့အထိ ဖောက်လုပ်ခွင့် ပေးလိုက်သည်။ (တရုတ်ပြည်မှ ကျောက်ဖြူ စီးပွားရေး စက်မှု လုပ်ငန်း စီမံကိန်း ဗီဒီယို နရဉ္စရာ သတင်းဌာန Website တွင် ကြည့်နိုင်ပါသည်။)

တရုတ် စစ်သူကြီး သန်းရွှေက တမင်သက်သက် အမေရိကန်နိုင်ငံက တရုတ်ပြည်မှ အိန္ဒိယ သမုဒ္ဒရာသို့ တိုက်ရိုက် စစ်ရေးအတွက် မြန်မာပြည်မှ တဆင့် ဖြတ်လမ်းရသွားမည်ကို စိုးရိမ်နေသည်ကို ဆန့်ကျင်မှု ပြုလျက် တရုတ်နိုင်ငံကို လမ်းကြောင်းဖွင့်ပေးလိုက်သည်။

ဦးဏှောက်ကောင်းသူများ စဉ်းစားကြည့်နိုင် ပါသည်။ ဤကမ္ဘာမြေပေါ်ရှိ မည်သည့်နိုင်ငံအစိုးရ (စစ်အစိုးရ အပါအဝင်) မဆို နိုင်ငံတော် လုံခြုံရေးသည် အဓိက ကိုယ့်နိုင်ငံသားများကို ကာကွယ်မည်။ သူတစ်ပါးနိုင်ငံက စစ်ရေးအရ ဝင်လာမယ်ကိုဟန့်တားမည်၊ စီးပွားရေး လူဦးရေနှင့် လူမျိုးအမြိုမခံရအောင် ခုခံ ကာကွယ်မည်။ သို့သော် စစ်သူကြီး ကိုသန်းရွှေက ပြောင်းပြန်.. ကိုယ့်နိုင်ငံမှာ မှောင်မဲ ငတ်ပြတ် ကိုယ့်မှာ ရှိသည့် ရေနံနှင့် ဓါတ်ငွေ့ များကို တရုတ်ပြည်သို့ ပေးပို့သည်။ လူဦးရေ ကုဋေ ကုဋာ တိုးပွား။ အိမ်နီးချင်း တိဘက်နိုင်ငံကို စစ်တပ်ဖြင့် သိမ်းပိုက်ထားသော တရုတ်ပြည်ကို ရွှေလမ်းကြီး ဖွင့်ပေးသည်။ အောက်ဖေါ်ပြပါ မြေပုံကိုကြည့်လျှင် ရွှေဂက်စ် ရေနံဓါတ်ငွေ့ ပိုက်လိုင်းများက မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကျောက်ဖြူပင်လယ် ဆိပ်ကမ်းမှ တရုတ်နယ်စပ်ရှိ ရွှေလီ (Ruili) မြို့အထိ တနိုင်ငံလုံးကို ထောင့်တန်း နှစ်ပိုင်း ခွဲလိုက်သည်။ ဤပိုက်လိုင်းများတည်ဆောက်ပြီး မီးရထားလမ်း ကားလမ်းလည်း ပါလာအုံးမည်။

ဤရွှေဂက်စ်စီမံကိန်းသည် သန်းရွှေ၏ ကိုယ်ရေးစီးပွား။ မြန်မာနိုင်ငံသား၊ နိုင်ငံအတွက် လုံးဝမပါ။ ထို့ကြောင့်လည်း (သန်း) ရွှေဂက်စ် ဟုလည်းပေါ်ထွန်းခြင်းဖြစ်သည်။

အပိုင်း (၂) ကို ဆက်လက်ဖော်ပြသွားပါမည်...

http://photayokeking.org/truewords/open-letters/815-shwe-gas-yat-tant-yee - မှ ကူးယူ ဖော်ပြသည်...

0 comments: