Thursday, November 03, 2011

ထောက်လှမ်းရေး တစ္ဆေအခြောက်ခံ နေရသူများ - အပိုင်း(၁)

 Thursday, November 3, 2011

ဆောင်းပါးရှင် - စေတမန် (ထောက်လှမ်းရေး အရာရှိဟောင်း တစ်ဦး)

တရုတ် - မြန်မာ နယ်စပ်တနေရာမှ ပေးပို့လာတဲ့ ထောက်လှမ်းရေး အရာရှိဟောင်း တစ်ဦးရဲ့  ဆောင်းပါးကို ကျွန်တော် မှ စာဖတ်သူများ အား တင်ပြပေးလိုက်ရပါတယ်။ ဒီနေရာမှာ နအဖက အမျိုးသား ထောက်လှမ်းရေး အဖွဲ့ကို သူတို့ မသိလိုက်ရဘဲ အမျိုးသား ထောက်လှမ်းရေး အဖွဲ့က နိုင်ငံရေး သမားများအား လုပ်ချင်သလို လုပ်နေတယ်လို့ စွပ်စွဲထားချက်အပေါ် အကြောင်းသိ အတွင်းသိ ထောက်လှမ်းရေး အရာရှိဟောင်း တစ်ယောက်က ပြည်သူများထံ အဖြစ်မှန်ကို တင်ပြပေး ထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီမိုကရေစီ ဘက်တော်သားများ အနေနဲ့ အကြောင်းအရာ စုံစုံလင်လင် သိရှိဗဟုသုတ ရရှိနိုင်စေရန် ရည်ရွယ်ပါတယ်။ အခုလို ဆောင်းပါးရေးသား ပေးပို့လာတဲ့ ထောက်လှမ်းရေး အရာရှိဟောင်း စေတမန်အား ကျွန်တော်  မှ အထူးကျေးဇူး တင်ရှိပါတယ်ခင်ဗျား။

နိဒါန်း
၁၉၈၈ ခုနှစ်မှသည် ၂၀၀၄ခုနှစ်တာ ကာလအထိ စစ်တပ် ကြီးစိုးမင်းမူရေးကို ကျားကန်ပေးခဲ့သော တပ်မတော်ထောက် လှမ်းရေးအဖွဲ့ ဇာတ်သိမ်း မလှခြင်း၏ နောက်ကွယ်မှ ဖြစ်ရပ်ဖြစ်စဉ် များကို နိုင်ငံတကာနှင့် အများပြည်သူ စိတ်ဝင်စားခဲ့ခြင်း၊ ယနေ့ထက်တိုင်အောင် စိတ်ဝင်စားနေခြင်းမှာ လက်ရှိ အာဏာချုပ်ကိုင်ဆဲ စစ်ဗိုလ်ချုပ်ကြီးများ အတွက် မငြင်းနိုင်သော ပြဿနာတစ်ရပ်ဟုဆိုပါလျှင်......။

ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်ချုပ် ခင်ညွန့်

တပ်မတော် ထောက်လှမ်းရေးအဖွဲ့ကို ကျူပင်ခုတ် ကျူငုတ်မကျန် မြေလှန်ပစ်ခဲ့သော်လည်း အတွင်းသိများ အနေဖြင့် လက်ရှိ စစ်အုပ်စု ထိပ်သီးပိုင်းများကို ထောက်လှမ်းရေး တစ္ဆေအခြောက်ခံနေရခြင်းဟု ဆိုရခြင်းသည် ၄င်းစစ်အုပ်စု ထိပ်သီးပိုင်း၏ သမိုင်းတွင် ဖျောက်ဖျက်မရသော အမှားများ ကျူးလွန်မှု အတွက် ပေးဆပ်နေရမှု တစ်ခုသာလျှင် ဖြစ်ကြောင်း ဦးစွာ ပြောကြားလိုပါသည်။

န၀တ၊ နအဖခေတ် အမျိုးသား ထောက်လှမ်းရေးအဖွဲ့ ဆိုသည်မှာ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြား ရေးမှူးရုံး၊ စစ်မဟာဗျူဟာ လေ့လာရေးရုံး ၊ တပ်မတော် ထောက်လှမ်းရေး ဌာနချုပ်ရုံး ဆိုသော အမည် အမျိုးမျိုးခံသည့် စစ်ထောက်လှမ်းရေး ယန္တယား၏ ထိန်းချုပ်ကွပ်ကဲမှု နောက်ကွယ်တွင် အသက် ၀င်နေရသော ပြည်ထဲရေး လက်အောက်ခံ အဖွဲ့အစည်းများဖြင့် စုဖွဲ့ထားသည့် စစ်အာဏာရှင် စနစ်၏ နှိပ်ကွပ်ရေး လက်ကိုင်တုတ် အဖွဲ့ပင် ဖြစ်သည်။

 မဆလခေတ် လက်ကျန် ဥပဒေအရပြောလျှင် နိုင်ငံတော်သမ္မတသည် အမျိုးသားထောက်လှမ်းရေးအဖွဲ့ ဥက္ကဌဖြစ်သည်။ ပြည်ထဲရေးဝန်ကြီးသည် အတွင်းရေးမှူးဖြစ်သည်။ အာဏာသိမ်း စစ်အစိုးရတွင် ဖွဲ့စည်းပုံ အရ သမ္မတ မရှိသည့်အတွက် န၀တ-နအဖ ဥက္ကဌ (တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်) သည် အမျိုးသား ထောက်လှမ်းရေး အဖွဲ့၏ ဥက္ကဌဟုပင် သတ်မှတ်ရမည် ဖြစ်သည်။ အမှန်တကယ်လည်း ထိုသဘောပင် ဖြစ်သည်။ ပြည်ထဲရေးဝန်ကြီး အပိုင်းကတင်ပြသည့် အရေးယူရန် အခြေအနေ တစ်ရပ် ကိုဖြစ်စေ၊ တပ်မတော် ထောက်လှမ်းရေးက တင်ပြသည့် အရေးယူရန် အခြေအနေ တစ်ရပ်ကို ဖြစ်စေ နောက်ဆုံး အဆုံးအဖြတ် ပေးရသည်မှာ အာဏာသိမ်းခေါင်းဆောင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ပင် ဖြစ်သည်။

၁၉၈၈ ခုနှစ်မှသည် ၂၀၀၄ ခုနှစ် ကာလတစ်လျှောက် ပြည်တွင်းနိုင်ငံရေး အင်အားစုများအား ဖြိုခွင်းရာတွင် လည်းကောင်း၊ အာဏာချုပ်ကိုင်ဆဲ ထိပ်သီးပိုင်းအချင်းချင်း ဖြုတ်၊ထုတ်၊ရှင်း လုပ်ရာတွင် လည်းကောင်း အမျိုးသား ထောက်လှမ်းရေးအဖွဲ့သည် ဥပဒေကြောင်းအရ တရားစီရင်နိုင်ရန် အမှု တည်ဆောက်ပေး ရသော တပ်အခေါ် စစ်ဦးစီး ရုံးအဖွဲ့ (သို့မဟုတ်) ရုံး Staff အဖွဲ့ သာလျှင် ဖြစ်သည်။

ဥပမာ- ၁၉၈၉ ခုနှစ်က ၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲမသမာမှု ကြိုတင် အခင်းအကျင်းအဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ပိုင်းများကို ဖမ်းဆီးထိန်းသိမ်း ဖြိုခွင်းရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးအပါအ၀င် အခြား အရေးကြီး တာဝန်ရှိသူများကို အဓိကပစ်မှတ်အဖြစ် ပစ်မှတ် အဆင့် သတ်မှတ် အရေးယူ ခဲ့ခြင်းသည် ထိုစဉ်က တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး၊ ဗိုလ်ချုပ် ခင်ညွန့်၏ ဆုံးဖြတ်ချက် တစ်ခုတည်း(သို့မဟုတ်) ထိုစဉ်က ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ဘုန်းမြင့်၏ ဆုံးဖြတ်ချက် တစ်ခုတည်းဖြင့် ဆောင်ရွက်ခဲ့သည် မဟုတ်ပါ။ အာဏာသိမ်း ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး စောမောင်၏ ဆုံးဖြတ်ချက် သာလျှင်ဖြစ်သည်။

ဤသို့ဆိုပါလျှင် ၁၉၉၂ ခုနှစ် နောက်ပိုင်း အမျိုးသား ထောက်လှမ်းရေး အဖွဲ့မှ အရေးယူဆောင်ရွက်ခဲ့မှု ကိစ္စ အရပ်ရပ်နှင့် ပတ်သက်၍မူ တာဝန်အရှိဆုံးလူမှာ ဒုတိယမြောက် အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး သန်းရွှေမှ တစ်ပါး အခြား မည်သူမှ မဖြစ်နိုင်ပေ။ သို့ပါလျက် နိုင်ငံတော် အတွင်း ဖြစ်ပျက် ခဲ့သမျှသော တရားလက်လွတ်မှုများ၊ ဖိနှိပ်ရက်စက်မှုများ အလုံးစုံကို အမျိုးသား ထောက်လှမ်းရေး အဖွဲ့င့် တပ်မတော်ထောက် လှမ်းရေး အဖွဲ့တို့အပေါ် အပြစ်ပုံချကာ ပြည်ဖုံးကားချ လိုက်ခြင်းသည် နိုင်ငံတကာနှင့် အများပြည်သူများကို မျက်လှည့်ပြလိုက်သော ယုတ္တိမဲ့ သည့်လှည့်စားမှု တစ်ခုသာလျှင် ဖြစ်ပေသည်။

 အာဏာ ချုပ်ကိုင်ဆဲ စစ်အုပ်စု ထိပ်သီးပိုင်းအတွက် အာဏာခွဲဝေမှု ပုံစံ ဟန်ချက် ပျက်လာခြင်း၊ ပြည်တွင်း နိုင်ငံရေး ကစားကွက် ရွေ့ကွက်ဖြစ်လာတော့မည့်အနေအထားသို့ ဦးတည် လာခြင်းတို့ကြာင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမာခံအုပ်စုနှင့် ၄င်းကို မလွန်ဆန်နိုင်သော အုပ်စုတို့က စနစ် မကျသော ဖျက်သိမ်းမှု နည်းလမ်းကို ကြံမိကြံရာ ကြံကာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်ဆွေ ဦးစီးသော တပ်များဖြင့် တပ်မတော် ထောက်လှမ်းရေး ဌာနချုပ်ရုံးကို စီးနင်းသိမ်းပိုက် ဖမ်းဆီး အရေး ယူမှုများ လုပ်ဆောင်စေခဲ့ခြင်းသာဖြစ်သည်။

ဗိုလ်ချုပ် မှူးကြီးသန်းရွှေ၏ အမာခံအုပ်စုနှင့် ၄င်း၏သြဇာကို မလွန်ဆန်နိုင်ဘဲ ထောက်လှမ်းရေးကို မုန်းတီးနေသည့် ဒုဗိုလ်ချုပ် မှူးကြီးမောင်အေး၏ အုပ်စုနှစ်ခု က ဗိုလ်ချုပ်ကြီး ခင်ညွန့်အား ဖယ်ရှားကာ ၄င်း၏ ထောက်လှမ်းရေး ကွန်ရက်ကြီး တစ်ခုလုံးအား ဖျက်သိမ်းရန် လွယ်လင့် တကူထိုသို့ ဆုံးဖြတ်ချက် ချနိုင်အောင် အဓိက ပို့ကျည် ထိုးပေးခဲ့သူများမှာ တပ်မတော် ထောက်လှမ်းရေး ဌာနချုပ်ရုံးမှ ဒုတိယ တပ်မတော် ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ကျော်ဝင်းနှင့် ဌာနမှူး ဗိုလ်မှူးချုပ် လှမောင် တို့ပင်ဖြစ်သည်။
တပ်မတော်ထောက်လှမ်းရေး ဌာနချုပ်ရုံးကို စီးနင်းသိမ်းပိုက်ပြီး ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် အခြားဌာနကြီးမှူး ဗိုလ်မှူး ချုပ်များကို ဖမ်းဆီးပြီးချိန်အထိ ထိုဖြစ်ရပ်ကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် တပ်မ (၁၁) တပ်မမှူး တို့မှတစ်ပါး အခြားတိုင်းမှူး၊ တပ်မမှူး၊ စကခမှူးများနှင့် စစ်ရုံးရှိ ရေချုပ်၊လေချုပ် အပါအ၀င် ဗိုလ်ချုပ် တော်တော်များများ မသိခဲ့ခြင်းသည် ပိရိသေသပ်မှုကြောင့်မဟုတ်ပါ။ အလစ်အငိုက် ခံလိုက် ရခြင်းသာ ဖြစ်ပါသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးအား ဖွဲ့စည်းပုံပြင်ဆင်ခြင်း၊ အင်အား တိုးချဲ့ခြင်းများ ပြုလုပ်လာပြီးနောက် အာဏာသိမ်း စစ်အုပ်စုအတွင်း ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်အား စစ်ဘက်ရာထူး ဗိုလ်ချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာထူးများအပြင် ဗိုလ်ချုပ်ကြီး ရာထူး အဆင့် အထိတိုးမြှင့်ပေးရလောက်အောင် မည်သို့သာ နောက်ခံ အကြောင်းတရားများ ရှိခဲ့သနည်း.....။

အပိုင်း (၂) ကို ဆက်လက် ဖော်ပြသွားပါမည်....

0 comments: