Thursday, February 23, 2012

ဒေါ်စု ကချင်ပြည်နယ် ခရီးစဉ် (Update)


ပါတီအသီးသီးက ကိုယ်စားလှယ်လောင်းများကို မေးခွန်းမေးဖို့ မိုးကောင်းလူထုကို ဒေါ်စုပြော

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၆ နာရီ ၄၈ မိနစ်
 
ဒေါ်အောင်ဆန်းစုကြည်က မိုးကောင်းမြို့နယ် ပြည်သူသို့ ပြောကြားသွားရာတွင် မိမိတို့ဒေသထံ လာရောက် စည်းရုံးသည့် မည်သည့် ပါတီမှက လွှတ်တော် ကိုယ်စားလှယ်လောင်းကို မဆို မေးခွန်းများ မေးရန်လိုအပ်ပြီး ကိုယ်စားလှယ်လောင်းများကလည်း ဆန္ဒရှင်များ၏ ထောက်ခံမှုကို လိုချင်ပါက ဘာ့ကြောင့် ထောက်ခံခိုင်းသည်ကို ရှင်းပြနိုင်ရမည်ဟု ပြောသွားသည်။

“ဘယ်နိုင်ငံရေးပါတီပဲဖြစ်ဖြစ် ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် လာပြီးတော့ စည်းရုံးလို့ရှိရင် ပြည်သူတွေက မေးခွန်း
မေးပိုင်ခွင့် ရှိတယ်။ မေးခွန်းတွေ ခေါင်းထဲမှာရှိရင် မေးပိုင်ခွင့်ရှိတယ်။ ပြည်သူတွေက မေးပိုင်ခွင့်ရှိရင် ပြည်သူ
တွေ ဘာသိချင်သလဲဆိုတာကို စဉ်းစားပြီးတော့ ဖြေရမယ်။ ဘာ့ကြောင့် ဒီအလုပ်တခုကို လုပ်တယ်ဆိုတာကို ရှင်းပြရမယ်။ ပြည်သူတွေရဲ့ ထောက်ခံမှုလိုချင်ရင် ဒီထောက်ခံဖို့ ကိစ္စကို ဘာဖြစ်လို့ လုပ်ချင်လဲဆိုတာကို ရှင်းပြရမယ်။” ဟု ဒေါ်စုက ပြောသွားသည်။

NLD ၏ မိုးကောင်း လွှတ်တော် ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနှင့် ပတ်သက်၍လည်း “ဒေါ်ခင်ကြည်ကို မိုးကောင်းမြို့နယ်မှာ ကိုယ်စားလှယ်လောင်း အဖြစ်နဲ့ ရွေးချယ်လိုက်သလဲဆိုတာက အဖွဲ့ချုပ်က ပြည်သူတွေ
လေးစားနိုင်လောက်အောင် ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျောက်လှမ်းခဲ့တယ်။” ဟု ပြောကြားသွားပြီး အတွေ့အကြုံနှင့် ပညာအရည်အချင်းတို့ကိုလည်း ထည့်သွင်းစဉ်းစား ရွေးချယ်ခဲ့ကြောင်း ပြောကြားသွားသည်။
 
 
ဒေါ်စု မိုးကောင်းရောက် လူထု တခဲနက်ကြိုဆို

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၆ နာရီ ၀၀ မိနစ်
 
မိုးကောင်းမြို့သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိနေပြီဖြစ်ပြီး ကျောင်းသားလူငယ်များ၊ မြို့သူမြိုသားများမှ ကြိုဆိုကြသည်ဟု မြစ်ကြီးနား NLD ဥက္ကဋ္ဌ ဦးနေဝင်းက မဇ္ဈိမကို ပြောသည်။

“ကလေးတွေ၊ လူကြီးတွေကော၊ ကျောင်းသားတွေကော၊ ကျောင်းဝတ်စုံလေးတွေနဲ့ အကုန်လုံး တခဲနက် ကြိုဆို
နေကြတယ်ဗျ။ လူကလည်း တော်တော်များပါတယ် ခင်ဗျာ့ တော်တော်များပါတယ်။ လမ်းတလျောက် အရှည်ကြီး
ပဲဗျ လူကတော့ လေးငါး ခြောက်သောင်းကျော်ရှိမယ်ဗျ။ ကြိုဆိုနေကြတာ တခဲနက်ပဲ။” ဟု ဦးနေဝင်းက ပြောသည်။

ဦးနေဝင်း၏ ဖုန်းဖြင့် ဖြေကြားမှုတွင် မိုးကောင်းလူထုမှ “အမေစု ကျန်းမာပါစေ၊ အမေစု ကျန်းမာပါစေ” ဟု ဆန္ဒပြု ဆုတောင်းသံများလည်း ကြားနေရသည်။
နမ္မတီး အားကစားကွင်းအတွင်း ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၅ နာရီ ၄၆ မိနစ်
 
နမ္မတီးကျေးရွာရှိ ဘောလုံးကွင်းတွင် လူထု ၅ သောင်းခန့် လာရောက် အားပေးကြပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေဟူသော ဆုတောင်းမေတ္တာများ ပေးခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲမှ ကောက်နုတ်ချက် အချို့မှာ “မိုးကောင်းမြို့နယ်တွင် NLD ပါတီအနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်ရခြင်းမှာ စစ်မှန်သော ပြည်ထောင်စုစိတ်ဓါတ် ပြန့်ပွားနေချင်လို့ ဖြစ်ပါတယ်။ ဖွဲ့ထားစဉ် ကာလကတည်းက တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်ရေးကို မြင်ချင်လို့ ဖြစ်တယ်”

“ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့မှာ တော်တော်များများ ရှိပါတယ်။ အဲဒီများတဲ့ထဲက ပြန်စဉ်းစားတဲ့အခါမှာ အမျိုးသမီးတွေ၊ တိုင်းရင်းသူ တိုင်းရင်းသားတွေကို ဦးစားပေးမယ် ဆိုပြီးတော့ ဆုံးဖြတ်ခဲ့ပါတယ်။ အမျိုးသမီးတွေကို အားပေးတဲ့ သဘောပါ။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတွေရဲ့ အင်အား မသုံးဘူးဆိုလို့ရှိရင် ကျမတို့နိုင်ငံမှာ တိုးတက်သင့်သလောက် တိုးတက်မှာ မဟုတ်ဘူး။ ကျမတို့နိုင်ငံက အမျိုးသမီးတွေ များတယ်” ဟု
ဒေါ်အောင်ဆန်းစုကြည်က ဟောပြောသွားသည်။


မိုးကောင်းမြို့မှ အိုးတန်းဘောလုံးကွင်းတွင်လည်း ထပ်မံ ဟောပြောပြီးနောက် မြစ်ကြီးနားမြို့ကို ပြန်မည်ဖြစ်ကြောင်း နမ္မတီး အမျိုသား ဒီမိုကရေစီ အဖွဲ့ချုပ် စည်းရုံးရေးမှူး ဦးဝင်းဗိုလ်က ပြောသည်။
 
 

0 comments: