တတိယလှိုင်းခေတ် ပြောက်ကျားစစ် - အပိုင်း (၃)
ဆောင်းပါးရှင် - ဆရာဂါမဏိ
ဆရာဂါမဏိရဲ့ တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း(၃) ကို ကျွန်တော် ကိုဖိုးတရုတ်မှ ဒီကနေ့ ဆက်လက် တင်ဆက်ပေးလိုက်ပါတယ်။ အိဂျစ်က ဘာသာရေးအခြေခံ ဝါဒီတယောက်က ထောက်လှမ်းရေး တွေဟာ မိစ္ဆာဒိဋ္ဌိတွေ ဟုတ်မဟုတ်၊ သူတို့ကို သတ်လို့ ပါဏာတိပါတာ ကံထိုက် မထိုက် မေးခွန်းကို အယ်လ်ကိုင်ဒါရဲ့ နံပတ် ၂ ခေါင်းဆောင် ဇာဝါဟီရီအား ၂ဝဝ၇ ဒီဇင်ဘာလမှာ အင်တာနက်ပေါ်ကနေ မေးသမျှဖြေ ပေးမယ့် ချက်တင်ကဏ္ဍတခုမှာ မေးခဲ့ပုံ၊ နောက်ပိုင်းမှာတော့ အယ်လ်ကိုင်ဒါဟာ နည်းပညာ ခုန်ပျံကျော်လွှား သွားနိုင်ပြီး ဗီဒီယိုခွေတွေကို အင်တာနက် ပေါ် တိုက်ရိုက် အပြည့် တင်နိုင်လာတဲ့အထိ ရောက်လာခဲ့ပုံ စတဲ့ အကြောင်းအရာ များကို ဆရာဂါမဏိက ကွက်ကွက်ကွင်းကွင်း ရှင်းလင်းရေးသား ပြောဆိုထားပါတယ်။ ယခုလို ဆောင်းပါးရေးသား ပေးပို့လာတဲ့ ဆရာဂါမဏိအား ကျွန်တော် ကိုဖိုးတရုတ်မှ အထူးပင် ကျေးဇူးတင်ရှိပါတယ် ခင်ဗျား။
၂ဝဝ၃ ဇွန်လ ၂၄ ရက်မှာ အမေရိကန် သမ္မတဘွတ်ရှ်က အယ်လ်ကိုင်ဒါ ခါင်းဆောင်ပိုင်းဟာ လုံးဝနီးနီး အစွယ် ကျိုးသွားပြီလို့ ကြေညာခဲ့ပါတယ်။ ဘင်လာဒင်ကို မဖမ်းမိသေးပေမဲ့ အမေရိကန်ကိုရော၊ ကမ္ဘာကိုပါ အန္တရာယ် ပေးနိုင်တဲ့ အနေအထား မရှိတော့ဘူးလို့လည်း ဆက်ပြောခဲ့ပါတယ်။ ဥရောပတိုက်နဲ့ အရှေ့အလယ်ပိုင်းက ဗုံးခွဲမှု တွေဟာ ဘင်လာ ဒင်ကြောင့်မဟုတ်ဘဲ ဒေသခံ စစ်သွေးကြွေ တွကြောင့်သာ ဖြစ်ခဲ့တယ်လို့ သုံးသပ်ခဲ့ပါတယ်။
အခုတော့အယ်လ်ကိုင်ဒါဟာ အမေရိကန်၊ ဥရောပနဲ့ ပါကစ္စတန် ထောက်လှမ်းရေးအရာရှိတွေ ထင်ခဲ့သလို အားပျော့ချိနဲ့သွားတာ မဟုတ်ဘူးဆိုတာကို လက်ခံလာကြပါပြီ။ ဥပမာတခုအနေနဲ့ ပြရရင် ဘင်လာဒင်ဟာ ၂ဝဝ၃ ခုမှာ ဆော်ဒီအာရေးဗျနိုင်ငံထဲ “အိပ်ခိုင်းထားတဲ့” ကလပ်စည်းတွေကို နှိုးထလှုပ်ရှားစေခဲ့ပြီး ကားဗုံးခွဲမှု တွေ လုပ်ကြံသတ်ဖြတ်မှု တွေ တသီကြီး လုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ၂ဝဝ၂ ခု ကျူနီးရှားက ဂျူးဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက် ဗုံးခွဲမှု၊ ၂ဝဝ၅ ခု လန်ဒန် မြေအောက် ရထားလိုင်း ဗုံးခွဲမှုတွေဟာ ပါကစ္စတန်-အာဖဂန်နစ္စတန် နယ်စပ်က ဘင်လာဒင့် လက်ထောက်တွေ ညွှန်ကြားမှုအရ ဖြစ်ခဲ့တာကို အခုမှသိလာ ရပါတယ်။
ပါကစ္စတန်သမ္မတ မူရှာရပ်ဖ်ကို ၂ဝဝ၃ ခုနှစ် နှောင်းပိုင်းမှာ လုပ်ကြံခဲ့ရာမှာလည်း အောင်မြင်လုနီး ဖြစ်ခဲ့ပါသေးတယ်။ ၂ဝဝ၆ မှာ ဗြိတိန်နိုင်ငံက အမေရိကန်ကို ပျံသန်းတဲ့ ခရီးသည် လေယာဉ်ကို ဖောက်ခွဲဖို့လည်း လုပ်ခဲ့ပါတယ်။
တကယ်တော့ အယ်လ်ကိုင်ဒါဟာ ဆိုဗီယက်စစ်တပ်နဲ့ ကေဂျီဘီထောက်လှမ်းရေး၊ ဆော်ဒီအာရေဗျ ပဒေသရာဇ် အာဏာရှင်စနစ်၊ စီအိုင်အေ ထောက်လှမ်းရေးနဲ့ အမေရိကန်-နေတိုး စစ်တပ်တို့ကို နှစ်ပေါင်းများစွာ ရင်ဆိုင် ယှဉ်ပြိုင်ခဲ့၊ ကတုံးပေါ် ထိပ်ကွက်နိုင်ခဲ့တဲ့ အတွေ့အကြုံတွေကနေ သင်ခန်းစာ တွေထုတ်ယူနိုင် ခဲ့ပြီး မိမိရှင်သန် တည်တန့်ရေးနဲ့ ဆက်လက်တိုက်ပွဲဝင်ရေး အတွက် အသုံးချနိုင်ခဲ့ပါတယ်။
၂ဝဝ၁ ခု စက်တင်ဘာ (၁၁)ရက်နောက်ပိုင်း အမေရိကန် ဝင်တိုက်တာကို တိမ်းရှောင်နိုင်ခဲ့တဲ့ အိုစာမာဘင်လာဒင်နဲ့ အယ်လ်ကိုင်ဒါ ဗဟိုအဖွဲ့ဟာ စောစောပိုင်းတုံးက ခေါင်းဆောင်ပိုင်းတွေ ဖမ်းမိ ကျဆုံးခဲ့တာတွေကို အခုအခါ ပြန်လည် အစားဖြည့်နိုင်ခဲ့ရုံမက ရန်ပုံငွေရှာ၊ လူသစ်စု၊ သင်တန်းပေးတာ တွေလည်း တိုးချဲ့လုပ်လာ နိုင်ပါတယ်။ ဒါ့အပြင် မြေအောက် ပြောက်ကျားတပ်ဖွဲ့ တွေထဲမှာ အကောင်းဆုံးဝါဒ ဖြန့်ချီရေး ယန္တရားကိုလည်း တည်ဆောက် နိုင်ခဲ့ပါတယ်။
အသိညာဏ်မရှိသောနအဖဘက်တော်သား...
အယ်လ်ကိုင်ဒါ အဖွဲ့ကို ဦးစီး ကောင်စီတခုက ကိုင်တွယ် အုပ်ချုပ်နေ ပါတယ်။ ဒီကောင်စီဟာ လျော့လျဲလျဲ စုစည်း ထားတဲ့ လူအုပ်စု ပုံစံမပေါက်ဘဲ အဖွဲ့အစည်း ပုံစံကျကျနဲ့ ပုံမှန် အစည်းအဝေးတွေ ထိုင်ကြပါတယ်။ အစည်းအဝေး ဆုံးဖြတ်ချက်တွေကို ဘင်လာဒင်ဆီ အစီရင်ခံတင်ပြရပါတယ်။ အရေးကြီး ဆုံးဖြတ်ချက် တချို့ကိုတော့ ဘင်လာဒင်က အတည်ပြုရပါ တယ်။ ဗဟိုအဖွဲ့မှာ အင်အား (၂ဝဝ)လောက်ရှိပြီး အတော်များများက ပုံမှန်လစာ တွေရကြပါတယ်။ လက်အောက်ခံအဖွဲ့ တွေကိုတော့ ရန်ပုံငွေရှာဖွေရေး၊ ထောက်ပို့စတဲ့ လုပ်ငန်း တာဝန်အလိုက် ကလပ်စည်းတွေ ဖွဲ့ထားပါတယ်။ ဒီအဖွဲ့ဝင် တွေဟာ ဒေါင်လိုက်ဖွဲ့စည်းပုံအရ ကိုယ့်အစုထဲက လူတွေကိုဘဲ သိကြပါတယ်။ တခြားအစုတွေ ကို သိခွင့်မရှိပါဘူး။
အယ်လ်ကိုင်ဒါရဲ့ နံပတ် ၂ ခေါင်းဆောင် ဇာဝါဟီရီက ၂ဝဝ၇ ဒီဇင်ဘာလမှာ အင်တာနက်ပေါ်ကနေ မေးသမျှဖြေ ပေးမယ့် ချက်တင်ကဏ္ဍတခု ဖွင့်ခဲ့ပါတယ်။ အဲဒီမှာ သတင်းစာဆရာတွေနဲ့ သာမန်လူတွေက မေးခွန်းပေါင်း ၁၈၈၈ ခုကို ချက်တင်ရိုက် မေးခဲ့တဲ့အခါ ဇာဝါဟီရီက ၂ ပတ်-၃ ပတ်အကြာမှာ ငါးပုံတပုံလောက်ကို သေသေချာချာ ဖြေပေးခဲ့ပါတယ်။ အိဂျစ်က ဘာသာရေးအခြေခံ ဝါဒီတယောက် မေးတဲ့ ထောက်လှမ်းရေး တွေဟာ မိစ္ဆာဒိဋ္ဌိ တွေဟုတ်မဟုတ်၊ သူတို့ကိုသတ် လို့ ပါဏာတိပါတာ ကံထိုက်မထိုက် မေးခွန်းကို ဟုတ်ကြောင်း၊ ဒါကြောင့် တယောက်မကျန် သတ်၍ရကြောင်း ဖြေပေးခဲ့သလို အယ်လ်ကိုင်ဒါရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို စိန်ခေါ်ရှုတ်ချ မေးခွန်းထုတ် ထားတွေကိုလည်း ပြန်လည်ဖြေရှင်း ခဲ့ ပါတယ်။
ဒီလိုလုပ်ငန်းတွေကို တာဝန်ယူစီစဉ်ပေးရတဲ့ အယ်လ်ကိုင်ဒါရဲ့ ပြန်ကြားရေးဌာန (ဝါ) ဝါဒဖြန့်ချိရေး မီဒီယာဌာနကို အယ်လ်ဆာဟာ့ဘ် (ဗမာလို တိမ်တိုက်များ)လို့ ခေါ်ပါတယ်။ ဒီ မီဒီယာအဖွဲ့ဟာ ၂ဝဝ၅ ခုမတိုင်မီက ကိုယ့်ဗီဒီယို အခွေ တွေဖြန့်နိုင်ဖို့ အယ်လ်ဂျာဇီးယားရား ရုပ်သံသတင်းဌာနလို တခြားမီဒီယာ ထွက်ပေါက်တွေ အပေါ် မှီခိုခဲ့ရပါတယ်။ အင်တာနက်ပေါ်မှာလည်း ဗီဒီယို အပိုင်းတိုလေးတွေဘဲ တင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အယ်လ်ဂျာဇီးယား ကလည်း ဒီကနေ့ မြန်မာလို လွှင့်တဲ့အသံလွှင့် ဌာနတွေလိုဘဲ ဘင်လာဒင် မိန့်ခွန်းတွေကို ဖြတ်ချင် သလိုဖြတ် လွှင့်ချင်သလိုလွှင့်လို့ ဆိုလိုရင်း အဓိပ္ပာယ် တလွဲတချော် ဖြစ်ရတာတွေ၊ အကြမ်းဖက်ဝါဒ အားပေးတယ်လို့ ဥရောပနဲ့အမေရိကန်က စွပ်စွဲမှာကို စိုးရိမ်ပြီး မီဒီယာရဲ့ဘက် မလိုက်မှုဆိုတဲ့ စိတ်ကူးယဉ် ဝါဒကို ကျင့်သုံးတာတွေကြောင့် အယ်လ်ကိုင်ဒါ အဖွဲ့သားတွေက မကျေလည် ကြပါဘူး။ ၂ဝဝ၅ ခုမှာဆိုရင် အယ်လ်ဂျာဇီးယားဟာ ဘင်လာဒင် မိန့်ခွန်းတွေကို လုံးဝလွှင့်မပေး တော့ပါဘူး။ တဖက်မှာ အင်တာနက် ဝန်ဆောင်လုပ်ငန်းတွေ အနေနဲ့ အစ္စလမ် အစွန်းရောက် ဝက်ဘ်ဆိုက်တွေကို ပိတ်ပစ်ပေးဖို့လည်း အမေရိကန် အစိုးရနဲ့ မဟာမိတ်တွေက အောင်အောင် မြင်မြင် စည်းရုံး ဖြောင်းဖြနိုင် ခဲ့ပါတယ်။ အဲဒီတုံးက အစ္စလမ် ကွန်ပျူတာ ပါရဂူ တော်တော် များများ ကိုလည်း အရှင် သို့မဟုတ် အသေ ဖမ်းမိခဲ့ပါတယ်။
အယ်လ်ကိုင်ဒါဟာ ဒီနောက်ပိုင်း မှာတော့ နည်းပညာခုန် ပျံကျော်လွှားသွားနိုင်ပြီး ဗီဒီယိုခွေတွေကို အင်တာနက် ပေါ် တိုက်ရိုက် အပြည့် တင်နိုင်လာပါတယ်။ အယ်လ်ဆာဟာ့ဘ် မီဒီယာဌာနရဲ့ အယ်ဒီတာတွေနဲ့ ထုတ်လုပ်သူ တွေဟာ ဆိုနီဗေယို အမျိုးအစား လက်ပ်တော့ ကွန်ပျူတာတွေနဲ့ ထိပ်တန်း ဗီဒီယိုကင်မရာတွေ သုံး၊ မိမိတို့ဖိုင် တွေကို ပီဂျီပီ ပရိုဂရမ်နဲ့ ဝှက်စာသွင်းပြီး ထားပါတယ်။ ၂ဝဝ၅ ခုမှာ အယ်လ်ဆာဟာ့ဘ်က ဗီဒီယို (၁၆)ခွေ ထုတ်ခဲ့တယ်။ ၂ဝဝ၇ ခုမှာတော့ (၉၇)ခွေအထိ ခြောက်ဆတိုး ထုတ်လာပါတယ်။ အခုဆို သုံး-လေးရက်တခွေ နှုန်းလောက် ထွက်နေပါတယ်။ အရည်အသွေး ကလည်း သိသိသာသာ တိုးတက်လာပြီး ဗီဒီယိုအများစုမှာ ဘာသာပေါင်းစုံနဲ့ စာတန်းထိုးတာတွေ ပါလာသလို တချို့ အခွေတွေမှာ သုံးဖက်မြင် ကာတွန်းရုပ်ရှင် သရုပ်ဖော်ပုံ တွေလည်း ထည့်လာနိုင်ပါတယ်။ သတင်းကား အဆင့်ရှိတဲ့ ဗီဒီယိုခွေ၊ အိုင်ပေါ့ဒ်ဖိုင်၊ လက်ကိုင်ဖုံးအတွက် ဗီဒီယိုဖိုင်၊ အမ်ပီသရီးအတွက် အသံသက်သက်ဖိုင် စသဖြင့် အမျိုးအစားစုံစုံ ထုတ်လုပ် နေပါတယ်။
0 comments:
Post a Comment