Friday, November 04, 2011

ထောက်လှမ်းရေး တစ္ဆေအခြောက်ခံ နေရသူများ - အပိုင်း(၂)

 Friday, November 4, 2011
  ဆောင်းပါးရှင် - စေတမန် (ထောက်လှမ်းရေး အရာရှိဟောင်း တစ်ဦး)

ဗိုလ်ချုပ် ခင်ညွှန့် ထောက်လှမ်းရေး လက်ထက်က တာဝန်ထမ်းဆောင်ခဲ့တဲ့ ထောက်လှမ်းရေး အရာရှိဟောင်း တစ်ဦးရဲ့ ထောက်လှမ်းရေး တစ္ဆေအခြောက်ခံရသူများ အပိုင်း (၂) ကို ဆက်လက် တင်ပြ လိုက်ပါတယ်။ ဗိုလ်ချုပ်ခင်ညွှန့်ကို ပြုပြင်ပြောင်းလဲရေးသမား ဟု ဆိုဆို၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး သမားလို့ ပြောပြော၊ ဗီလိန်ရုပ်မပေါက်တဲ့ တီဗွီမင်းသားလိုဘဲ သမုတ်သမုတ်၊ နိုင်ငံရေး အင်အားစုများအပေါ် ပါးပါးနပ်နပ် နှိပ်ကွပ်သူအဖြစ် ပုံရိပ် ထင်ထင် အမျိုးမျိုး မှတ်ချက် ပြုကြပါတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် ထောက်လှမ်းရေး အရာရှိဟောင်း တစ်ဦး စေတမန်ကတော့ ဗိုလ်ချုပ် ခင်ညွှန့်အား အကောင်းမြင် ၀ါဒနဲ့ ရှုမြင် သုံးသပ် တင်ပြပုံတွေကို စာဖတ်သူများ ဗဟုသုတ ရရှိစေဖို့ ကျွန်တော် က တင်ပြပေးလိုက် ရပါတယ် ခင်ဗျား။
 
နေရာယူခဲ့ခြင်းလား၊ နေရာရခဲ့ခြင်းလား

အကယ်၍သာ ဗိုလ်ချုပ်ကြီးခင်ညွန့် အနေဖြင့် အာဏာကို မက်မောခဲ့လျှင်ဖြစ်စေ၊ တိုင်းပြည်နှင့် တပ်မတော် အပေါ် ကိုယ်ကျိုးနှင့်ယှဉ်၍ ကြည့်ခဲ့ လျှင်ဖြစ်စေ၊ မြန်မာ့နိုင်ငံရေး အလှည့် အပြောင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ အရေးပါမှုကို အမှန်အတိုင်း တွက်ဆနိုင်ခဲ့ လျှင်ဖြစ်စေ ဗိုလ်ချုပ် မှူးကြီးစောမောင် လက်ဝယ်မှ အာဏာကို လက်ရှိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လွှဲပြောင်း လက်ခံနိုင် စရာ အခြေ အနေသည် ၁၉၉၂ ခုနှစ် ၀န်းကျင်ကတည်းက ပျောက်ပျက် သွားနိုင်ပါသည်။
 

အဘယ်ကြောင့်နည်း၊ ဗိုလ်ချုပ်မှူးကြီး စောမောင်၏ ဆုံးဖြတ်ချက်များ၊ အမိန့်များ ပုံမှန်မဟုတ် တော့သည်ကို ပြီးစွာပထမ ရိပ်စားမိလာသူမှာ ဗိုလ်ချုပ်ခင်ညွန့် သာလျင်ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးစောမောင်၏ ပုံမှန် မဟုတ်သော ဆုံးဖြတ်ချက်နှင့် အမိန့်စီးဆင်းမှုကို အခွင့်ကောင်းယူကာ နိုင်ငံတော်အာဏာ တစ်ရပ် လုံးကို ဖြတ်လမ်း နည်းဖြင့် ရယူနိုင်သော အားသာချက်သည် ထိုစဉ်က ဗိုလ်ချုပ် ခင်ညွန့်ကို ချောင်ပိတ် မွန်းကျပ် စေခဲ့ဖူးကြောင်း ဗိုလ်ချုပ် ခင်ညွန့်ကိုယ်တိုင်က တစ်နေရာရာတွင် တစ်စုံ တစ်ယောက်ကို ထုတ်ဖော်ဖွင့်ဟ ၀န်ခံ ခဲ့ဖူးပါသည်။

ဗိုလ်ချုပ်ခင်ညွှန့်ကို အရေးယူလိုက်တာ ပေါက်ဖော် တရုတ်ကြီးက မသိလိုက်ရလို့ ရွှေစိတ်တော် ညိုသွားတာမို့ နအဖက (၁၀) ရက် အကြာမှာ အပြေးအလွှား သံတော်ဦး တင်လိုက်ရတဲ့ ဖြစ်စဉ်လေး ရှိခဲ့ကြောင်း ကျွန်တော် ကိုဖိုးတရုတ်ကို စစ်ဖက်နီးစပ်သူများမှ တဆင့် သတင်းပေးပို့ထားရာ တရုတ်သမ္မတ ဟူကျင်တောင် နဲ့ ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ ဓာတ်ပုံအား ဒီဆောင်းပါးမှာ ဖြည့်စွက် တင်ပြလိုက်ရပါတယ်။
 
ဗိုလ်ချုပ် ခင်ညွန့်နှင့်အတူ နိုင်ငံရေး အကျပ်အတည်း၊ အရှုပ်အရှင်းများကို ဖြေရှင်းပေးခဲ့ရဖူးသူ လက်အောက် ငယ်သား တစ်ယောက်အနေဖြင့် ဗိုလ်ချုပ် ခင်ညွန့်၏ နိုင်ငံရေးသမားများပေါ် အမြင်သည် ၁၉၉၂ နောက်ပိုင်းတွင် စတင်ပျော့ပြောင်း လာကြောင်းကို ရိပ်စား မိလာခဲ့သည့်အပြင် အခြားသော အာဏာသိမ်း စစ်ခေါင်းဆောင်များ၏ ကွယ်ရာတွင် ထုတ်ဖော်ပြောဆိုလေ့ရှိသော ဒီလူတွေနိုင်ငံရေး နားမလည်ဘူး ဆိုသော သံဝေဂစကားသည် လည်း မြန်မာ့နိုင်ငံရေး အကျပ် အတည်းကို သူသဘောပေါက် နေကြောင်း နိဒါန်းချီမှုဟု ယူဆစရာဖြစ်လာခဲ့သည်။

ဤသို့သော နိုင်ငံရေးအရ အမြင်ကျယ်မှု(သို့မဟုတ်) အတိုက်အခံ အင်အားစုများအပေါ် ရန်ဘက်အသွင် မဆောင်ဘဲ သဘောထား ပျော့ပျောင်းလာကာ ဒိုင်ယာလော့တစ်ခု၏ အရေးပါမှုကို အသိ အမှတ်ပြု လာခြင်းသည် ၄င်းတာဝန်ယူထားရသော တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူး တာဝန်အရ သိရှိလာသော ဆန့်ကျင်ဘက် အဖွဲ့အစည်းများ၊ အတိုက်အခံ အင်အားစုများ၏ ကြွေးကြော်သံ၊ လုပ်ဆောင် ချက်နှင့် အတွင်းရေးမှူး (၁) တာဝန်အရ ထိတွေ့ ဆက်ဆံ လာရသော ဌာန ဆိုင်ရာ ၀န်ထမ်းများ၏ ရပ်တည်မှု ၊ပညာတတ် လူတန်းစားနှင့် သာမန်ပြည်သူတို့၏ ရင်တွင်း ခံစားချက် များကို ဟန်ချက် ညီပေါင်းစပ် မိသွားခြင်းကြောင့် ဖြစ်ပေသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံရေးခေတ်ပြိုင် လှုပ်ရှား သူများမှာ ဗိုလ်ချုပ်အောင်ဆန်း ခေတ် နိုင်ငံရေး လှုပ်ရှား သူများလည်း ပါနေလေရာ ဗိုလ်ချုပ် ခင်ညွန့် အနေဖြင့် ဒေါ်အောင်ဆန်း စုကြည်ကို နိုင်ငံရေးအရ များစွာလျှော့ တွက်ထား ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ဓာတ်နှင့်နိုင်ငံရေး လေ့လာမှု အားကို ပစ်ပယ်ကာ ဖခင် အရှိန် အ၀ါကြောင့် လူထုက လက်ခံနေခြင်းဟု နားလည် ထားခဲ့သည်။ အထူးသဖြင့် ဦးဝင်းတင်နှင့် မောင်သောက တို့ကဲ့သို့ လက်ဝဲအယူအဆ အားသန်သူ များဝန်းရံမှုကို နိုင်ငံတော် အတွက် အန္တရာယ်ဟု တစ်ထစ်ချ သတ်မှတ် ထားခဲ့ပေသည်။ ဗိုလ်ချုပ် မှူးကြီး သန်းရွှေကမူ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး အရ ရေရှည်ပြိုင်ဘက် အသွင် အလေးထား ရကောင်းမှန်း မသိသေးဘဲ ဗိုလ်ချုပ်ကြီး တင်ဦးနှင့် ဦးကြည်မောင် တို့ကို အညှိုး အတေးကြီးစွာဖြင့် နှိပ်ကွပ် ခိုင်းခဲ့သည်။ ဦးချစ်ခိုင်၊ ဦးလွန်းတင်၊ ဦးအောင်ရွှေနှင့် ဦးလွင်တို့ကိုမူ တမင်ဟထားပေး ခဲ့ခြင်းဖြစ်သည်။

ထိုအခြေ အနေအထိ ပြည်တွင်းပြည်ပ နိုင်ငံရေး ကိစ္စများ ဆုံးဖြတ်ရာတွင် ဒုတိယ ဗိုလ်ချုပ်ကြီး မောင်အေး သည်လည်းကောင်း၊ အတွင်းရေးမှူး (၂) ဗိုလ်ချုပ်တင်ဦး သည်လည်းကောင်း အရေးပါသော်လည်း အရာ မရောက် ခဲ့ပေ။

သူတို့အနေနဲ့ တပ်တည်ဆောက်ရေး အပိုင်းများနှင့်သာ လုံးချာလိုက်နေကြသည်။ နိုင်ငံရေးကိစ္စရပ်များနှင့် ပတ်သက်၍ အရာရာတွင် ဗိုလ်ချုပ်ခင်ညွန့် အိုင်ဒီယာတွေ များလာသည်။ အဆုံးအဖြတ်ကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သာလျှင်ဖြစ်သည်။

မီဒီယာပိုင်း ထိန်းချုပ်မှုတွင်လည်း အာဏာသိမ်းပြီးကာစက ပြန်ကြားရေး ဒုဝန်ကြီးဟောင်းများ ဖြစ်ကြသော ဗိုလ်မှူးကြီးဟောင်းသိန်းစိန်နှင့် ဒုတိယ ဗိုလ်မှူးကြီးဟောင်း စိုးညွန့် (ထီလာစစ်သူ) တို့က သတင်း စာလောကကို ကြီးစိုးထားခဲ့သည်။ အနုပဋိလောမနှင့် အညမည သဘောတရားများကို အရည်ကြိုသောက် ထားသော ထိုစီနီယာကြီးများ၏ အစိုးရပိုင် သတင်းစာမှတဆင့် စတာလင်ခေတ် ၀ါဒဖြန့်ချီမှု ပုံစံကို ဗိုလ်ချုပ်ခင်ညွန့်က ခေတ်အကြိုက် ခေတ်အလိုက် အသွင်ယူပုံဖျက်ထားသော ၀ါဒဖြန့် ချီမှု ပုံစံဖြင့် အစားထိုးလိုက်သည်။

ထောက်လှမ်းရေးပိုင် မြက်ခင်းသစ်မဂ္ဂဇင်းသည် ပြည်သူများအကြား အမှားတ၀က်အမှန်တ၀က်ဟု သိပင် သိငြားသော်လည်း မည်သည့်အရာက မှန်မှန်းမသိဘဲ လက်ခံခဲ့ရသည့် အခြေ အနေ ဖြစ်သွား ခဲ့သည်။ ထောက် လှမ်းရေး၏ ၀ါဒဖြန့်ချီမှု ယန္တယားကြီးတစ်ခုလုံးကို အဓိက မောင်းနှင် သွားသည်မှာ တပ်မတော် ထောက်လှမ်းရေး၏ နိုင်ငံရေးနှင့် တန်ပြန်ဌာနခွဲ မှ ဗိုလ်မှူးချုပ် သန်းထွန်း (အမျိုးသားထောက် လှမ်းရေး အဖွဲ့တာဝန်ခံ) နှင့် အမည်အမျိုးမျိုးခံ ၀ါဒဖြန့်ချီရေးသမား ဖိုးကံကောင်း (ခ)ဝေမှိုင်းညို ပင်ဖြစ်သည်။

ပြန်ကြားရေး ၀န်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ကာကွယ်ရေး ၀န်ကြီးဌာန ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးတို့၏ ၀ါဒဖြန့်ချီမှု ယန္တယားများကို တပ်မတော် ထောက်လှမ်းရေးက တစတစ ၀ါးမျို ပစ်လိုက်သည်။ မြက်ခင်း သစ်မဂ္ဂ ဇင်းအပြင် မြက်ခင်းသစ် သုခုမလွင်ပြင်ကိုထူထောင်ကာစာပေ၊ ဂီတ၊ ရုပ်ရှင်အနုပညာနယ်ပယ်ကို ထိန်းချုပ်လိုက်သည်။

ပြည်တွင်းရှိ လူထုလူတန်းစား အလွှာအသီးသီးကြားတွင် ဗိုလ်ချုပ်ကြီးခင်ညွှန့် အနေဖြင့် အခြားအာဏာ သိမ်းခေါင်း ဆောင်များထက် ပိုမိုထင်ရှား လူသိများလာခြင်းမှာ လူထုမြင်ကွင်းတွင် စဉ်ဆက်မပြတ် ပုံရိပ် ထင်နေခြင်း၊ ၀ါဒဖြန့်ချိမှုပုံစံများ ပါးနပ်သွက်လက်လျင်မြန် ထိရောက်ခြင်း၊ ပြည်သူလူထု၏ လိုအပ်ချက်ကို ကြိုတင်ထောက်လှမ်း စုဆောင်းပြီး အပြည့် အ၀မဟုတ် သည့်တိုင် လိုဘပြည့် ကျေနပ်စေလောက်သည့် အခွင့် အရေးမျိုးဖြင့် ဖြည့်ဆည်း ပေးခြင်း ဆိုသော လူထုဆက်ဆံရေး လူထု ဆက်သွယ်ရေး နည်းနာများကို မှန်မှန်ကန်ကန် အသုံးချ တတ်ခဲ့ခြင်းကြောင့်ဖြစ်သည်။

ထိုကဲ့သို့ တပ်မတော်ထောက်လှမ်းရေး အနေဖြင့် လူထုလူတန်းစားအလွှာ အသီးသီးသို့ထိုးဖောက် စည်းရုံးနိုင် ခဲ့မှုကြောင့် အာဏာသိမ်း စစ်အုပ်စုတွင်းမှ တပ်မတော်ထောက်လှမ်းရေး အကြီး အကဲ ဖြစ်သူ၏ နိုင်ငံရေး ဥပဓိရုပ်မှာလည်း ပြည်သူ လူထု အများစု အတွင်း ဗီလိန်ရုပ် မပေါက်ခဲ့ပေ။ သို့သာ် အတိုက် အခံတို့ကြားတွင်မူ နိုင်ငံရေး အင်အားစု များအပေါ် ပါးပါးနပ်နပ် နှိပ်ကွပ်သူအဖြစ် ပုံရိပ် ထင်နေပေသည်။ ထိုအမည်းစက်ကို သူ ခြေဖျက်နိုင် ပါမည်လား။ နိုင်ငံရေးအရ အကောင်း အဆိုး နှစ်မျက်နှာ ရှိနေသည့် ထိုနေရာကို သူရခဲ့ခြင်းလား၊ သူယူခဲ့သည်လား ဆိုသည်မှာ ယနေ့အထိ အဖြေ မထွက်သေးဟု ယူဆမိပေသည်။

0 comments: