Friday, November 18, 2011

မြန်မာ့နိုင်ငံရေး ဇာတ်ခုံအခင်းအကျင်း ဆွေးနွေးပွဲ

Friday, November 18, 2011

K.I.A စစ်တက္ကသိုလ်မှ ဗိုလ်လောင်းများ

အယ်ဒီတာ။    ။ ဗိုလ်မှူးကြီးရယ် ယခုဆွေးနွေးမည့် တိုင်းရင်းသား ကိစ္စ၊ အထူးသဖြင့် K.I.A နှင့် K.N.U ကိစ္စအပေါ် သူတို့ ဘယ်လို မဟာဗျူဟာခင်းထားနေကြတယ် ထင်လဲ?

ဗိုလ်မှူးကြီး။    ။ အစိုးရက အိန္ဒိယကို အရင်သွားတယ် K.I.A ကို မကူညီဖို့ပြောတယ်။ နောက် တရုတ်ကို ၈ လုံး (ဒုသမ္မတ) လွှတ်ပြီး နယ်စပ်မှာ တပ်တွေပိတ်ထားဖို့ တောင်းဆိုတယ် ထင်တယ်။ ခက်တာက  တရုတ်က မြစ်ဆုံကိစ္စ ပျက်ရတာဟာ K.I.A ကြောင့် ဆိုပြီး နာကြည်းနေဟန် တူတယ်ဗျား။ K.I.A ရဲ့ ဖွဲ့စည်းပုံသဏ္ဍန်က အနောက်တိုင်း စတိုင်ဖြစ်နေတော့  နီးစပ်ထိတွေ့မှုက တရုတ်နဲ့ အသွင်မတူတဲ့ အနေအထားရှိနေတာကိုး၊ တရုတ်က ကွန်မြူနစ်ဖြစ်နေတော့ ပိုဆိုးတာပေါ့။ K.I.A စစ်တပ်ဖွဲ့စည်းပုံကလည်း စနစ်ကျတာမို့ အမေရိကန် အင်္ဂလိပ် Trainning အတိုင်းဖြစ်တယ်။

အယ်ဒီတာ။    ။ အစိုးရက D.K.B.A နဲ့ K.N.U ဆွေးနွေးနေတာဟာ သဘောရိုး အစစ်အမှန်ထက် အခြားဘာအကြောင်းများရှိသလဲ ဗိုလ်မှူးကြီး။

ဗိုလ်မှူးကြီး။    ။ မြန်မာပြည်ရဲ့ အရှေ့ပိုင်းနဲ့ တောင်ပိုင်းကို ငြိမ်းချမ်းရေးရယူပြီး စစ်မျက်နှာ ကျုံ့သွားအောင် စစ်နည်းဗျူဟာ အခင်းအကျင်း ပြင်နေတဲ့သဘောပေါ့ကွား။ D.K.B.A နဲ့ K.N.U ကိုတောင်မှ ထိတွေ့ ဆက်ဆံပုံ အဆင့် ခွဲခြားပြီး ဖြစ်နိုင်ရင် ဒုက္ခအရင်ပေးမဲ့ D.K.B.A ကိုသာ ဆွဲခေါ်တဲ့ သဘောပေါ့။
 
အယ်ဒီတာ။    ။ ဒါဆိုရင် ဗိုလ်မှူးကြီး K.I.A နဲ့ ပတ်သက်လို့ အစိုးရက စစ်ဆင်ရေးလုပ်လာမယ်ဆိုရင် K.I.A မှ ဘယ်လို ပြင်ဆင်သင့်တယ်လို့ ထင်သလဲ။

ဗိုလ်မှူးကြီး။    ။ K.I.A အနေနဲ့ ကုလားနဲ့ တရုတ်ကို ယုံကြည်မှု မရှိသင့်ဘူး။ စီးပွားရေး မျက်နှာကိုဘဲ ကြည့်တာမို့ ဥရောပ အီးယူနိုင်ငံများရဲ့ ထောက်ခံအားပေးမှုကို စည်းရုံးဆောင်ရွက်သင့်တယ်။ ကချင်ပြည်နယ်ရှိ လူမျိုးများအားလုံး စည်းလုံးညီညွတ်မှုကို ခိုင်မာသည်ထက်ခိုင်မာအောင် တည်ဆောက်သင့်တယ်။ ကချင်လူမျိုးအတွက်သာမဟုတ် မြန်မာအပါအဝင် ပြည်သူတွေနဲ့ တိုင်းရင်းသားတွေအားလုံးက K.I.A အပေါ် ထောက်ခံအားပေးလာရင် အစိုးရ လုပ်ချင်တိုင်း လုပ်လို့မရတော့ဘူး။ မြန်မာစစ်တပ်မှာတောင်မှ ကချင် သေနတ်ကိုင် တပ်ရင်း (၁)မှ (၅) အထိရှိခဲ့ပြီး နာမည်ကြီးတိုက်ပွဲတွေမှာ အားကိုးရတဲ့ အခြေအနေထိ ရှိခဲ့တာမို့ ဒို့တပ်မတော်သားတွေလည်း စဉ်းစားသင့်တယ်။ ငါ့တပ်ရင်းက ကချင်အရာခံဗိုလ် တစ်ယောက်ဟာ ဆိုရင် တောပစ်ကျွမ်းလို့  တပ်ရင်းတစ်ရင်းလုံးက ငတ်ပြတ်ချိန်မှာ တောကောင်တွေ မှီဝဲရလို့ ကျေးဇူးတင်မဆုံးရှိခဲ့တယ်။ ဒါ့အပြင် နယ်မြေအနံ တောလိုက်ခဲ့လို့ ရန်သူ့သတင်းတောင် ရခဲ့သေးတယ်။ မုဆိုး၊ အမဲလိုက် ခြေရာခံ၊ ခြေရာကောက်နည်းဗျူဟာ ဖြစ်တာမို့ အနားပတ်ဝန်းကျင် ရန်သူ မကပ်ရဲတာတွေ့ရတယ်။ ဒါတွေအားလုံးဟာ ပြည်ပ ကျူးကျော်စစ်ဆိုရင် သိပ်ပြီးကောင်းမှာဘဲ။ အချင်းချင်းမို့ စိတ်မကောင်းစရာတွေ တွေ့နေရတယ်။
 
အယ်ဒီတာ။    ။ ကျွန်တော်လည်း ကြားဖူးတာက ကချင်တပ်ရင်းမှူး ဗိုလ်မှူးကြီး ဒါရှီဂမ်ဆိုရင် ရှေ့တန်းနယ်မြေမှာ ရန်သူခန့်မှန်းလို့ မရဘဲ ရုတ်တရက် ပေါ်လာတတ်လို့ ဆယ်မိုင်ဝန်းကျင် ရှောင်နေရတယ်ကြားတယ်။ အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ N.L.D အပေါ် ဘယ်လို မဟာဗျူဟာ အခင်းအကျင်း ထားနိုင်သလဲ။

ဗိုလ်မှူးကြီး။    ။ ကျွန်တော် စောစောက ပြောသလို ဒီမိုကရေစီ ပိုကာ မ ဒေါင်းအောင် ပစ်ဖဲတွေကို တတ်နိုင်သမျှ ထိမ်းပစ်မှာဘဲ။ နိုင်ငံရေး အသိုင်းအဝိုင်းထဲကို သူတို့အား ဆွဲခေါ်ရင် လွှတ်တော်ထဲမှာ နေရာဦးစွာပေးရမယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ်များ အနည်းအကျဉ်းသာ ရှိတာမို့ N.L.D နိုင်ရင်လည်း လွှတ်တော်မှာ ကြံ့ဖွံ့လွှတ်တော်အမတ် အများစုကို နိုင်ဖို့ မလွယ်ဘူး။ အခက်ဆုံးက လွှတ်တော်ထဲမှာ နေရာရရင် အစိုးရနှင့် ပူးတွဲ အုပ်ချုပ်ဖို့ဆိုတာက ဒေါ်အောင်ဆန်းစုကြည်အား ဘယ်လိုရာထူးအဆင့်မျိုးမှာ ပေးမလဲ ဆိုတာ ပြဿနာဘဲ။
 
အယ်ဒီတာ။    ။ တချို့က တိုင်းနဲ့ပြည်နယ် ဒေသကြီး ဝန်ကြီးချုပ် မရနိုင်သလို ဝန်ကြီးဆိုပြန်ရင်လည်း နိမ့်နေတာကြောင့် ထားရအခက်ကြီးဖြစ်တယ်။ ကျွန်တော်တို့အဖွဲ့ ယူဆတာကတော့ ဒုသမ္မတ ရာထူးဆိုရင် ဖြစ်နိုင်မလားဆိုတာ ဆွေးနွေးကြည့်ပါအုံး။

ဗိုလ်မှူးကြီး။    ။ ဒါဆိုရင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်ပြင်မှရမယ်။ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက နိုင်ငံတော်ရဲ့ အာဏာအရှိဆုံး အဖွဲ့အစည်းဖြစ်တယ်။ အမျိုးသား ကာကွယ်ရေးနှင့်  လုံခြုံရေး ကောင်စီ (၁၁) ဦးမှာ စစ်တပ်ကသာ လွမ်းမိုးနေပြီး ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒုသမ္မတဖြစ်မှသာ ပါဝင်ခွင့်ရမှာဖြစ်တယ်။ အဲဒီဥပဒေအရ သမ္မတလောင်း (၃) ဦး သာ ထားရှိပြီး ဒေါ်အောင်ဆန်းစုကြည် ပါစေချင်လျှင် သမ္မတလောင်း (၄) ဦး ဖြစ်သွားရပါမယ်။ ဒါကြောင့် သမ္မတတစ်ဦးနဲ့ ဒုသမ္မတသုံးဦးဆိုလာလျှင်  အရေအတွက် ဖေါင်းပွလွန်းတယ်။ အခြေခံဥပဒေကို မပြင်ချင်ရင် အဖြစ်နိုင်ဆုံးကတော့ လက်ရှိဖွဲ့စည်းပုံအရ သမ္မတလောင်း (၃) ဦးသာ ဆက်လက်ထားရှိပြီး စစ်တပ်က တင်တဲ့ ဒုသမ္မတ ၈ လုံး ( တင်အောင်မြင့်ဦး) ထွက်ရင်ထွက်၊ ဒါမှ မဟုတ် နောက်ဒုသမ္မတ တစ်ဦးဖြစ်တဲ့ ဒေါက်တာစိုင်းမောင်ခမ်း နေရာဖယ်ပေးရင်ပေး၊ နိုင်ငံရေး ဇာတ်ခုံမှာ ပွဲကြမ်းရမလို ဖြစ်နေတယ်ဗျ။ ဦးသိန်းစိန်ရဲ့ ပိုကာဖဲချပ်ကို ပြန်ပြင်ရမလို ဖြစ်နေတယ်။ အဲဒီလို ဒုသမ္မတတွေကို ဖယ်ရှားစေချင်ရင်  အကြောင်းပြချက် ခိုင်လုံမှသာ ကောင်းမယ်ထင်တယ်။ ဒါကြောင့် ဦးသိန်းစိန်အဖို့ ခေါင်းခဲစရာဖြစ်နေတယ်။
 
အယ်ဒီတာ။    ။ အခုလို ဆွေးနွေးသွားတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ လုံခြုံရေး ဂရုစိုက်ပေးပါခင်ဗျား။

From -စည်းလုံးခြင်းရဲ့ အင်အား

0 comments: