Monday, January 17, 2011

သတင်းသမားတို့၏ ကျင့်ဝတ်နှင့် ရပိုင်ခွင့်များ

သတင်းသမားတို့၏ကျင့်ဝတ်

နိဒါန်း 
လွတ်လပ်စွာ တွေးတော ကြံဆခွင့်နှင့် ရေးသား ပြောဆိုခွင့်တို့သည် လူသားတို့၏ အခြေခံ ရပိုင်ခွင့်များ ဖြစ်သည်။ သတင်းသမားတို့သည် ထိုရပိုင်ခွင့်များကို ကျင့်သုံးရာတွင် သက်ဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာရမည်။ 

သတင်းသမားတစ်ဦးသည် 

-သတင်းအမှန်ကို ပေါ်လွင်စွာ ဖေါ်ထုတ်ပြီး လူထုအား အသိပေးရမည်။

- သတင်းကို လွတ်လပ်စွာ ရှာဖွေဖြန့်ဖြူးခွင့် ဝေဖန်သုံးသပ်ပိုင်ခွင့်ကို ကာကွယ်ရမည်။ 

-သတင်းနှင့် သတင်းဝေဖန်ချက်တို့၏ ခြားနားပုံကို နားလည်ရမည်။ 

-လူ့အဖွဲ့အစည်း၊ လူ့လောကအတွက် တန်ဖိုးရှိသည့် သတင်းကိုသာ ရေးသားထုတ်လွင့်ရမည်။ 

-သတင်းဇစ်မြစ်ကို တိကျစွာ ရှာဖွေဖေါ်ထုတ်ရမည်။ 

-သတင်းပေးသူ၏ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရမည်။

-သတင်းရယူရာ၍ မေးမြန်းခံရသည့် ပုဂ္ဂိုလ်အား လေးစားစွာ ဆက်ဆံရမည်။ 

-သတင်းထုတ်လွင့်ရာ၍ သတင်းတွင် ဖေါ်ပြခံရသည့် ပုဂ္ဂိုလ်အား လေးစားစွာ ရည်ညွန်း ဖေါ်ပြရမည်။ 

 -တိကျခိုင်လုံပြီး မျှတစွာဖေါ်ပြထားသော သတင်းကိုသာ ရေးသားထုတ်လွင့်ရမည်။ 

-လူထုကြား၌ပျန့်နှံ့နေသော ကောလာဟလသတင်းကို ခြေအမြစ် ရှိ-မရှိ စစ်ဆေး၍ အခြေအမြစ်မရှိပါက မရှိကြောင်း လူထုကို အသိပေးရမည်။

-သတင်း၊ သတင်းဓါတ်ပုံ၊ သရုပ်ဖေါ်ပုံစသည်တို့ကို ၎င်းတို့၏ မူရင်းဇစ်မြစ် မှသာ ရယူသုံးစွဲရမည်။ မူရင်းဇစ်မြစ်ကို ရှာဖွေ၍ မရပါက အနီးစပ်ဆုံး ဇစ်မြစ်ကို မိမိရေးသားထုတ်လွင့်သည့် သတင်း၊ သတင်းဆောင်းပါး စသည်တို့တွင် ရှင်းလင်းစွာ ဖေါ်ပြရမည်။

-သတင်းအတွက် အဓိကကျသော အချက်အလက်များကို ချန်လှပ်ဖေါ်ပြခြင်း မပြုရ။

-သတင်းဆိုင်ရာ မှတ်တမ်းများ၊ စာရွက်စာတမ်းများကို ပြင်ဆင်ပြောင်းလဲခြင်းမပြုရ။

-သတင်းကို ဘာသာပြန်ဆို ရေးသားထုတ်လွင့်ရာ၌ မူရင်းအဓိပ္ပါယ်နှင့် ကွဲလွဲမှုမရှိစေရ။

-တဖက်သားကို မတရားစွပ်စွဲခြင်း၊ သွားပုတ်လေလွှင့် ရေးသားပြောဆိုခြင်း မပြုရ။ 

-မိမိရေးသားထုတ်လွှင့်ခဲ့သော သတင်း၌ အချက်အလက်မတိကျမှု ၊ မှားယွင်းမှုများ ပါရှိခဲ့ပါက လျင်မြန်စွာ နှင့်ထင်ရှားစွာ ပြင်ဆင်ရေးသားရမည်။ -သတင်းရယူရာ၍ မသမာသောနည်းလမ်းများ ကို အသုံးမပြုရ။ 

-သတင်းဖေါ်ပြရေး သို့မဟုတ် သတင်းမှောင်ချရေးအတွက် ပေးသော လာဘ်လာဘကို လက်ခံခြင်းမပြုရ။ 

-မိမိ၏ ကိုယ်ပိုင်ထင်မြင်ချက်ကို သတင်းရေးသားထုတ်လွှင့်ရာ၌ ထည့်သွင်းဖေါ်ပြခြင်းမပြုရ။

-သတင်းနှင့် ပတ်သက်နေသည့် ဘက်ပေါင်းစုံ၏ အမြင်ပေါင်းစုံကို ထင်ဟပ်စေရမည်။ အကယ်၍ သက်ဆိုင်ရာ ဘက်တဖက်က ထင်မြင်ချက် မပေးပါက ဤအကြောင်းကို ပေါ်လွင်အောင် ဖေါ်ပြရမည်။ 

-သတင်းပါလူ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတို့ ၏မိမိကိုယ်မိမိ ကာကွယ်ပြောဆိုမှုကို သတင်း၌ ဖေါ်ပြပေးရမည်။ သတင်းနှင့်ပတ်သက်သော ပုဂ္ဂိုလ်ကို သတင်းအကြောင်းခြင်းရာထက် ပို၍ ဦးစားပေးဖေါ်ပြခြင်းမပြုရ။ 

-သတင်းပါလူပုဂ္ဂိုလ်၏ သတင်းနှင့် မပတ်သက်သည့် ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များကို ရေးသားထုတ်လွှင့်ခြင်း မပြုရ။

-တရားရင်ဆိုင်နေရဆဲဖြစ်သူ လူပုဂ္ဂိုလ် တစ်ဦးအား အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရပြီးဖြစ်သူ သို့မဟုတ် ပြစ်ဒဏ် ချမှတ်ခံရပြီးဖြစ်သူ တဦးအဖြစ် ဖေါ်ပြခြင်း မပြုရ။ 

-သတင်းသို့မဟုတ် သတင်းဆောင်းပါး ရေးသားထုတ်လွှင့်ရာ၌ လူမျိုးရေး ဘာသာရေးအရ နှိမ့်ချဆက်ဆံမှု၊ အကြမ်းဖက်မှု၊ ဆူပူသောင်းကျန်းမှုတို့ကို အားပေးအားမြှောက်ပြုသည့် ကောက်ချက် သို့မဟုတ် ဝေဖန်ချက်များ မပါစေရ။ လူအများ စိတ်ခြောက်ခြားစေမည့် စကားအသုံးအနှုန်းကို ရှောင်ကျဉ်ရမည်။ 

-မိမိ သို့မဟုတ် မိမိ၏ သတင်းဌာနနှင့် အယူအဆချင်း မတူညီသူအား တဖက်သတ် ဝေဖန်ရေးသားထုတ်လွှင့်ခြင်း မပြုရ။

-သတင်းကို ကုန်ပစ္စည်းကြော်ငြားရေးနှင့် ဝါဒဖြန့်ချိရေးပစ္စည်းအဖြစ် အသုံးမပြုရ။ သတင်းသမား အချင်းချင်း တန်းတူရည်တူ ဆက်ဆံရမည်။ အခြားသတင်းသမားတစ်ဦး ရေးသားထုတ်လွှင့်သော သတင်းကို ခွင့်ပြုချက်မရပဲ သုံးစွဲခြင်းမပြုရ။ 

-မိမိအား အလုပ်ခန့်ထားသည့် သတင်းဌာန သို့မဟုတ် သတင်းလုပ်ငန်း၏ ရပ်တည်ရေးအား ထိပါးနိုင်သည့် သတင်းမျိုးကို ရေးသားထုတ်လွှင့်ခြင်း မပြုမီ အယ်ဒီတာအဖွဲ့အား အသိပေးရမည်။ 

-သတင်းသမား တစ်ဦးသည် ဖြောင့်မတ်မှန်ကန် စွာသွားလာ လှုပ်ရှားရမည်။

-သတင်းသမား တစ်ဦးတွင် ခွဲခြားတတ် သောစိတ်ဓာတ်လုံးဝ ကင်းလွတ်ရမည်။ (သူဟာ ဆင်းရဲလို့၊ ချမ်းသာလို့၊ )

သတင်းသမားတို့၏ရပိုင်ခွင့်

သတင်းသမားတစ်ဦးသည် 

-အများပြည်သူ၏ အကျိုးစီးပွားနှင့် ပတ်သက်သော သတင်းကို ကျင့်ဝတ်နှင့်အညီ လွတ်လပ်စွာ စုံစမ်းထောက်လှမ်းပိုင်ခွင့်ရှိသည်။

-သတင်းလွတ်လပ်ခွင့်ကို ထိပါးသော အချုပ်အချယ် အကန့်အသတ်များကို ဆန့်ကျင်ပိုင်ခွင့်ရှိသည်။

-သတင်းပေးသူ၏ လုံခြုံရေးကို ကာကွယ်သည့် သဘောဖြင့် သတင်းပေးသူ မည်သူဖြစ်သည်ကို တာဝန်ရှိအယ်ဒီတာမှတပါး အခြားသူများကို အသိမပေးပဲ နေပိုင်ခွင့်ရှိသည်။

-သတင်းရေးသားထုတ်လွင့်ရာ၌ တာဝန်ရှိအယ်ဒီတာ၏ လုပ်ငန်းသဘာဝအရ တာဝန်ပေးမှုမှတပါး အခြားသူများ၏ အမိန့်ပေးခြင်း၊ ဖိအားပေးခြင်းတို့ ကိုဆန့်ကျင်ပိုင်ခွင့်ရှိသည်။

-မိမိအား အလုပ်ခန့်ထားသည့် သတင်းဌာန၊ သတင်းလုပ်ငန်းတို့က စာဖြင့် ရေးသားပြဌာန်းထားသော စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် မကိုက်ညီသည့် မည်သည့်ခိုင်းစေမှု သို့မဟုတ် တားမြစ်မှုကိုမဆို ငြင်းဆန်ကန့် ကွက်ပိုင်ခွင့်ရှိသည်။

-သတင်းဆောင်းပါးထုတ်လွှင့်ရာ၌ မိမိ၏ ယုံကြည်ချက်နှင့် ဆန့်ကျင်သည့် ကောက်ချက်သို့မဟုတ် ဝေဖန်ချက်မျိုးပေးရန် အခြားသူတစ်ဦးက အမိန့်ပေးခြင်း၊ ဖိအားပေးခြင်းကို ဆန့်ကျင်ပိုင်ခွင့်ရှိသည်။

-မိမိအား အလုပ်ခန့်ထားသည့် သတင်းဌာန သတင်းလုပ်ငန်းတို့၌ သငတင်းသမားများအား အလုပ်ခေါ်ခြင်း၊ အလုပ်ခန့်ခြင်း၊ အလုပ်မှထုတ်ပယ်ခြင်း၊ ရာထူးတိုးခြင်းတို့ကို သိပိုင်ခွင့်ရှိသည်။

-သတင်းလုပ်ငန်း တခုတည်းဖြင့် အသက်မွေးသူ ဖြစ်ပါက ယင်းလုပ်ငန်းဖြင့် လွှတ်လပ်စွာ ရပ်တည်နိုင်မည့် လုပ်ခမျိုးကို တောင်းဆိုပိုင်ခွင့်ရှိသည်။

-သတင်းသမားတစ်ဦးသည် လွတ်လွတ်လပ်လပ် သွားလာပိုင်ခွင့်ရှိသည်။

-International  Card ရရင် နိုင်ငံတကာ မှာ သွားလာသတင်းယူ ပိုင်ခွင့်ရှိသည်။

-ကိုယ့်ရဲ့ သတင်းအမှန်တွေ ကို လွတ်လပ်စွာ ဖော်ပြပိုင်ခွင့်ရှိသည်။

-သတင်းသမားတိုင်းအတွက် အသက်စည်းစိမ် လုံခြုံပိုင်ခွင့်ရှိသည်။


by...                                                                           Peace Mr.

0 comments: