Friday, March 02, 2012

အိန္ဒိယနယ်စပ် မြန်မာနှစ်ဦး ဖမ်းမိ၊ တဦး KIA မှဟုဆို



 အိန္ဒိယ-မြန်မာနယ်စပ် မိုးရေးမြို့တွင် ကချင်လွတ်မြောက်ရေးတပ် KIA အဖွဲ့ဝင် လူကြီးတဦး ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့က ဖမ်းဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။

မိုးရေးမြို့ အမှတ် ၃ ရပ်ကွက်နေ အသက် ၆၅ နှစ်အရွယ် ဦးဖောင်နား လထွယ် Hpauna Lahtoi ခေါ် Alizou အား ပစ္စတိုတလက်၊ ၆.၃၅မမ ကျည် ၅ တောင့်နှင့်အတူ ဖမ်းဆီးရမိကြောင်း အိန္ဒိယ Nagaland Post သတင်းတရပ်တွင်
ဖော်ပြပါရှိသည်။


နယ်မြေခံ အာသံရိုင်ဖယ် အမှတ် ၉ မှ တပ်ဖွဲ့များက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲသတင်းရပ်ကွက်အား ကိုးကား၍
ဖော်ပြထားသည်။

သို့သော် လက်နက်နှင့် ဖမ်းဆီးမိသည်ဆိုသည်မှာ လုပ်ကြံမှုလည်း ဖြစ်နိုင်ကြောင်း ဦးလထွယ် လွတ်မြောက်ရေး အတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် မိုးရေးမြို့နေ ဦးဆာဆတ် က မဇ္ဈိမကို ပြောသည်။

“သတင်းပေးတာဘာညာ ရှိမှာပေါ့။ သေနတ်နဲ့ကျည်ဆံ မိတယ်ဆိုတာ တကယ်ဟုတ်လား/မဟုတ်ဘူးလား၊ မိသားစု က မဟုတ်ဘူးပြောတယ်။ စစ်တပ်ကတော့ အဲဒါတွေနဲ့ မိတယ်လို့ ပြောတယ်။ တထစ်ချ မပြောရဲဘူး။ တပ်ကလည်း သူတို့ ရာထူးတက်ရာတက်ကြောင်း အကြံအဖန်လုပ်ပြီးဖမ်းမယ်။ ပြီးရင် သေနတ်တလက်လောက်နဲ့ ရဲစခန်းအပ်မယ်” ဟု ပြောသည်။

ဦးလထွယ်မှာ ၁၉၉၂ ခုနှစ်ကတည်းက အိန္ဒိယနိုင်ငံ Arunachal Pradesh ပြည်နယ်တွင် နေထိုင်ပြီးနောက် မိုးရေးမြို့ သို့ ပြောင်းရွှေ့အခြေချ နေထိုင်သူတဦးဖြစ်ကြောင်းလည်း ဦးဆာဆတ် က ပြောသည်။

“၂ဝဝ၂ လောက်မှ မိုးရေးဘက် ဆင်းလာတာ။ ကူကီးအမျိုးသမီးတယောက်နဲ့ အိမ်ထောင်ကျတယ်။ အဲဒီကတည်းက ကပ္ပတိန်ပဲ။ လွန်ခဲ့တဲ့ ၂-၃ နှစ်လောက်ကမှ သူ့ကိုပြန်ပြီး တာဝန်ပေးတာ။ ဒေလီကို လာတဲ့သူတို့၊ ကျမ်းစာကျောင်း တက်တဲ့သူတို့၊ တမူး-မိုးရေး လမ်းကလာရင် သူ့ဆီမှာပဲ တည်းကြတယ်” ဟု ကူကီး ခေါင်းဆောင်တဦးလည်း
ဖြစ်သည့် ဦးဆာဆတ် က ပြောသည်။

ဦးလထွယ်ကို မဏိပူရပြည်နယ်၊ အင်ဖာမြို့ အနောက်ပိုင်း ရဲဌာနတွင် ဖမ်းဆီးထားပြီး လက်နက်မှုမြောက်ပါက
ထောင်ကျနိုင်သော်လည်း လွတ်မြောက်ရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း “အဲဒီအတိုင်းဆို ထောင်ကျ မှာပေါ့။ မကျအောင် ရှေ့နေတွေဘာတွေ ငှားပြီးတော့ အချုပ်ကနေပဲ ထွက်လာအောင်၊ ရုံးချိန်းလောက်နဲ့ပဲ
ပြတ်သွားအောင် ကြိုးစားနေကြတာပါ။ အာမခံနဲ့ ထွက်လာအောင်” ဦးဆာဆတ် က ပြောသည်။

ထို့အပြင် အိန္ဒိယအစိုးရအား ပုန်ကန်နေသည့် မြေအောက်အဖွဲ့များထဲမှ တခုဖြစ်သည့်  PREPAK အဖွဲ့ဝင်တဦးဟု ယူဆရသူကိုလည်း လက်နက်နှင့်ပင် မိုးရေးမြို့ထဲမှ ဖမ်းဆီးရမိခဲ့ကြောင်းလည်း သတင်းများတွင် ဖော်ပြသည်။

တမူးမြို့နေ အသက် ၂၅ နှစ်အရွယ် ဇော်သူ ခေါ် ဘလိုင်း အား AK-47 တလက်၊ ၇.၆၂ မမ ကျည် ၅ တောင့်နှင့်အတူ အမှတ် ၉ အာသံရိုင်ဖယ် တပ်များကပင် ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

ဖေဖေါ်ဝါရီလ ၄ ရက်နေ့ကလည်း တမူးမြို့ နန့်ဖာလုံဈေး အနီးတွင်  ပစ်ခတ်မှုတခု ဖြစ်ပွားခဲ့သေးသည်။ အိန္ဒိယ အာသံရိုင်ဖယ် Assam Rifle တပ်မှ ကင်းလှည့်စစ်ဆေးစဉ် နယ်စပ်ဂိတ်အမှတ် ၂ ၌ မဏိပူရ (ကသဲ) လူမျိုး အချို့က အစစ်အဆေးမခံဘဲ မြန်မာဘက်ခြမ်း နန့်ဖာလုံ ဈေးဂိတ်သို့ ထွက်ပြေးခြင်းကြောင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယ ခွဲထွက်သူပုန်များဖြစ်ကြသည့် PLA, ULFA, UPLF, PREPAK, KCP, KYKL, RPF နှင့် UNLF တို့ အပါအဝင် ရှစ်ဖွဲ့ထက်မနည်းမှာ မြန်မာ့မြေပိုင်နက် အတွင်းဝယ် ခိုလှုံ နေထိုင်ကြကြောင်း အိန္ဒိယ သတင်းစာများတွင် ရေးသား ထားသည်။

၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ခရစ်စမတ်နေ့ကလည်း နန်းဖာလုံဈေးလုံခြုံရေး တာဝန်ကျ မြန်မာစစ်သားတဦး၏ ပစ်ခတ်မှု
ကြောင့် အနီးရှိ အိန္ဒိယပိုင် မိုးရေးမြို့ဘက်တွင် ဘောလုံးကစား နေသည့် လူငယ်တဦးအား သေနတ်ကျည်ဆံ ထိမှန် ခဲ့ဖူးသည်။

0 comments: