Monday, December 05, 2011

ကွတ်ခိုင်မြို့ ပြည်ထောင်စု လမ်းမပေါ်မှ တိုက်ပွဲ

|1 comments
 Monday, December 5, 2011
ပြည်ထောင်စုလမ်း

ဒီဇင်ဘာလ ၄ ရက်နေ့ နေ့လည် ၂ နာရီ ဝန်းကျင်တွင် ကွတ်ခိုင်မြို့အနီး ပြည်ထောင်စု လမ်းမပေါ်တွင် ကချင်နယ်မြေနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းသို့ စစ်ကူပေးရန်အတွက် ချီတက်လာတဲ့ သိန်းစိန်အစိုးရ စစ်တပ် စစ်ယာဉ်တန်း ကို KIA တပ်တို့မှ တားဆီး တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုတွင် အစိုးရ စစ်တပ်မှ အရာရှိ (၂) ဦး အပါအဝင် (၃) ဦးဒဏ်ရာရရှိပြီး အခြားအဆင့် (၁) ဦး ကျဆုံးသွားကြောင်း သိရှိရပါတယ်။


စစ်အစိုးရ စစ်တပ်ဟာ ကချင်နယ်မြေနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ စစ်အင်အားများ၊ စစ်ကူများ အဖြစ် တပ်မ တပ်များကို တိုးချဲ့ ထိုးစစ်ဆင်နေကြောင်း သိရပါတယ်။ နိုဝင်ဘာလ ၂၉၊ ၃၀ မှာ ကေအိုင်အေနှင့် သိန်းစိန်အစိုးရ တရုတ်နိုင်ငံ ရွှေလီမှာ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ရေရာတဲ့ အဖြေမရရှိခဲ့သည်သာမက တိုက်ပွဲများဟာ ပိုမို ပြင်းထန်လာနေကြောင်း ကေအိုင်အေ တာဝန်ရှိသူများရဲ့ ပြောကြားချက်အရ သိရပါတယ်။

W.P Moses

ခမရ ၃၈၆ နှင့် ကေအိုင်အေ တပ်ရင်း ၁၄ ထိပ်တိုက်တွေ့

|0 comments
 Monday, December 5, 2011
 
ရှေ့တန်းနယ်မြေမှ ကေအိုင်အေ စစ်သည်တော်များ

ဒီဇင်ဘာလ ၃ ရက်နေ့ မနက်ပိုင်း ၉း၃၀ နာရီဝန်းကျင်တွင် ကချင်ပြည်နယ် မိုးကောင်းစက်လှေဆိပ်နှင့် လဝါးကျေးရွာ အကြား ကလာကထောင် အနီးမှာ စစ်အစိုးရတပ် ခမရ (၃၈၆) တပ်တို့ဟာစစ်ကား (၂) စီးဖြင့် ချီတက်လာရာ ကေအိုင်အေတပ်မဟာ (၂) လက်အောက်ခံတပ်ရင်း (၁၄) နှင့် ပြည်သူ့စစ်တို့ ပူးပေါင်းကာ တားဆီး တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ တစ်ဦးကျဆုံးပြီး ၃ ဦး ထိခိုက်ခဲ့ ကြောင်းသိရပါတယ်။

ခမရ (၃၈၆) တပ်ဟာဒီဇင်ဘာလ ၂ ရက်နေ့ ကေအိုင်အေတပ်ရင်း (၆) တို့နှင့် တိုက်ပွဲဖြစ်ခဲ့သေးကြောင်း၊ ယင်းတိုက်ပွဲတွင်ထိခိုက်သူများကို ပြန်လည် ပို့ဆောင်တဲ့ တပ်ဖွဲ့ဖြစ်ကြောင်းသိရပါတယ်။

ကေအိုင်အေနှင့် သိန်းစိန်အစိုးရ စစ်တပ်ဟာ နေ့တိုင်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေပါတယ်။ ယခုချိန်တွင် ကေအိုင်အေ တပ်မဟာ (၃) နယ်မြေဖြစ်တဲ့ မိုင်ဂျာယာန် အနီးတဝိုက်များတွင်လည်း ကေအိုင်အေနှင့် စစ်အစိုးရ စစ်တပ်တို့အကြား ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲများ ဖြစ်ပွားနေပြီ ဖြစ်ကြောင်း ဒေသခံများမှ သိရှိရပါတယ်။ ဒေသခံတချို့မှာ တိုက်ပွဲပြင်းထန်လာမှာ ဖြစ်သောကြောင့် ကေအိုင်အေ ထိန်းချုပ်နယ်မြေနှင့် တရုတ်ဘက်သို့ ထွက်ပြေး တိမ်းရှောင်နေကြကြောင်း သိရှိရပါတယ်။

 W.P Moses

အမျိုးသားပြန်လည်သင့်မြတ်ရေး (လမ်းကြောင်း မှတ်တိုင် ဂိတ်ဆုံး)

|0 comments
 Monday, December 5, 2011

ဇွန်လ ၉ ရက်မှာ ကေအိုင်အေ ကချင်ငြိမ်း ချမ်းရေးအဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေးပျက်သွားပြီး ဒုတိယပြည်တွင်းစစ် ဖြစ်ပွားခဲ့ရာမှာ စစ်ပွဲအခြေအနေကို အခုလိုလေ့လာတွေ့ ရှိရပါတယ်။ (တိုက်ပွဲကြီးတွေကို မှတ်တမ်းတင်ထားတဲ့ မပြည့်စုံသေးတဲ့ စာရင်းဖြစ်ပြီး အချက်အလက်အတော် များများကို မြန်မာစစ်တပ် သတင်းရင်းမြစ်တွေနဲ့ ကချင်သ တင်းရင်းမြစ်တွေ တိုက်ဆိုင်စစ်ဆေး အတည်ပြုထားပါ တယ်။ ၂ ယောက် ၃ ယောက်သေတဲ့ တိုက်ပွဲကလေးတွေ ထည့်မထားပါ။)

ဇွန် ၁၇ ရက်က မိုးညှင်းမြို့နယ် ဆင်ဘိုတိုက်ပွဲမှာ ခလရ ၁၄၁ က ၁၇ ယောက်ကျခဲ့တယ်။ ဇူလိုင်၂ ရက်က မိုးညှင်း မြို့ နယ်ထဲ တိုက်ပွဲမှာ ကြံ့ဖွတ်စစ်သား ၂၀၊ ကွတ်ခိုင်မြို့နယ်ထဲမှာ ၁၀ ယောက်ကျခဲ့တယ်။ ဇူလိုင် ၁၆-၁၈ ရက်က လဂျား ယန်မြို့နယ် ခါ့ယာရွာအနီး ၃ ရက်ကြာတိုက်ပွဲမှာ ခလရ ၂၁ က ၂၅ သေ၊ ၂၄ ဒဏ်ရာ၊ ၁၁ စစ်သုံ့ပန်းမိခံရပြီး ၃၄ လက် ဆုံးခဲ့တယ်။ ဇူလိုင် ၂၆ ရက်က ကာမိုင်းတိုက်ပွဲမှာ ခလရ ၁၀၅ က ၁၆ ယောက် သေကြေဒဏ်ရာရခဲ့တယ်။

သြဂုတ် ၂၈-၂၉ ရက် မိုးမောက်မြို့နယ် လွန်ဂျာတောင်တိုက်ပွဲမှာ ကြံ့ဖွတ်စစ်သား ၇ ယောက်ကျခဲ့တယ်။ စက်တင်ဘာ ၁၄-၁၆ ရက်များက ၃ ရက်ကြာ နမ်စန်ပတိုက်ပွဲမှာ ခလရ ၃၇ နဲ့ ခမရ ၄၃၈ က အယောက် ၄၀ လောက်ကျခဲ့တယ်။ စက်တင်ဘာ ၁၈ ရက် မုံးကိုး တိုက်ပွဲမှာ ခလရ ၃၆ နဲ့ ခလရ ၂၉၀ က ၇ ယောက်ကျသွားတယ်။ စက်တင်ဘာ ၂၁ ရက် မှာ မူဆယ်မြို့နယ် ရွှေပြည်သစ်ရဲဘက်စခန်းကို ဝင်စီးပြီး ရဲ ၈ ယောက်ဖမ်း၊ အကျဉ်းသား ၅၂ ယောက်ကို လွှတ်ပေး လိုက်တယ်။ ကွတ်ခိုင်နယ်မှာ စက်တင်ဘာ ၂၄-၃၀ ရက်ထိ ၆ ရက်ကြာ တပ်မဟာ ၄ စခန်းသိမ်း စစ်ဆင် ရေးအတွင်း ကြံ့ဖွတ်စစ်သား ၁၅၀ လောက်ထိခဲ့တယ်။

အောက်တိုဘာ ၄ ရက် ဆင်ဘို ဂျာအိန်ယန်တိုက်ပွဲမှာ ကြံ့ဖွတ်စစ်သား ၄၀ လောက်ထိခဲ့တယ်။ အောက်တိုဘာ ၁၃ ရက်က မိုးမောက်မြို့နယ်တွင်း တိုက်ပွဲတပွဲမှာ ခလရ ၄၇ က ၇ ယောက်ကျသွားတယ်။ အောက်တိုဘာ ၁၂-၁၆ ရက် ဝိုင်းမော်မြို့နယ် ဂါရားယန်မှာ ၅ ရက်ကြာတိုက်ပွဲအတွင်း ကြံ့ဖွတ်စစ်သား ၃၀ ကျခဲ့တယ်။ အောက်တိုဘာ ၁၆ ရက် မိုးမောက်မြို့နယ် လွန်ဂျာတောင်တိုက်ပွဲမှာ ကြံ့ဖွတ်စစ်သား ၂၀ ကျခဲ့တယ်။ အောက်တိုဘာ ၁၂ ရက် မြစ်ကြီးနားမြို့ နယ် ဖရော်ရွာတိုက်ပွဲမှာ အစိုးရတပ် ၁၂ ယောက်ကျခဲ့တယ်။ အောက်တိုဘာ ၁၂ ရက် မန်စီ-မိုင်းခေါင်လမ်း မိုင်း စစ်ဆင်ရေးမှာ ခလရ ၄၇ က ၈ ယောက်ကျခဲ့ တယ်။ အောက်တိုဘာ ၂၇ ရက် ဂျအင်းယန်တိုက်ပွဲမှာ ဗမာစစ်တပ်က ၁၆ ယောက်ကျပြီး ၂၃ ယောက်ဒဏ်ရာရခဲ့တယ်။ အောက်တိုဘာ ၂၆ ရက် စွမ်ပရာဘွမ်လမ်း ဒရူခတံတားစောင့်စခန်း ကိုစီးတာ ခလရ ၁၃၈ က ၉ ယောက်ကျသွားတယ်။

နိုဝင်ဘာ ၁ ရက် မိုးမောက်မြို့နယ် ခဝန်ဘန်တိုက်ပွဲမှာ ဗမာတပ်က ၁၀ ယောက်ကျခဲ့တယ်။ နိုဝင်ဘာ ၂ ရက် ဝိုင်း မော်မြို့နယ် ဂါးရာယန်တိုက်ပွဲမှာ ခလရ ၅၈ နဲ့ ခမရ ၃၉၀ က ၁၆ ယောက်ကျခဲ့တယ်။ နိုဝင်ဘာ ၆ ရက် မန်ဝိန်း-ကိုင် ထိပ်လမ်း တိုက်ပွဲမှာ ခမရ ၅၀၄ နဲ့ ၅၀၅ က ၇ ယောက်ကျ သွားတယ်။ နိုဝင်ဘာ ၁၁ ရက် ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲ တပွဲမှာ ဗမာစစ်သား ၁၂ ယောက်ကျသွားတယ်။ နိုဝင်ဘာ ၁၇ ရက်က အင်တပ်ဘွမ် တောင်ကြော တိုက်ပွဲ မှာ ကြံ့ဖွတ်အစိုးရတပ်မ ၈၈ က အနည်းဆုံး ၃၇ ယောက် သေပြီး ရာနဲ့ချီဒဏ်ရာရခဲ့တယ်။ နိုဝင်ဘာ ၂၄ ရက်မှာ ကိုင်ထိပ်စခန်းက ထွက်လာတဲ့ ကြံ့ဖွတ်တပ်ကို ခြုံခိုတိုက် လို့ ၂၀ ကျော်ကျသွားတယ်။ နမ်းခမ်း-မံဝိန်းလမ်းမှာလဲ ပဒေသာမိုင်းစစ်ဆင်ရေး ကြောင့် ၁၀ ယောက်ကျော်ကျ သွားခဲ့တယ်။

ဒါ့အပြင် အခု ကေအိုင်အေလက်ထဲ သုံ့ပန်းမိထားတာ ဗိုလ်မှူး ဗိုလ်ကြီးစတဲ့ အရာရှိတွေ တော်တော်များနေပါပြီ။

ရှမ်းပြည်တပ်မတော်ငြိမ်းအဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေးပျက်တဲ့ ဒီနှစ် မတ်လ ၁၃ ရက်နေ့ကနေ အောက်တိုဘာလအထိ ကြံ့ဖွတ်အစိုးရစစ်သား ၇၀၀ လောက် ကျခဲ့ပြီး နောက်ထပ် ၇၀၀ လောက် ဒဏ်ရာရခဲ့ပါတယ်။

ဗိုလ်မှူးချုပ်စောလားပွယ်ခေါင်းဆောင်တဲ့ ဒီကေဘီအေ နဲ့ တနှစ်တာတိုက်ပွဲအတွင်းမှာလဲ နအဖ-ကြံ့ဖွတ်စစ်သား ၁၂၀၀ လောက် သေကြေဒဏ်ရာရခဲ့ပါတယ်။

ကေအဲန်ယူ ကတော့ ၂၀၁၁ ခု ဇန်နဝါရီလကနေ အောက်တိုဘာလအတွင်း တိုက်ပွဲပေါင်း ၁ ၁၀၀ ကျော်တိုက်ခဲ့ပြီး ကြံ့ ဖွတ်စစ်သား ၂၀၀၀ လောက်ကို သေကြေဒဏ်ရာရစေခဲ့ပါတယ်။

အထက်က ကိန်းဂဏန်းတွေကိုကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်ကို မောင်သိန်းစိန် အသဲအသန်စည်းရုံးနေတာ ဘာ ကြောင့်လဲ ရှင်းနေပါတယ်။ ဒီကနေ့ကာလဟာ ၁၉၄၂ ဒီဇင်ဘာ ၂၆ ရက်ကစခဲ့တဲ့ ခေတ်သစ်မြန်မာ့တပ်မတော် သမိုင်း မှာ စွမ်းရည်သုံးရပ် အနိမ့်ဆုံးအချိန် ဖြစ်နေပါတယ်။ ဒါကြောင့် ၂၀၀၈ အခြေခံဥပဒေကို ရာနှုန်းပြည့်အကောင် အထည် ဖော်ဖို့၊ တနည်းအားဖြင့် လမ်းပြမြေပုံ နောက်ဆုံးအဆင့်ကို အကောင်အထည်ဖော်ဖို့ ဧရာမအဟန့်အတားကြီးကို ကြံ့ ဖွတ်စစ်အစိုးရ ရင်ဆိုင်နေရရှာပါတယ်။ ဒီကေဘီအေကစခဲ့တဲ့ ဒုတိယပြည်တွင်းစစ်ဟာ ကေအိုင်အေမှာ အထွတ်အထိပ် ရောက်သွားပြီး ဒီအချိန်မှာ ကေအိုင်အေထက် လူအင်အား လက်နက်အင်အား တိုက်စွမ်းရည် ပိုကောင်းတဲ့ ဝ အဖွဲ့ စစ်ပွဲ ထဲပါမလာဖို့၊ မြန်မာပြည်အရှေ့ပိုင်း တောင်ပိုင်း အလယ်ပိုင်းတွေမှာ၊ မြို့ပြတွေမှာ နောက်ကျောလုံဖို့အရေးဟာ ကြံ့ဖွတ် အစိုးရအတွက် သေရေးရှင်ရေး ဖြစ်လာပါတယ်။ ဒီနေ့ ဒီမိုကရေစီနဲ့ တိုင်းရင်းသားအရေးကို ကချင်စစ်မြေပြင်၊ ကရင်စစ် မြေပြင်၊ ရှမ်းစစ်မြေပြင်တွေမှာ ဆုံးဖြတ်နေတယ်လို့တောင် ပြောနိုင်ပါတယ်။ လွှတ်တော် ဆိုတာက ဒုတိယတန်းအဆင့် ရောက်သွားပါပြီ။


ကေအိုင်အေကတော့ အပစ်အခတ်ရပ်စဲရေး-ငြိမ်းချမ်းရေးအတွက် ပင်လုံအလံတော်ကို စွဲစွဲမြဲမြဲနဲ့ အမြင့်မားဆုံးလွှင့်ထူ နေပါတယ်။

စက်တင်ဘာ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာတော့ ကြံ့ဖွတ်အစိုးရကိုယ်စားလှယ်တွေဟာ မိုင်းလားနဲ့ ဝ ငြိမ်းချမ်းရေးအဖွဲ့ တွေနဲ့ ငြိမ်းချမ်းရေးစာချုပ်တွေ လက်မှတ်ထိုးခဲ့ပါတယ်။ နိုဝင်ဘာ ၃ ရက်နေ့မှာလဲ ဒီကေဘီအေနဲ့ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ထိုးခဲ့ပါတယ်။ ဒါတွေဟာ တိုင်းရင်းသားအရေးတော်ပုံလမ်းကြောင်းပေါ်က အရေးပါတဲ့မှတ်တိုင်တွေ ဖြစ်သွား ပါတယ်။ ဘာကြောင့်လဲဆိုတော့ …

၁၉၈၉ ခုကစတင်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေမှာ နှစ်ဖက်လက်မှတ်ထိုးခဲ့တာ (ကေအိုင်အိုက လွဲ လို့) တခါမှ အစဉ်အလာမရှိခဲ့ပါဘူး။ လူကြီးလူကောင်း သဘောတူညီချက်ဆိုပြီး လေနဲ့သဘောတူခဲ့ကြတာတွေ ဖြစ်ပါ တယ်။ နှစ်ဖက်လက်မှတ်ထိုးထားတာ မဟုတ်ပေမဲ့ “တဖက်အဖွဲ့အစည်းများ လိုက်နာရန်” ဆိုပြီး စည်းကမ်းချက် ၁၀ ချက်တို့ ၁၃ ချက်တို့ကို မလိမ့်တပတ်နဲ့ အကြပ်ကိုင် လိုက်နာခိုင်းပါသေးတယ်။ ဒီစည်းကမ်းချက်တွေထဲမှာ သတ်မှတ် နယ်မြေထဲမှာပဲ နေရမယ်၊ တပ်အင်အားမတိုးချဲ့ရ၊ စစ်သင်တန်းမပေးရ၊ အခွန်မကောက်ရ၊ အုပ်ချုပ်ရေး မချရ ဆိုတာ တွေအပြင် မြို့ပေါ်နိုင်ငံရေးပါတီတွေ၊ အစိုးရဆန့်ကျင်ရေးအဖွဲ့တွေနဲ့ မဆက်သွယ်ရ လို့လဲ ကွပ်ညှပ် ကန့်သတ်ထားပါ တယ်။

အခု ငြိမ်းချမ်းရေးသဘောတူချက်တွေမှာတော့ ဒီစည်းကမ်းချက်တွေ ကန့်သတ်ချက်တွေ မထည့်နိုင်တော့ပါ။ (နောင်မှာ ကလိမ်ကကျစ်နဲ့ ထည့်လာမှာကို သတိရှိရှိတားဆီးရပါလိမ့်မယ်။) ဝ၊ မိုင်းလား တို့နဲ့ သဘောတူညီချက် ၄ ချက်ထဲမှာ နှစ်ဖက်မတိုက်ခိုက်ရေး၊ နှစ်ဖက်အကျိုးတူကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ရေး၊ မိမိနယ်မြေကျော်လှုပ်ရှားရာမှာ ကြို တင်ညှိနှိုင်းအကြောင်းကြားရေးနဲ့ ယခင်အတိုင်း စီးပွားရေးလုပ်ငန်းများလုပ်ခွင့် တို့ကိုပဲပြောထားပါတယ်။ ဝ နဲ့ သဘော တူချက်မှာဆိုရင် တချက်ထပ်တိုးပြီး နိုင်ငံတော်အစိုးရမှတဆင့် နိုင်ငံခြားတိုင်းပြည်များနဲ့ ဆက်ဆံခွင့်ကိုပါ ပေးထားရပါ တယ်။ တကယ်တော့ ဝ နဲ့ မိုင်းလား တို့ဟာ “လက်နက်စွဲကိုင် တိုက်ခိုက်ရခြင်း မရှိဘဲ ရန်သူကိုအောင်မြင် ခြင်းမျိုးသည် သာ စစ်အတတ်ပညာကျွမ်းကျင်မှု၏ အမြင့်ဆုံး” လို့ ရှေးဟောင်းတရုတ်စစ်ပါရဂူ စွန်ဇူးပြောခဲ့သလို အောင်မြင်သွားတာ ဖြစ်ပါတယ်။ (နဝတ-နအဖ စစ်အစိုးရကလဲ ပလောင်၊ ပအိုဝ်း ငြိမ်းအဖွဲ့တွေအပေါ် ဒီ စွန်ဇူးနည်းနဲ့ သေနတ်တချက်မ ဖောက်ရဘဲ အောင်မြင်စွာ ချေမှုန်းနိုင်ခဲ့ဖူးပါတယ်။)

ဒီကေဘီအေ ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့နဲ့ သဘောတူစာချုပ်ထဲမှာလဲ နှစ်ဖက်မတိုက်ခိုက်ရေး၊ ဒီကေဘီအေ ဗဟိုဌာနချုပ် ဆုံဆည်းမြိုင်ဝန်းကျင်က ကြံ့ဖွတ်တပ်တွေ ပြန်ဆုတ်ပေးရေး၊ ဆက်ဆံရေးရုံးတွေ ပြန်ဖွင့်ရေးနဲ့ မိမိနယ်မြေကျော် လှုပ် ရှားရာမှာ ကြိုတင်ညှိနှိုင်း အကြောင်းကြားရေးတို့ပဲ ပါဝင်ပါတယ်။

နှစ် ၂၀ အပစ်ရပ်အတွေ့အကြုံတွေအရ ၁၉၈၉-၁၉၉၅ တုံးကလို တနပ်စားငြိမ်းချမ်းရေးမျိုး ဘယ်လိုမှပြန်မဖြစ်နိုင်တော့ ပါဘူး။ ဒါကြောင့် ဒီမှတ်တိုင်တွေဟာ ဂိတ်ဆုံးမရောက်ခင် အရေးကြီး ကြားစခန်းတွေ ဖြစ်သွားပါပြီ။ ကေအိုင်အေ ရဲ့ ဂိတ်ဆုံးဖြစ်တဲ့ ပင်လုံအလံတော်ဟာ တကယ်တော့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းအားလုံးရဲ့ ဂိတ်ဆုံးလဲ ဖြစ်နေပါတယ်။

နှစ် ၂၀ ဥပမာတခု ပြရရင် ၁၉၉၆-၉၇ လောက်မှာ စဝ်ဆေ ထင်ခေါင်းဆောင်တဲ့ မူလလက်ဟောင်း အက်စ်အက်စ် အေ ငြိမ်းအဖွဲ့ (ယခု အက်စ်အက်စ်အေ-မြောက်ပိုင်း)၊ စဝ်ကန်းရွက်ခေါင်းဆောင်တဲ့ ခွန်ဆာခွဲထွက် အက်စ် အက်စ်အဲန်အေ ငြိမ်းအဖွဲ့နဲ့ စဝ်ရွက်ဆစ်ခေါင်းဆောင်တဲ့ အက်စ်ယူအာရ်အေ ဆိုတဲ့ ရှမ်း ၃ ဖွဲ့ဟာ ခွန်ထွန်းဦး ကို နာယကတင်ပြီး အက်စ်အက်စ်အေ တဖွဲ့တည်းအဖြစ် ပေါင်းစည်းဖို့ ညှိနှိုင်းစီစဉ်ခဲ့ပါတယ်။ ဒါကို နဝတ သန်းရွှေ နဲ့ ထောက်လှမ်းရေး ခင်ညွန့်တို့က အမျိုးမျိုးသွေးထိုး ဖျက်ဆီးခဲ့ပါတယ်။ တလောက နအဖ ထောက်လှမ်းရေး ဟောင်း ဗိုလ်အောင်လင်းထွဋ် ပြောသလို တဖွဲ့တည်း ပေါင်းစည်းအောင် အားပေးခဲ့တယ်ဆိုတာ လုံးဝမဟုတ်ပါ။ ‘ဟိုလူတွေက ဘိန်းအဖွဲ့တွေ။ ဗိုလ်ချုပ်တို့အဖွဲ့လို နိုင်ငံ ရေးရှိတဲ့အဖွဲ့ မဟုတ်ဘူး။ ပေါင်းရင်မှားလိမ့်မယ်၊ နာမယ်ပျက် လိမ့်မယ်’ လို့ ဗိုလ်ချုပ်ဆေထင်ကို လာတွန်းလိုက်၊ ‘ဟို အဖွဲ့က ဝါရင့်အဖွဲ့ကြီးနော်၊ ဗိုလ်မှူးတို့ကိုမျိုသွားလိမ့်မယ်၊ နောက် ဆုံး တပ်မဲ့လက်မဲ့ကျန်ရစ်ခဲ့မယ်’ လို့ ဗိုလ်မှူးကန်းရွက် တို့ကို လာချွန်လိုက် လုပ်ခဲ့တာ နအဖ ထောက်လှမ်းရေးတွေ ဖြစ် ပါတယ်။ ဒီလိုဂတုံးဂတိုက်လုပ်ရုံ တင်မက စစ်ရေး စီး ပွားရေးခြိမ်းခြောက်မှုတွေလဲ လုပ်ခဲ့ပါတယ်။ ဒါကြောင့် တဖွဲ့တည်း ပေါင်းရေးကို လက်လျှော့ခဲ့ရပြီး SSPC ရှမ်းပြည်ငြိမ်း ချမ်းရေးကောင်စီကိုပဲ ရှမ်းငြိမ်း ၂ ဖွဲ့က တပ်ပေါင်းစုသဘောမျိုး ဖွဲ့ခဲ့ ရပါတယ်။ (ဒါကိုလဲ နအဖ က အသိအမှတ်မပြုခဲ့ပါ။) အက်စ်ယူအာရ်အေ လဲ ငြိမ်းချမ်းရေးမလုပ်နိုင်တော့ဘဲ ပေါင်းစည်း ရေးသဘောတူညီချက် အစိတ်အပိုင်းအဖြစ် အက်စ် အက်စ်အေ နာမည်ပြောင်း၊ ဘက်တံဆိပ်ပြောင်းတာလောက်ပဲ လုပ် နိုင်ခဲ့ပါတော့တယ်။


ကမ္ဘာပေါ်က တခြားအာဏာရှင်နိုင်ငံ ဒီမိုကရေစီတော်လှန်ရေးနိုင်ငံများနဲ့ ဗမာပြည် အဓိကကွာခြားချက်က တိုင်းရင်း သားပြဿနာ ဖြစ်ပါတယ်။ နောက်ဆုံးဖြစ်သွားတဲ့ လစ်ဗျား၊ ဆီးရီးယား၊ အိဂျစ်၊ ကျူနီးရှားဖြစ်ဖြစ် အစောပိုင်းက ဆား ဘီးယား၊ ယူကရိန်း၊ ဂျော်ဂျီယာဖြစ်ဖြစ်၊ ဒီထက်စောတဲ့ ဖိလိပိုင်၊ ထိုင်း၊ တောင်ကိုးရီးယား၊ တိုင်ဝမ်၊ အင်ဒိုနီးရှား ဖြစ်ဖြစ် တိုင်းရင်းသားပြဿနာတွေဟာ ဗမာပြည်မှာလောက် မပြင်းထန် မနက်ရှိုင်း မကျယ်ပြန့်ကြပါဘူး။ ဒါကြောင့် ဗမာပြည်ရဲ့ ဒီမိုကရေစီအရေးတော်ပုံဟာ အဲဒီနိုင်ငံတွေလို ပုံမှန်လမ်းကြောင်းအတိုင်း ဘယ်လိုမှပြီးမသွားနိုင်ပါဘူး။ တိုင်းရင်းသား အားလုံးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး မပါလို့မရသလို တန်းတူရေး-ကိုယ်ပိုင်အုပ်ချုပ်ရေး-ပူးတွဲ လွတ်လပ်ရေးတို့ မပါဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေး ဘယ်လိုမှမဖြစ်နိုင်ပါဘူး။


မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားအရေးကြိုးပမ်းချက်လမ်းကြောင်းမှာ ၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက်ဟာ ပထမဆုံးမှတ်တိုင် ဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာ ရှမ်း ကချင် နဲ့ ချင်း တိုင်းရင်းသားတွေဟာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဗမာပြည်မ အစိုးရနဲ့ တန်းတူရေး-အပြည့်အဝကိုယ်ပိုင်အုပ်ချုပ်ရေး-ပူးတွဲလွတ်လပ်ရေးတို့ကို သဘောတူစာချုပ် လက်မှတ်ထိုးခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီပင်လုံစာချုပ်ဟာ ဗိုလ်ချုပ်ကျဆုံးပြီးနောက်မှာ တခြားတိုင်းရင်းသားတွေအတွက် အကြုံးမဝင် သလိုလိုဖြစ်ခဲ့လို့ လက်မှတ်ထိုးရာမှာ သီးသန့်မပါဝင်ခဲ့ရတဲ့ ကရင် ကရင်နီ မွန် ရခိုင် ပအိုဝ်း တိုင်းရင်းသားတွေဟာ ဒီအခွင့်အရေးသုံးခုကို လက်နက်ကိုင်တိုက်ပွဲနည်းနဲ့ ရယူဖို့ ကြိုးစားခဲ့ရပါတယ်။ ဒါကြောင့် ရခိုင်က ၁၉၄၇ ခု ဇွန်လမှာ၊ ကရင်နီက ၁၉၄၈ ခု သြ ဂုတ်လ ၉ ရက်မှာ၊ မွန်က ၁၉၄၈ ခု သြဂုတ်လ ၁၉ ရက် ဝါခေါင်လပြည့်မှာ၊ ပအိုဝ်း က ၁၉၄၉ ခု ဒီဇင်ဘာ ၁၁ ရက်မှာ လက်နက်ကိုင်တော်လှန်ရေးတွေ အသီးသီးစတင်ခဲ့ပါတယ်။ တနည်းပြောရရင် ဒီနေ့ရက်တွေဟာ တိုင်းရင်းသားတန်း တူရေးလမ်းကြောင်းပေါ်က မှတ်တိုင်တွေ ဖြစ်ခဲ့ပါတယ်။

ဒီအထဲမှာ ၁၉၄၉ ခု ဇန်နဝါရီ ၃၁ ရက်နေ့ ဟာ အဓိကမှတ်တိုင်ကြီးတခု ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီနေ့ မှာ ဗမာပြည်ရဲ့ အဓိကတိုင်းရင်းသားလူမျိုးကြီးတစုဖြစ်တဲ့ ကရင်တိုင်းရင်းသားတွေက လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့လို့ ဖြစ်ပါတယ်။

ပင်လုံစာချုပ်ပါအခွင့်အရေးတွေကို အတိုင်းအတာတခုအထိ ခံစားနေရတဲ့ ရှမ်း ကချင် ချင်း တိုင်းရင်းသားတွေကတော့ လက်နက်ကိုင်တိုက်စရာမလိုဘဲ အေးဆေးနေခဲ့ပေမဲ့ တစတစနဲ့ တန်းတူရေး-ကိုယ်ပိုင်အုပ်ချုပ်ရေး-လွတ်လပ်ရေးတွေ ဆုံးရှုံးလာတာကြောင့် ၁၉၅၈ ခု မေလ ၂၁ ရက်နေ့မှာ ဗမာပြည်ရဲ့ အဓိကတိုင်းရင်းသား လူမျိုးစုကြီးဖြစ်တဲ့ ရှမ်း အမျိုး သားတွေဟာ လက်နက်ကိုင်တော်လှန်ရေးလုပ်လာသလို အရေးပါလှတဲ့ ကချင်တိုင်းရင်းသားတွေကလဲ ၁၉၆၁ ခု ဖေ ဖော်ဝါရီ ၅ ရက်နေ့မှာ ပုန်ကန်ခဲ့ကြပါတယ်။ ဒီနှစ်ခုဟာလဲ အဓိကမှတ်တိုင်ကြီးတွေ ဖြစ်သွားခဲ့ပါတယ်။

ဒီနောက်မှာတော့ ၁၉၆၁ ခုမှာ မြေပြန့်ချင်းနဲ့ ၁၉၆၄ ခုမှာ တောင်ပေါ်ချင်း၊ ၁၉၆၃ ခုမှာ ပလောင်၊ ၁၉၆၄ ခုမှာ ကယန်း၊ ၁၉၆၆ ခုမှာ တကျော့ပြန်ပအိုဝ်း၊ ၁၉၆၇ ခုမှာ တကျော့ပြန်ရခိုင်၊ ၁၉၇၂ ခုမှာ အခါ၊ ၁၉၇၃ ခုမှာ လားဟူ စသဖြင့် တိုင်း ရင်းသားပေါင်းစုံက တန်းတူရေး-အပြည့်အဝကိုယ်ပိုင်အုပ်ချုပ်ရေး-လွတ်လပ်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲမှတ် တိုင်တွေ စိုက်ထူလာခဲ့ကြပါတယ်။ ဒီကနေ့မှာတော့ ဗမာလူမျိုးတွေပါ လွတ်လပ်ရေးဆုံးရှုံးနေပြီး စစ်တပ် ကိုလိုနီဘဝ ကျရောက်တဲ့အခြေ ဆိုက်နေပါပြီ။

ဥပဒေဘောင်အတွင်းမှာတော့ ၁၉၆၁ ဇွန်လ တောင်ကြီးညီလာခံနဲ့ ၂၀၀၄ ဇွန်လ ညောင်နှစ်ပင်ညီလာခံ ၁၃ ဖွဲ့ စာတမ်း တွေဟာ တိုင်းရင်းသားအရေးမှာ အဓိကမှတ်တိုင်တွေအဖြစ် မော်ကွန်းတင်ခဲ့ပါတယ်။

၁၉၈၉ ခုမှာစခဲ့တဲ့ ဝ ရှမ်း ကချင် မွန် ကရင်ခွဲထွက်တို့ရဲ့ အပစ်ရပ်သဘောတူချက်တွေဟာလဲ အရေးပါတဲ့မှတ်တိုင် တွေ ဖြစ်ခဲ့ပါတယ်။ ဒီနှုတ်ကတိသဘောတူချက်တွေအောက်မှာ တိုင်းရင်းသားတွေဟာ တန်းတူရေး-ကိုယ်ပိုင်အုပ်ချုပ်ရေး-လွတ်လပ်ရေးတို့ကို တွေ့ဆုံဆွေးနွေး-အကြမ်းမဖက်တဲ့နည်းနဲ့ လုံးပမ်းခဲ့ပေမဲ့ တဖြည်းဖြည်းနဲ့ နဂိုရပြီးသားအခွင့် အရေး တွေပါ ဆုံးရှုံးလာခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၀၅ ခုနှစ်မှာ ပလောင်ငြိမ်းချမ်းရေးအဖွဲ့ နဲ့ အက်စ်အက်စ်အဲန်အေ ရှမ်း ငြိမ်းချမ်း ရေးအဖွဲ့၊ ၂၀၀၇ ခုမှာ ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့၊ ၂၀၀၉ ခုမှာ အဲန်ဒီအေ-ကေ ကချင်ငြိမ်းချမ်းရေးအဖွဲ့တွေ “ငြိမ်းချမ်းစွာ” ပျက်သုဉ်းသွားခဲ့သလို ၂၀၀၀ ခုနှစ်မှာ မုန်းကိုးအဖွဲ့၊ ၂၀၀၉ ခုမှာ MNDAA ကိုးကန့်ငြိမ်းအဖွဲ့ “အကြမ်းဖက်” ချေမှုန်းခံခဲ့ရ ပါတယ်။


ဒီကနေ့ ပြည်မအစိုးရတပ်တွေ တိုင်းရင်းသားနယ်မြေ တွေကို ကျူးကျော်သိမ်းပိုက်တပ်စွဲထားပုံကို အခုလို တွေ့နိုင်ပါတယ်။ (မပြည့်စုံသေးတဲ့စာရင်းဖြစ်လို့ လက် တွေ့မှာ ဒီ့ထက်များနိုင်ပါတယ်၊ လျော့ဖို့မရှိပါ။)

ကချင်ပြည်နယ်မှာ ၁၉၆၂ ခုဝန်းကျင်က ခြေလျင်တပ်ရင်း ၉ ရင်းလောက်ပဲရှိခဲ့ရာက အခုဆိုရင် မပခ လက်အောက် ခံ ၂၁ ရင်း၊ ဒကစ(တနိုင်း) လက်အောက်ခံ ၅ ရင်း၊ စကခ-၃ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၂၁ လက် အောက်ခံ ၈ ရင်း စုစုပေါင်း ခြေလျင်/ခြေမြန်တပ်ရင်း ၄၄ ရင်းနဲ့တကွ မစခ-၉၀၄ လက်အောက်ခံ အမြောက်တပ် ၁၀ ရင်း၊ သစခ-၇၂ လက်အောက်ခံ တင့်ကား/သံချပ်ကားတပ်ရင်း ၃ ရင်း၊ လစခ-၉ လက်အောက်ခံ လေကြောင်းရန် ကာကွယ်ရေး တပ်ရင်း ၇ ရင်းနဲ့ မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်တို့ တပ်စွဲထားကြပါတယ်။

ကယားပြည်နယ်မှာ ၁၉၆၂ ခု ဝန်းကျင်က တပ်ရင်း ၁ ရင်းဘဲ ရှိခဲ့ရာက အခုတော့ ဒကစ(လွိုင်ကော်) လက်အောက်ခံ ၁၀ ရင်း၊ စကခ-၇ လက်အောက်ခံ ၄ ရင်း စုစုပေါင်း ၁၄ ရင်း ရှိနေပါပြီ။ မစခ-၉၀၃ လက်အောက်ခံ အမြောက်တပ် ၃ ရင်းလဲ ရှိနေပါတယ်။ ဒါ့အပြင် ကရင်နီမျိုးနွယ်ဖြစ်တဲ့ ကယန်းဒေသမှာလဲ နပတ လက်အောက်ခံ ၃ ရင်း၊ ရပခ လက် အောက်ခံ ၁ ရင်း၊ စကခ-၇ လက်အောက်ခံ ၂ ရင်း၊ ပေါင်း ၆ ရင်း တပ်ချထားပါတယ်။ ၁၉၈၈ မတိုင်ခင်က ကယန်းဒေ သမှာ ပြည်မအစိုးရတပ် တရင်းမှမရှိခဲ့ပါဘူး။

ကရင်ပြည်နယ်မှာတော့ ၁၉၆၂ ခုလောက်က တပ်ရင်း ၅ ရင်းလောက်ပဲ အများဆုံးရှိခဲ့ပါတယ်။ အခုအခါမှာတော့ ရတခ လက်အောက်ခံ ၁၃ ရင်း၊ တပခ လက်အောက်ခံ ၁၁ ရင်း၊ တပ်မ-၂၂ လက်အောက်ခံ ၅ ရင်း၊ စကခ-၁၂ လက်အောက်ခံ ၁၀ ရင်း၊ စုစုပေါင်း တပ်ရင်း ၃၉ ရင်း ရှိနေပါတယ်။ မစခ-၆၀၆ လက်အောက်ခံ အမြောက်တပ် ၄ ရင်း လဲ ရှိပါတယ်။ ဒါ့အပြင် ထားဝယ်၊ ကရင်နဲ့ မွန်တိုင်းရင်းသားတွေ ရောပြွမ်းနေထိုင်တဲ့ တနင်္သာရီတိုင်းမှာလဲ တချိန်က တပ်ရင်း ၂ ရင်း ဘဲရှိခဲ့ရာက အခုတော့ ကရခ လက်အောက်ခံ ၁၆ ရင်း၊ စကခ-၈ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၁၃ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၂၀ လက်အောက်ခံ ၁၀ ရင်း၊ စုစုပေါင်း ၄၆ ရင်းအပြင် မစခ-၅၀၅ လက်အောက်ခံ အမြောက်တပ်ရင်း ၁၂ ရင်း၊ လစခ-၂ လက်အောက်ခံ လေကြောင်းရန်ကာကွယ်ရေး ၁၁ ရင်းနဲ့ မြိတ်လေတပ်စခန်း ဌာနချုပ်၊ တနင်္သာရီ ရေတပ်စခန်းဌာနချုပ်တို့ တပ်စွဲထားပါတယ်။

ချင်းပြည်နယ်မှာ ၁၉၆၂ ခုနှစ်က တပ်ရင်းတရင်းမှ မရှိခဲ့ပေမဲ့ အခုတော့ နမခ လက်အောက်ခံ ၃ ရင်း၊ ဒကစ (ကလေး) လက်အောက်ခံ ၃ ရင်း၊ စုစုပေါင်း ၆ ရင်း ရှိနေပါတယ်။ (ဒီထဲမှာ အာဏာရှင်ဟောင်း နေဝင်းရဲ့ လက်ရင်းတပ်ဖြစ်ခြင်း ပြစ်မှုနဲ့ ရန်ကုန်ကနေ မတူပီကို နယ်နှင်ဒဏ်ပေးခံရတဲ့ သနက ၄ တဖြစ်လဲ ခမရ ၃၀၄ ပါဝင်ပါတယ်။) ဒါ့အပြင် ချင်း ပြည်နယ်ထဲမဟုတ်ပေမဲ့ ချင်းတိုင်းရင်းသားတွေကို ခြိမ်းခြောက်တပ်စွဲထားတဲ့ ဒကစ(ကလေး) လက်အောက်ခံ ၃ ရင်း၊ စကခ-၁၀ လက်အောက်ခံ ၃ ရင်း ပေါင်း ၆ ရင်းနဲ့ မစခ-၉၀၄ လက်အောက်ခံအမြောက်တပ်ရင်း ၂ ရင်းလဲ ရှိပါသေး တယ်။

နာဂနယ်မြေမှာ ၁၉၆၂ ခုတုံးက ခန္တီးမှာ တရင်းဘဲ တပ်စွဲခဲ့ပါတယ်။ အခုတော့ ဒကစ(တနိုင်း) လက်အောက်ခံ ၁ ရင်း၊ ဒကစ(ကလေး) လက်အောက်ခံ ၄ ရင်း၊ စုစုပေါင်း ၅ ရင်း တပ်ချထားပါတယ်။

မွန်ပြည်နယ်မှာ ၁၉၆၂ ခုတုံးက ခြေလျင်/ခြေမြန်တပ်ရင်း ၆ ရင်းချထားခဲ့ပါတယ်။ အခုတော့ ရတခ လက်အောက်ခံ ၃ ရင်း၊ တပ်မ-၂၂ လက်အောက်ခံ ၅ ရင်း၊ တပ်မ-၄၄ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၁၉ လက်အောက်ခံ ၁၀ ရင်း၊ စုစု ပေါင်း ၂၈ ရင်း တပ်စွဲထားတဲ့အပြင် မစခ-၆၀၆ လက်အောက်ခံ အမြောက်တပ် ၅ ရင်း၊ သခစ-၇၄ လက်အောက်ခံ သံချပ်ကာတပ်ရင်း ၁ ရင်း၊ လစခ-၄ လက်အောက်ခံ လေကြောင်းရန်ကာကွယ်ရေးတပ် ၈ ရင်းနဲ့ မောရဝတီရေတပ် စခန်းဌာနချုပ်တွေ ချထားပါတယ်။

ရခိုင်ပြည်နယ်မှာ ဟိုတချိန်က ခြေလျင်တပ်ရင်း ၃ ရင်းထားခဲ့ပေမဲ့ အခုတော့ နပခ လက်အောက်ခံ ၂ ရင်း၊ ဒကစ (စစ်တွေ) လက်အောက်ခံ ၁၁ ရင်း၊ စကခ-၅ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၉ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၁၅ လက်အောက်ခံ ၁၀ ရင်း၊ စုစုပေါင်း ၄၃ ရင်း တပ်စွဲထားပါတယ်။ ဒါ့အပြင် မစခ-၉၀၅ လက်အောက်ခံ အမြောက်တပ်ရင်း ၂ ရင်းနဲ့ ဓညဝတီရေတပ်စခန်းဌာနချုပ်လဲ နေရာယူထားပါတယ်။

ရှမ်းပြည်နယ်မှာတော့ ၁၉၆၂ ခုလောက်က ပြည်နယ်တခုလုံးမှာ ၁၄ ရင်း ချထားခဲ့ပါတယ်။ အခုတော့ ရမခ လက် အောက်ခံ ၁၄ ရင်း၊ ရပခ လက်အောက်ခံ ၃ ရင်း၊ ရလခ လက်အောက်ခံ ၁၃ ရင်း၊ တသခ လက်အောက်ခံ ၂၁ ရင်း၊ တပ်မ-၅၅ လက်အောက်ခံ ၆ ရင်း၊ စကခ-၁ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၂ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၁၄ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၁၆ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၁၇ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၁၈ လက် အောက်ခံ ၁၀ ရင်း၊ စကခ-၂၁ လက်အောက်ခံ ၂ ရင်း စုစုပေါင်း ခြေလျင်/ခြေမြန်တပ်ရင်း ၁၁၉ ရင်း တပ်စွဲ ထားပြီး မစခ ၉၀၉ လက်အောက်ခံ အမြောက်တပ်ရင်း ၁၃ ရင်း၊ မစခ ၉၀၂ လက်အောက်ခံ အမြောက်တပ်ရင်း ၁၃ ရင်း၊ မစခ ၉၀၃ လက်အောက်ခံ အမြောက်တပ်ရင်း ၈ ရင်း၊ သစခ ၇၁ လက်အောက်ခံ တင့်ကား/သံချပ်ကားတပ်ရင်း ၇ ရင်း၊ လစခ ၃ လက်အောက်ခံ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း ၁၄ ရင်း နဲ့ နမ့်စန်လေတပ်စခန်းဌာနချုပ်တွေ တပ်စွဲသိမ်းပိုက် ထားပါတယ်။

ရှမ်းပြည်နယ်ထဲက ဝ နယ်မြေမှာ အရင်က ပြည်မအစိုးရတပ် တရင်းမှ မရှိခဲ့ပေမဲ့ အခု ရမခ လက်အောက်ခံ တပ်ရင်း ၃ ရင်းအခြေစိုက်ထားပါတယ်။ ကိုးကန့်နယ်မြေမှာ ဒကစ(လောက်ကိုင်) လက်အောက်ခံ တပ်ရင်း ၅ ရင်း တပ်စွဲထား ပါ တယ်။ ပလောင်နယ်မြေမှာ ရမခ လက်အောက်ခံ ၄ ရင်း ချထားပါတယ်။ ဟိုတုံးက တရင်းမှ မရှိခဲ့ပါဘူး။ ဓနုနယ်မြေမှာ အရင်က ဗထူးတပ်မြို့ကစစ်ကျောင်းတွေဘဲ ရှိခဲ့ရာက အခုတော့ ရပခ လက်အောက်ခံ ၁ ရင်း၊တပ်မ-၅၅ လက်အောက် ခံ ၂ ရင်း ပေါင်း ၃ ရင်းပါ ထပ်ဆောင်းတပ်စွဲထားပါတယ်။ ပအိုဝ်းနယ်မြေမှာ ၁၉၆၂ ခုတုံးက ပြည်မတပ် တရင်းမှမရှိခဲ့ ပေမဲ့ အခုဆိုရင် ရပခ လက်အောက်ခံ ၁ ရင်း၊ တပ်မ ၅၅ လက်အောက်ခံ ၂ ရင်း၊ စကခ-၇ လက် အောက်ခံ ၄ ရင်း၊ စုစု ပေါင်း ၇ ရင်းအပြင် ဟိုပုံးမှာ စစ်ဂျီတီအိုင် ပါ ထိုင်ထားပါတယ်။

ရှမ်းပြည်နယ်တခုလုံးပေါင်းရင် အနည်းဆုံး ၁၄၁ ရင်း ရှိနေပါတယ်။

လက်ရှိပြည်မအစိုးရစစ်တပ် စုစုပေါင်း ၅၄၂ ရင်းအနက် တိုင်းရင်းသားနယ်မြေတွေမှာ ၃၇၈ ရင်း အမြဲတန်းတပ်စွဲ အခြေ စိုက်ထားတဲ့အတွက် ခြေလျင်တပ်အင်အားရဲ့ ၇၀% ဖြစ်ပါတယ်။ (တိုင်းရင်းသားလူဦးရေပေါင်းက တပြည်လုံး လူဦးရေ ရဲ့ ၃၀% မရှိဘူးလို့ စစ်အစိုးရကိန်းဂဏန်းတွေက ဆိုထားပါတယ်။) ရှမ်းပြည်မှာဆိုရင် တပ်အားလုံးရဲ့ လေးပုံတပုံကျော် ချထားပါတယ်။

၁၉၆၂ ခုမှာ ခြေလျင်တပ်ရင်းပေါင်း ၈၄ ရင်းအနက် တိုင်းရင်းသားနယ်မြေတွေမှာ ၄၁ ရင်း သို့မဟုတ် ၄၈% ဝန်းကျင် နေရာယူခဲ့ပါတယ်။ လက်ရှိတပ်အင်အား ၃၇၈ ရင်းဆိုတာ ၁၉၆၂ ခုကာလက ၄၁ ရင်းထက် ၉ ဆကျော် သို့မဟုတ် ၉၂၂% တိုးပွားလာတာ ဖြစ်ပါတယ်။ အမြောက်တပ် လေတပ် ရေတပ် စတဲ့ အကူလက်ရုံးတပ် ဝန်ထမ်းတပ် ၁၂၃ ရင်း မကကို ပေါင်းလိုက်ရင် ၁၂၀၀% လောက်ရှိပါတယ်။ (ဟိုတုံးက ရှမ်းပြည်နယ်မှာဘဲ အမြောက်တပ် ၁ ရင်း ရှိခဲ့ပါ တယ်။) တိုင်းရင်းသားငြိမ်းအဖွဲ့တွေကို တပ်အင်အားမတိုးရ၊ သတ်မှတ်နယ်မြေပဲနေရမယ်လို့ ထိန်းချုပ်ထားပြီးတော့ တဖက်မှာ အခုလိုညစ်ပတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါတင်မက ပြည်မအခြေစိုက် တပ်မ ၁၁၊ တပ်မ ၃၃၊ တပ်မ ၆၆၊ တပ်မ ၇၇၊ တပ်မ ၈၈၊ တပ်မ ၉၉၊ တပ်မ ၁၀၁ တို့နဲ့ တခြား စကခ တွေကလဲ မကြာခဏဝင်ဝင်ပြီး နှိပ်စက်သောင်းကျန်းသွားတတ်ပါသေးတယ်။ (ဗမာပြည်မထဲမှာတော့ ၁၉၆၂ ခုတုံးက တပ်ရင်းပေါင်း ၄၃ ရင်းကနေ အခု ၁၅၄ ရင်း ဖြစ်လာတဲ့အတွက် ၃၅၈% သို့မဟုတ် ၃ ဆ ခွဲပဲ အင်အား တိုးလာပါတယ်။)

ဒါလောက်များတဲ့တပ်တွေအတွက် အနိမ့်ဆုံးပုံမှန်အခြေအနေမှာတောင် မြေသိမ်းမှုတွေ၊ အဓမ္မလုပ်အားပေးခိုင်းမှုတွေ၊ ဆက်ကြေးတောင်းမှုတွေ၊ သီးစားချ အစိမ်းရောင်းအစိမ်းဝယ် ငွေတိုးချေးစား စတဲ့ စီးပွားရေးသွေးစုတ်မှုတွေ ဒဏ်ကို ဒေ သခံတိုင်းရင်းသားတွေ ထောင်းလမောင်းထအောင် နင့်နင့်သီးသီး ခံနေရမယ်ဆိုတာ ဗေဒင်မေးစရာမလိုပါဘူး။ စစ်ဆင် ရေး အကြောင်းပြစရာရလာရင်တော့ ကြက်ခိုး၊ ထမီခိုး၊ ဝက်ပစ်၊ နွားပစ်၊ ရွာမီးရှို့၊ လူသတ်၊ မုဒိမ်းကျင့်တွေကို ထမင်းစား ရေသောက်လုပ်တော့တာပါပဲ။

သေချာတာကတော့ ဒါလောက်တပ်တွေ တပြွတ်ကြီးချ သိမ်းပိုက်ထားပေမဲ့ တိုင်းရင်းသားတွေရဲ့ တန်းတူရေး-ကိုယ်ပိုင် အုပ်ချုပ်ရေး-လွတ်လပ်ရေးတိုက်ပွဲနဲ့ စိတ်ဓာတ် မီးတောက်မီးလျှံကို ဘယ်လိုမှမငြိမ်းသတ်နိုင်တာ ဖြစ်ပါတယ်။ တိုင်းရင်း သားတွေအနေနဲ့ ကိုယ့်နယ်မြေမှာ ကိုယ့်ဖာသာ အေးအေးဆေးဆေးနေချင်တာ ဖြစ်ပါတယ်။

ဗမာဘုရင်ခေတ်က ရှမ်းပြည်တခုလုံးမှာ မိုးနဲ နဲ့ မိုးကောင်းမှာဘဲ ဘုရင့်အလံစောင့်တပ် အင်အား ၆၀ စီလောက်ချ ထား ခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့်အဝပေးခဲ့လို့ အေးဆေးသာယာနေလေ့ရှိပါတယ်။ ညံ့ဖျင်းဆိုးသွမ်းလွန်းတဲ့ ဘုရင်တွေ စော်ဘွားတွေလက်ထက်မှာဘဲ ပုန်ကန်မှုတွေ ရှိခဲ့ပါတယ်။

အလားတူ တရုတ်နိုင်ငံမှာ ဟောင်ကောင်ကျွန်းဒေသကို အပြည့်အဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားတဲ့အတွက် ပြည်မ တပ်အင်အား စတိသဘောဘဲချပြီး ထိန်းထားနိုင်ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝမရတဲ့ တိဘက်၊ စင်ကျန်း ပြည်နယ်တွေမှာတော့ ဆူပူအုံကြွမှုတွေ ဒရစပ်ပေါ်နေပြီး စစ်အင်အားကြီးကြီးမားမားနဲ့ ထိန်းနေရပါတယ်။

အင်္ဂလိပ်ကိုလိုနီခေတ်မှာ တိုင်းရင်းသားအခွင့်အရေး ၃ မျိုးအနက် ကိုယ်ပိုင်အုပ်ချုပ်ရေး နဲ့ (အင်္ဂလိပ်မှအပ ကျန်တိုင်း ရင်းသားတွေနဲ့) တန်းတူရေး ၂ မျိုးရှိခဲ့လို့ ဘယ်တိုင်းရင်းသားမှ သီးခြားအခွင့်အရေးမတောင်းခဲ့ဘဲ အင်္ဂလိပ်တပ် အင် အားနည်းနည်းနဲ့ ထိန်းထားနိုင်ခဲ့ပါတယ်။ကိုလိုနီခေတ်မှာ ရခိုင် မွန် ရှမ်းနိုင်ငံရေးသမားတွေဟာ လွတ်လပ်ရေးပဲ တောင်း ခဲ့ကြပါတယ်။ လွတ်လပ်ရေး ဆိုရာမှာ အင်္ဂလိပ်နဲ့တကွ နိုင်ငံတကာနဲ့တန်းတူရေးကိုတောင်းတာ ဖြစ်ပါတယ်။ ရခိုင်နဲ့ မွန် နိုင်ငံရေးသမားတွေဟာ ဗမာအပါအဝင် တနိုင်ငံလုံးကပြည်သူတွေကို ခေါင်းဆောင်ပြီး တနိုင်ငံလုံး လွတ်လပ်ရေးအ တွက် တိုက်ပွဲဝင်ခဲ့ကြပါတယ်။


ဒါကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းရဲ့ ဂိတ်ဆုံးကိုမရောက်မီ အဓိကနယ်ခြားမှတ်တိုင်က ရာနှုန်း ပြည့် ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ တပါတည်း တိုင်းရင်းသားနယ်မြေတွေမှာရှိတဲ့ ပြည်မအစိုးရတပ်တွေကို စတိသဘောသာ ချန်ထားပြီး အားလုံး ပြည်မကိုပြန်ရုပ်သိမ်းရေး ဖြစ်ပါတယ်။ နယ်မြေသိမ်းတပ်တွေရှိနေသရွေ့ အမျိုးသားပြန်လည် သင့် မြတ်ရေးဆိုတာ ဗလာစကားပဲ ဖြစ်နေပါလိမ့်မယ်။ ဒါဟာ တိုင်းရင်းသားရေးရာ ထာဝရငြိမ်းချမ်းရေး သဘောတူညီချက် မှန်သမျှရဲ့ ခွဲမရတဲ့အစိတ်အပိုင်း၊ ပင်လုံစာချုပ်ပါ ရာနှုန်းပြည့်ကိုယ်ပိုင်အုပ်ချုပ်ရေးရဲ့ အဓိကအစိတ်အပိုင်း ဖြစ်ပါလိမ့် မယ်။ ဒီကတဆင့်သွားမှ မြန်မာပြည်ဖွား ပင်ရင်းတိုင်းရင်းသားအားလုံးအတွက် တန်းတူရေး၊ ရာနှုန်းပြည့် ကိုယ်ပိုင်အုပ် ချုပ်ရေးနဲ့ ပူးတွဲလွတ်လပ်ရေး ဆိုတဲ့ ပင်မတိုင်းရင်းသားအခွင့်အရေး (၃)ပါး ဂိတ်ဆုံးပန်းတိုင်ကို ရောက်နိုင်မှာ ဖြစ်ပါ တယ်။ တနည်းအားဖြင့်ပြောရရင် စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းပြမြေပုံ မှန်သမျှမှာ မပါမဖြစ်တဲ့အ ဆင့်တွေ ဖြစ်ပါတယ်။

ဂါမဏိ


photo … http://democracyforburma.wordpress.com

Sunday, December 04, 2011

ကချင်ပြည်နယ် မပခ စစ်ဗိုလ်မှ ဗုံး ထောင်ခိုင်း

|0 comments
Sunday, December 4, 2011

 ကချင်ပြည်နယ်ရှိ ဗလမင်းထင်တံတား

ဒီဇင်ဘာလ ၃ ရက်နေ့ ညမှာ ကချင်ပြည်နယ် မလိခမြစ် ချောင်းကူးတံတား ဗလမင်းထင်မှာ ကလား အမျိုးသမီး တစ်ဦးနှင့် ကချင်အမျိုး သမီးတစ်ဦးဟာ ဗုံး တစ်လုံးဆီ သယ်ဆောင်လာရာ တံတားစောင့် ရဲ တာဝန်ရှိများမှ တွေ့ရှိပြီး စစ်ဆေးခဲ့ရာ မပခ စစ်ဗိုလ်တစ်ဦး (အမည်မသိသေး) မှ သူတို့ နှစ်ဦးကို တရုတ်တောင် ဘုန်းကြီးကျောင်း တက်သွားတဲ့ လမ်းမှာ သွားထားခိုင်းကြောင်း သိရှိရပါတယ်။ သူတို့ နှစ်ဦးကို ပြန်လွတ်လိုက် မလွတ်လိုက်ကိုတော့ မသိရှိရသေးပါ။

စစ်ပွဲသတင်း

ဒီဇင်ဘာလ ၃ ရက်နေ့ မနက်ပိုင်း ၉း၃၀ နာရီ ဝန်းကျင်တွင် ကချင်ပြည်နယ် မိုးကောင်း စက်လှေဆိပ်နှင့် လဝါးကျေးရွာအကြား ကလာကထောင်အနီးမှာ စစ်အစိုးရတပ် ခမရ (၃၈၆) တပ်တို့ဟာ စစ်ကား (၂) စီးဖြင့် ချီတက်လာရာ ကေအိုင်အေ တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၁၄) နှင့် ပြည်သူ့စစ်တို့ ပူးပေါင်းကာ တားဆီး တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ပွဲတွင် စစ်တပ်ဘက်မှ တစ်ဦး ကျဆုံးပြီး ၃ ဦး ထိခိုက်ခဲ့ ကြောင်း သိရပါတယ်။ ခမရ (၃၈၆) တပ်ဟာ ဒီဇင်ဘာလ ၂ ရက်နေ့ ကေအိုင်အေ တပ်ရင်း (၆) တို့နှင့် တိုက်ပွဲဖြစ်ခဲ့သေးကြောင်း၊ ယင်းတိုက်ပွဲတွင် ထိခိုက်သူများကို ပြန်လည် ပို့ဆောင်တဲ့ တပ်ဖွဲ့ဖြစ်ကြောင်း သိရပါတယ်။

W.P Moses (သတင်းပေးပို့လာတဲ့ ကို Lahtaw Lat ကို ကျေးဇူးတင်တယ်)

ဘယ်သူ့ကြောင့်၊ ဘာတွေဖြစ်ကုန်ပြီလဲ.....

|0 comments
Sunday, December 4, 2011
သိန်းစိန် စစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဓါတ်ပုံများ

 သိန်းစိန် စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများဖြစ်ပါတယ်..။ အပြစ်မဲ့ ကချင်ပြည်သူတွေနှင့် တခြား တိုင်းရင်းသားများကို ညှင်းပန်းနှိပ်စက်၊ အမျိုးသမီးတွေဆိုရင် မဒိန်းကျင့် သတ်ဖြတ်၊ ပေါ်တာဆွဲ မြောက်များစွာသော အပြစ်များကို ကျိုးလွန်နေပါတယ်။

 အပြစ်မဲ့ ကချင်ကလေးငယ် သိန်းစိန် စစ်အစိုးရရဲ့ အမြောက်မြေဇာ ဖြစ်သွားခဲ့ပါပြီ....

 သိန်းစိန်သားတွေ ကချင်အမျိုးသမီးကို မဒိန်းကျင့်ပြီး သတ်ပစ်ခဲ့ပါတယ်.... ဒီလိုဖြစ်ပျက်နေတာဟာ ဘယ်သူ့တာဝန်လဲ... ဘာတွေဖြစ်ပျက်နေပြီလဲ... 


ရိုးသားဖြိုစင်တဲ့ ကချင် အမျိုးသမီးများနှင့် တိုင်းရင်းသူလေးများဟာ ကောက်ကျစ်တဲ့ ဗမာစစ်တပ်ရဲ့ အနိုင်ကျင့်ခြင်း၊ မဒိန်းကျင့်ခြင်း၊ သတ်ဖြတ်ခြင်းကို ခံစားနေရပါတယ်။ 

W.P Moses


Saturday, December 03, 2011

ကချင်နယ်မြေ၊ သိန်းစိန်အစိုးရ၊ ကလင်တန်၊ ပြည်သူလူထု

|0 comments
Saturday, December 3, 2011

Kachin Independence Army

ကချင်ပြည်နယ် မိုးကောင်း - ဖါးကန့်သွားတဲ့လမ်း နမ့်ယားနှင့် မအူပင်ရွာကြားတွင် ဒီဇင်ဘာ (၂) နေ့ မနက် (၈) နာရီ ဝန်းကျင်တွင် သိန်းစိန်အစိုးရ စစ်ကား (၃) စီးဟာ ရှေ့တန်းတွင် စစ်ကူပေး၊ အခြေချဖို့ရန် ချီတက်လာတဲ့  ခလရ (၃၈၆) အား ကေအိုင်အေ တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၆) မှ  ခြုံခို တားဆီး တိုက်ခိုက်ခဲ့ရာ စစ်ကား (၂) စီး ပျက်ဆီးသွားပြီး တစ်စီးမှာ ပြန်လည် ဆုတ်ခွာသွားကြောင်း သတင်း ရရှိပါတယ်။ ဤတိုက်ပွဲတွင် ဗမာစစ်တပ်ဘက်မှ စစ်သား (၅) ဦးသေဆုံးပြီး၊ (၅) ဦး အပြင်းအထန်ဒဏ်ရာ ရရှိသွားကြောင်းနှင့် ဗမာစစ်တပ်၏ ပစ္စတို တစ်လက်၊ အမ်အေ-၄ သေနတ် (၇) လက်၊ လက်နက်ကြီးတစ်လက်နှင့် ကျည်များကို ကေအိုင်အေဘက်မှ သိမ်းဆည်းရမိကြောင်း သတင်းရရှိပါတယ်။

ယခုချိန်တွင် ကချင်ပြည်နယ် အနောက်ဘက်သို့လည်း သိန်းစိန်အစိုးရ စစ်တပ်အင်အားများ ပိုမိုတိုးချဲ့နေပြီး နေ့တိုင်း တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရှိရပါတယ်။

နိုဝင်ဘာ ၂၉ ၊ ၃၀ ရက်တွင် ကေအိုင်အိုနှင့် သိန်းစိန်အစိုးရ တရုတ်နိုင်ငံ ရွှေလီမှာ တွေ့ဆုံ ဆွေးနွေး ခဲ့ပေမယ့် ရေရာတဲ့ အဖြေမရရှိဘဲ တိုက်ပွဲများမှာ ပိုမိုပြင်းထန်လာပြီး သိန်းစိန်အစိုးရ စစ်တပ် တပ်မများလည်း ကချင်နယ်မြေနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းသို့ အင်အား ဖြည့်တင်းလျက် ရှိနေပါတယ်။

ကေအိုင်အိုရဲ့ ဆွေးနွေးတင်ပြမှုဟာ ဒီပြဿနာသည် နိုင်ငံရေးကြောင့် ဖြစ်ပေါ်လာတဲ့ အတွက် နိုင်ငံရေး နည်းနဲ့သာ ဖြေရှင်းသွားမယ် ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း တင်ပြသွားပြီး ဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် ပြည်သူလူထုများမှာ ဆင်းရဲ့ဒုက္ခမျိုးစုံနှင့် ခံစားနေရပါတယ်။ ယခုချိန်တွင် စစ်ပြေး ဒုက္ခသည်ဟာ ငါးသောင်း (၅၀၀၀၀) ကျော်ရှိလာပြီဖြစ်တယ်လို့ စစ်ပြေး ဒုက္ခသည် ကူညီ စောင့်ရှောက်ရေး အဖွဲ့များရဲ့ ပြောဆိုချက်အရ သိရှိရပါတယ်။ ချမ်းအေးလွန်းတဲ့ ဆောင်းရာသီမှာ အဝတ်၊ အနွေးထည်၊ စောင်၊ ဆေးဝါး၊ အစားအစာ စသည်.. စသည် များစွာ လိုအပ်နေကြောင်း သိရှိ ရပါတယ်။

ရှေ့တန်းနယ်မြေ၊ ကျေးရွားများမှ ကချင် အမျိုးသမီးများမှာ သိန်းစိန်အစိုးရ စစ်တပ်ရဲ့ မဒိန်း ကျင့်ခြင်းများကို ခံစားနေရကြောင်း သိရပါတယ်။ ဆွမ်းလွတ်ရွယ်ဂျားလည်း ယနေ့ထိ မလွတ် လာသေးကြောင်း၊ သတ်လိုက်ပြီလား၊ အသက်ရှင်နေသေးသည်လား အတိအကျ မသိရသေးသဖြင့် တာဝန်ရှိတဲ့သူ အားလုံး ဝိုင်းဝန်း ကူညီဖို့ လိုအပ်နေပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ဟာ မြန်မာနိုင်ငံမှာ ရောက်ရှိနေပြီး သိန်းစိန်အစိုးရနှင့် တခြား နိုင်ငံရေး အဖွဲ့အစည်းများကို တွေ့စုံနေပေမယ့် တိုင်းရင်းသားအရေး၊ အထိုးသဖြင့် ယခု ဖြစ်ပွားနေတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေနှင့် သိန်းစိန်အစိုးရ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို ဘယ်လို လုပ်ဆောင်မယ်ဆိုတာကို မသိရသေးပါ။

W.P Moses

(သန်း) ရွှေဂက်စ် (ဓါတ်ငွေ့) စီမံကိန်း - တိုင်းပြည်ပျောက်သွားစရာ အကြောင်း - အပိုင်း (၂)

|0 comments
Saturday, December 3, 2011

ဆောင်းပါးရှင်-ဒေါက်တာ ဦးဝင်း ( အပိုင်း (၁) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါသည်...)

ကြည့်ကြပါဦး..

လက်ရှိမြန်မာစစ်တပ်များက ကချင်ပြည်နယ်ရှိ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့များသာမက လက်နက်မဲ့ ကချင်ပြည်သူများကို လူမျိုးရေး “စစ်ဖွင့်” နေသည်မှာ ဤ (သန်း) ရွှေဂက်စ်အတွက် တရုတ်ပြည်ကို မျက်နှာချိုသွေးနေမှန်း လူတိုင်းသိနေကြသည်။ ယခုဝင်ရောက်တိုက်ခိုက်နေသော မြန်မာ စစ်တပ်မှ စစ်ဗိုလ်စစ်သားများ အလွန်တရာ ရှက်ရွံ့ဖွယ်ရာ ဖြစ်သည်။ ကချင်လူမျိုး များကိုထိုနေရာမှာ အမြစ်ပြုတ်ရန် စစ်သူကြီး သန်းရွှေ၏ အမိန့်အာဏာတော်မှာ တရုတ်ကြီးအတွက် ရေနံ ပိုက်လိုင်း ချထားရရန်သာဖြစ်သည်။ မည်သည့် အခြားရည်ရွယ်ချက်ဖြင့် ကချင်သူ ကချင်သားများကို သတ်ရန် အကြောင်းမရှိပါ။

ရခိုင်မှာ အစိုးမှ နောက်ခံအားပေးပြီး တရုတ်ပေါက်ဖေါ်တို့ အဓမ္မ မြေသိမ်းနေကြသည်မှာ ကို (သန်း) ရွှေ့ဂက်စ်အတွက် ဖြစ်ကြပါသည်။ တရုတ်က ကျောက်ဖြူတွင် လိုအပ်သမျှ ဓါတ်ငွေ့ ရနိုင်ရေး အန်းတောင်ကြား တလျှောက် ရွှေဂက်စ်နေနံ ဓါတ်ပိုက်လိုင်း ဖောက်လုပ်တည်ဆောက်ရေး အတွက် စစ်တပ်က K.I.A  ကို မဖြစ်ဖြစ်သည့်နည်းဖြင့် စစ်အင်အားကို အသုံးပြုရန် အဆင်သင့် ပင်ဖြစ်သည်။


ယနေ့ ဖြစ်ပွားလျက်ရှိသော ကချင်တောင်တန်းများ၌ မြန်မာစစ်တပ်မှ သတ်ဖြတ်မှုများ၊ ရခိုင်တွင်မြေသိမ်းမှုများကို မြန်မာနိုင်ငံလုံးရှိ ရဟန်းရှင်လူအင်အားက ဒေသဆိုင်ရာ ပြဿနာငယ်လေးအဖြစ် သတ်မှတ်ထား၍ မဖြစ်ပါ။ ဤအရေးသည် “မြစ်ဆုံဆည်နှင့် ဧရာဝတီမြစ်” ကိစ္စ၌ လူတိုင်း မြန်မာပြည်ရှေ့ရေးအတွက် စိုးရိမ်ပူပန် ကြရသကဲ့သို့ ဤ (သန်း) ရွှေဂက်စ် ကိစ္စမှာ တိုင်းပြည်ပျောက်သွားစရာ အကြောင်းဖြစ်သည်မို့ နိုင်ငံတော်အရေးကိစ္စဖြစ်ပါသည်။

အမြန်ဆုံး ဤ (သန်း) ရွှေဂက်စ် စီမံကိန်းကို ရပ်တန့် ဖျက်သိမ်းရန် လိုနေပြီ ဖြစ်ပါသည်။

အကယ်၍..
ဤ လက်ရှိအစိုးရက တရုတ်ကြီး၏ သန်းရွှေအမိန့်တော် အတိုင်း ဆက်လက်  ခံယူနေကြဆဲဖြစ်ပြီး တရုတ်၏ (သန်း) ရွှေဂက်စ် စီမံကိန်းကို ဆောင်ရွက် ခွင့်ရခဲ့ပါက..
မြန်မာနိုင်ငံ၏ရှေ့ကာလ လူမျိုးဆက်များမှာ ပေါက်ဖေါ်လေးများသာ ဖြစ်လာပေတော့မည်။

မြန်မာပြည်ရှိဗုဒ္ဓသာသနာဦးဆောင်ဆရာတော်များလည်း တိဘက်နိုင်ငံမှ ဒလိုင်းလားမားကဲ့သို့ ပြည်ပြေးအဖြစ် အဝေးသို့ ပြေးကြရပေတော့မည်။
မြန်မာပြည်သည်လည်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ ကိုလိုနီ “မြန်မာပြည်နယ်” လေးတခု ဖြစ်လာပေတော့မည်။

တရုတ်မြန်မာ ကာပြားပေါက်ဖေါ်ကလေးများသည် တချိန်တွင် တရုတ်ပြည် (ဘေဂျင်း) ပီကင်းမြို့တော်ရှိတာ ယင်နန်မန်ဥယျာဉ်တော်ကြီးတွင် တရုတ် သစ္စာတော်ခံ စစ်သူကြီး သန်းရွှေ၏ ရုပ်ထုကို သွားရောက် ပန်းခွေချအလေးပြုလျက် ရှိနေကြပေတော့မည်။

(သန်း) ရွှေဂက်စ် စီမံကိန်းကို ပြည်သူနှင့် “မြန်မာ့” တပ်မတော်သူ တပ်မတော်သားများ တူညီလက်တွဲကာ အမြန်ဆုံး ဖျက်သိမ်းကြပါစို့။

(Dr. U Win… Former instructor at Ragoon Arts Science University, Burma. Earned a Ph.D. at Penn State University, USA. Currently, an Adjunct Faculty with San Diego State University at Visualization Center (Viz- Center), Califonia.)

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကျစ်လစ်အောင် ပြန်လည်ဖွဲ့စည်း

|0 comments
 Saturday, December 3, 2011


ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြီး (၆) ဖွဲ့နှင့် ဆက်စပ်အဖွဲ့ (၆) ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့ရာမှမကြာမီရက် ပိုင်းအတွင်းကျင်းပပြီးခဲ့သည့် ဗဟိုကော်တီအစည်းအဝေးတွင် အခြေခံအဖွဲ့ ၁၂ ဖွဲ့ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။

“အရင်က အခြေခံအဖွဲ့ရယ် ဆက်စပ်အဖွဲ့ရယ်ဆိုပြီးတော့ ရှိတယ်လေ အဲဒါကို ပြန်ပြင်လိုက်တယ် အားလုံးက UNFC ရဲ့ အခြေခံအဖွဲ့ဝင်တွေအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပြီ” ဟု UNFC ဒုဥက္ကဌ အေဘယ်တွီက ပြောသည်။

ယခုအခါ UNFC တွင် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (NMSP)ကချင်ပြည်လွတ်လပ် ရေး အဖွဲ့ (KIO)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ပအိုဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ရခိုင်ပြည်အမျိုးသား ကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ်သမဂ္ဂ (LDU)၊ ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO)၊ ကချင်အမျိုးသားအစည်းအရုံး (KNO) ဟူ၍ အဖွဲ့ ၁၂ ဖွဲ့ပါဝင်လျှက်ရှိ သည်။

ဗဟိုကော်မတီအစည်းအဝေးတွင် UNFC ကို ပြန်လည် ဖွဲ့စည်းခြင်းအပြင် မကြာမီက အစိုးရကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံခဲ့ကြသည်ကိုလည်း အပြန်အလှန် ဆွေးနွေးဖလှယ်တင်ပြခဲ့ကြသည်။

UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက “အဓိကကတော့ မကြာခင်တုန်းက တဖွဲ့ချင်း အစိုးရကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ကြတာတွေကို တဖွဲ့ချင်း သူတို့ရဲ့ ဆွေးနွေးမှုအခြေအနေကို တိုင်ပင်ကြတယ် အချင်းချင်းဆွေးနွေးကြတယ်၊ သဘောကတော့ အစိုးရက UNFC အနေနဲ့ မတွေ့ဘူး တဖွဲ့ချင်းစီပဲ တွေ့မယ်ဆိုတော့ ကျနော်တို့ကလည်း တဖွဲ့ချင်း တွေ့မယ် ဒါပေမယ့် တွေ့ထားကြတဲ့အခြေအနေကို ရှင်းပြခဲ့ကြတယ်” ဟု ပြောသည်။

UNFC အဖွဲ့ဝင်များသည် အစိုးရကိုယ်စားလှယ်များနှင့် တွေ့ဆုံနိုင်ပြီး တပြည်လုံးအပစ်ခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးမှုကို UNFC မူအတိုင်းသာ လက်ခံထားကြသည်။

လက်နက်ကိုင်အဖွဲ့အစည်းများအနေနှင့် နောက်ပိုင်းများတွင်လည်း အစိုးရကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွးနွေးသွားနိုင်ကြောင်း သို့သော် တပြည်လုံးအပစ်ခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးမှုအတွက် UNFC မူနှင့်သာ ဆုံးဖြတ်သွားမည်ဟု ဆိုသည်။

သို့ရာတွင် ပြီးခဲ့သည့်နိုဝင်ဘာလအတွင်း UNFC အဖွဲ့၏ အခြေခံအဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့အစည်းတချို့နှင့် မြန်မာအစိုးရကိုယ်စားလှယ်တို့ တွေ့ဆုံမှုရှိခဲ့ကြသော်လည်း ဆက်စပ်လက်နက်ကိုင်အဖွဲ့အစည်းများနှင့် လုံးဝတွေ့ဆုံမှုမရှိသေးပါ။

ယခု ပြန်လည် ဖွဲ့စည်းလိုက်သည့် UNFC တွင် ဥက္ကဋ္ဌ ဗိုလ်ချုပ်အင်ဘန်လ KIO၊ ဒုဥက္ကဋ္ဌ (၁) အေဘယ်တွီ KNPP၊ ဒုဥက္ကဋ္ဌ (၂) ပဒိုစောဒေးဗစ်သကဘော KNU၊ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ NMSP နှင့် တွဲဘက်အတွင်းရေးမှူး (၁) စောဒေါလေးမူ (KNU)၊ တွဲဘက်အတွင်းရေမှူး (၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာ BNLO တို့ ဦးဆောင်ပါဝင်သည်။

Friday, December 02, 2011

တပ်မ တပ်များ တိုက်ပွဲဝင် မွမ်းမံသင်တန်းများ လေ့ကျင့်ပြင်ဆင် လျက်ရှိ

|0 comments
 Friday, December 2, 2011
 တိုက်ပွဲဝင် မွမ်းမံသင်တန်းတစ်ခုတွင် တပ်များလေ့ကျင့်နေပုံမြင်ကွင်း

တပ်မတော် လက်အောက်ရှိ တပ်မ တပ်များဟာ တပ်မအဆင့် တိုက်ပွဲဝင် မွမ်းမံသင်တန်းများ လေ့ကျင့်လျက် စစ်ရေးအတွက် လိုအပ်က ထိုးစစ်မှာ အသုံးပြုရန် အသင့်ပြင်ဆင်လျက် ရှိနေကြောင်း ပြည်တွင်းရှိ စစ်ဘက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။ တပ်မတော်ရဲ့ (ကြည်း) တပ် W.E ဖွဲ့စည်းပုံအရ တပ်မ တပ်များနဲ့ တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်များဆိုပြီး နှစ်မျိုး ရှိပါတယ်။ တပ်မ တပ်များဟာ ကက(ကြည်း)ရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ ရှိပြီး နယ်မြေဂွင်ပိုင်မရှိဘဲ စစ်ဆင်ရေးအရ အရေးကြီးလိုအပ်တဲ့ စခန်းသိမ်း တိုက်ပွဲတွေမှာ အသုံးပြုတာ ဖြစ်ပါတယ်။ တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်များဟာဆိုရင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် ဧရိယာအတွင်း နယ်မြေ ထိန်းသိမ်းရေးနှင့် ရန်သူစခန်းများရှိပါက နယ်မြေရှင်းလင်းအရေးအတွက် အသုံးပြုတာ များပါတယ်။ တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်များအပြင် (ဒကစ) လို့ခေါ်တဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်လက်အောက်ခံ တပ်များ ဆိုပြီး ရှိနေသေးရာ အဲဒီတပ်ရင်းများရဲ့ သဘောသဘာဝဟာလည်း တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်များနဲ့ အတူတူဖြစ်ပါတယ်။  (ဒကစ) တပ်များဟာ တိုင်းမှူးရဲ့လက်အောက်ခံ ကွပ်ကဲမှုအတွင်းမှာ ရှိပါတယ်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင်း ကက(ကြည်း)မှ တပ်မအဆင့် တိုက်ပွဲဝင် မွမ်းမံသင်တန်းများ လေ့ကျင့်ပြုလုပ်သွားရန် အောက်ပါတပ်များအား ညွှန်ကြားခဲ့တယ်လို့သိရှိရပါတယ်….
တပ်မ(၄၄) နည်းဗျူဟာ သုံးခုနဲ့ တပ်ရင်း (၁၀) ရင်း ကျိုက်ထိုမှ အုတ်တွင်းသို့၎င်း၊
တပ်မ (၅၅) နည်းဗျူဟာသုံးခုနှင့် တပ်ရင်း (၁၀) ရင်းဟာ ကလောမှ မိုးစွေသို့၎င်း၊
စကခ (၁၄)  တပ်မဌာနချုပ်နဲ့ နည်းဗျူဟာ တစ်ခုနှင့် တပ်ရင်း (၅) ရင်းဟာ မိုင်းဆတ်မှ ကျိုင်းတုံသို့ ၎င်း၊
စကခ (၁၉) တပ်မဌာနချုပ်နဲ့ နည်းဗျူဟာ နှစ်ခု တပ်ရင်း (၈) ရင်းဟာ ရေးမှ ဝဲကလိသို့၎င်း၊
စကခ (၂၀) တပ်မဌာနချုပ်နဲ့ နည်းဗျူဟာ သုံးခု တပ်ရင်း (၁၀) ရင်းဟာ ခမောက်ကြီးမှ ပုလဲ၊ ပလောက်သို့၎င်း အသီးသီး လေ့ကျင့်ဖို့ ထွက်ခွာသွားပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။


၁၉၉၆/ ၁၉၉၇ ခုနှစ်တုံးက တပ်မတော် (ကြည်း/ ရေ/လေ) ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းကို ပုသိမ်မြို့နယ် သာပေါင်းမြို့ လှေကြီးတက်မှာ တပ်မ ၅ ခု လေ့ကျင့်ခန်း လုပ်ခဲ့တဲ့ အစဉ်အလာရှိခဲ့ပါတယ်။ အဲဒီလေ့ကျင့်ခန်းလုပ်ခဲ့ပြီးနောက် အဲဒီတပ်မများဟာ မိခင်ဒေသနောက်တန်း တပ်မဌာနချုပ်များသို့ ပြန်ခွင့်မပြုတော့ဘဲ ကရင်ပြည်နယ် စစ်ဆင်ရေး ရုတ်တရက်ထိုးလိုက်လို့ K.N.U အငိုက်မိကာ အခိုင်အမာ စခန်းကြီးများ ကျရှုံးခဲ့ရပါတယ်။ တပ်မ (၄၄) နှင့် ပတ်သက်ပြီး ပြည်တွင်းမှ တပ်မတော် အရာရှိတစ်ဦးက အောက်ပါအတိုင်း မှတ်ချက်ပြုပါတယ်။


“ တပ်မ (၄၄) ဟာ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့ တပ်မမှူးဘဝဖြစ်ခဲ့တုံးက တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်မဖြစ်ခဲ့လို့ ကရင်ပြည်နယ် စစ်ဆင်ရေးအတွင်းမှ ဆွဲထုတ်တာ အံ့သြတယ်ဗျာ။ အုတ်တွင်းဆိုတာဟာ မြန်မာပြည်ရဲ့ အလယ်ဗဟိုကျကျ တောင်ငူမြို့အနီးမှာ ရှိနေတာမို့ K.I.A နဲ့ စစ်ဆင်ရေး ဆင်နွဲခဲ့ရင် အချိန်မရွေး ဆွဲတင်လို့ရအောင် အပေါ်ကို ဆွဲကပ်ထားတာဖြစ်တယ်။ ဒါပေမဲ့ ကေအန်ယူနဲ့ ဆွေးနွေးပွဲအဆင်မပြေခဲ့ရင်တော့ အောက်မြန်မာပြည်ပိုင်းကို ပြန်သုံးလို့ရအောင်လည်း  စိတ်ကူထားတဲ့ပုံဘဲဗျ။ လေ့ကျင့်ခန်းလုပ်တဲ့နေရာက အောက်မြန်မာပြည်မှာ ဖေါင်ကြီးလိုနေရာမျိုး လေ့ကျင့်ခိုင်းလို့ ရရဲ့သားနဲ့ မြန်မာပြည်အလယ်ပိုင်း အုတ်တွင်းသို့ ဆွဲတင်သွားတာ K.I.A ကို ရည်ရွယ်တာဟုတ်တယ်။ ”


တပ်မတော်ရဲ့ ဗိုလ်ချုပ်များ လုပ်လေ့လုပ်ထရှိတဲ့ မဟာဗျူဟာ နည်းဗျူဟာ ဓလေ့စရိုက်များကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကြိုတင်သိရှိလေ့လာ ပြင်ဆင်နိုင်ဖို့ တင်ပြပေးလိုက်ပါတယ်။

http://photayokeking.org/hot-news/825-tapmatapmya

ထိုး​စစ်ရပ်​ရေး​ အစိုး​ရကို ဖိအား​ပေး​ရန် ကချင်အဖွဲ့​များ​ ကလင်တန်ကို ​တောင်း​ဆို

|0 comments
 Friday, December 2, 2011


ကချင်ပြည်နယ်တွင်း​ အစိုး​ရတပ်​တွေရဲ့​ ထိုး​စစ်ဆင်မှု ရပ်ဖို့​အတွက် အ​မေရိကန် နိုင်ငံခြား​ရေး​ဝန်ကြီး​ ဟီလာရီကလင်တန်အ​နေနဲ့​ မြန်မာအစိုး​ရကို ဖိအား​ပေး​ဖို့​ ကချင်အဖွဲ့​ ၈ ဖွဲ့က ​တောင်း​ဆိုလိုက်ပါတယ်။

ဟီလာရီ ကလင်တန် (ဓာတ်ပုံ - ရိုက်တာ)

မြန်မာနိုင်ငံမှာ ​ရောက်ရှိ​နေတဲ့​ အ​မေရိကန်နိုင်ငံခြား​ရေး​ဝန်ကြီး​ ဟီလာရီကလင်တန်ကို ကချင်အမျိုး​သမီး​၊​ လူငယ်၊​ သဘာဝ ပတ်ဝန်း​ကျင်နဲ့​ မီဒီယာ စတဲ့​ ကချင်လူထုအ​ခြေပြု အဖွဲ့​ ၈ ဖွဲ့​ ပူး​ပေါင်း​ပြီး​ ​တောင်း​ဆိုလိုက်တာပါ။

ကချင်ပြည်နယ်တွင်း​ တိုက်ပွဲ​ကြောင့်​ ​ဒေသခံ ၅ ​သောင်း​ခန့်​ ထွက်​ပြေး​တိမ်း​ရှောင် ​နေကြရပြီး​ ရွာ​တွေအိမ်​တွေ မီး​ရှို့​ဖျက်ဆီး​ခံ​နေရသလို အမျိုး​သမီး​တွေကို အဓမ္မပြုကျင့်​တာ၊​ ကချင်ပြည်သူ​တွေကို ဖမ်း​ဆီး​ချုပ်​နှောင် သတ်ဖြတ်မှု​တွေ စတဲ့​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေ ဖြစ်​ပေါ်​နေတယ်လို့​ ဒီအဖွဲ့​တွေရဲ့​တောင်း​ဆိုချက်မှာ ​ဖော်ပြထား​ပါတယ်။

ဒီအ​ခြေအ​နေ​တွေ​ကြောင့်​ ကချင်ပြည်နယ်တွင်း​ စစ်ပွဲ​တွေရပ်ဖို့​ အ​မေရိကန် နိုင်ငံခြား​ရေး​ဝန်ကြီး​အ​နေနဲ့​ မြန်မာအစိုး​ရကို ဖိအား​ပေး​ဖို့​ ​တောင်း​တာလို့​ ကချင်သတင်း​သတင်း​ဌာန အယ်ဒီတာ ကို​နော်ဒင်း​က ​ပြောပါတယ်။

“အစိုး​ရဘက်က ၁၇ နှစ်ကြာ ငြိမ်း​ချမ်း​ရေး​ အပစ်ခတ်ရပ်စဲ​ရေး​ကို သူတို့​ဘက်ကပဲ စတင်ချိုး​ဖောက်တယ်။ နိုင်ငံ​ရေး​အရ ​ဆွေး​နွေး​ဖို့​လည်း​ သူတို့​မလုပ်ဘူး​။ ပြည်တွင်း​စစ်ကို စတယ်။ ​နောက်ပြီး​တော့​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေလည်း​ အများ​ကြီး​ရှိ​နေတယ်။ ဒုက္ခသည်ပြဿနာ​တွေလည်း​ အများ​ကြီး​ရှိ​နေတယ်။ ဒါကိုလည်း​ စစ်အစိုး​ရဘက်က​တော့​ ဒုက္ခသည်ပြဿနာ​တွေ ရှိ​နေတာကိုလည်း​ လက်ခံဖို့​ မရှိဘူး​။ ဒီလိုမျိုး​ အ​ခြေအ​နေ​တွေရှိတယ်။ ဒါ မှန်ကန်​သော ဒီမိုက​ရေစီ အ​ပြောင်း​အလဲ​တော့​ မဟုတ်ဘူး​။ မှန်ကန်​သော ဒီမိုက​ရေစီအ​ပြောင်း​အလဲကို လုပ်ချင်ရင် ပြည်တွင်း​စစ်ကို ကချင်မှာပဲ ရပ်တာမဟုတ်ဘဲနဲ့​ တပြည်လုံး​ အတိုင်း​အတာနဲ့​ အပစ်ခတ်ရပ်စဲ​ရေး​လုပ်ရမယ်။ ​စေ့​စပ်​ဆွေး​နွေး​ရမယ်။ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု​တွေ ဒုက္ခသည်ပြဿနာ​တွေကိုလည်း​ ​ဖြေရှင်း​ကြမယ်ဆိုတဲ့​ အပိုင်း​ကို အ​မေရိကန် နိုင်ငံခြား​ရေး​ဝန်ကြီး​ အ​နေနဲ့​ ဒါကို​ထောက်ပြပြီး​ အစိုး​ရကို ဖိအား​ပေး​ဖို့​အတွက် အဓိကဖြစ်တာပါ။”

အ​မေရိကန်အ​နေနဲ့​ မြန်မာနိုင်ငံတွင်း​ တကယ်ပဲ ဒီမိုက​ရေစီဖြစ်ထွန်း​ထိုး​တက်မှု ဖြစ်​စေချင်ရင် ပြည်တွင်း​စစ်ရပ်စဲ​ရေး​ကို ဖိအား​ပေး​ရမှာဖြစ်သလို တိုက်ပွဲ​တွေမရပ်မချင်း​လည်း​ မြန်မာနိုင်ငံအ​ပေါ် စီး​ပွား​ရေး​ပိတ်ဆို့​မှု​တွေ မရုပ်သိမ်း​ဘဲ ဆက်ထား​ဖို့​ကိုလည်း​ ကချင်အဖွဲ့​တွေက တိုက်တွန်း​ထား​ပါတယ်။

မြန်မာအစိုး​ရနဲ့​ ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲ​ရေး​ ယူခဲ့​တဲ့​ ကချင်လွတ်လပ်​ရေး​ တပ်မ​တော်ကို နယ်ခြား​စောင့်​တပ်အသွင် ​ပြောင်း​ခိုင်း​ရာက​နေ လက်မခံခဲ့​အတွက် အခုနှစ် ဇွန်လဆန်း​ပိုင်း​ကစပြီး​ အစိုး​ရတပ်က ကချင်တပ်ဖွဲ့​တွေကို ထိုး​စစ်ဆင် တိုက်ခိုက်ခဲ့​ပါတယ်။

စစ်ပြေးဒုက္ခသည်များအတွက် လူမှုရေးအဖွဲ့များ ကူညီ

|0 comments
 Friday, December 2, 2011

ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်​ ​ထောင်ပေါင်းများစွာကို အကူအညီပေးဖို့ ရန်ကုန်၊ မန္တလေးက လူမှုရေးအဖွဲ့တွေ လာမယ့် စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ သွားရောက်မယ်လို့ သိရပါတယ်။

ရန်ကုန်အခြေစိုက် ကိုကျော်သူရဲ့ နာရေးကူညီမှုအသင်း၊ ၈၈ မျိုးဆက်​ ​ကျောင်းသားများအဖွဲ့၊ မန္တလေးက ဘ၀အလင်း ပရဟိတအသင်း၊ ကလေးချစ်သူများ ကွန်ရက်တို့က မြစ်ကြီးနားနဲ့ ၀ိုင်းမော်ဒေသတ၀ိုက်က ဒုက္ခသည်တွေဆီ အဓိကသွားရောက်ဖို့ ပြင်ဆင်နေတာပါ။

လာမယ့် စနေနေ့မှာပဲ မန္တလေးမြို့ကနေ မြစ်ကြီးနားကို သွားရောက်မယ့် အဖွဲ့ကို ဦးဆောင်တဲ့ မန္တလေးမြို့က ဘ၀အလင်း ပရဟိတအသင်းရဲ့ ဦးဆောင်ဆရာတော် ဦးဥတ္တမ သာရက အခုလို မိန့်ကြားပါတယ်။

“ရန်ကုန်က နာရေးကူညီမှုရယ်၊  ဦးဇင်းတို့ရယ်၊ နောက်ပြီးကျတော့ ၈၈ ကျောင်းသား​ အဖွဲ့ရယ်ပေါ့ သူတို့နဲ့ ဦးဇင်းတို့အားလုံး ၃ ဖွဲ့ ပေါင်းပြီးတော့ သွားတာပေါ့။ ရန်ကုန်နာရေးကတော့ သိန်း ၂၀၀ မတည်တာပေါ့။ ဦးဇင်းတို့ ငွေသား ၇၀ လောက်တော့ပါမယ်။ ပစ္စည်းက ဆပ်ပြာ၊ ကျောင်းသုံးစာအုပ်၊ ကလေးတွေအတွက် မုန့်၊ ဆေးပစ္စည်းတွေနဲ့ ဆရာဝန်တွေနဲ့ ပါမယ်။ ပိုက်ဆံပေါ့ အဓိက ကတော့။ ဟိုကျမှ စောင်တို့ အနွေးထည်တို့ ထပ်ဝယ်မယ်။”

မြစ်ကြီးနားနဲ့ ၀ိုင်းမော်တ၀ိုက်က ခရစ်ယာဉ်ဘုရားကျောင်းတွေမှာရှိတဲ့ စစ်ပြေးဒုက္ခသည်ပေါင်း ၁ သောင်းဝန်းကျင်ဆီကို သွားရောက်ဖို့​ ရည်ရွယ်တယ်လို့ ဦးဥတ္တမ သာရက မိန့်ကြားပါတယ်။

စနေနေ့အဖွဲ့မှာ လိုက်ပါသွားမယ့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုမြတ်သူကလည်း အခုလို ပြောပါတယ်။

“မြန်မာဘက်က ပြည်သူတွေလည်း အလှမ်းဝေးနေတော့လေ သူတို့လည်း အာရုံစိုက်လာအောင် ဒီ ကချင်ပြည်သူတွေအပေါ်မှာ လူသားချင်း ကူညီတဲ့ဟာတွေကို ပေးပြီးတော့မှ စစ်ဘေးဒဏ်သင့်တဲ့ ပြည်သူတွေဘက်က နေပြီးတော့မှ ရပ်တည်တဲ့ဟာကိုလည်း နည်းနည်း ပြတာပေါ့။ ကချင်ပြည်သူတွေ ဘက်က ကျနော်တို့ ရပ်တည်ပြပြီးတော့မှ ငြိမ်းချမ်းရေးအတွက် ပြည်တွင်းစစ် ရပ်စဲရေးအတွက်ကို ကျနော်တို့က သွယ်ဝိုက်တဲ့နည်းနဲ့ တောင်းဆိုတဲ့သဘောပါပဲ ခင်ဗျ။”

အလားတူ မန္တလေးမြို့ လူမှုရေးအဖွဲ့ငယ် ၁၀ နဲ့ဖွဲ့ထားတဲ့ ကလေးချစ်သူများ ကွန်ရက်ကလည်း လာမယ့် တနင်္ဂနွေနေ့မှာ မြစ်ကြီးနားကို သွားရောက်ဖို့ ပြင်ဆင်နေတယ်လို့ အဖွဲ့ဝင်တဦးက ပြောပါတယ်။

“မြစ်ကြီးနားကို ရောက်မှပဲ။ အဲဒီကနေ ဒေသခံတွေရဲ့ သူတို့ရဲ့ နယ်မြေနဲ့ ကျနော်တို့ သွားလို့ရမယ့် နေရာအထိတော့ သွားမယ်ပေါ့။ သူတို့ခွင့်ပြုနိုင်တဲ့ နေရာမျိုးထိတော့ ကျနော်တို့ ရောက်အောင်သွားမယ်။ အနွေးထည်တို့၊ စောင်တို့ လက်ရှိ ကျနော်တို့ ကွန်ရက်အနေနဲ့ ရထားတာ သိန်း ၂၀ ပတ်ဝန်းကျင်လောက် ရှိပါတယ်။ ”

ကချင်ပြည်နယ်တွင်း တိုက်ပွဲကြောင့် ဒေသခံ ၅ သောင်းဝန်းကျင် ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဒုက္ခသည် အကူအညီပေးရေး အဖွဲ့တွေနဲ့ ကချင်လူမှုအဖွဲ့တွေက ဆိုပါတယ်။