Thursday, January 12, 2012

အော်......ဒီလိုကိုး

 Thursday, January 12, 2012

စာဖတ်သူများခင်ဗျား -

 ခေတ်ပြိုင် ဂျာနယ်မှာ ကျေးရွာ တိုင်းရင်းသူများကို တရားဝင် ဖျက်ဆီးခွင့်ပြုလိုင်စင် ဆိုတဲ့ ဆောင်းပါးကို ဗိုလ်ထက်မင်းက ရေးသား တင်ပြလာပါတယ်။ ဒီဆောင်းပါးကို စာဖတ်ပရိသတ်များ ဗဟုသုတ တိုးပွား စေရန်အတွက်  စနစ်တကျနဲ့ ခေတ်ပြိုင် ဂျာနယ်မှ ဖြတ်တောက် ရယူပြီး ယခုလို တင်ဆက်ပေးလိုက် ပါတယ်။

ကျေးရွာ တိုင်းရင်းသူများကို တရားဝင် ဖျက်ဆီးခွင့်ပြုလိုင်စင်

ဆောင်းပါးရှင် - ဗိုလ်ထက်မင်း

တပ်မတော်မှာ လူပျိုအရာရှိတွေ အနေနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် ပညာတတ် ဘွဲ့ရတဲ့သူ မိန်းကလေး ကိုသာတရားဝင်ခွင့်ပြုမယ်၊ အရာရှိ ကတော်ဟာ ဘွဲ့ရ ရမယ်ဆိုတဲ့ “မူဝါဒ” ကြောင့် တပ်မတော် အရာရှိများ အတွင်းမှာ ကြီးမားစွာ ဂယက်ရိုက် သွားခဲ့ ပါတယ်။ ဒီဂယက်ကြောင့် အိမ်ထောင်ပြုပြီးသား ဘွဲ့မရသေးတဲ့ အရာရှိတွေရဲ့ ဇနီးတွေ ဟာလည်း သောကဗျာပါဒ ပွားများကာ မိမိရဲ့  ယောကျာင်္း ရာထူး မတက်တော့မှာကို စိုးရိမ်ပူပန်လျက် ရှိနေကြ ပါတယ်။

တပ်မတော် မှာတပ်ရင်းတွေ အနေနဲ့  စစ်ဆင်ရေး တွေကို တနှစ်လုံး နီးပါး ခိုင်းစေခံနေရတာမို့ အနည်းဆုံး (၆) လမှတခါတလေ (၁၀) လအထိ ရှေ့ တန်းကို ထွက်ရပြီး၊ နောက်တန်းနားချိန် တစ်လသာ ရခဲ့တာမျိုးရှိပါတယ်။ နားရတဲ့ တစ်လ အတွင်းမှာလည်း အရာရှိတွေဟာ တပ်ကိုပြန်လည် စုဖွဲ့မှုပြုရ၊ လေ့ကျင့်မှု ပြုရတာတွေနဲ့ အချိန်ကုန် မြန်ပြီး တစ်လပြည့်တာနဲ့ စစ်ဆင်ရေးသံသရာ ပြန်လည် ထွက်သွားရပါတယ်။ ဒါကြောင့် ဘ၀ကြင်ဖော်ကို ရှာဖို့ အခွင့်အရေး စိတ်ကြိုက် မရခဲ့တာမျိုးလည်း ရှိပါတယ်။

“နဖူးစာ ရွာလည်” ဆိုသလို ရှေ့တန်း စစ်ဆင်ရေးနယ်မြေမှာရှိတဲ့ ကျေးရွာ နယ်မြေ ကျောင်းဆရာမ၊ သူနာပြုဆရာမများနဲ့ ရွာခံ တိုင်းရင်းသူများကို နီးစပ်မှုအရလက်တွဲဖော် အိမ်ထောင်ပြု ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ မိန်းကလေးတွေဟာ ဘွဲ့ရပါတယ်ဆိုတာ မရှိသလောက် ရှားပါးပါတယ်။

အရာရှိတွေ အနေနဲ့သင်တန်း တက်ခွင့်ရမှသာ မြို့တက်ရပြီး ကိုယ်နဲ့ လက်တွဲဖို့ ပညာရေး အဆင့်အတန်း မြင့်မားတဲ့ ဆရာဝန် မိန်းကလေးလိုမျိုး၊ ဘွဲ့ရ ပညာတတ်နဲ့ တက္ကသိုလ်နည်းပြ ဆရာမတွေကို အစွမ်းကုန် ပိုးပန်းကြိုးစား ရှာဖွေကြရတာ ဖြစ်ပါတယ်။ မိဘများက ရှာဖွေပေးခဲ့ရင် ပညာတတ် ဖြစ်နိုင်ပေမဲ့ တချို့ အရာရှိတွေ အနေနဲ့ ကိုယ်ကြိုက်တာကို ယူရာမှာ ပညာရေးကို အဓိက မထားခဲ့တာမျိုးလည်း ရှိပါတယ်။

ဒါတွေကို သိရှိနားလည် လျက်သားနဲ့ ဗိုလ်သန်းရွှေက တပ်မတော် အရာရှိတွေရဲ့  ဇနီးဟာ ဘွဲ့ရမှ ဖြစ်မယ်၊ ဇနီးသည် ဘွဲ့ မရရင် ရာထူးမတိုးပေးဖို့ “မူ” ကိုဇွတ်အတင်း ချမှတ်လာပါတယ်။ “မူ” ချမှတ်ပြီဆိုရင်လည်း မူ” အရ စံပြ လိုက်နာရမဲ့ ခေါင်းဆောင် ကောင်းတစ်ဦးဖြစ်ပါက ဗိုလ်သန်းရွှေအနေနဲ့ ချက်ချင်းနှုတ်ထွက်ရမှာ ဖြစ်ပါတယ်။

ဗိုလ်သန်းရွှေရဲ့ဇနီး မကြိုင်ကြိုင်ဟာ ဘွဲ့မရတဲ့သူ ပညာမတတ်တဲ့ သူဖြစ်နေပါတယ်။ မကြိုင်ကြိုင်ဟာ ရန်ကင်း မြို့နယ်က ရုပ်ရှင်သရုပ်ဆောင် ကြာကူလီ ၀င်းမြင့်၊ သခင် လေးမောင်တို့ နေတဲ့ တိုက်ခန်းအနီးမှာ နေထိုင်ပြီး တင့်ဆန်း ဇာဘော်လီရုံမှာ သွားရောက် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

မကြိုင်ကြိုင်ဟာ ကလေး (၂) ဦး မိခင်ဖြစ်ပြီး ယခင် ယောင်္ကျားဟာ အရက်သေစာ သောက်စား အမြဲမူးယစ် နေသူဖြစ်ပါတယ်။ ဗိုလ်သန်းရွှေ ဟာ အထက်က ပြောခဲ့သလို ဗဟိုနိုင်ငံရေးတက္ကသိုလ် (မင်္ဂလာဒုံ) မှာ သဘောတရား ရေးရာ သင်တန်းတက်နေတုံး ကြင်ဖော်ရှာသလိုလိုနဲ့ မကြိုင်ကြိုင်ထံ ရောက်ရင်း အပျော်ကြံဖို့ပါ စိတ်ကူးခဲ့ ဟန်တူပါတယ်။

မကြိုင်ကြိုင်ကတော့ စက်ချုပ် ကျွမ်းကျင်လှသူ ပီပီ ခြေစင်္ကြာ ဖြန့်လာတဲ့ ဗိုလ်သန်းရွှေရဲ့ ခြေထောက်ကို အပိုင်ဖမ်းကာ ချုပ်လိုက်တာမို့ သူမရဲ့  အရင်ယောင်္ကျားကို လျော်ကြေးပေးကာ ကွာရှင်းရယူခဲ့သူဖြစ်ပါတယ်။ မကြိုင်ကြိုင်ဟာ ဘွဲ့ရဖို့ ဝေးစွ၊ အခြေခံ လူတန်းစား ဖြစ်တာမို့ လက်ရှိအရာရှိတွေ ပြည်သူတွေကို ကိုယ်ချင်းစာ တရား ထားသင့်လှပါတယ်။ ဒီမူဝါဒနဲ့ တိုင်းတာရင်တော့ မြန်မာ အမျိုးသမီး တွေကို ရက်စက်လွန်းရာ ကျကြောင်း ဆက်လက်တင်ပြသွားပါမယ်။

ဒီ “မူ” ထွက်လာခဲ့ပြီး တဲ့နောက်ပိုင်းမှာ အရာရှိတွေဟာ ခြေစင်္ကြာထင်သလို ဖြန့်၊ “အိုင်” တွေ့ တိုင်းခြေဆေးခွင့်တွေကို ပိုမို ရရှိသလို ဖြစ်သွားကြပါတယ်။ သမီးပျိုတွေကို သမီးရည်းစားထား အပျော် ကြံကာ ၊ အချိန်တန် လို့ဖြစ်ဖြစ်၊ မဖုံးနိုင် မဖိနိုင်လို့ဘဲ ဖြစ်ဖြစ် သမီးပျို မိဘများက တောင်းဆိုလာခဲ့ရင် အရာရှိ ပေါက်စများဟာ “ကျွန်တော်တို့ တပ်ရဲ့  လူကြီးတွေက မိန်းမယူရင် ဘွဲ့ရမှ တရားဝင် ပေးစားမယ်” ဆိုတဲ့ ဆင်ခြေဆင်လက်နဲ့ ရုန်းထွက်ခွင့်ရ ကြတော့တာမို့ သမီးပျိုများခမျာ မျက်ရည်နဲ့ မျက်ခွက် ကြုံတွေ့ကြ ရပါတယ်။

တနည်းအားဖြင့် အရာရှိရဲ့ ဇနီး ဘွဲ့ရမှဆိုတဲ့ “မူ” ဟာ နအဖရဲ့ မိန်းကလေးများကို တရားဝင် ဖျက်ဆီးခွင့် လိုင်စင် ထုတ်ပေးလိုက်သလိုမျိုး ဖြစ်နေပါတယ်။ တပ်ရဲ့ ထုံးစံ ဥပဒေသအရ တပ်ကို လက်ထပ်ခွင့် ပုံစံဖြင့် တင်ဖို့ လိုအပ်သလို အနည်းဆုံး တပ်မှူး ဖြစ်သူထံ နှုတ်ဖြင့် ခွင့်တောင်းရမှာ ဖြစ်ပြီး နယ်ဘက်ရှိ တရားရုံး လက်ထပ်စာချုပ်ဖြင့် တရားမ၀င်တာကို နယ်ဘက် တချို့လူထုက နားမလည် သေးတာကို တွေ့ရပါ တယ်။

ယခင်တုန်းကလည်း စစ်တပ်ရဲ့  အရာရှိတွေဟာ နယ်ဘက်က သမီးပျိုများကို နယ်ဘက် တရားရုံးတွေ မှာ “နှပ်ကြောင်း” ပေးကာဟန်ပြယူပြီး ရှေ့တန်းစစ်ဆင်ရေး အကြောင်းပြချက်နဲ့ မိန်းကလေးကို “ခွာ” ပြေးပါ တော့တယ်။ မိန်းကလေးရှင်များက အရာရှိကို အဆက်အသွယ်မရလို့ တပ်ကို လိုက်လံစုံစမ်းတော့မှ တရားဝင်မိန်းမ ရှိမှန်းသိရလို့ ရင်ကျိုး ရတဲ့ အဖြစ်တွေလည်း ရှိပါတယ်။

တချို့ တပ်ရေးဗိုလ်ကြီးနဲ့ ရုံးအုပ်တို့ ညံ့ဖျင်းမှုတွေကြောင့်လည်း လက်ထပ်ခွင့် တင်တဲ့အပိုင်းနဲ့ မှတ်တမ်းရုံးက အမိန့် အပိုင်း(၂) ထွက်ဖို့ ကြာနေတာမို့ ခံစားခွင့်ရသင့်လျက်သားနဲ့ တိုက်ပွဲမှာ ကျဆုံး သွားတာမျိုးကြောင့် တရားမ၀င်သေးတဲ့ မိန်းကလေးတွေခမျာ ဆုံးရှုံးနစ်နာ သွားရတာလည်း ဒုနဲ့ဒေး ရှိနေကြပါတယ်။

အချုပ်အားဖြင့် စစ်အာဏာရှင်တွေရဲ့ သဘောသရုပ်က အပေါ်တမျိုး ၊အောက် တမျိုး နအဖရဲ့အချိုး ဆိုတာနဲ့ အညီ မမျှမတဖြစ်နေပြီး ၀န်ကြီးချုပ် ဖြစ်နေတဲ့ ဗိုလ်သိန်းစိန်ရဲ့  ဇနီး ဟာလည်း ဘွဲ့မရတာမို့ ဒီ “မူ” ထွက်လာ တာနဲ့ မှတ်တမ်းရုံးမှာ သူမ ဘွဲ့မရသေးတာကို ဘွဲ့ရတယ်လို့ ဖိအားပေး အကြပ်ကိုင် အတင်းဇွတ်ပြင် ခိုင်းခဲ့ပါတယ်။

ဒါကြောင့် နအဖရဲ့  အရာရှိ ကတော် ဘွဲ့ရရေး ဆိုတဲ့မူဝါဒဟာ တပ်မတော် အဆင့်အတန်း မြင့်မားရေးလို့ ဟန်ပြကြွေးကြော်နေပေမဲ့ တကယ်တမ်းကျတော့ မြန်မာပြည်မှာရှိတဲ့ သမီးပျိုတွေကို တရားဝင်ဖျက်ဆီး ခွင့်ပြုခိုင်းတဲ့ အမိန့်သာဖြစ်ပါကြောင်း တင်ပြလိုက် ရပါတယ်။

0 comments: