Sunday, February 12, 2012

သောင်ရင်းမှ ရွှေလီသို့




အထက်ပါ အီးမေးလိပ်စာများကို ပေးပို့ထားတဲ့ စာတစောင်ပါ။
ဧရာဝတီဘလော့ပရိသတ်များထဲက နိုင်ငံရေးစိတ်ဝင်စားသူတို့အတွက် ဖော်ပြလိုက်ပါတယ်။

ရွှေလီမြစ်နားမှာရှိတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ရဲဘော်များကို သူတို့ရဲ့ လုပ်ဖော်ကိုင်ဘက်ဟောင်းတဦးက ရေးသားအကြံပြုတဲ့ အိတ်ဖွင့်ပေးစာ ဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေး-ဘယ်လမ်းလျှောက်နေပါသလဲ? သောင်ရင်းမြစ်ကမ်းပေါ်မှာရွှေလီမြစ်ကမ်းဆီသို့-
ကိုးကိုးကျွန်းပြန်တစ်ဦး

၂၀၁၂ခုနှစ် နှစ်ဦးမှာ အင်တာနက်သတင်းများ နဲ့ ပြည်တွင်းဂျာနယ်တစ်ချို့ကို ဖတ်ရှုလေ့လာမိပါတယ်။ မြန်မာ့နိုင်ငံရေး နဲ့ ဆက်စပ်ပြီး မတူခြားနားတဲ့ လမ်းစဉ် (၂) မျိုးတို့ကိုသတိထားမိပါတယ်။ အကြမ်းဖျဉ်း ပြောရရင် အဲဒီလမ်းစဉ်တွေက ဒီမိုကရေစီစနစ်ကို လိုလား ထောက်ခံကြတယ်လို့ ပြောနိုင်ပါတယ်။

(၁၀.၁၂.၁၁) နေ့မှာ ထုတ်ဝေလိုက်တဲ့ ပြည်သူ့ခေတ်ဂျာနယ်မှာ ဖေါ်ပြထားတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဝင်းတင်တို့ရဲ့ မိန့်ခွန်းများမှာ တွေ့ရပါတယ်။ သူတို့ (၂) ဦးရဲ့ နိုင်ငံရေး အမြင် သဘောထားများ ဖြစ်ပါတယ်။ (သာဓုကျောင်းတိုက်မှာ ပြောခဲ့ကြတာပါ။ )

ဒုတိယစာတမ်းကတော့ အင်တာနက်မှာဖေါ်ပြလိုက်တဲ့ တရုတ်မြန်မာနယ်စပ် ရွှေလီမြစ်ကမ်းပေါ်က လက်ဝဲခေါင်းဆောင်ကြီးရဲ့ ``နိုင်ငံရေးအစီရင်ခံစာ``ဖြစ်ပါတယ်။ အထူး ကွန်ဖရင့်မှာ တင်သွင်းလိုက်တဲ့ ကွန်မြူနစ်ပါတီရဲ့ နိုင်ငံရေး လမ်း စဉ်ဖြစ်ပါတယ်။

စာဖတ်သူများ ကိုယ်တိုင်ကိုယ်ကျ လေ့လာချိန်ဆနိုင်ရန် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဝင်းတင်တို့ရဲ့ မိန့်ခွန်းပါ ကောက်နှုတ်ချက်တွေကို ဖေါ်ပြမှာဖြစ်ပါတယ်။ ပြီးတော့မှ လက်ဝဲလက်ကျန် ခေါင်းဆောင်ကြီးရဲ့ သဘောထားတွေကို ကောက်နှုတ်ပြမှာ ဖြစ်ပါတယ်.

ဒေါ်စုက
``ကျမတို့ခေတ်မှာ အရင်ခေတ်အဆက်ဆက်က မရရှိခဲ့ဘူးတဲ့ ငြိမ်းချမ်းရေးကို ရအောင် လုပ်နိုင်ဖို့ အခွင့်အရေး ရနေပြီ ဆိုတဲ့ စိတ်တွေ ထားပြီးတော့ ဒီအခွင့် အရေးကို လက်မလွတ်တမ်း ဆုတ်ကိုင်ဖို့ အရေးကြီးပါတယ်။ အခွင့်အရေး ဆိုတာ တစ်ခါတလေ တော်တော် နဲ့ ပြန်မလာတတ်ဖူး- လာတဲ့အခါ ဆုတ်ကိုင်ဖို့ အရေးကြီးပါတယ်။ ဒီအခွင့်အရေးကို အများအတွက် အကျိုး ရှိအောင်လို့ သုံးစွဲသွားရမယ်။ အဲဒီလိုစိတ် နဲ့ ကျမတို့ အားလုံး ဆက်ပြီးတော့ သွားနိုင်လို့ ရှိရင် ကျမတို့နိုင်ငံထဲမှာ မကြာမီကာလမှာ အားလုံး လိုချင်တဲ့ငြိမ်းချမ်းတဲ့ လူ့အခွင့်အရေးကို အပြည့်အ၀ အကာအကွယ်ပေးတဲ့ လူ့အခွင့်အရေးကို အပြည့်အ၀ပေးတဲ့ ဒီမိုကရေစီ နိုင်ငံ တစ်ခု ဖြစ်လာမှာပါ။

(၁၀.၁၂.၁၁) နေ့တွင်ပြောကြားတဲ့ မိန့်ခွန်းမှဖြစ်ပါတယ်။

ဒေါ်စုကဆက်ပြီး
``လူတွေက ငြိမ်းချမ်းရေး ငြိမ်းချမ်းရေး ဆိုပြီးပြောနေကြတော့ ငြိမ်းချမ်းရေး ရဲ့ ခံစားမှုကို ဘယ်လို နားလည်ကြသလဲ? ဆိုတာ ကျမ စဉ်းစားကြည့်တယ်။ ငြိမ်းချမ်းရေး ကို လိုချင်တယ်လို့ ပြောနေကြတဲ့လူတွေ ကိုယ်တိုင်က ငြိမ်းချမ်းရေး ဆိုတာ ကို တကယ် ရိုးရိုးစင်းစင်း နဲ့ လွယ်လွယ်ကလေး ပြောရမယ် ဆိုရင် ဒီလို ပြောချင်ပါတယ်။ ငြိမ်းချမ်းရေး ဆိုတာဟာ အိပ်တဲ့အခါ ချမ်းသာရမယ်။ နိုးတဲ့အခါချမ်းသာရမယ်။ ဒါပါပဲ``အိပ်တဲ့အခါမှာ အေးအေးချမ်းချမ်း နဲ့ လုံလုံခြုံခြုံ နဲ့ အိပ်နိုင်တယ်။ နိုးတဲ့အခါမှာလဲ ဒီအတိုင်းဖြစ်ရမယ်။
(အထက်ပါ-မိန့်ခွန်း)

ဦးဝင်းတင်ကတော့
`` ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး ပန်းတိုင်ကို ချီတက်နေတဲ့လှေကြီးကို ပဲ့ကိုင်ပြီး လှော်ခတ်နေတဲ့အချိန်မှာ ပြည်သူပေါင်းများစွာ လူငယ်ကျောင်းသားပေါင်း များစွာ ပါဝင် လှော်ခတ်နေသလိုပဲ- တစ်ချို့သော ပုဂ္ဂိုလ်များစွာဟာ မိမိတို့ ဆန္ဒ အလျောက် ကြိုးပမ်းနေကြတဲ့ ပုဂ္ဂိုလ်များလဲ ရှိပါတယ်။ ဘာ နဲ့ တူသလဲ ဆိုတော့ လှေကြီးပေါ်က နေဘေးမှာ ဆင်းပြီး ရေကူးလိုက်နေတဲ့ ပုဂ္ဂိုလ်များလဲ ရှိပါတယ်။ ဒီတော့ ကျွန်တော်တို့ မေတ္တာရပ်ခံ တိုက်တွန်းချင်တာက စောစောက ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့အတိုင်းပဲ-ဒီ ငြိမ်းချမ်းရေး ခရီးအတွက် လှေကြီးကို လှော်ခတ်မြဲဖြစ်ပါတယ်။ လှေ ပေါ်မှာလဲ ပြည်သူတွေကျောင်းသား လူငယ်တွေ ရဟန်း သံဃာတော်တွေ အားလုံး ပါဝင်ပြီး လှော်ခတ်နေကြပါတယ်။ အဲဒီအ ချိန်မှာဘေးကနေပြီး မိမိတို့ရဲ့ ဆန္ဒသဘောထား ဆုံးဖြတ်ချက်အတိုင်း ရေကူးပြီး သွားနေကြတဲ့ ပုဂ္ဂိုလ်များကိုလဲလှေပေါ် တက်ပြီးတော့ တစ်စုတစ်ဝေးတည်း ငြိမ်းချမ်းရေး ပန်းတိုင်ရောက်အောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်ကနေ လှော်ခတ်သွားကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။

(အထက်ပါ အခမ်းအနားမိန့်ခွန်း)

ဒေါ်စုမိန့်ခွန်းက ငြိမ်းချမ်းရေး နဲ့ ပါတ်သက်လို့ လိုရင်းတိုရှင်း ပြောထားတာပါ။ ဦးဝင်းတင်မိန့်ခွန်းမှာ ဖေါ်ပြထားတဲ့ ဒီမိုကရေစီ အင်အားစု လှေကြီးဘေး ရေကူး ချီတက်နေသူတွေဟာ ဘယ်ပါတီ ဘယ်သူတွေကို ဆိုလိုပါသလဲ? ဖြစ်နိုင်ခြေ (၂) မျိုးရှိ ပါတယ်။ ဒေါက်တာသန်းငြိမ်း နဲ့ ဦးခင်မောင်ဆွေတို့ ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ နဲ့ ရွှေလီမြစ်ကမ်း ပေါ်က လက်ဝဲလက်ကျန် အင်အားစုတွေကို ဆိုလိုသလားမသိ။ ဖြစ်နိုင်ချက်ကို မှန်းဆကြည့်ခြင်းမျှသာ ဖြစ်ပါတယ်။

ဗကပ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းကလဲ ဆွေမျိုးပေါက်ဖေါ်ကြီးတွေရဲ့ ခွင့်ပြုချက် နဲ့ ရွှေလီ မြစ်ကမ်းပေါ်မှာ နေထိုင်ရသူဖြစ်ပါတယ်။

ရွှေလီမြစ်ကမ်းပေါ်က လက်ဝဲခေါင်းဆောင်ကြီးကလဲ (၂၅.၁၂.၁၁) နေ့မှာ နိုင်ငံရေးစာတမ်းတစ်စောင် အင်တာနက်မှာ ဖေါ်ပြတာကို ဖတ်ရှုမိပါတယ်။ ``ဗဟိုစည်းရုံးရေးကော်မတီ ဗမာပြည်ကွန်မြူနစ်ပါတီဧ။်အထူးကွန်ဖရင့်သို့ တင်သွင်းတဲ့ အစီရင်ခံစာ``လို့ ခေါင်းစဉ်တပ်ထားပါတယ်။

ဖိုးသံချောင်း ကိုစိုးချစ်တို့ဟာ (၁၉၆၉-၇၁) နှစ် ကာလတွေတုံးက ကိုးကိုးကျွန်းမှာ စာရေးသူ နဲ့ အတူတကွ လက်တွဲပြီး အစာငတ်ခံ တိုက်ပွဲတွေ ဆင်နွှဲခဲ့သူတွေဖြစ်ပါတယ်။ ၁၉၈၆ခုနှစ် နောက်ပိုင်းမှာ ကွန်မြူနစ်ပါတီရဲ့ နိုင်ငံရေး စည်းရုံးရေး လမ်းစဉ်တွေ နဲ့ ဆက်စပ် ပါတ်သက်ခြင်း မရှိတော့ပါ။ ဒါ့ကြောင့်ပါတီ နဲ့ ကင်းကွာခဲ့တယ်။ (၁) သိပ္ပံနည်းကျ ဆိုရှယ်လစ်ဝါဒရဲ့ စီးပွား ရေးနိုင်ငံရေးသီဝရီတွေခေတ်မမှီတော့ဘူးလို့ ယူဆခဲ့တယ်။ (၂) ဒုတိယအချက်က ၁၉၈၆ခုနှစ် မှာ စီစီဝမ်-တာပန်စစ်ဆင်ရေး မှာကြူကုတ်ဌာနချုပ် သိမ်းပိုက်ခံလိုက်ရပါတယ်။ ဒါ့ကြောင့် စာရေးသူဟာ ခေါင်းဆောင်ကြီးတွေရဲ့ ဥာဏ် အမြှော်အမြင်အ စွမ်းအစတွေကို ယုံကြည်မှု ကင်းမဲ့ခဲ့တယ်။ နောက်နှစ်တွေမှာ ဝေးဝေးက ရှောင်ခဲ့ပါတယ်။

ဒါပေမဲ့လဲ၂၀၀၀ခုနှစ် နိုဝင်္ဘာရောက်တော့ ရွှေလီက လက်ဝဲ၀ါဒီတွေက စာရေးသူကို ဆက်သွယ်လာခဲ့ပါတယ်။ ကျွန်း ပြန် (၂) ဦး နဲ့ အင်းစိန် နရသိမ်စခမ်းက လွတ်ခဲ့သူ (၃) ဦးတို့က ဆက်သွယ်တာ ဖြစ်ပါတယ်။ စာရေးသူဟာ မိမိ နဲ့ ရင်းနှီးသူတွေဖြစ် ခဲ့လို့ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ သူတို့ လမ်းစဉ်ကို သိချင်တာရယ် မိမိသဘောထားကို သူတို့ကို တင်ပြဖို့ဖြစ်ပါတယ်။ (၁) မဟာဗျူဟာလမ်းစဉ်ကို ချမှတ်ရာမှာ ဈေးကွက် စီးပွားရေးစနစ် ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ် ပါတီစုံစနစ်တို့ကို အခြေခံဖို့ဖြစ်ပါတယ်။ (၂) လိပ်-ကန်တို့ဟာ ကိုလိုနီ လက်သစ် ၀ါဒီများ ဗီယက်နမ် စစ်ပွဲပြီးကတဲက မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ သဘောမတူကြပါ။

ဆောင်းပါးအစပိုင်းကို ပြန်ကောက်ရရင် ရွှေလီမြစ်ကမ်းပေါ်က လက်ဝဲခေါင်းဆောင်ကြီးရဲ့ အစီရင်ခံစာပါ စာပိုဒ်တစ်ချို့ကို စာဖတ်သူများ စဉ်းစား ချိန်ဆနိုင်ရန် ကောက်နှုတ် တင်ပြလိုက်ပါတယ်။

``အခုတော့ အင်အားကြီးနိုင်ငံတွေ ပါဝါပျော့ လွန်ဆွဲနေကြတုံးပါ။ တစ်ဖက်ကလဲ ပါဝါအမာကို အပြိုင်အဆိုင်ထုတ် ပြနေကြတယ်။ အချိန်မရွေး ထိမ်းသိမ်းမရ ပေါက်ကွဲမဲ့ အန္တရာယ် ရှိပါတယ်`` (တရုတ်-အမေရိကန် ဆက်ဆံရေးကို ဆိုလိုဟန် ရှိပါတယ်။ )

``၂၀၀၈အခြေခံဥပဒေကို အတင်းအကြပ် ကျင့်သုံးဖို့ ဦးသိန်းစိန်အစိုးရက လုပ်နေရင်ဘယ်လိုမှ ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်ရေး ရနိုင်စရာ မရှိပါ။ အဲဒီလို လုပ်ရင် ဗမာပြည်အတွက် အလွန် အန္တရာယ် ကြီးပါတယ်။ ``

``ကျွန်တော်တို့ ယူဆတာက မြန်မာ့ဟန်လူထုအုံကြွမှုဘဲဖြစ်မှာပါ။ ``

``အနာဂါတ် လူမှုအုံကြွမှုကလဲမျိုးဆက်သစ်ခေါင်းဆောင်စုကို ဖေါ်ထုတ်လာပါလိမ့်မယ်။ ဘယ်တော့-ဘယ်လို-ဘယ်သူတွေ ပေါ်လာမလဲလို့ တော့ ပြောဖို့ စေါပါသေးတယ်။ သေချာပေါက် ပြောနိုင်တာက ဘယ်သူမှ ဟန့်တားလို့ မရဘူး ဆိုတာ ပါ။ ``

``ပါတီတစ်ခုလုံး ယူဂျီ (မြေအောက်) နက်နက်ရှိုင်းရှိုင်း လုပ်နေရချိန်မှာ ဘာ့ကြောင့် အထူးကွန်ဖရင့် ကျင်းပရသလဲ? ခေါင်းဆောင်မှု စဉ်ဆက်မပြတ်ရေးကို အလေးထားဖို့ဘဲ ယူဂျီဘ၀က အတော်ကြာတော့မှာပါ။ ဒါသေချာပါတယ်။

``ရှေ့ခရီးက ရှည်လျားတယ်။ ကြမ်းတမ်းမယ်။ အခက်အခဲတွေ ပြွမ်းတီးနေမယ်။ စစ်အာဏာရှင်စနစ်က သာမက လစ်ဘရယ်များကပါ ဗကပကို ၀ိုင်းဝန်းထိုးနှက်တာ ခံရနိုင်တယ်။ (အခုကိုဘဲ အတွေးအခေါ်အရ ထိုးနှက်နေပါပြီ)

``ကျွန်တော်တို့ဟာ ခေတ်ပြိုင်ပါတီတွေကို လေးစားပါတယ်။ သူတို့အနေအထားကိုလဲ ထောက်ထားပါတယ်။ သူတို့ကစပြီး မထိုးနှက်သမျှမိမိက မထိုးနှက် မဝေဘန်ပါဘူး။ ``

``လစ်ဘရယ်ပါတီတွေရဲ့ မြေပေါ် တရားဝင်ပါတီဘ၀ကိုလည်း အားမကျဘူး။ ကျွန်တော်တို့ရဲ့ တစ်ခါက ခေါင်းဆောင်ကြီးတွေဖြစ်တဲ့ သခင်စိုး ဦးသိန်းဖေမြင့်တို့လို ပါတီ ဖျက်သိမ်းရတဲ့ ဘ၀မျိုးလဲ အရောက် မခံနိုင်ပါ။ ``

အထက်မှာ ကောက်နှုတ်ဖေါ်ပြလိုက်တဲ့ နိုင်ငံရေး သဘောထားများကိုစာဖတ်သူများ ကိုယ်တိုင် ချိန်ဆကြည့်စေလို ပါတယ်။ ဘယ်သူတွေက မှန်ပြီး ဘယ်သူတွေက မှားပါသလဲ?

ရွှေလီမြစ်ကမ်းပေါ်က လက်ဝဲလက်ကျန်တွေဆိုတာ က တစ်ခေတ် တစ်ခါတုံးက စာရေးသူ နဲ့ အတူ ကိုးကိုးကျွန်း နဲ့ အင်းစိန် နရသိမ်စခမ်းတွေမှာ သေတူရှင်ဘက် လုပ်ဖေါ်ကိုင်ဖက်တွေ ဖြစ်ခဲ့ကြတယ်။ သူတို့ရဲ့ လမ်းစဉ် သဘောထားတွေကို လက်ခံနိုင်စရာ မရှိပါ။ ပြည်တွင်းမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပနေကြတယ်။ အပစ်အခပ်ရပ်စဲရေး သဘောတူညီ ချက်တွေ ရရှိနေကြတယ်။ ဒေသတစ်ချို့မှာ သေနတ်သံတွေ ရပ်စဲသွားကြပြီ။ ပြည်သူတွေက ၀မ်းသာကြ။ ကြိုဆိုနေကြပါပြီ။ ငြိမ်းချမ်းရေး ရောင်ခြည်လဲ သန်းနေပါပြီ။

လုပ်ဖေါ်ကိုင်ဖက်ရဲဘော်ဟောင်းတွေကို နိုင်ငံရေးအရအကြံပြုလိုပါတယ်။ ၁၉၆၃ခုနှစ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်ပေါ်ခဲ့တာက ၁၉၆၂ခုနှစ် ဇွန်လ ဗကပ ဗဟိုကော်မတီ စည်းဝေးပွဲ အပြီး သခင်သန်းထွန်းက ဗိုလ်ချုပ်ကြီး နေ၀င်းဆီ ငြိမ်းချမ်း ရေးဆွေးနွေးဖို့ ကမ်းလှမ်းချက်စာ ပေးပို့ခဲ့တယ်။ အဲဒီစာကို ပြန်ကြားရာမှာ ဗိုလ်ချုပ်နေ၀င်းက ဗကပပိုသာမက အခြား အဖွဲ့အစည်း ပေါင်းစုံတို့ကိုလဲ ဆွေးနွေးပွဲ ကျင်းပကြဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါ့ကြောင့်မို့ ၁၉၆၃ခုနှစ် နှစ်လယ်ပိုင်းကနေ ၁၉၆၃ခုနှစ် နိုဝင်္ဘာလ (၁၄) ရက်နေ့အထိ ဆွေးနွေးပွဲတွေ ဖြစ်ခဲ့ပါတယ်။

ဘာ့ကြောင့်ဆွေးနွေးပွဲပျက်သွားရပါသလဲ? စစ်ကောင်စီက အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစုအဖွဲ့ဝင် ပါတီတွေကို စည်းရုံးရေး မလုပ်ရ ရန်ပုံငွေ မကောက်ရ ဒေသအလိုက် သတ်မှတ်ထားတဲ့ နေရာတွေမှာ စုစည်းနေရမယ် ဆိုတဲ့ တောင်းဆို ချက်တွေကို လက်မခံနိုင်ကြလို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပျက်စီးသွားခဲ့ရတယ်။

လက်ရှိအစိုးရ နဲ့ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေ အပစ်အခတ်ရပ်စဲရေးတွေ ပေါ်လာတယ်။ နိုင်ငံရေး ပြဿနာတွေကို ဆက်လက် ဆွေးနွေးကြမယ်။ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဦးတည်တဲ့ အောင်မြင်မှု တစ်ချို့ ရရှိနေပါတယ်။

ရွှေလီမြစ်ကမ်းပေါ်က လုပ်ဖေါ်ကိုင်ဖက်တွေကို အရပ်ရပ် အခြေအနေတွေ နက်နက် ရှိုင်းရှိုင်း လေ့လာကြဖို့ တိုက်တွန်းပါတယ်။

ရဲဘော်တို့ကို ထပ်မံ အကြံပြုလိုတာက ခင်ဗျားတို့မှာ ရွေးချယ်စရာ (၂) ခု ရှိပါတယ်။

(၁) ပီကင်းမှာရှိတဲ့မြန်မာသံရုံး နဲ့ ဆက်သွယ်ပြီး နိုင်ငံရေး အရ လက်နက်ချတာ မဟုတ်တဲ့ ပြည်တွင်းမှာ ပါတီ တည်ထောင်ခွင့် ကြိုးစားစေချင်တယ်။

(၂) ကချင်လွတ်လပ်ရေးအဖွဲ့ နဲ့ နေထိုင်ခွင့်ရရှိဖို့ ဆွေးနွေးသင့်တယ်။ မန်းငြိမ်းမောင် အဖြစ်အပျက်ကို သင်ခန်းစာယူဖို့ လိုပါတယ်။

အထူး အကြံပြုလိုတာက ပါတီရဲ့ မဟာဗျူဟာ လမ်းစဉ်ကို ဈေးကွက် စီးပွားရေးစနစ် ပါတီစုံ ဒီမိုကရေစီစနစ်တို့ပေါ်မှာ အခြေခံဖို့ လိုပါတယ်။ အဲဒီမဟာဗျူဟာကို ချမှတ်နိုင်ရင် ရန်ကုန် မန္တလေးမှာ ရှိနေကြတဲ့ လက်ဝဲ၀ါဒီတွေ ဘာလုပ်ကြရမယ် ဆိုတာ သူတို့ ကောင်းကောင်း သိကြပါတယ်။

အဲဒီလိုဆိုရင် ဖိုးသံ (မန္တလေး) ကိုစိုးချစ် (မြင်းခြံ) ဆရာလေး (ဒလ) တို့လဲ မိမိတို့ရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေကို (၂) နှစ်အတွင်း ပြန်ရောက်နိုင်တယ်လို့ ယူဆပါတယ်။

ကျွန်တော်က သောင်ရင်းမြစ်ကမ်းပေါ်က မုန်တိုင်းထန်တဲ့ ကိုးကိုးကျွန်းနေ့ရက်တွေကို ဘယ်တုံးကမှ မမေ့ခဲ့တဲ့ ကလောင်တစ်ချောင်းပါ။

WPNG

၂၄.၁.၁၂

0 comments: