Wednesday, January 04, 2012

K.I.A အား တိုက်နိုင်မည့် မဟာဗျူအလားအလာ

|0 comments
 Wednesday, January 4, 2012

 

အစိုးရဟာ ဒီဇင်ဘာလအတွင်း လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များထဲမှ အင်အား အကောင်းဆုံး အဖွဲ့တွင် ပါဝင်ကြတဲ့ KNU နဲ့ NMSP တို့ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြင့် ဆွဲဆောင် ထိန်းချုပ်ထားပြီးဖြစ်တယ်။ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တို့ကို ငြိမ်းချမ်းအောင် ထိန်းထားပြီး စစ်မျက်နှာ တစ်ခုတည်း ကချင်ပြည်နယ်ကို အင်အား စုစည်းလို့ရအောင် စီစဉ်ထားတာဖြစ်တယ်လို့ စစ်ရုံးနှင့် နီးစပ်သူများက ဆိုပါတယ်။

K.I.A ကို အစိုးရတပ်ဖွဲ့က ကိုင်တွယ်ဖို့ မဟာဗျူဟာ တစ်ရပ်အနေနဲ့ စစ်ရေးအရ ဖိအားပေး တိုက်ကွက်ဖေါ်ခြင်းဖြင့် နောက်ဆုံး လိုင်ဇာမြို့အား သိမ်းပိုက်ပြီးမှ အပေါ်စီးရယူကာ ဆွေးနွေးပွဲ စကားဝိုင်းကို စတင်ချင်တဲ့ မဟာဗျူဟာ ရှိပါတယ်။ K.I.A နဲ့ အစိုးရတပ်များ တိုက်ပွဲများ ပြင်းထန်လာမည်ဖြစ်ရာ လေတပ်နဲ့ အမြောက်တပ်များမှ ပစ်ခတ်လိုက်တဲ့ ကျည်ဆံများ၊ ဗုံးဆံများ၊ rocket များ၊ တရုတ်နယ်စပ်သို့ ရောက်ခဲ့လို့ရှိရင် နားလည်ခွင့်လွှတ်ပေးဖို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ တရုတ်ခရီးစဉ်မှာ ညှိနှိုင်းတင်ပြခဲ့ပြီးဖြစ်တယ်လို့ သံတမန်အသိုင်းအ၀ိုင်းထံမှ သိရပါတယ်။

နောက်ထပ် အစိုးရရဲ့ မဟာဗျူဟာတစ်ခုရှိတာက စစ်ရေးအရ ပြင်ဆင်ထားပြီး ဆွေးနွေးပွဲ အခြေအနေစောင့်ကြည့်ကာ K.I.A နဲ့ဆွေးနွေးပွဲ မအောင်မြင်ခဲ့ရင် ကိုးကန့်ဖြစ်စဉ်တွေလို လိုင်ဇာမြို့သိမ်း စီမံချက် လက်တွေ့ အကောင်အထည်ဖေါ်သွားမှာဖြစ်တယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်

K.I.A ကို စစ်တိုက်ရတဲ့အကြောင်းရင်းတွေအား အောက်ပါ အချက်အလက်များကဲ့သို့ အထောက်အထားများကို ရှာဖွေစုဆောင်း ထားပြီးဖြစ်နိုင်ပါတယ် -
တိုက်ခိုက်ရသည့် အကြောင်းရင်းအနေဖြင့်၊ K.I.A ကို ဘိန်းကဲ့သို့ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးနေသည်ဟု ခေါင်းစဉ်တပ်ရန်၊ နိုင်ငံတကာမှ အထူးအာရုံစိုက်နေသည့် လူ့အခွင့်ရေးချိုးဖေါက်နေပုံဖေါ်ပြီး၊ မြစ်ကြီးနားမြို့နဲ့ အခြားမြို့များတွေမှာ အပြစ်မဲ့ပြည်သူများ သေကြေပျက်စီးနေပုံ၊ ကလေးစစ်သားများ K.I.A အတွင်းရှိနေပုံ၊ မိုင်းထောင်ခြင်း၊ လမ်း၊ တံတားများ ဖေါက်ခွဲဖျက်ဆီးခြင်းများ ပုံကြီးချဲ့ပြီး တင်ပြသွားရန်၊ ဒါအပြင် K.I.A ခေါင်းဆောင် တချို့ရဲ့ personal အားနည်းချက်များကို black mail လုပ်ထားပြီး ဖြစ်ပါတယ်။ စစ်ရေးအရ ထပ်မံ တိုက်ခိုက်လာနိုင်မဲ့ K.I.A ရဲ့မှားကွက်ကို စောင့်ကြည့်လုပ်ဆောင်သွားမယ်လို့ စစ်ဘက်နီးစပ်သူများက သုံးသပ်ကြပါတယ်။

စစ်ရေးအရ တိုက်ပြီးမှ နိုင်ငံရေးအရ ဆွေးနွေးပွဲလုပ်မည့် မဟာဗျူဟာ အလားအလာနဲ့ နိုင်ငံရေး ဆွေးနွေးပွဲမအောင်မြင်မှ စစ်ရေးအရ အရေးယူဆောင်ရွက်မည့် မဟာဗျူဟာ အလားအလာ မည်သည့်ဟာ ပိုမိုဖြစ်နိုင်သည်ကို ပွင့်လင်းရာသီ နိုင်ငံရေး၊ စစ်ရေး ပြောင်းလဲဖြစ်ပေါ်လာနိုင်သည့် အခြေအနေပေါ်မူတည်ပြီး ရွေးချယ် ကျင့်သုံးသွားနိုင်တယ်လို့ သိရပါတယ်။ နောက်ဆုံး သမ္မတဦးသိန်းစိန်က ကယ်တင်ရှင်သဘောနဲ့ K.I.A ခေါင်းဆောင်များကို တိုက်ရိုက်တွေ့ဆုံဆွေးနွေးပြီး ပုံရိပ်ကောင်းအောင် အမှတ်သယ်ယူသွားနိုင်တဲ့ အလားအလာ ပိုရှိကြောင်း သုံးသပ်ကြပါတယ်။

ကေအိုင်အေကို တကယ် အပြုတ် တိုက် မတိုက်

|1 comments
Wednesday, January 4, 2012

ဆောင်းပါးရှင် - မင်းကန်စီ (တပ်မတော် အရာရှိကြီး တစ်ဦး)

အခုတစ်လော သတင်းတွေမှာ ကြားနေရတာတော့ ကေအိုင်အေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ မြစ်ကြီးနားတို့၊ ရွှေလီတို့မှာ လုပ်ခဲ့တယ်။ အောင်မြင်မှုတွေ မရခဲ့ဘူး။ ဒါကြောင့် KIA နဲ့ မြန်မာ့တပ်မတော် တိုက်ပွဲတွေ တော်တော် ပြင်းပြင်းထန်ထန် ပြန်လည် ဖြစ်ပွားနေကြတယ် ဆိုတာပါဘဲ။ မြန်မာ့ တပ်မတော်က တပ်မ (၁၀) မ လောက် ပါဝင်ပြီး ဒီ KIA အမြတ်ပြတ် ချေမှုန်းရေး လုပ်ဖို့ တပ်တွေ လှုပ်ရှား ရွှေ့ပြောင်းနေတာကိုလည်း မြင်နေတွေ့နေကြရတယ်။ တကယ်လဲ မြန်မာ့တပ်မတော်က KIA ကို အပြုတ်တိုက်မလား၊ အပြတ် တိုက်မလား၊ ယောင်ပြလား၊ ဟန်ပြလား၊ လှန့်တာလား၊ ခြောက်တာလား နည်းနည်းတော့ စဉ်းစားစရာဘဲ။

တရုတ်ပြည်သို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် သွားရောက်လည်ပတ်ခဲ့စဉ်


စစ်ရေးအရ စဉ်းစားမယ်ဆိုရင်တော့ မြန်မာ့တပ်မတော်ဟာ KIA ကို အပြုတ်တိုက်မှာဘဲ။ ဘာကြောင့်လဲ ဆိုတော့ စစ်ရေးအရ တကယ့် အချက်အချာမြေ၊ အချို့နဲ့ စစ်ဗျူဟာအရေးကြီးမြေအချို့ဟာ KIA လက်ထဲမှာ ရောက်နေတုန်းဘဲ၊ ဒီတော့ဒီအချက်အချာမြေ၊ စစ်ဗျူဟာ အရေးကြီး မြေတွေကို ပြန်သိမ်းဖို့ မြန်မာ့ တပ်မတော်ဟာ အသေအကြေတိုက်မှာဘဲ၊ မြန်မာ့ တပ်မတော်ဟာ မြေနဲ့ ကုန်းကို မက်တယ်ဆိုတာ ကရင်ပြည်နယ်က ၀မ်ခတို့၊ မာနယ်ပလော တိုက်ပွဲတို့ကို ကြည်ရင် သိနိုင်တယ်။ အကျအဆုံး အများကြီး ခံပြီး ရအောင် တိုက်မဲ့ သဘောပါဘဲ။ နောက်ပြီး အခု ဖြစ်စဉ်ဟာ ပြောရရင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အတွက် ကာကွယ်ရေး ဦးစီးချုပ် ဘ၀မှာ ပထမဆုံး ရင်ဆိုင်ရတဲ့ စစ်ရေးပြဿနာပါဘဲ။ သီဟသူရ၊ သူရဘွဲ့တွေ မရှိခဲ့တဲ့ သူရဲ့ စစ်သူကြီး မှတ်တိုင်ကို ထောင်ပြဖို့၊ အစွမ်းပြဖို့၊ ပထမဆုံး ဆန်းစစ်တဲ့ပွဲဆိုလည်း မမှားပါဘူး။ ဒါပေမဲ့ မြန်မာ့ တပ်မတော်ဟာ ဒီစစ်ဆင်ရေးရဲ့ အစောပိုင်းတွေမှာ အထိနာခဲ့တာကို တွေ့ရမှာဘဲ ဖြစ်တယ်။ KIA တွေရဲ့ ပြင်းထန်တဲ့ ပျောက်ကြားထိုးစစ်အောက်မှာ အလူးအလဲ ခံခဲ့ရတယ်။ တပ်ရင်းမှူး အဆင့်ကနေပြီး အရာရှိ အပါအ၀င် ဆက်မတိုက်နိုင်တော့ပါဘူး ဆိုပြီး ပြန်ဆုတ်လာကြလို့ စစ်ခုံရုံးတင်စစ်ဆေးနေရတုန်းဘဲ ရှိနေသေးတယ်။ ဒီလို သိက္ခာကျဖွယ်ရာကို ပြန်လည် ဖြေဆည်ဖို့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အနေနဲ့ သူ့ရဲ့ သေနင်္ဂဗျူဟာ စစ်ပညာတွေကို တတ်ကြောင်းပြဖို့၊ အစိုးရသစ်ကို သူ့ရဲ့ စစ်ရေး ဆောင်ရွက်နိုင်စွမ်းနဲ့ ခြိမ်းခြောက်ပြီး အင်အား ထိန်းညှိထားနိုင်ဖို့၊ သူ့တပ်တွေရဲ့ ပျက်ပြားနေတဲ့ စိတ်ဓာတ်ကို ပြန်လည် တင်မဖို့၊ ပြန်လည် လက်စားချေနိုင်ဖို့အတွက် သူဟာ အမြတ်ပြတ် ချေမှုန်းရေး စီမံချက်ကို အခုအချိန်မှာ ရေးဆွဲပြီးပြီလို့ သိရပါတယ်။ ဒါကတော့ စစ်ရေးအရ ကြည့်မယ်ဆိုရင် KIA ကို လုပ်မဲ့ အနေအထားပါဘဲ။



စီးပွားရေးအရ ဆက်ကြည့်ကြရအောင်။ အခု KIA တွေ ထိန်းထားတဲ့နေရာ အချို့ဟာ စီးပွားရေးအရ အရမ်း တန်ဖိုးရှိနေတာကို တွေ့ရမှာပါဘဲ။ အချို့နေရာက ကျောက်လုပ်ကွက်၊ အချို့ နေရာက သစ်လုပ်ကွက်၊ အချို့ နေရာက ရွှေလုပ်ကွက်တွေ ဖြစ်နေလေရဲ့။ အဲဒီအကွက်အကွင်းတွေ အားလုံးဟာလည်း အစိုးရနဲ့၊ စစ်တပ်နဲ့ ပတ်သက်သူတွေ များနေတော့ ကြာကြာကြီး အလုပ် ပျက်ခံဖို့ မဖြစ်နိုင်ဘူး။ နောက်ပြီး မြစ်ကြီးနားမြို့အထိကို ချိန်းခြောက်ခံနေရသလို ဖြစ်နေပြီး စီးပွားရေး လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေ စစ်တပ်နဲ့ ပတ်သက်တဲ့ ဦးပိုင်၊ MEC တို့ရဲ့ လုပ်ငန်းတွေ ကြာရှည် ထိခိုက်ခံမှာ မဟုတ်ပါဘူး။ အဆိုးဆုံးက သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ရှမ်းပြည်နယ် မြောက်ပိုင်းကို ဖြတ်သွားရာမှာ KIA ရဲ့ တပ်မဟာ (၄) ဧရိယာအထဲတွင် ရှိနေလို့ အစိုး ရိမ်ရဆုံး ဖြစ်နေပါတယ်။ နောက် ကချင်ပြည်နယ်မှာ တည်ဆောက်ဖို့ ရည်ရွယ်ထားတဲ့ တရုတ်ကြီးမှူးတဲ့ ပြည်ပကုမ္ပဏီ၊ အရင် စစ်အစိုးရ ဦးသန်းရွှေရဲ့ အဆက်အနွယ် ကုမ္ပဏီတွေ အေးအေး ချမ်းချမ်း အလုပ်လုပ်နိုင်ဖို့ ဒီနယ်မြေ တွေမှာ စစ်တပ် လွှမ်းမိုးမှု ပြန်လည် ရရှိဖို့အတွက် အဖြစ်နိုင်ဆုံးကတော့ စီးပွားရေးအရလည်း KIA ကို အပြုတ် တိုက်ချင်နေမှာ သေချာသလောက်ပါဘဲ။

နိုင်ငံရေးအရတော့ စဉ်းစားစရာတွေ အများကြီး ရှိနေတယ်။ လတ်တလော အခြေအနေအရ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲဖို့၊ ငြိမ်းချမ်းရေး ရယူဖို့ ဆိုတာတွေက အမေရိကန် အပါအ၀င် တကမ္ဘာလုံးက ဖိအားပေးနေတဲ့ အချက်ဖြစ်တယ်။ ပြည်တွင်းမှာလည်း ဆန္ဒပြတောင်းဆိုမှု အချို့ ပေါ်ပေါက်လာပြီး ဖြစ်တယ်။ ဒီပြည်တွင်း စစ်ကို အသေအကြေ ချေမှုန်းခဲ့ရင် တဖက်က လူမျိုးသုန်း စစ်ပွဲ (Genocide War) မျိုး ဖြစ်သွားနိုင်တယ်။ အရပ်သား ဒုက္ခသည် အများအပြားလည်း ပေါ်ပေါက်နေပြီး၊ စစ်ပြေးဒုက္ခသည်လည်း ရှိနေပြီး၊ လူ့အခွင့်အရေး အချိုးဖောက်မှုတွေကလည်း ဒွန်တွဲ ပေါ်ပေါက်နေပြီး၊ အဲဒီလိုအခြေအနေမှာ နိုင်ငံရေးအရ ပုံရိပ်တောက်ပြောင်မှု အလွန်ကောင်းနေတဲ့ ဦးသိန်းစိန် သူ ဘာလုပ်မလဲ။ သူက ဒီပြည်တွင်းစစ်ကို အပြုတ်တိုက်ခိုင်းလိုက်ရင် သူ့ရဲ့ နိုင်ငံရေး ပုံရိပ် အစွန်းထင်းသွားမှာဘဲ။ သူ့ကို ပြည်တွင်းပြည်ပ ထောက်ခံအားပေးမှုတွေ လျော့ကျသွားမှာ မလွဲပါဘဲ။ ဒီကြားထဲ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ဒေသခံ တိုင်းရင်းသားတွေ သေကြေ ပျက်ဆီးမှုများလာခဲ့ရင် နိုင်ငံတကာရဲ့ ပိတ်ဆို့မှု၊ ၀င်ရောက် လာမှုတွေကိုပါ ကြုံတွေ့လာရရင် သူ့အစိုးရ ယိုင်လဲသွားနိုင်သေးတယ်။ ဒီအချက်တွေကို တွက်ပြီး ဦးသိန်းစိန်က တပ်ကိုတော့ ဖိအားပေးခိုင်းထားပြီး ညှိနှိုင်းဆွေးနွေးရေးကို သူ့အား ထည့်ကြိုးစားနေမှာ အမှန်ဘဲ။

ဒီကြားထဲမှာ တပ်က အထိ နာလာမယ်၊ စစ်ရေးအရ အတင်းအကြပ် အရေးယူခွင့်၊ တောင်းဆိုလာမယ်ဆိုရင် ဘယ်လို သွားမလဲ၊ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ဘယ်လို ထိန်းထားရမလဲ ဆိုတာလည်း စဉ်းစားနေရဦးမယ်။ ဦးသိန်းစိန်အနေနဲ့တော့ ဖြစ်နိုင်ရင် ဒီအချိန်မှာ KIA ကို အပြုတ် တိုက်ခိုက်တာထက် စည်းရုံး နိုင်လိုက်တယ် ဆိုတဲ့ အနေအထားကို ပိုလိုချင်မှာ မလွဲနိုင်ပါဘူး။ ဒါပေမဲ့ ပညာတတ်တွေ များပြားတဲ့၊ စစ်ရေး နိုင်ငံရေး အတွေးအခေါ်ရှိတဲ့၊ KIA တွေဟာ ဦးသိန်းစိန် ချော့မြူမှုအောက်မှာ ငြိမ်သက်သွားဖို့ကတော့ ဖြစ်ချင်မှ ဖြစ်နိုင်မှာပါ။ ဒီတော့ တစ်ဖက်က တိုက်ချင်ခိုက်ချင်လှပြီ ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ တဖက်က လွယ်လွယ်နဲ့ အလျော့မပေးနိုင်တဲ့ KIA၊ တဖက်က ကျဆင်းသွားနိုင်တဲ့ နိုင်ငံရေး မျက်နှာစာကပုံရိပ်၊ ဒီသုံးဘက်သုံးတန်ကြားမှာ နိုင်ငံရေးအရ ဘယ်လိုလုပ်ရမလဲ ဆိုတာကို ဦးသိန်းစိန် အတော်လေး စဉ်းစားရ ကြပ်မှာပါဘဲ။ နောက်ဆုံးတော့ ဆရာကြီး သုံးဆူဖြစ်တဲ့ (ရုတ်၊ သန်း၊ အေး) တရုတ်၊ ဦးသန်းရွှေ၊ ဦးမောင်အေး တို့ဆီကိုဘဲ သွားပြီးတော့ ခြေစုံရပ်၊ သတိဆွဲ၊ မတ်မတ်ကြီး အလေးပြုပြီး သူပြောမဲ့ စကားကတော့ “ကျွန်တော် ဘာဆက်လုပ်ရဦးမလဲ ဆရာ” ဆိုတာဘဲ ဖြစ်နိုင်ချေ များမယ် ထင်တာပါဘဲ။

Tuesday, January 03, 2012

သိန်းစိန်အစိုးရ စစ်တပ်အင်အား တိုးချဲ့နေစဲ... နေရာတိုင်းမှာ တိုက်ပွဲ ပြင်းထန်.. သမ္မတ ညွန်ကြား အမိန့် အရေး မထင်…

|0 comments
Tuesday, Janaury 3, 2012

 W.P Majoi

ဇန္နဝါရီလ ၃ ရက်နေ့တွင် သိန်းစိန် စစ်တပ် စစ်ကားကြီး ၂၅ စီးဖြင့် ရှမ်းပြည်နယ် မူဆယ် နမ့်ခမ်းဘက်သို့ ဦးတည်ကာ စစ်ကြောင်း ချီတက်လာပြီဖြစ်ကြောင်း မျက်မြင် ပြည်သူ များရဲ့ ပြောပြ ချက်အရ သိရှိ ရပါတယ်။

ကေအိုင်အေ တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၆) နယ်မြေ လဂတ်ဘွမ်မှ ကေအိုင်အေ တပ်နှင့် စစ်အစိုးရ စစ်တပ် ခလရ (၇၇)၊ (၈၃)၊ ခမရ (၈၃) တို့ဟာ ဇန္နဝါရီလ (၂) ရက်နေ့တွင် တနေကုန် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ရှေ့တန်း ကေအိုင်အေ သတင်းများအရ သိရှိ ရပါတယ်။ ယင်းတိုက်ပွဲတွင် စစ်အစိုးရ စစ်တပ်တို့မှ လက်နက်ကြီး၊ အမြောက်ကြီးများဖြင့် ပိုမို အသုံးပြုကာ တိုက်ခိုက်ကြောင်း သိရှိရပါတယ်။

ဇန္နဝါရီလ ၁ ရက်နေ့ နှစ်သစ်ကူးနေ့တွင် ကချင်ပြည်နယ် ဝိုင်းမော် ဆမား ကားလမ်းဘက်တွင် ညနေ ၃း၃၀ နာရီဝန်းကျင်တွင် ကေအိုင်အေနှင့် စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။
ကေအိုင်အေ တပ်မဟာ (၅) နယ်မြေဖြစ်တဲ့ မန်မောင် (Man Mau) အနီးတဝိုက်တွင် နှစ်သစ်ကူးနေ့ တွင် ကေအိုင်အေ တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်းများနှင့် ဟိုပင် အခြေစိုက် စစ်အစိုးရ စစ်တပ် ခလရ (၄၀)၊ ခလရ (၃၈၈) တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။


သမ္မတ ဦးသိန်းစိန်ဟာ ကေအိုင်အေကို ထိုးစစ်ဆင်နေခြင်း၊ စစ်အင်အား၊ လူအင်အား တိုးချဲ့ နေရာ ယူနေခြင်း စသည်များကို ရပ်ပြီး နိုင်ငံရေး ဆွေးနွေးရန် ပြောနေ၊ ညွန်ကြားနေပေမယ့် ယင်းညွန်ကြားစာ၊ အမိန့်စာဟာ ဘာမှ အရာမထင် ဖြစ်နေသည်သာမက နေရာတိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေစဲ ဖြစ်သလို စစ်အင်အားလည်း ဆက်လက် တိုးချဲ့နေကြောင်းကို သိမြင်နေရပါတယ်။

ဒီလို လုပ်ဆောင်နေခြင်းဟာ နိုင်ငံရေး ဆွေးနွေးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ကြောင်း စစ်ရေး လေ့လာ သူများက သုံးသပ် နေပါတယ်..။ သိန်းစိန်အစိုးရဟာ ပွင့်လင်းရာသီ ရောက်လာသည်နဲ့ အမျှ ကေအိုင်အေကို ပြန်လည် ပြင်းထန်စွာ ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း စစ်ဘက် နီးစပ်သူများရဲ့ သတင်းပေးပို့ချက်အရ သိရှိရပါတယ်။


Monday, January 02, 2012

K.I.A ကို တိုက်ခိုက်ချေမှုန်းမဲ့ စစ်ဆင်ရေး စီမံချက် ရေးဆွဲထားပြီးဖြစ် နှစ်သစ်ကူး အထူးသတင်း

|0 comments
Monday, January 2, 2012

ရှေ့တန်းတစ်နေရာမှ K.I.A မျိုးချစ်စစ်သည်များ


K.I.A အား ၂၀၁၂ ခု ပွင့်လင်းရာသီတွင် တိုက်ခိုက်ချေမှုန်းမဲ့ အထူးစစ်ဆင်ရေးအနေဖြင့် ထိပ်တန်းလျှို့ဝှက်အဆင့် လိုင်ဇာမြို့သိမ်းရေး စီမံချက်အား ကက (ကြည်း) မှာ ရေးဆွဲထားပြီး ဖြစ်ကြောင်း စစ်ရုံးနဲ့ နီးစပ်သောသူများထံမှ သိရှိရပါတယ်။

- စီမံချက်အရ ချီတက်ရာလမ်းကြောင်း အနေဖြင့် အဓိကစစ်ကြောင်းမှာ ဆင်ဘို၊ တာလောကြီး ၊ နမ်ဆန်ယာန်မှ တဆင့် လိုင်ဇာသို့ ဦးတည်ပါတယ်။
- တပ်မ (၉၉) အဓိက စစ်ကြောင်းအဖြစ် တိုက်ခိုက်မည်ဖြစ်ပြီး မန္တလေးမြို့မှ လိုင်ဇာမြို့သို့ ယာဉ်များဖြစ် ချီတက်လာမည်။ ယခုအခါ မိတ္တီလာတွင် ပြန်လည်စုဖွဲ့ အနားယူလျက် ရှိကြောင်း သိရှိရပါတယ်။

- တပ်မ (၈၈) ယောင်ပြ စစ်ကြောင်းဖြစ်သော်လည်း အတည်ပြုဆဲ သတင်းအရ တပ်မ (၆၆) နဲ့ ချိန်းရန်ရှိတယ်လို့ ဆိုပါတယ်။
- စကခ (၁၅) အရံစစ်ကြောင်းအဖြစ် သတ်မှတ်ထားပါတယ်။
- အထူး ကွန်မန်ဒို တပ်ဖွဲ့က K.I.A ခေါင်းဆောင်များကို လျှပ်တပျက် ဝင်ရောက် ဖမ်းဆီးမည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးနယ်မြေများထဲသို့ တပ်မ (၅၅)၊ တပ်မ (၆၆)နဲ့ တပ်မ (၃၃) တို့ကို ထပ်မံလွှတ်ရန်ရှိကြောင်း သိရှိရပါတယ်။ ဒါအပြင် လေတပ်မှာ နောက်ဆုံးပေါ် ရုရှားလုပ် ဂျက်တိုက်လေယာဉ် MIG-29 (၄) စင်း မြစ်ကြီးနားမှာ ရောက်နေပြီး ရဟတ်ယာဉ် MI-24 (၄) စင်း မိတ္ထီလာမှာ အသင့်ပြင်ဆင်ထားတယ်လို့ သိရပါတယ်။


အမြောက်တပ်နှင့် လေတပ်တို့က တိုက်ခိုက်ရေး တပ်များမဝင်ရောက်မီ K.I.A  ဌာနချုပ်နှင့် ရန်သူ့စစ်ကြောင်းများရှိသည့် စခန်းများအား အမြောက်နှင့်  ပြင်းထန်စွာ ပစ်ခတ်ပြီး ဗုံးကြဲ တိုက်ခိုက်မည်။ အရပ်သားများ မထိခိုက်စေရ။ ပို့ဆောင်ရေးအတွက် ရထားလမ်း လုံခြုံရေးကို တိုင်းစစ်ဌာနချုပ် တပ်များက တာဝန်ယူကာ ရထားဖြင့် အဓိကထားပြီး ပို့ဆောင်သွားမည်။


ယခုအခါ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေး ဧရိယာ နယ်မြေကြီး တစ်ခုလုံးကို တပ်မတော်က အသည်းအသန် စစ်ဆင်ရေး လုံးပမ်းနေရပါတယ်လို့ သိရပါတယ်။ ပွဲဦးထွက်မှာ တပ်မ (၈၈) ဟာ အကျအဆုံးများပြီး မတိုက်ချင်တဲ့ အရာရှိများပေါ်ပေါက်လာလို့ ဗိုလ်ချုပ်များက ဒေါသူပုန်ထကာ စစ်ခုံရုံး တင်မည့်သတင်းများဖြင့် ဖွဲ့စည်းပုံ ပျက်နေပါတယ်။ K.I.A ကို လျော့တွက်မိတဲ့ ဗိုလ်ချုပ်များအဖို့ ခေါင်းခဲစရာ ပြဿနာဖြစ်နေပါတယ်။ တပ်မတော်မှာရှိတဲ့ တပ်မများထဲမှ အင်အားကောင်းသော တပ်မများ အပူတပြင်း ဆွဲထုတ်နေသလို ယခုဆိုရင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ တပ်မပေါင်း (၁၂) ခု ပါဝင်လှုပ်ရှားလျက်၊ သို့မဟုတ် အင်အားဖြည့်ပေးဖို့ ထပ်မံရောက်ရန် ရှိနေကြောင်း သိရှိရပါတယ်။


အဲဒီတပ်မတွေကတော့ -
တပ်မ (၃၃)၊ တပ်မ (၄၄) (ပြန်လည်စုဖွဲ့လေ့ကျင့်လျှက်ရှိ)၊ တပ်မ (၅၅)၊ တပ်မ (၆၆)၊ တပ်မ (၈၈)၊ တပ်မ (၉၉)၊ စကခ (၁)၊ စကခ (၃)၊ စကခ (၁၀)၊ စကခ (၁၅)၊ စကခ (၁၆)၊ စကခ (၂၁)တို့ ဖြစ်ကြပါတယ်။ ဒါ့အပြင် မပခ တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ဒေသခံနယ်မြေထိမ်း တပ်ရင်း (၂၂) ရင်း၊ ဒကစ ( တနိုင်း) လက်အောက်ခံ တပ်ရင်း (၅) ရင်း၊ အမြောက်တပ်မ (မိုးညှင်း) (၉၀၄)၊ ဗန်းမော်နှင့် မိုးညှင်းတွင် ဒုံးပျံတပ်ရင်း (၆၀၃)နဲ့ သံချပ်ကာ တပ်ရင်းတို့ကို အင်အားစုတို့ကို လက်ရှိအခြေအနေဖြင့် ခန့်မှန်းတွက်ချက်ကြည့်ပါက အရာရှိစစ်သည်အင်အား ၃၅၀၀၀ ခန့်ရှိပြီး တပ်မတော်ရဲ့ တပ်မအင်အားစုစုပေါင်းထက် သုံးပုံ တစ်ပုံကျော် သုံးစွဲနေရပါတယ်။ အဲဒီလို အသုံးပြုနေရတာတောင် ကြီးမားကျယ်ပြန့်လှတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေး ဧရိယာကြီးတွေမှာ တပ်တွေ မနိုင်မနင်းဖြစ်နေရပါတယ်။ နိုင်ငံရေးမှာ ဦးသိန်းစိန်တစ်ယောက် သိက္ခာ “အမှတ်”တွေ တက်နေသလောက် တပ်ချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တစ်ယောက်ကမှု ကွဲပြီးရင်း ကွဲနေကြောင်း သတင်းပေးပို့လာပါတယ်။


Saturday, December 31, 2011

၂၀၁၂ ခုနှစ် တစ်နှစ်လုံးအတွက် နှစ်သစ် ဆုတောင်းပွဲ ပြုလုပ်ဖို့ရန် အစီအစဉ်..(ကေအိုင်အို)

|0 comments
 Saturday, December 31, 2011
2012 Ning Shaning Ninghpaw Akyu Hpyi Hpawng Galaw Na Lam

၂၀၁၂ ခုနှစ် တစ်နှစ်လုံးအတွက် ဘုရား သခင်ထံမှ ကောင်းချီး ဆုကျေးဇူးများကို တောင်းခံယူဖို့ရန် ကေအိုင်အို/ ကေအိုင်အေ ဗဟိုဌာနချုပ်မှ ဦးစီးဦးဆောင်ကာ ဆုတောင်းပွဲကို အောက်ပါ အစီအစဉ်အတိုင်း ပြုလုပ်ကျင်းပသွားမှာ ဖြစ်ပါတယ်။

နေ့စွဲ - ၂၀၁၂ ခုနှစ်၊ ဇန္နဝါရီ ၁ ရက်
အချိန် - နံနက် ၇း၀၀ နာရီ

အဓိက ပါဝင်ဆုတောင်းမယ့် အချက်အလက်တွေက...

၁။ ကချင်တမျိုးသားလုံးနှင့် ကေအိုင်အို/ ကေအိုင်အေ အားလုံးရဲ့ အပြစ်များကို ဘုရားသခင်ထံ ဝန်ချ တောင်းပန်ရန်...
၂။ ၂၀၁၁ ခုနှစ် အတွင်း ဘုရားသခင်ထံမှ ခံစားခဲ့ရတဲ့ ဆုကောင်းချီး မင်္ဂလာများအတွက် ကျေးဇူးတော် ချီးမွမ်း ဆုတောင်းရန်...
၃။ ၂၀၁၂ ခုနှစ် တစ်နှစ်သာ အားလုံးကို ဘုရားသခင်ထံ အကြွှင်းမဲ့ အပ်နှံ ဆုတောင်းရန်... တို့ ပါဝင်ပါတယ်..။




W.P Moses

ကေအိုင်အေ နမ်လတ်စခန်းကို ဆုတ်ခွာပေး

|1 comments
Saturday, December 31, 2011

ရှမ်းပြည်နယ် အခြေစိုက် ကေအိုင်အေ တပ်မဟာ (၄) လက်အောက်ခံ ဖြစ်တဲ့ နမ်လတ် တပ်စခန်းကို ဆုတ်ခွာပေးလိုက် ရကြောင်း ကေအိုင်အေ ပြောခွင့်ရ အထွေထွေ အတွေးရေးမှူး ဦးလနန်က ပြောပါတယ်။ “ သူတို့ (စစ်အစိုးရ) က လက်နက်ကြီးဖြစ်တဲ့ ၁၂၀ မမ၊ ၈၁ မမ အမြောက်ကြီးတွေနဲ့ မိုးရွာသလို ပစ်နေတော့ ကျနော်တို့ (ကေအိုင်အေ) စစ်သားတွေ အသက်ဘေးလွတ်အောင် ဖယ်ပေးလိုက်တာပါ.. သူတို့ (စစ်အစိုးရ) သုံးတဲ့ အမြောက်တွေထဲမှာ ဓါတု (Chemical Weapons) ဓါတ်ငွေ့ပါတယ်.. ကျနော်တို့ စစ်သား (၅) ယောက်လောက် မူးဝေပြီး အော့အန်မှုတွေဖြစ်တယ်.. တိုက်ပွဲတွေက နေရာတိုင်းမှာ ဖြစ်နေတယ်.. အခုလဲ ပစ်နေတာဘဲ.. ” ဟု ပြောပါတယ်။

“သမ္မတ သိန်းစိန်က ကချင်နယ်မြေများနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ထိုးစစ်ဆင်မှုတွေကို ရပ်ဖို့ ပြောတာဟာ ပါးစပ်နဲ့ဘဲ ပြောတာပါ… လက်တွေ့တော့ ဘာမှ ဖြစ်မလာဘူး.. ဒါဟာ နိုင်ငံတကာမှာ တပတ် လှည့်လိုက်တာဘဲလို့ ကျနော်တို့ သုံးသပ် ပါတယ်..” ဟု ဆက်ပြောပါတယ်။

သိန်းစိန် စစ်တပ်အသုံးပြုနေတဲ့ အမြောက်ဆံများ....

တဆက်တည်းမှာဘဲ ဒီဇင်ဘာလ ၃၀ ရက်နေ့ မနက် ၁၁း၃၀ နာရီ ဝန်းကျင်တွင် ကေအိုင်အေ တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၅) တပ်ဖွဲ့တို့နှင့် သိန်းစိန် စစ်တပ် ခမရ (၃၈၅) တို့အကြား ကချင်ပြည်နယ် ဖရောကျေးရွာ အနီး တဝိုက်တွင် တိုက်ပွဲဖြစ်ပွားကြောင်း သိရှိ ရပါတယ်။ ထိခိုက် ကျဆုံးမှု နှင့် တိုက်ပွဲ အခြေ အနေများကို ဆက်လက်စုံစမ်း နေပါတယ်။

ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်းတွင် ကေအိုင်အေ တပ်မဟာ (၅) နယ်မြေဖြစ်တဲ့ ဂျာပူကျေးရွာ အနီး တဝိုက်များတွင် ကေအိုင်အေ အထူးတပ်ဖွဲ့များနှင့် စစ်အစိုးရ စစ်တပ် ခမရ ၃၈၉၊ ၃၉၀ တို့ ပြင်းပြင်း ထန်ထန် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်း သိရှိ ရပါတယ်။ တိုက်ပွဲ အခြေ အနေများကို ဆက်လက် တင်ပြသွားပါမယ်။

W.P Moses

Friday, December 30, 2011

၇ လအတွင်း​ ​ကေအိုင်အိုစခန်း​ ၆ ခု ​နောက်ဆုတ်​ပေး​ခဲ့​ရ

|1 comments
Friday, December 30, 2011

အခုနှစ် ဇွန်လကစပြီး​ ​ကေအိုင်​အေနဲ့ မြန်မာအစိုး​ရ ဖြစ်ပွား​ခဲ့​တဲ့​ တိုက်ပွဲ​တွေ အတွင်း​မှာ ကချင်လွတ်​မြောက်​ရေး​အဖွဲ့ (​ကေအိုင်အို)ရဲ့​ တပ်စခန်း​ ၆ ခုကို အစိုး​ရတပ်​တွေက သိမ်း​ယူခဲ့​တယ်လို့ ကေအိုင်အိုက ​ပြောပါတယ်။

ကေအိုင်အို​ပြောခွင့်​ရ ဦး​လနန်း​က “သိမ်း​ပိုက်လိုက်တဲ့​စခန်း​တွေက​တော့​ တပ်မဟာ ၄ ဘက်မှာ စခန်း​က ၃ ခု​လောက်ပါမယ်။ တပ်မဟာ ၃ ဘက်မှာ ၃ ခု​လောက်ပါမယ်။ အား​လုံး​ ၆ ခု​လောက်ရှိမယ်။ သူတို့ကလည်း​ အဲဒီစခန်း​တခုကို ဝင်နိုင်ဖို့​အတွက် အနည်း​ဆုံး​ ၁၀၀ ပတ်ဝန်း​ကျင်​တော့​ အသက်စွန့်ရတယ်ဗျ။”

အခုလ ၂၄ ရက်​နေ့​ကစပြီး​ ရှမ်း​ပြည်နယ် မိုင်း​တုံမြို့​မှာရှိတဲ့​ ​ကေအိုင်အို တပ်မဟာ ၄ လက်​အောက်ခံတပ်ရင်း​ (၈) စခန်း​ကို အစိုး​ရက အင်အား​ ၃၀၀ ​လောက်နဲ့ ထိုး​စစ်ဆင်တိုက်ခိုက်ခဲ့​တဲ့​အတွက် ၂၈ ရက်​နေ့​မှာ ဖယ်​ပေး​လိုက်ရတယ်လို့​ ဆိုပါတယ်။

အစိုး​ရတပ်​တွေက တပ်ရင်း​ ၈ ကို ထိုး​စစ်ဆင် တိုက်ခိုက်ရတဲ့​ အ​ကြောင်း​အရင်း​နဲ့ ပတ်သက်လို့ ဦး​လနန်း​က အခုလို ​ပြောပါတယ်။

“သူတို့​ ထိုး​စစ်ဆင်တဲ့​ ကိစ္စတခုက​တော့​ သဘာဝပိုက်လိုင်း​ကလည်း​ အဲဒီလမ်း​ကြောင်း​မှာ ဖြတ်သွား​ဖို့​ရှိတယ်ခင်ဗျ။ ​ရေနံပိုက်လိုင်း​ပေါ့​နော်။ အဲဒီကိစ္စကလည်း​ ပါမယ်ထင်တယ်။ စစ်ဆင်​ရေး​ လုပ်ထား​တာ။ သူတို့ ​ပြော​နေတာ စစ်မှန်တဲ့​ ပြည်​ထောင်စုလို့လည်း​ ​ပြော​နေတယ်။ အစိုး​ရအ​နေနဲ့​ နိုင်ငံ​ရေး​ ရည်ရွယ်ချက်မှာ စစ်မှန်တဲ့​ ပြည်​ထောင်စုဆိုတာလည်း​ ရှိပုံမရဘူး​။ အဲဒီအချက်​တွေ​ကြောင့်​ပဲ သူတို့ ​ကေအိုင်​အေကို ပျက်သုဉ်း​သွား​အောင် ထိုး​စစ်ဆင်တဲ့​သ​ဘောလို့ မှတ်ယူလို့ ရတယ်။”

ကေအိုင်အိုနဲ့​ အစိုး​ရတပ်အကြား​ ဒီဇင်ဘာလဆန်း​ပိုင်း​မှာ ကချင်ပြည်နယ် ဗန်း​မော်၊​ ဝိုင်း​မော်၊​ မိုး​မောက်နဲ့​ ရှမ်း​ပြည်နယ် မိုင်း​တုံမြို့​နယ်​ဒေသ ​တွေမှာ ​နေ့​စဉ်ဆိုသလို တိုက်ပွဲဖြစ်ပွား​နေပြီး​ မ​နေ့​တုန်း​ကလည်း​ တိုက်ပွဲ ၇ ခု ဖြစ်ပွား​တယ်လို့ ​ကေအိုင်အိုက ​ပြောပါတယ်။

အစိုး​ရရဲ့​ ပြည်​ထောင်စုအဆင့်​ ငြိမ်း​ချမ်း​ရေး​အဖွဲ့က တိုင်း​ရင်း​သား​ လက်နက်ကိုင် အဖွဲ့တွေနဲ့​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေးမှု​တွေ ဆက်တိုက် ပြုလုပ်​နေချိန်မှာ ​ကေအိုင်အိုနဲ့​ တိုက်ပွဲ​တွေ ဖြစ်ပွား​နေတာပါ။

ကချင်ပြည်နယ်မှာ တိုက်ပွဲ​တွေကို ရပ်ထား​ဖို့ သမ္မတ ဦး​သိန်း​စိန်က ဒီဇင်ဘာ ၁ဝ ရက်​နေ့ကတည်း​က ကာကွယ်​ရေး​ ဦး​စီး​ချုပ်ရုံး​ကို ညွှန်ကြား​ထား​တဲ့​ကြား​က တိုက်ပွဲ​တွေ ဆက်ဖြစ်​နေတာပါ။

အစိုး​ရ ငြိမ်း​ချမ်း​ရေး​အဖွဲ့​တွေနဲ့ ​ကေအိုင်အိုတို့အကြား​ ပြီး​ခဲ့​တဲ့​ နိုဝင်ဘာလကုန်ပိုင်း​က တရုတ်နိုင်ငံမှာ ​နောက်ဆုံး​ ​တွေ့ဆုံခဲ့​ပေမယ့်​ အပစ်ရပ်​ရေး​ အတွက် အ​ဖြေတစုံတရာ မရရှိခဲ့​ပါ။

http://burmese.dvb.no/archives/19388

Thursday, December 29, 2011

သိန်းစိန်တပ် ခမရ (၃၈၂) နှင့် ကေအိုင်အေ တပ် စစ်ပွဲဖြစ်

|3 comments
Thursday, December 29, 2011
စစ်အစိုးရ စစ်သား

ဒီဇင်ဘာလ ၂၈ ရက်နေ့ နေ့လည် ၂း၁၅ နာရီ ဝန်းကျင်တွင် မလိခမြစ် အရှေ့ဘက်ခြမ်းကနေ အနောက်ဘက်သို့ စစ်အင်အားတိုးချဲ့ ဖို့ရန် ဖြတ်ကူးလာတဲ့ သိန်းစိန် စစ်တပ် ခမရ (၃၈၂) နှင့် စစ်အင်အား ၂၀၀ ဝန်းကျင်တို့အား ကေအိုင်အေ တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်းတို့မှ ဖရော ကျေးရွာ သင်္ဂျိုင်းကုန်း အနီးတဝိုက်တွင် ခြုံခို တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါတယ်။ ယင်း တိုက်ပွဲတွင် စစ်တပ်ဘက်မှ (၈) ဦး ကျဆုံးသွားပြီး (၁၀) အထက် ထိခိုက်ခဲ့ကြောင်း သိရှိရပါတယ်။

သိန်းစိန် စစ်တပ်မှ မဒိန်းကျင့်ပြီး သတ်ပစ်ခဲ့

သမ္မတ သိန်းစိန်ဟာ ကချင်နယ်မြေနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း ကေအိုင်အေ ထိန်းချုပ် နယ်မြေများတွင် ထိုးစစ်ဆင်မှုများကို ရပ်တန့်ရန် မင်းအောင်လှိုင်အား ဒီဇင်ဘာ (၁၀) ရက် နေ့စွဲဖြင့် ညွန်ကြား ခဲ့သော်လည်း နေရာတိုင်းမှာ စစ်အင်အား တိုးချဲ့ခြင်း၊ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီး၊ ညှင်းပန်း နှိပ်စက်ခြင်း၊ မိန်းကလေးများကို မဒိန်းကျင့် သတ်ဖြတ်ခြင်း ၊ ရွာမီး ရှို့ဖျက်ဆီးခြင်း .. စသည် စသည် များပြားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများဟာ လျော့နည်းသွားခြင်း မရှိဘဲ ပိုမို တိုးများလာကြောင်း သိမြင်နေရပါတယ်။

W.P Moses (ပေးပို့လာတဲ့ ကို Lahtaw Lat အား ကျေးဇူးတင်ပါတယ်)


K.I.A Awng Padang Dip La Lu...

|0 comments
Thursday, December 29, 2011


Wednesday, December 28, 2011

ဂျာပူ ရွာသားများကို သိန်းစိန် အစိုးရ ဖမ်းဆီးလမ်းပြခိုင်း

|0 comments
Wednesday, December 28, 2011


ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ကချင်ပြည်နယ် မလန်းယာန် ဂျာပူကျေးရွာသို့ သိန်းစိန်အစိုးရ စစ်တပ်များ ဝင်ရောက်လာကာ ခရစ်ယာန် ဘုရားကျောင်းဝင်းနှင့် ဆုတောင်းကုန်းများတွင် နေရာယူ စခန်းချနေကြောင်း သိရှိရပါတယ်။ ယခုချိန်တွင် ရွာသူရွာသားများ (၂၀၀) ဝန်းကျင်ဟာ တောတွင်း များသို့ ထွက်ပြေး သိမ်းရှောင်နေကြရပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ သိန်းစိန် စစ်တပ်ဟာ ယင်း ဂျာပူကျေးရွာမှ ရွာသား (၁၃) ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ရွာသားများရဲ့ ပြောပြချက် အရ သိရှိ ရပါတယ်။ တဆက်တည်းမှာဘဲ ခဇူးကျေးရွာမှ ရွာသား (၇) ဦးကိုလည်း သိန်းစိန် စစ်တပ်တို့က ဖမ်းဆီးပြီး ဂျာပူကျေးရွာသို့ လမ်းပြဖို့ရန် အတင်း ခေါ်ဆောင်သွားကြောင်း သိရှိရပါတယ်။

W.P Moses

ကေအိုင်အေ တပ်ရင်း (၇) ပူတာအိုဘက်သို့လည်း စစ်မီးကူးသွားပြီ

|0 comments
 Wednesday, December 28, 2011

 Kachin Independence Army (K.I.A)

ကချင်နယ်မြေများတွင် စစ်ပွဲများ နေ့ည မပြက် ဖြစ်ပွားနေကြောင်း သိရှိရပါတယ်။ သမ္မတ သိန်းစိန်ဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ကချင် ထိုးစစ်ဆင်မှု များကို ရပ်တန့်ရန် ဒီဇင်ဘာလ (၁၀) ရက် နေ့စွဲနဲ့ စာပေးပို့ခဲ့သော် ငြားလည်း တိုက်ပွဲများဟာ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ တပ်အင်အားများလည်း ဆက်လက် တိုးချဲ့နေကြောင်း သိရှိရပါတယ်။ ယခုချိန်တွင် ကေအိုင်အေ တပ်ရင်း (၇) နယ်မြေဖြစ်တဲ့ ပူတာအိုဘက်သို့လည်း နေ့ည မပြက် စစ်ပွဲ ဖြစ်ပွားနေကြောင်း သိရှိရပါတယ်။ မြစ်ကြီးနား ကားလမ်း ဂျာပူ (မလန်းယာန်) တွင်လည်း တိုက်ပွဲများ ပြင်းထန်နေကြောင်း ဆက်လက် သိရှိရပါတယ်။

W.P Majoi