Tuesday, December 20, 2011

မြန်မာပြည်မြောက်ပိုင်း

Tuesday, December 20, 2011

ကွယ်လွန်သူ ဆရာနတ်နွယ်၏ ကမ္ဘာ့အဆင့်မှီ မြန်မာ့ဂန္ထဝင်ဝတ္ထုကြီးဖြစ်သော ‘မြန်မာပြည်မြောက်ပိုင်း’ ဝတ္ထုအဖွင့်တွင် ၁၉၆၃ ခု ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြားသွားမှု သတင်းကို ကချင်တော်လှန်ရေး ရဲဘော်တဦး စိတ်ပျက်လက်ပျက် နားထောင်နေသည့် မြင်ကွင်းနှင့် စတင်ထားသည်။

မြန်မာပြည်မြောက်ပိုင်းမှ ကချင်နှင့် ရှမ်းတိုင်းရင်းသားတို့၏ တော်လှန်ရေးသည် အရည်အချင်း ညံ့ဖျင်းလှသည့် သီပေါမင်း လက်ထက်တွင် စတင်ခဲ့ကြပုံကို ဆရာနတ်နွယ်က ဇာတ်လမ်းဖွဲ့ထားသည် ဖြစ်၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တိုက်ပွဲမှာ သက်တမ်း နှစ် ၁၀၀ ကျော်ပြီဟု ဆိုနိုင်သည်။ ခေတ်သစ် တော်လှန်စစ်ပွဲအနေနှင့်မူ ၁၉၆၀-၆၁ ခု၌ စတင်ခဲ့ခြင်း ဖြစ်သည်။

အရပ်ဝတ်လဲ သမ္မတ ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်က ထိုးစစ်ဆင်မှုများ ရပ်စဲခိုင်းလိုက်သည် ဆိုသည့် ဒီဇင်ဘာ (၁၀) ရက်နေ့တွင် ဝူထောဘွမ်တောင်ပေါ်ရှိ ခိုင်ဘန်းအနီး ယင်ဖန်တောင်ကြား၌ ကြံ့ဖွတ်အစိုးရ တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၁၇(ယခင် ကယား ၁)၊ ခမရ ၄၁၅ တို့နှင့် ကချင်ပြည်လွတ်လပ်ရေးတပ်မတော် (KIA) တိုက်ပွဲဖြစ်ရာ ခလရ ၈၃ စစ်ကူလိုက်ခဲ့ရသည်။ ကေအိုင်အေက အဝေးထိန်း မိုင်းစစ်ဆင်ရေး နှင့် ၁၂၀မမ မော်တာ ပေါင်းစပ် တိုက်ခိုက်ခဲ့သဖြင့် ကြံ့ဖွတ်စစ်သား ၄၀ ကျော် ၅၀ ခန့် သေပြီး ၁၀၀ နီးပါး ဒဏ်ရာရသွား၍ ကြံ့ဖွတ်တပ်များ ပြန်ဆုတ်သွားသည်။ ကျဆုံးသူများကို မြှုပ်ထားသည့် မြေပုံ ၃၀ ကျော် တွေ့ရပြီး အရာရှိများကို တကျင်း တလောင်း၊ သာမန်စစ်သည်များကို တကျင်းလျှင် ၂ လောင်း-၃ လောင်း မြှုပ်ထားသည်ကို တွေ့ရသည်။ ထိုနေ့မှာပင် ပရန်လွိ နှင့် မဂျီခရွန်း ကြား၌လည်း စကခ-၁၆ လက်အောက်ခံ ခမရ ၅၆၇၊ စကခ-၂၁ လက်အောက်ခံ

ခလရ ၂၇၆ ပူးပေါင်းတပ်များနှင့် ကချင်တပ်တို့ တိုက်ပွဲဖြစ်သေးသည်။

ဒီဇင်ဘာ (၁၂) ရက်က မရူရွာတွင် ကြံ့ဖွတ်တပ်နှင့် ကချင်တပ် တိုက်ပွဲ ဖြစ်ခဲ့သည်။ ဗမာတပ်များ စိတ်ကြွဆေး စားသုံး၍ တိုက်ကြသည်။

ဒီဇင်ဘာ (၁၃) ရက်တွင် မရူယင်းဆွန်းရွာနှင့် ပရန်ခူးဒန်းရွာတို့၌ ကချင်နှင့် ကြံ့ဖွတ်တပ် တိုက်ပွဲဖြစ်ခဲ့သည်။

ဒီဇင်ဘာ (၁၄) ရက်မနက်က မြစ်ကြီးနား-ဗန်းမော်လမ်း ဒေါ့ဖုန်းယန်မြို့နယ် မုံဒုန်တွင် ကေအိုင်အေတပ်နှင့် ဗမာစစ် အစိုးရ ခလရ ၃၇၊ ခလရ ၁၄၂ တို့ တိုက်ပွဲဖြစ်ပွားပြီး နောက်တရက်တွင် ဒိန်ဂါကျေးရွာ အပြင်ဘက်တွင် ဗမာစစ်သားအလောင်း မြှုပ်နှံထားသည့် မြေပုံ ၁၀ ခုကျော်ကို တွေ့ရသည်။ ယင်းနေ့မှာပင် ခိုင်ဘန်း နှင့် ခင်းဒူကောင်းရွာအကြား၌ တပ်မ ၈၈ လက်အောက်ခံ တပ်များနှင့် ကချင်တပ်တို့ တိုက်ပွဲ ဖြစ်ခဲ့သည်။

စောစောပိုင်းကာလက ဒီဇင်ဘာ (၁) ရက်မှ (၇) ရက်နေ့အထိ ဝူထောဘွမ် ဝန်းကျင်တွင် ကြံ့ဖွတ်အစိုးရတပ်များနှင့် ကချင်တပ်များကြား ၇ ရက်ဆက် တိုက်ပွဲဖြစ်ပွားရာ ကြံ့ဖွတ်တပ်များ ကျဆုံး ထိခိုက်မှု များခဲ့သည်။ (၆) ရက်နေ့အထိ တပ်မ ၈၈ နှင့် တိုက်ပွဲဖြစ်ပြီး (၇)ရက်နေ့တွင် တပ်မ ၅၅ နှင့် တိုက်ခဲ့သည်။

ဒီဇင်ဘာ (၂) ရက်နေ့က ဖားကန့်လမ်းပေါ်တွင် ဗမာအစိုးရတပ် ခမရ ၃၈၆ လိုက်ပါလာသော စစ်ကားသုံးစီးအား ကချင်တပ်များက တိုက်ခိုက်ရာ အစိုးရစစ်သား ၅ ဦးသေ၊ ၅ ဦး ဒဏ်ရာရပြီး လက်နက်ငယ် ၆ လက် (MA-1 လေးလက်၊ MA-2 ၁ လက်၊ ပစ္စတို ၁ လက်)၊ အာရ်ပီဂျီ ၁ လက် နှင့် ကျည်ဆန်များ သိမ်းဆည်းရမိသည်။

ဒီဇင်ဘာ (၅) ရက် မနက်လင်းအားကြီးတွင် ရှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် မုန်းကိုမြို့ရှိ ကြံ့ဖွတ်တပ် ဗျူဟာကုန်း၊ ခလရ ၁၂၉ တပ်စခန်း နှင့် ရဲစခန်းအား ကချင်တပ်က ၀င်စီးခဲ့ရာ ရဲနှင့် စစ်သား စုစုပေါင်း ၁၀ ယောက်ကျော် ကျဆုံးခဲ့သည်။ ဗျူဟာမှူး နှင့် တပ်ရင်းမှူးမှာ တရုတ်ပြည်ဖက်ခြမ်းတွင် သွားအိပ်နေသဖြင့် လွတ်သွားသည်။

ဒီဇင်ဘာ (၅) ရက်မှ (၁၁) ရက်အထိ မိုင်ဂျားယန်နယ်မြေ မုဘွမ်တွင် တပ်မ ၈၈ လက်အောက်ခံတပ်များနှင့် ကချင်တပ်တို့ ၆ ရက်ဆက် တိုက်ပွဲဖြစ်ခဲ့သည်။

ဒီဇင်ဘာ (၇) ရက်က မိုးမောက်မြို့နယ်အတွင်း ကချင်တပ်ဖွဲ့နှင့် ဗမာတပ် တနေကုန် တိုက်ပွဲဖြစ်ခဲ့ပြီး မြန်မာအစိုးရဘက်မှ ထိခိုက် ဒဏ်ရာများခဲ့သည်။

ဒီဇင်ဘာ (၉) ရက်နေ့တွင် ဗန်းမော်ခရိုင် စိန်လုံကဘာနှင့် မိုင်ဂျာယန်ကြား မုဘွမ် နှင့် ခိုင်ဘန်ယန်တို့တွင် တနေကုန် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

နိုဝင်ဘာ ၁၃-၁၄ ရက်များတွင် မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ ခါ့ယ နှင့် မဒီယန်ရွာအကြားတွင် ဓာတုလက်နက်ဖြင့် တိုက်ခိုက်သည့် ခမရ ၃၂၁ အပါအဝင် ကြံ့ဖွတ်တပ်များကို ပရိယာယ်သုံး၍ တန်ပြန် တိုက်ခိုက်ရာ ဗမာစစ်တပ် အလောင်းများ နတပ်ဘွမ် တောင်ကြောပေါ်တွင် ပုံထားသည်ကို ထွက်ပြေးလာသည့် ပေါ်တာများ တွေ့ခဲ့သည်။

နိုဝင်ဘာ (၁၅)ရက်က မြစ်ကြီးနား-ဝိုင်းမော်လမ်းပေါ်ရှိ ဧရာဝတီမြစ်ကူး ဗလမင်းထင် တံတားစောင့် ကြံ့ဖွတ်တပ်ကို ကချင်တို့က မိုင်းခွဲ တိုက်ခိုက်ရာ ၆ ယောက် ကျသွားသည်။

နိုဝင်ဘာ (၁၇) ရက်က အင်တပ်ဘွမ် တောင်ကြောတိုက်ပွဲတွင် ကြံ့ဖွတ်အစိုးရတပ်မ ၈၈ မှ အနည်းဆုံး ၃၇ ယောက် သေပြီး တရာခန့် ဒဏ်ရာရခဲ့သည်။

နိုဝင်ဘာ (၂၄) ရက်က နမ်းခမ်း-မံဝိန်းလမ်းတွင် ပဒေသာမိုင်း စစ်ဆင်ရေးကြောင့် ကားစီးလာသည့် ကြံ့ဖွတ်တပ် ၁၀ ယောက်ကျော် ကျသွားခဲ့သည်။

နိုဝင်ဘာ (၃၀) ရက်မနက်က မလိခ မြစ်ကူးရန် ပြင်ဆင်နေသော စကခ-၃ လက်အောက်ခံ ခမရ ၃၈၅ ကို ကေအိုင်အေက အလစ်ဝင်တိုက်သဖြင့် ၄ ယောက်ကျ၊ ၃ ယောက် ဒဏ်ရာရသွားသည်။ ဂျာကျားခါ့တွင်လဲ ခလရ ၁၄၁ နှင့် ရက်ဆက် တိုက်ပွဲဖြစ်ခဲ့သည်။

ဒုတိယပြည်တွင်းစစ် စတင်ခဲ့ကတည်းက ယနေ့အထိ ကြံ့ဖွတ်တပ် အကျအဆုံးမှာ ထောင်ဂဏန်း ၂ ခု-၃ ခု ရှိနေပြီ ဖြစ်ပြီး တိုင်းရင်းသားဘက်ကမူ ရာဂဏန်းငယ်မျှသာ ရှိသည်။

လက်သီးတပ်များအဖြစ် ဗမာစစ်အုပ်စု အထူးအားကိုးသည့် နာမည်ကျော် ခြေမြန်တပ်မများမှာ အလူးအလဲနှင့် အလဲလဲ အကွဲကွဲ ဖြစ်နေသည်ကို မြင်မကောင်းရှုမကောင်း တွေ့နေရ၏။ ဗမာ့တပ်မတော်ကား ‘ပြောင်းလဲ’ သွားလေပြီ။

ယနေ့ ကချင်ပြည်နယ်အတွင်း၌ စစ်အစိုးရ ခြေလျင်/ခြေမြန်တပ်ရင်း ၄၄ ရင်း အမြဲတမ်း အခြေချတပ်စွဲထားသည်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက်တွင် မိုးညှင်း၌ ခလရ ၁၅ ၊ မြစ်ကြီးနားတွင် ခလရ ၂၁၊ ၂၉၊ ၃၇၊ ပူတာအို တွင် ခလရ ၄၆၊ ၁၃၇၊ ၁၃၈၊ ဝိုင်းမော်တွင် ခလရ ၅၈၊ မိုးကောင်းတွင် ခလရ ၇၄၊ ဆားမှော်တွင် ခလရ ၁၀၅၊ လားအိုး(ငါးအိုး)တွင် ခလရ ၁၂၀၊ ၁၂၁၊ ဆင်ဘိုတွင် ခလရ ၁၄၁၊ ဒေါ့ဖုံးယန်တွင် ခလရ ၁၄၂၊ ဗန်းမော်တွင် ခလရ ၂၃၆၊ မယန်းတွင် ခလရ ၂၆၀၊ တနိုင်းတွင် ခမရ ၃၁၈၊ ရွှေညောင်ပင်တွင် ခမရ ၃၂၁၊ ၃၂၈၊ မိုးမောက်တွင် ခမရ ၄၃၇၊ ပင်းဘောတွင် ခမရ ၅၂၁ တို့ အခြေစိုက်ထားသည်။ ဒကစ (တနိုင်း) လက်အောက်တွင် တနိုင်း၌ ခလရ ၈၆၊ ၂၃၈၊ ၃၁၉၊ ရှာဒူဇွပ်တွင် ခလရ ၂၉၇၊ ဒေါင်ဘန်း၌ ခလရ ၂၉၈ တို့ တပ်စွဲထားသည်။

တပ်မတပ်များအဖြစ် ဗန်းမော်တွင် စကခ-၂၁ ဌာနချုပ်စိုက်ထားပြီး လက်အောက်ခံတပ်များမှာ ဗန်းမော်တွင် ခလရ ၄၇၊ ၂၃၇၊ ရွှေဂူတွင် ခလရ ၅၆၊ ခမရ ၆၀၂၊ မြို့သစ်တွင် ခမရ ၃၂၀၊ ၃၈၇၊ ၄၃၈၊ မန်စီတွင် ခမရ ၆၀၂ အခြေပြုထား သည်။ မိုးကောင်းတွင် စကခ-၃ အခြေစိုက်ထား၍ လက်အောက်ခံတပ်များမှာ ဟိုပင်တွင် ခလရ ၄၀၊ ခမရ ၃၈၈၊ ၃၈၉၊ မိုးကောင်းတွင် ခမရ ၃၈၁၊ ၃၈၂၊ ဆားမှော်တွင် ခမရ ၃၈၃၊ ၃၈၄၊ နမ်မားတွင် ခမရ ၃၈၅၊ ၃၈၆၊ နမ္မတီးတွင် ခမရ ၃၉၀ တပ်စွဲထားသည်။

၁၉၆၂ ခုနှစ်အကုန်က ကချင်ပြည်နယ် တခုလုံးတွင် ခလရ ၁၅၊ ၂၁၊ ၂၉၊ ၃၇၊ ၄၀၊ ၄၆၊ ၄၇၊ ၅၆၊ ၅၈ ဟူ၍ တပ်ရင်း ၉ ရင်းသာရှိခဲ့သည်။

အမြောက်တပ်မ သို့မဟုတ် အမြောက်စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (မစခ) ၉၀၄ ကိုလည်း မိုးညှင်း၌ ယခုတပ်စွဲထားသည်။ ဗန်းမော်၊ မိုးညှင်း၊ မြို့သစ်၊ မရမ်း၊ မိုးမောက် စသည့်နေရာများတွင် အမြောက်တပ်ရင်း ၈ ရင်းထက်မနည်း ချထားသည်။ မိုးညှင်းတွင် ဒုံးပျံတပ်ရင်း ၆၀၃ ကိုလည်း တပ်စွဲထားသည်။ ဗန်းမော်နှင့် မိုးညှင်းတွင် သံချပ်ကာ တပ်ရင်းများလည်း အခြေပြုထားသည်။

ယခုအခါ ကချင်အမျိုးသားတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကြိုးပမ်းချက်ကို အထက်ပါ မပခ လက်အောက်ခံ ၂၂ ရင်း၊ ဒကစ(တနိုင်း) လက်အောက်ခံ ၆ ရင်း၊ စကခ-၃ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၂၁ လက်အောက်ခံ ၁၀ ရင်းတို့က နှိပ်ကွပ် တိုက်ခိုက်နေသည့်အပြင် ကျောက်မဲအခြေစိုက် စကခ-၁ နှင့် ၁၀ ရင်း၊ သိန္နီအခြေစိုက် စကခ-၁၆ နှင့် ၁၀ ရင်း၊ မိတ္ထီလာအခြေစိုက် တပ်မ ၉၉ မှ ၇ ရင်း၊ မကွေးအခြေစိုက် တပ်မ ၈၈ နှင့် ၁၀ ရင်း၊ သထုံအခြေစိုက် တပ်မ ၄၄ နှင့် ၁၀ ရင်း၊ ကလောအခြေစိုက် တပ်မ ၅၅ နှင့် ၁၀ ရင်း၊ ကလေးအခြေစိုက် စကခ-၁၀ နှင့် ၁၀ ရင်း စသည်ဖြင့် စုစုပေါင်းတပ်ရင်း ၁၀၀ ကျော်နှင့် အပြင်းအထန်ထိုးစစ်ဆင်လျှက်ရှိသည်။

သို့ရာတွင် လက်သီးတပ်များအဖြစ် ဗမာစစ်အုပ်စု အထူးအားကိုးသည့် နာမည်ကျော်ခြေမြန်တပ်မများသည် အလူး အလဲနှင့် အလဲလဲအကွဲကွဲ ဖြစ်နေသည်ကို မြင်မကောင်းရှုမကောင်း တွေ့နေရ၏။ ဗမာ့တပ်မတော်ကား ‘ပြောင်းလဲ’ သွားလေပြီ။

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) သည် ၁၉၇၂ ခုနှစ် နှင့် ၁၉၈၀ ခုနှစ်တို့၌ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့သော်လည်း စစ်အုပ်စု၏ အလျှော့အတင်းမရှိ တဖက်သတ် တောင်းဆိုမှုများကြောင့် ပျက်ပြားခဲ့ရသည်။ မြို့ပေါ်ဒီမိုကရေစီ အင်အားစုကြောင့် စစ်အုပ်စု တစုံတရာ အကျပ်ဆိုက်နေချိန် ၁၉၉၄ ခု ဖေဖော်ဝါရီလကျမှ စစ်ရေးအရ အပစ်အခတ် ရပ်စဲနိုင်ခဲ့သည်။ သို့သော် နိုင်ငံရေးအရတွင်မူ အမျိုးသားညီလာခံနှင့် နားလှည့်ပါးလှည့် လုပ်ခံရသည်။ အကယ်စင်စစ်အားဖြင့် အမျိုးသားညီလာခံတွင် တိုင်းရင်းသား ၁၃ ဖွဲ့စုပေါင်း၍ ၂၀၀၄ ခု ဇွန်လတွင်လည်းကောင်း၊ ၂၀၀၇ ခုနှစ် ဇူလိုင်လတွင် တဖွဲ့တည်း အနေဖြင့် လည်းကောင်း တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ နိုင်ငံရေးပြဿနာများကို ဆွေးနွေး တင်သွင်းခဲ့သော်လည်း ပယ်ချခြင်းသာ ခံခဲ့ရသည်။ ထိုမျှမက ငြိမ်းချမ်းရေးရပြီး ၁၅ နှစ်အကြာ ၂၀၀၉ ခုနှစ်အရောက်တွင် စစ်အစိုးရ၏ အကြွင်းမဲ့လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ်သို့ အဓမ္မ အသွင်ကူးပြောင်းခိုင်းသည်ကို အမျိုးမျိုး ပြန်လည် စေ့စပ် ညှိနှိုင်းခဲ့သော်လည်း ပင်လုံစာချုပ်ဆန့်ကျင်ရေးသမား နအဖ-ကြံ့ဖွတ်စစ်အုပ်စုက ခေါင်းမာစွာငြင်းဆန်ခဲ့သဖြင့် ၂၀၁၁ ဇွန်လ ၉ ရက်နေ့တွင် မလွှဲမရှောင်သာဘဲ သေနတ်သံပြန်ပေါက်ခဲ့တော့သည်။

လက်သီးတပ်များအဖြစ် ဗမာစစ်အုပ်စု အထူးအားကိုးသည့် နာမည်ကျော် ခြေမြန်တပ်မများသည် အလူးအလဲနှင့် အလဲလဲအကွဲကွဲ ဖြစ်နေသည်ကို မြင်မကောင်းရှုမကောင်း တွေ့နေရ၏။ ဗမာ့တပ်မတော်ကား ‘ပြောင်းလဲ’ သွားလေပြီ။
၁၉ ရာစု၌ စတင်ခဲ့သော မြန်မာပြည်မြောက်ပိုင်းဇာတ်လမ်းရှည်ကြီးသည် ၂၁ ရာစု၌ အဖိနှိပ်ခံရ သူတို့၏ အောင်ပွဲဖြင့် အဆုံးသတ်လိမ့်မည်ဟု စိတ်ချ ယုံကြည်ဖို့ အကြောင်းအချက်များ ရှိနေပါသည်။

ဂါမဏိ

0 comments: