Tuesday, November 08, 2011

စစ်အစိုးရ စစ်တပ်၊ K.I.A တိုက်ပွဲနှင့် ပြည်သူလူထု များရဲ့ အခြေအနေများ

 Tuesday, November 8, 2011

နိုဝင်ဘာ ၂ ရက်
အောက်တိုဘာ (၃၁) ရှမ်းပြည်မြောက်ပိုင်း မုံပေါ်ပြည်သူ့စစ်တပ်ဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား အချင်းချင်း ပစ်ခတ်လာရန်အတွက် စစ်အစိုးရတပ်မှ KIA ၀တ်စုံ ၀တ်ဆင်ထားတဲ့ စစ်အစိုးရ စစ်သား ၁၀ ဦးခန့်တို့ဟာ  ပြည်သူ့စစ်တပ် စခန်းအနီး ဟန်ပြ ချဉ်းကပ် လာသည်ဟု သိရသည်။

“အချင်းချင်းပစ်ခတ်ကြဖို့အတွက် လမ်းစဖော်ပေးနေတာ” ဟု မုံပေါ်ပြည်သူ့စစ် တပ်ဖွဲ့ဝင်တစ်ဦးပြောသည်။

နယ်ခြားစောင့်တပ်ဖွဲ့ လက်ခံတဲ့ ကချင်ခေါင်းဆောင်တချို့ အစိုးရနဲ့ ငြိမ်းချမ်းရေးယူဖို့ KIO ကို စာပို့

ကချင်အမျိုးသား အချင်းချင်း သတ်ဖြတ်ပြီး သမိုင်းမှာ အကျည်းတန်တဲ့ ကိစ္စတွေ ကျန်ရစ်မှာကို မလိုလားကြောင်း နယ်ခြားစောင့် တပ်ဖွဲ့၊ ပြည်သူ့စစ်အဖြစ် လက်ခံလိုက်တဲ့ ကချင်အဖွဲ့ ခေါင်းဆောင် ၉ ဦး က KIO ဗဟိုကော်မတီကို အောက်တိုဘာလ ၂၈ ရက် ရက်စွဲနဲ့ စာတစ်စောင် ပို့လိုက်ပါတယ်။

ဒီစာကို ဦးစခုန်တိန်ယိန်း၊ ဦးရခွီဖုန်၊ ဦးလဆန်အောင်ဝါ၊ ဦးတီခွန်မြတ်စတဲ့ KIO က ခွဲထွက် ခေါင်းဆောင်တွေ အပါအဝင် ၉ ဦးက လက်မှတ်ရေးထိုး ပေးပို့လိုက်တာပါ။

KIO က တန်းတူရေး ဆွေးနွေးလိုချိန် အစိုးရက အပစ်ရပ်လို

"ငြိမ်းချမ်းရေးဆွေးနွေးမှု ဆိုတဲ့နေရာမှာ အစိုးရဘက်က အပစ်အခတ် ရပ်ဆိုင်းရေးကိုပဲ ဆွေးနွေးတယ်။ ဒီအပစ်အခတ် ရပ်ဆိုင်းရေးလုပ်မယ်ဆိုရင် လွန်ခဲ့တဲ့ (၁၇) နှစ်ကာလ ပုံစံအတိုင်းပဲ ဆက်သွားမှာပဲ။ ဒါကြောင့် ကျနော်တို့ အမြဲတမ်း နိုင်ငံရေး ဆွေးနွေးမှု ဆိုတာကို ပြောဆိုနေတဲ့အဖွဲ့ဖြစ်တယ်။" ဟု ဦးလနန်ကပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့က တတိယ အကြိမ်မြောက် နှစ်ဘက် တွေ့ဆုံ ဆွေးနွေးပြီးနောက် သဘော တူညီမှုမရဘဲ ရပ်ဆိုင်းသွားခဲ့သည်။

“နိုင်ငံရေးဆွေးနွေးမှုဆိုတဲ့နေရာမှာ ပြည်ထောင်စုအရေးပါ။ တိုင်းရင်းသား အရေး၊ ဒီမိုကရေစီရေး၊ တန်းတူ အခွင့်အရေး ဆိုတာလည်းပါမယ်။ ပြည်နယ်တွေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ အချက်တွေ အားလုံးပါမယ်။
ဒါကြောင့် ပြည်ထောင်စုနဲ့ ပတ်သက်တဲ့ နိုင်ငံရေးဆွေးနွေးမှုကို ကျနော်တို့ လိုချင်တာပါ၊ နိုင်ငံရေး အနစ်သာရ ရှိရှိ ဆွေးနွေးတာ ဖြစ်စေချင်တယ်”ဟု ဦးလနန်က ပြောသည်။

သြဂုတ် ၁၈ ရက်နေ့ကက သမ္မတ ဦးသိန်းစိန်က “ငြိမ်းချမ်းရေးအတွက် တဖွဲ့ချင်းအလိုက် ပြည်နယ် အစိုးရ အဖွဲ့နှင့် ဆွေးနွေးနိုင်သည်ဟု ထုတ်ပြန်ကြေညာလိုက်ပြီးနောက် “ဝ”  ပြည်သွေးစည်း ညီညွတ်ရေး အဖွဲ့၊ မိုင်းလား အဖွဲ့တို့နှင့် ဗဟိုအစိုးရတို့ ပမာဏ သဘောတူညီချက် ရခဲ့ပြီး ဖြစ်သည်။

ထို့အပြင် ရှမ်းပြည်မြောက်ပိုင်းတပ်မတော်၊ ရှမ်းပြည်တောင်ပိုင်းတပ်မတော်၊ မွန်ပြည်သစ်၊ ကရင်အမျိုးသား အစည်းအရုံးနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား အစည်းအရုံးတို့နှင့် အောက်ခြေ အဆင့် ဆွေးနွေးခြင်းနှင့် ဆွေးနွေးရန် ကြိုးပမ်းနေမှုများ ရှိလာခဲ့သည်။

“တခြားအဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုဆိုတာကတော့ အပစ်အခတ် ရပ်ဆိုင်းရေးဆိုတဲ့ လက်မှတ်တခု ရေးထိုးနိုင်ဖို့ သူတို့ ကြိုးစားတာပါ။ ဒါဟာ အမှန်တကယ် ပြဿနာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်း မဟုတ်ပါဘူး၊ ဒါကြောင့် နိုင်ငံရေးဆွေးနွေးမှုကို ဘယ်လို စလုပ်မယ်ဆိုတာသာ ပိုပြီးအရေးကြီးတယ်”ဟု ဦးလနန်က မဇ္စျိမကို ပြောတယ်။

အင်္ဂါနေ့က  မြစ်ကြီးနား-ဗန်မော်လမ်းပေါ်ရှိ ဂါးရားယန်ကျေးရွာအနီးတွင် အစိုးရတပ်ဖွဲ့များနှင့် KIO တပ်မဟာ ၅ လက်အောက်ခံ တပ်ဖွဲ့များ လေး နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သူက ဆိုသည်။ အလားတူ ဗန်မော်ခရိုင် မိုးမောက်မြို့နယ် ခဝန်ဘန်ကျေးရွာ အနီးတွင်လည်း ငါးနာရီခန့်ကြာ တိုက်ခိုက်ကြသေးသည်။

နိုဝင်ဘာလ ၃ ရက်

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ပိုင် ဘူးဂါးကုမ္ပဏီမှ မလိချောင်း လျှပ်စစ်ဓါတ်ပေး စက်ရုံမှ သွယ်တန်းသည့် လျှပ်စစ်ဖြန့်ဖြူးရေး ဓာတ်အားလိုင်းတခု ယခုတပတ် အင်္ဂါနေ့ ညနေ ပိုင်းမှ စတင်၍ ပြတ်တောက် သွားရာ ပြင်ဆင်ရန် အနည်းဆုံး တပတ်ခန့် ကြာနိုင်သည်ဟု ဘူးဂါးကုမ္ပဏီ တာဝန်ရှိသူ တဦးက ပြောသည်။

“လိုင်းကြိုးတခု ပြတ်သွားတယ်။ ဒီနေ့သွားပြင်တာ မရသေးဘူး။ တပတ်လည်း ကြာသွားနိုင်တယ်”ဟု ဘူးဂါးကုမ္ပဏီ မှ တာဝန်ရှိသူ တဦးက ပြောသည်။

   “ မီးကြိုးကို ကျည်နဲ့ ပစ်ဖြတ်ခဲ့တယ်။ နောက်မီးကြိုး ပျက်တာကလည်း အစိုးရထိန်းချုပ်တဲ့ လုန်ဇက်ကုန်းပေါ်မှာ ပျက်သွားတာ။ ဒါကြောင့် မနေ့ညက တပ်မတွေကို ရှေ့တန်းကို ပို့တယ်။ အချိန်အတိုအတွင်းမှာ သူတို့ တပ်တွေ တိုးချဲ့တယ်” ဟု ဦးလနန်က ပြောသည်။

၂ဝဝ၆ ခုနှစ်မှစတင်၍ KIO ပိုင် ဘူးဂါးကုမ္ပဏီက မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ နှစ်ခုတွင် လျှပ်စစ် ဓါတ် အားပေးနေပြီး ဒဘတ်ချောင်း ရေအားလျှပ်စစ်ရုံမှ လျှပ်စစ်ဓါတ်အား ၉.၈ မဂ္ဂါဝပ်ကို ဖြန့်ဖြူး ပေးနေခဲ့သည်။


အစိုးရ နိုင်ငံရေးအမြတ်ထုတ်ဟု KIO စွပ်စွဲ

“နိုင်ငံတကာက သံတမန်ကိစ္စတွေ၊ ပုဂ္ဂိုလ်တွေ ရောက်နေကြတယ်။ ဒီလိုမျိုး စောင့်ကြည့်နေတဲ့ အချိန်မှာ သူတို့က လက်နက်ကိုင် အင်အားစုတွေ အားလုံးနဲ့ အဆက်အသွယ်ရှိပါတယ် ဆိုတဲ့ အနေနဲ့ ဟန်ရေးပြပေါ့ဗျ။ သံတမန်ရေး မှာ အမြတ်ထုတ်ဖို့ လုပ်တဲ့ကိစ္စလို့ပဲ လုံးဝခိုင်ခိုင်မာမာ သုံးသပ်တယ်ခင်ဗျ။”  ဟု KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန် က ပြောသည်။

KIO ထံ စာမပေးပို့မီ တရက်အလိုကပင် မြစ်ကြီးနားမြို့တွင် စစ်ဘက်လုံခြုံရေး-စရဖ က ကြိုတင် သတင်းဖြန့်ထားခဲ့ သည်ဟု ဆိုသည်။

ကချင်ဒေသ ရှေ့တန်း နယ်မြေထဲသို့ အစိုးရတပ် စစ်ကူများ ထပ်လွှတ်ရာ ဗုဒ္ဓဟူးနေ့ ညသန်း ခေါင်က မြစ်ကြီးနားသို့ ရောက်ရှိလာပြီး တိုက်ပွဲကြီးများဖြစ် လာနိုင် သည်ဟု ဦးလနန်က မျှော်လင့်နေသည်။

၁၉၉၄ ခု KIO အပစ်ရပ်စဉ်က နယ်မြေအတွင်းမှ ထွက်ခွာ သွားရသည့် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး-ABSDF နှင့် KIO က ပြန်လည် ပူးတွဲ လှုပ်ရှားမည် ဖြစ်သည်ဟု ဆိုသည်။

KIO အဖွဲ့ ဥက္ကဌ၏ နိုဝင်ဘာ ၁ ရက်နေ့တွင် ပြန်ကြားစာ၌မူ အပစ်ခတ် ရပ်ဆဲရေး မပြောတော့ဘဲ “ပြည်တွင်း စစ်နှင့် တိုင်းရင်းသား အရေးဖြေရှင်း နိုင်ရန် တန်းတူရေး ကို အခြေ ခံသော နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု များဖြင့် အစပြုသင့် ပါသည်။” ဟု ရေးထားသည်။

ဦးလနန်က “ပစ်ခတ်ရင်းနဲ့လည်း ဆွေးနွေးကြမယ်။ အပစ်ရပ်ဆိုင်းရေးလုပ်ပြီးမှပဲ ဆွေးနွေးပွဲ လုပ်မယ်ဆိုရင် အာမခံချက် မရှိတဲ့ ကိစ္စလို့ ကျနော်တို့ ပြန်သုံးသပ်မိတယ်လေ။” ဟုဆိုသည်။

“ကျနော်တို့ရဲ့ တွေ့ဆုံမှုကိစ္စတွေကြောင့် မဟာမိတ်တပ်ဖွဲ့ဖြစ်တဲ့ ABSDF အပေါ်မှာ အရင်တုန်းက လို ထိခိုက်နစ်နာစေတဲ့ ကိစ္စမျိုး ပေါ်လာစရာ အကြောင်းမရှိဘူး။” ဟု ဦးလနန်က ပြောသည်။


အောက်တိုဘာလအတွင်းက KIO ထိန်းချုပ်နယ်မြေအနှံ့ တိုက်ပွဲပေါင်း ၁၆၄ ကြိမ်ဖြစ်ပွားခဲ့ပြီး ဗဟိုဌာနချုပ် စိုက်သည့် တပ်မဟာ-၅၊ တပ်မဟာ-၃ မိုးမောက်မြို့နယ်၊ တပ်မဟာ-၄ ရှမ်းပြည် နယ်မြောက်ပိုင်း မူဆယ်-ကွတ်ခိုင် တို့တွင် တိုက်ပွဲများ အဖြစ်များသည်ဟု သိရသည်။

အစိုးရက ကေအိုင်အိုကို ငြိမ်းချမ်းရေး ထပ်မံကမ်းလှမ်း

စစ်မက်အပြင်းအထန် မပေါ်ပေါက်မီ ငြိမ်းချမ်းရေးပြုလုပ်ဖို့ ဦးဇောင်းဟရား အနေနဲ့ ဦးသိန်းဇော်နဲ့ လက်တွဲဆောင်ရွက်ဖို့ စာမှာ ကမ်းလှမ်းခဲ့တာလို့ K.I.A ပြောခွင့်ရသူ ဦးလနန်းက ပြောပါတယ်။

 “သူရေးထားတာက ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို စတင်နိုင်ရေး ဆိုပြီး ရေးထားတယ်။ အမှန်တကယ် ကျနော်တို့ ဒီအဖွဲ့အစည်းကတော့ ပြည်နယ်အဆင့်တွေနဲ့တွေ့တာ သုံးကြိမ်ရှိသွားပြီ။ ဒါပေမယ့် ဘာမှ ခိုင်မာတဲ့ ဆုံးဖြတ်ချက် တခုကိုမှ အကောင်အထည် ပေါ်လာတာမျိုး ဆုံးဖြတ်ချက် ချနိုင်တာမျိုး မရှိသေးဘူး။ ဒါက ဦးသိန်းဇော်ရေးလာတဲ့စာပါ။

“အဲ့လို စာရေးလာတဲ့အတွက်ကြောင့် ကျနော်တို့ဘက်ကလည်း ဦးသိန်းဇော်ကို စာပြန်ကြားလိုက်တယ်။ အဲဒီစာကတော့ ကျနော်တို့ ကေအိုင်အိုရဲ့ သဘောထားပါပဲ။ အဲဒီထဲမှာပါတဲ့ အကြောင်း အရာတွေကတော့ ပြည်တွင်းစစ်နဲ့ တိုင်းရင်းသားအရေး ဖြေရှင်းနိုင်ဖို့နဲ့ တန်းတူအရေးကို  အခြေခံတဲ့ နိုင်ငံရေးဆွေးနွေးမှု လုပ်သင့်တယ် ဆိုတဲ့ဟာကို ကျနော်တို့ အကြံပြုထားတယ်။ နောက်တခုကတော့ အခုနိုင်ငံတော်အစိုးရ အသစ်အနေနဲ့ လက်ရှိဖြစ် ပွားနေတဲ့ ပြည်ထောင်စု အရေး၊ ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေးများကို နိုင်ငံရေး အရ ဖြေရှင်းလိုတဲ့ ဆန္ဒရှိကြောင်း၊ ခိုင်ခိုင်မာမာ ဖော်ပြပြီးတော့ ယုံကြည်မှုတည်ဆောက်ဖို့ လိုတယ်ဆို တဲ့အကြောင်း အဲဒါက ကျနော်တို့ အကြံပြုတဲ့ အချက်တွေပါ။

 “ပြည်တွင်းမှာဖြစ်နေတဲ့ ပြည်တွင်းစစ်တွေကို နိုင်ငံရေးနဲ့ မဖြေရှင်းဘဲနဲ့ စစ်ရေးနဲ့ ဖြေရှင်းတဲ့ အတွက်ကြောင့် ပြည်တွင်းစစ်ဟာ ကာလကြာရှည်မယ်၊ ထာဝရတည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကလည်း မရဘူး။ ဒါကတော့ နိုင်ငံရေးနဲ့ မဖြေရှင်းတဲ့ အတွက်ကြောင့် ဖြစ်တယ်ဆိုတဲ့ အကြောင်းတွေပါ။ နောက်ဆုံးတခုကတော့ ဒီပြည်ထောင်စု အရေး ဆိုတာက တိုင်းရင်းသားအရေး၊ နိုင်ငံသား အားလုံးနဲ့ သက်ဆိုင်တဲ့အရေး ဖြစ်တဲ့အတွက်ကြောင့် ပြည်တွင်းစစ် ဖြစ်ပေါ်လာရခြင်း အကြောင်း တရားများကို သေချာစွာ သုံးသပ်ပြီးတော့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးကို ပြည်ထောင်စုအဆင့် တပြေးညီ ဆောင်ရွက်သင့်တဲ့ အကြောင်းကို ပြန်ကြားထားတယ်။”

အောက်တိုဘာလ “ ၂၉ ရက်နဲ့ ဦးသိန်းဇော် ရေးတဲ့ ပေးပို့တဲ့နေ့မှာပဲ ကျနော်တို့ရဲ့ ကချင်ဒေသ ရှေ့တန်းတွေမှာ သူတို့ chemical weapon (ဓာတုလက်နက်) စပြီး အသုံးပြုလာတယ်ခင်ဗျ။ ၂ နေရာ ၃ နေရာလောက် စပြီး အသုံးပြုလာတယ်။ နောက်ပြီးတော့ သူရေးသားပေးပို့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့မှာ မကွေးမှာရှိတဲ့ တပ်မ ၈၈ ကို စပြီးတော့ ကချင်ပြည်နယ်ကို လွှတ်နေကြပြီ။

“ဒါပေမယ့် အဲဒီစာရေးပေမယ့် တဖက်မှာ စစ်ရေးအနေနဲ့ တပ်တွေ၊ တပ်မတွေ လွှတ်နေတာ ရှိတယ်။ အခု တပ်မ ၇၇ လည်း သူတို့ လိုအပ်ရင် လိုအပ်သလို ဒီဘက်တက်လာ အစီအစဉ် အဆင်သင့် လုပ်နေတယ်လို့ အခိုင်အမာ သတင်း ရတယ်ခင်ဗျ။ ဒါကြောင့်မို့ သူတို့ လုပ်တဲ့ ကိစ္စက ဘာလဲဆိုတော့ အမှန်တကယ်လည်း နိုင်ငံရေးနဲ့ ဖြေရှင်းဖို့ ဆန္ဒလည်း မရှိဘူး။ ငြိမ်းချမ်းရေးဆိုတဲ့ ကိစ္စလည်း သူတို့ အပေါ် ယံပြောနေတာ ဖြစ်တယ်။ တဖက်မှာတော့ စစ်ရေးပြင်ဆင်မှုတွေ နောက် ဓာတုလက်နက်သုံးလာတဲ့ ဟာတွေက အရှိန်မြှင့်လာ တယ်ခင်ဗျ။ ဒါကြောင့် သူတို့က သူတို့ရဲ့စာ ပေးပို့တဲ့ အပေါ်မှာ ဘာမှ မျှော်လင့်ချက်ကတော့ မရှိပါဘူး။ မျှော်လင့်စရာလည်း ဘာမှ မရှိပါဘူးခင်ဗျ။ သူတို့ရဲ့တပ်တွေ လှုပ်ရှားမှု ရှိတဲ့အခါတိုင်းမှာ တိုက်ပွဲတွေကတော့ ရှိနေဆဲပါ။ တိုက်ပွဲက လျော့သွားတာမျိုးတော့မရှိဘူး။ သူတို့ရဲ့ တပ်လှုပ်ရှားမှု ရှိတဲ့အလျောက် တိုက်ပွဲကတော့ ရှိတယ်။ သူတို့တပ် လှုပ်ရှားမှုလျော့ရင် အဲဒီနေ့မှာ တိုက်ပွဲအရေအတွက်က လျော့မယ် အဲဒီလိုပါ။ မနေ့ကလည်း ဖြစ်တာပဲ။ နေ့စဉ် ရက်ဆက် တိုက်ပွဲ ကတော့ ပြင်းပြင်းထန်ထန် ရှိပါတယ်။ တပ်မဟာ ၄ ဘက်မှာလည်း မနေ့ကစပြီးတော့ တပ်ရင်း ၃၆၊ ၃၈ ဘက်မှာ တိုက်ပွဲတွေက အပြင်းအထန် ရှိတယ်ခင်ဗျ။”

 “ငြိမ်းချမ်းမှု ဆိုတာထက် နိုင်ငံရေး ဆွေးနွေးမှုကို လိုချင်တဲ့ သဘောဆန္ဒတွေကို စာနဲ့ ရေးပြီတော့ အကြောင်းပြန်လိုက်တယ်၊ ဘယ်လိုတွေ့ရအောင်၊ ဆုံရအောင်၊ ပြောဆိုရအောင် ဘာမှ မပါဘူး”ဟု KIO တွဲဖက် အတွင်းရေးမှူး ဦးလနန်က ဧရာဝတီသို့ ပြော သည်။

ယင်းစာပေးပို့မှုသည် လတ်တလော မြန်မာနိုင်ငံသို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာတီ နာတာလီဂါဝါ၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဗီဂျေ နမ်ဘီယာ၊ အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာအထူး ကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး မစ္စတာ ဒဲရက် မစ်ချယ်တို့ ရောက်ရှိနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

“ဒီလိုမျိုး ပုဂ္ဂိုလ်တွေ လာတဲ့အချိန်မှာ သူကတော့ ဒီလက်နက်ကိုင် အင်အားစုတွေနဲ့ အဆက် အသွယ် လုပ်ပြီးတော့ ငြိမ်းချမ်းရေးရ အောင် ပြုလုပ်နေကြပါတယ်ဆိုတဲ့ ဟာမျိုးကို လုပ်တယ်လို့ပဲ မြင်တယ်” ဟု ဦးလနန်က ရှင်းပြသည်။

ဤအတောအတွင်း ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်တွင် အစိုးရ ခြေလျင်တပ်ရင်း (ခမရ) အမှတ် ၃၂၁ တပ်ဖွဲ့က နယ်မြေရှင်းလင်း ရေး ပြုလုပ်ခဲ့ရာ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲများကြောင့် KIAက မြစ်ကြီးနားမြို့ပေါ်သို့ ပေးထားသော လျှပ်စစ် ဓာတ်အားများ ပြတ်တောက် သွားပြီး ဓာတ်ဆီ နှင့် မီးစက်များ ဈေးတက် သွားကြောင်း ဒေသခံများက ပြောသည်။

KIO ခေါင်းဆောင်များက ယခင်စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးပြုလုပ်ခဲ့သည့် နောက်ပိုင်း ထိုလျှပ်စစ်ဓာတ်အားကို မလိချောင်း ရေအားလျှပ်စစ်မှ ထုတ်ယူခဲ့ပြီး၂၀၀၅ – ၂၀၀၆ ခုနှစ်က ကချင်ဒေသရှိ ပြည်သူများကို လျှပ်စစ်ဓာတ်အား စတင် ဖြန့် ဝေပေးခဲ့ကြောင်း သိရသည်။

ဦးလနန်က“သက်ဆိုင်ရာကလည်း ဒီကစ္စကို အမြန်ဖြေရှင်ပေးပြီးတော့ လုပ်တော့လုပ်မယ် ထင်တယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့ ဌာနဆိုင်ရာတွေရော ဒီမီးကိုပဲ အားကိုးပြီးတော့ သုံးနေကြတယ်၊ ဒီမီးကို အကြာကြီး အပျက်ခံလိမ့်မယ်လို့ မထင်ဘူး”ဟု ဆို သည်။

နိုင်ဝင်ဘာလ ၄ ရက် သတင်း

ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ တရုတ်နယ်စပ်အနီး ခိုင်ဘန်ရွာမှ ကချင်အမျိုးသမီး ဆွမ်းလွတ်ရွယ်ဂျား အသက် ၂၈ နှစ်ရှိပြီး အသက် ၁၄ လ အရွယ် နို့စို့သမီးတစ်ဦး၏ မိခင် အား အောက်တိုဘာ ၂၈ ရက်တွင် လွယ်ဂျေ မြို့နယ်ခွဲ မို့ဘွမ် (Mu Bum) တွင် လက်ရှိ တပ်ချနေတဲ့ ရွှေညောင်ပင် (၀ိုင်းမော်) နယ်မြေခံ ခမရ (၃၂၁) မှ စစ်သားများက ဖမ်းဆီးထားကာ လိင်ကျွန်အဖြစ် စေခိုင်း နေကြောင်း ၊ သူမကို ယနေ့ နိုဝင်ဘာလ ၄ ရက် နေ့ ထိ ပြန်လွတ်လာ ခြင်းမရှိသေးဟု ဆွေမျိုးများ ပြောသည်။

ရွယ်ဂျားအတွက် စိုးရိမ်ကြောင်း ထိုင်းအခြေစိုက် ကချင် အမျိုးသမီး အစည်းအရုံး KWAT က သောကြာနေ့က ပြောဆိုလိုက်ပြီး လွှတ်ပေးရန် တောင်းဆိုလိုက်သည်။

ဒေါ်ဆွမ်လွတ်ရွယ်ကို ထိန်းသိမ်းထားပြီး အဓမ္မပြုကျင့်နေသည်ဟု KWAT က စွပ်စွဲထားသည်။

“ကျမတို့ သွားကြည့်တဲ့ ၃၁ ရက်နေ့မှာ သူ့အရင် အင်္ကျီမဝတ်တော့ဘူး။ ညနေ ၄ နာရီလောက်မှာ စစ်သား လေးဦး က သူ့ကို စခန်းမှာ တူးထားတဲ့ လှိုဏ်ခေါင်းပေါက်ထဲကို တွဲခေါ်သွားတယ်။ နောက်နေ့ ၁ ရက်နေ့မှာ သူ့ကို မတွေ့ ရတော့ဘူး၊။” ဟု KWAT ၏ မိုင်ဂျာယန် အဖွဲ့ခွဲမှ ဒေါ်မိုင်းဂျာက ပြောသည်။

နိုဝင်ဘာလ ၂ ရက်နေ့ ဂါးရာယန်ကျေးရွာ နှစ်နေရာတွင် ဖြစ်ပွားခဲ့တဲ့ K.I.A နှင့် စစ်အစိုးရ စစ်တပ် ခလရ (၅၈)၊ နမ္မတီး အခြေစိုက် ခမရ (၃၉၀) နှင့် တိုက်ပွဲမှာ အစိုးရဘက်မှ အနည်းဆုံး ၁၆ ဦး သေဆုံးကြောင်း ဒေသခံများပြောသည်။

လုံဇက်ပ်ကောင် (Lung Zep Kawng) တိုက်ပွဲတွင်  ၁၀ ဦးကျဆုံးပြီး ဂါးရာယန် ကျေးရွာတွင် ၆ ဦး ကျဆုံး ခဲ့သည်။

ယခုအချိန်ထိ ယင်း အစိုးရစစ်ကြောင်း ထိုးစစ်အား KIA တပ်ရင်း (၃) စစ်သားများနှင့် အရပ်သား တပ်ဖွဲ့များမှ အခိုင်အမာ ခုခံနေကြောင်း ဒေသခံများပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလက ၂၉ ရက်က စတင်ပြီး စစ်အစိုးရဘက်မှ ဓါတုလက်နက် (အဆိပ်ငွေ့) များဖြင့် KIA ကို အနည်းဆုံး (၃) ကြိမ် တိုက်ခိုက်ခဲ့သည်။

စစ်တပ်မှ အမျိုးသမီးငယ် ၃ ဦးကို အဓမ္မကျင့်သတ်ဖြတ်

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်ဖဲပါရွာမှ အမျိုးသမီးငယ် ၃ ဦးအား ခလရ (၂၉၀) တပ်ရင်မှူး လက်အောက်ခံ တပ်များမှ ပြီးခဲ့သည့်အပတ်က မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည်ဟု ဒေသခံ တစ်ဦးက ကေအိုင်စီကို ပြောသည်။

“ရွာက တရုတ်ရွာဗျ။ အသတ်ခံရတာကလည်း တရုတ်အမျိုးသမီးလေးတွေပါ။ မုဒိမ်းကျင့်ထားတဲ့ လက္ခဏာလည်း တွေ့ရ တယ်လေ။ ရွာကလူတွေက ဖြစ်ဖြစ်ချင်း ရဲစခန်းတိုင်ဖို့ လုပ်ကြသေးတယ်။ တိုင်ရင် စစ်တပ်က လာနှိပ်စက်ဦးမယ်ဆိုပြီး မတိုင် ဖြစ်တော့ဘူး။” ဟု ၎င်းဒေသခံက ဆက်ပြောသည်။

အသတ်ခံရသော အမျိုးသမီးလေးများမှာ အသက် ၁၇နှစ်အရွယ်သာ ရှိသေးကြောင်းလည်း သိရသည်။
၎င်းစစ်တပ်သည် ၂၅ရက်နေ့က ထိုနမ့်ဖဲရွာ မရောက်မှီ စစ်ကြောင်းချီရာ လမ်းပေါ်ရှိ နမ့်တောင်နှင့် မုန်းပေါ်ရွာကြားရှိ ကောင်း ခါးရွာကိုလည်း ၀င်ရောက်ကာ ရွာထဲရှိ ကြက်များကို ယူဆောင်သွားကြောင်း သိရသည်။

“အိမ်တိုင်းကိုဝင်ပြီး မွေးထားတဲ့အကောင်တွေ ယူတာ။ အိမ်တအိမ်ကတော့ မီးဖွားပြီးစ အမျိုး သမီး တစ်ယောက်ထဲနေတာ။ ကြက်မွေးထားတာ မရှိဘူးလို့ပြောတော့ တံခါးအတင်းဖွင့်ပြီး အိမ်ထဲက ပစ္စည်းတွေယူ သွားတာပဲလေ။” ဟု ရွာခံတစ်ဦးက ပြော သည်။

ပြီးခဲ့သည့် အောက်တိုဘာလကလည်း မြစ်ကြီးနား-ဗန်းမော်သွား ကားလမ်းအနောက်ဖက်ခြမ်း ရှဒပါရွာတွင် တရုတ်အမျိုးသမီး ၃ ဦးအား အစိုးရစစ်သားများက အဓမ္မပြုကျင့်ခဲ့ကြသည်။

နိုဝင်ဘာလ ၅ ရက် သတင်း

ယမန်နေ့ည ၃ နာရီက မြစ်ကြီး နားမြို့နယ် တာလောကြီး နှင့် ၁၅ မိုင်ဝေးသည့် နဆိုင်းခထုံ ကျေးရွာမှ အမျိုး သမီးကြီး ၄ ဦးကို စစ်အစိုးရ စစ်တပ်က ဒေါ်အင်ဗွေး၊ ဒေါ်ကော့ရှောင်၊ ဒေါ်လဖိုင်ထူနှင့် ဒေါ်မရန်လု တို့အား ခေါ်ဆောင်သွားရာမှာ ယနေ့ ညနေထိ မည်သည့် ရည်ရွယ်ချက်နဲ့ ခေါ်ဆောင်သွားပြီး မည်သည့်နေရာမှာ ထားရှိတယ်ဆိုတာ မသိ ရသေး ဘူးလို့ ဒေသခံနဲ့ အဆက်အသွယ်ရသူ တဦးက မိုးမခသို့ပြောသည်။

တာလောကြီးတွင် အခြေချသည့် ခလရ ၁၄၁ နှင့် ခလရ ၂၁၂ မြန်မာအစိုးရတပ်ရင်း ၂ ရင်းရှိ၍ ယင်းရွာသို့ လာရောက် ခေါ်ဆောင်သွားသည့် အစိုးရတပ်မှာ မည်သည့် တပ်ရင်းမှ ဖြစ်သည်ကို တိကျစွာ မသိရှိဟု ပြောသည်။

0 comments: