Friday, December 2, 2011
ကချင်ပြည်နယ်တွင်း အစိုးရတပ်တွေရဲ့ ထိုးစစ်ဆင်မှု ရပ်ဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်အနေနဲ့ မြန်မာအစိုးရကို ဖိအားပေးဖို့ ကချင်အဖွဲ့ ၈ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို ကချင်အမျိုးသမီး၊ လူငယ်၊ သဘာဝ ပတ်ဝန်းကျင်နဲ့ မီဒီယာ စတဲ့ ကချင်လူထုအခြေပြု အဖွဲ့ ၈ ဖွဲ့ ပူးပေါင်းပြီး တောင်းဆိုလိုက်တာပါ။
ကချင်ပြည်နယ်တွင်း တိုက်ပွဲကြောင့် ဒေသခံ ၅ သောင်းခန့် ထွက်ပြေးတိမ်းရှောင် နေကြရပြီး ရွာတွေအိမ်တွေ မီးရှို့ဖျက်ဆီးခံနေရသလို အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာ၊ ကချင်ပြည်သူတွေကို ဖမ်းဆီးချုပ်နှောင် သတ်ဖြတ်မှုတွေ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒီအဖွဲ့တွေရဲ့တောင်းဆိုချက်မှာ ဖော်ပြထားပါတယ်။
ဒီအခြေအနေတွေကြောင့် ကချင်ပြည်နယ်တွင်း စစ်ပွဲတွေရပ်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ မြန်မာအစိုးရကို ဖိအားပေးဖို့ တောင်းတာလို့ ကချင်သတင်းသတင်းဌာန အယ်ဒီတာ ကိုနော်ဒင်းက ပြောပါတယ်။
“အစိုးရဘက်က ၁၇ နှစ်ကြာ ငြိမ်းချမ်းရေး အပစ်ခတ်ရပ်စဲရေးကို သူတို့ဘက်ကပဲ စတင်ချိုးဖောက်တယ်။ နိုင်ငံရေးအရ ဆွေးနွေးဖို့လည်း သူတို့မလုပ်ဘူး။ ပြည်တွင်းစစ်ကို စတယ်။ နောက်ပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း အများကြီးရှိနေတယ်။ ဒုက္ခသည်ပြဿနာတွေလည်း အများကြီးရှိနေတယ်။ ဒါကိုလည်း စစ်အစိုးရဘက်ကတော့ ဒုက္ခသည်ပြဿနာတွေ ရှိနေတာကိုလည်း လက်ခံဖို့ မရှိဘူး။ ဒီလိုမျိုး အခြေအနေတွေရှိတယ်။ ဒါ မှန်ကန်သော ဒီမိုကရေစီ အပြောင်းအလဲတော့ မဟုတ်ဘူး။ မှန်ကန်သော ဒီမိုကရေစီအပြောင်းအလဲကို လုပ်ချင်ရင် ပြည်တွင်းစစ်ကို ကချင်မှာပဲ ရပ်တာမဟုတ်ဘဲနဲ့ တပြည်လုံး အတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေးလုပ်ရမယ်။ စေ့စပ်ဆွေးနွေးရမယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဒုက္ခသည်ပြဿနာတွေကိုလည်း ဖြေရှင်းကြမယ်ဆိုတဲ့ အပိုင်းကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ ဒါကိုထောက်ပြပြီး အစိုးရကို ဖိအားပေးဖို့အတွက် အဓိကဖြစ်တာပါ။”
အမေရိကန်အနေနဲ့ မြန်မာနိုင်ငံတွင်း တကယ်ပဲ ဒီမိုကရေစီဖြစ်ထွန်းထိုးတက်မှု ဖြစ်စေချင်ရင် ပြည်တွင်းစစ်ရပ်စဲရေးကို ဖိအားပေးရမှာဖြစ်သလို တိုက်ပွဲတွေမရပ်မချင်းလည်း မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေ မရုပ်သိမ်းဘဲ ဆက်ထားဖို့ကိုလည်း ကချင်အဖွဲ့တွေက တိုက်တွန်းထားပါတယ်။
မြန်မာအစိုးရနဲ့ ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေး ယူခဲ့တဲ့ ကချင်လွတ်လပ်ရေး တပ်မတော်ကို နယ်ခြားစောင့်တပ်အသွင် ပြောင်းခိုင်းရာကနေ လက်မခံခဲ့အတွက် အခုနှစ် ဇွန်လဆန်းပိုင်းကစပြီး အစိုးရတပ်က ကချင်တပ်ဖွဲ့တွေကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။

ဟီလာရီ ကလင်တန် (ဓာတ်ပုံ - ရိုက်တာ)

0 comments:
Post a Comment