Saturday, December 03, 2011

ကချင်နယ်မြေ၊ သိန်းစိန်အစိုးရ၊ ကလင်တန်၊ ပြည်သူလူထု

Saturday, December 3, 2011

Kachin Independence Army

ကချင်ပြည်နယ် မိုးကောင်း - ဖါးကန့်သွားတဲ့လမ်း နမ့်ယားနှင့် မအူပင်ရွာကြားတွင် ဒီဇင်ဘာ (၂) နေ့ မနက် (၈) နာရီ ဝန်းကျင်တွင် သိန်းစိန်အစိုးရ စစ်ကား (၃) စီးဟာ ရှေ့တန်းတွင် စစ်ကူပေး၊ အခြေချဖို့ရန် ချီတက်လာတဲ့  ခလရ (၃၈၆) အား ကေအိုင်အေ တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၆) မှ  ခြုံခို တားဆီး တိုက်ခိုက်ခဲ့ရာ စစ်ကား (၂) စီး ပျက်ဆီးသွားပြီး တစ်စီးမှာ ပြန်လည် ဆုတ်ခွာသွားကြောင်း သတင်း ရရှိပါတယ်။ ဤတိုက်ပွဲတွင် ဗမာစစ်တပ်ဘက်မှ စစ်သား (၅) ဦးသေဆုံးပြီး၊ (၅) ဦး အပြင်းအထန်ဒဏ်ရာ ရရှိသွားကြောင်းနှင့် ဗမာစစ်တပ်၏ ပစ္စတို တစ်လက်၊ အမ်အေ-၄ သေနတ် (၇) လက်၊ လက်နက်ကြီးတစ်လက်နှင့် ကျည်များကို ကေအိုင်အေဘက်မှ သိမ်းဆည်းရမိကြောင်း သတင်းရရှိပါတယ်။

ယခုချိန်တွင် ကချင်ပြည်နယ် အနောက်ဘက်သို့လည်း သိန်းစိန်အစိုးရ စစ်တပ်အင်အားများ ပိုမိုတိုးချဲ့နေပြီး နေ့တိုင်း တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရှိရပါတယ်။

နိုဝင်ဘာ ၂၉ ၊ ၃၀ ရက်တွင် ကေအိုင်အိုနှင့် သိန်းစိန်အစိုးရ တရုတ်နိုင်ငံ ရွှေလီမှာ တွေ့ဆုံ ဆွေးနွေး ခဲ့ပေမယ့် ရေရာတဲ့ အဖြေမရရှိဘဲ တိုက်ပွဲများမှာ ပိုမိုပြင်းထန်လာပြီး သိန်းစိန်အစိုးရ စစ်တပ် တပ်မများလည်း ကချင်နယ်မြေနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းသို့ အင်အား ဖြည့်တင်းလျက် ရှိနေပါတယ်။

ကေအိုင်အိုရဲ့ ဆွေးနွေးတင်ပြမှုဟာ ဒီပြဿနာသည် နိုင်ငံရေးကြောင့် ဖြစ်ပေါ်လာတဲ့ အတွက် နိုင်ငံရေး နည်းနဲ့သာ ဖြေရှင်းသွားမယ် ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း တင်ပြသွားပြီး ဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် ပြည်သူလူထုများမှာ ဆင်းရဲ့ဒုက္ခမျိုးစုံနှင့် ခံစားနေရပါတယ်။ ယခုချိန်တွင် စစ်ပြေး ဒုက္ခသည်ဟာ ငါးသောင်း (၅၀၀၀၀) ကျော်ရှိလာပြီဖြစ်တယ်လို့ စစ်ပြေး ဒုက္ခသည် ကူညီ စောင့်ရှောက်ရေး အဖွဲ့များရဲ့ ပြောဆိုချက်အရ သိရှိရပါတယ်။ ချမ်းအေးလွန်းတဲ့ ဆောင်းရာသီမှာ အဝတ်၊ အနွေးထည်၊ စောင်၊ ဆေးဝါး၊ အစားအစာ စသည်.. စသည် များစွာ လိုအပ်နေကြောင်း သိရှိ ရပါတယ်။

ရှေ့တန်းနယ်မြေ၊ ကျေးရွားများမှ ကချင် အမျိုးသမီးများမှာ သိန်းစိန်အစိုးရ စစ်တပ်ရဲ့ မဒိန်း ကျင့်ခြင်းများကို ခံစားနေရကြောင်း သိရပါတယ်။ ဆွမ်းလွတ်ရွယ်ဂျားလည်း ယနေ့ထိ မလွတ် လာသေးကြောင်း၊ သတ်လိုက်ပြီလား၊ အသက်ရှင်နေသေးသည်လား အတိအကျ မသိရသေးသဖြင့် တာဝန်ရှိတဲ့သူ အားလုံး ဝိုင်းဝန်း ကူညီဖို့ လိုအပ်နေပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ဟာ မြန်မာနိုင်ငံမှာ ရောက်ရှိနေပြီး သိန်းစိန်အစိုးရနှင့် တခြား နိုင်ငံရေး အဖွဲ့အစည်းများကို တွေ့စုံနေပေမယ့် တိုင်းရင်းသားအရေး၊ အထိုးသဖြင့် ယခု ဖြစ်ပွားနေတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေနှင့် သိန်းစိန်အစိုးရ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို ဘယ်လို လုပ်ဆောင်မယ်ဆိုတာကို မသိရသေးပါ။

W.P Moses

0 comments: