Sunday, October 02, 2011

စစ်ကြေညာချက်

 Sunday, October 2, 2011

အက်ဆစ်၏ အာဘော် “စစ်ကြေညာချက်”

အက်ဆစ်

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ပြောချင်ရေးချင်စိတ် ကုန်ခန်းနေတာ ကြာလှပါပြီ။ သို့ပေမယ့်လည်း ဒေါ်စုဟာ မြန်မာပြည်အရေးကို ပရောဟိတ်ဆန်ဆန် အဓိပတိလိုတမျိုး၊ သူတော်ကောင်းမကြီးလိုတဖုံ၊ ငြိမ်း ချမ်းရေးမိခင်ကြီးလိုတသွယ် မိမိကိုယ်ရေးကိုယ်တာလိုတနည်းနဲ့ အသုံးချလုပ်ကိုင်နေတာတွေကို မခံရပ်နိုင် တဲ့အဆုံး အခုလိုစာတွေ ထပ်ရေးဖြစ်ရတာပါပဲ။ အခုအချိန်မှာ စစ်အာဏာရှင်တွေနဲ့ ရွှေလမ်းငွေလမ်းဖောက် နေချိန်မှာ ထိလွယ်ရှလွယ်တဲ့ကိစ္စတွေ မပေါ်ပေါက်စေ ချင်တဲ့ ဒေါ်စုကို တာဝန်သိအောင်တော့ ပြန်လည်ပြော ချင်နေခဲ့တာပါ။ ဒါဟာလည်း ဒေါ်စုကို ချစ်လို့ မုန်းလို့မဟုတ်ဘဲ ဆင်းရဲ မွဲတေနေတဲ့ ပြည်သူတွေ၊ လွတ်မြောက် ရေးကို မျှော်လင့်နေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေ၊ မဆုတ်မနစ် ချီတက်နေကြတဲ့ တိုက်ပွဲ ၀င်နေကြတဲ့ ပြည် တွင်းပြည်ပက မြန်မာပြည်လွတ်မြောက်ရေး လုပ်ဆောင်နေသူတွေနဲ့အတူ ရပ်ခံနေချင်တဲ့ အက်ဆစ်ရဲ့ စိတ် ဆန္ဒတွေကြောင့်ပါပဲ။

ဆက်လက်ဖတ်ရှုရန်....
ဒေါ်စုရဲ့လုပ်ရပ်တွေဟာ တရားလွန်နေပြီလို့ ဆိုရပါလိမ့်မယ်။ သူ့ရဲ့ ၂၃ နှစ်တာ မြန်မာ့နိုင်ငံရေးလုပ်ခဲ့တဲ့ကာ လအတွင်း ပြည်သူတွေရဲ့သွေးတွေ၊ ချွေးတွေ၊ ဒုက္ခတွေ၊ သောကတွေကနေ ရလာတဲ့ ကျော်ကြားမှုတွေကို ခု တုံးလုပ်ပြီး ဒီကနေ့မှာ ပြည်သူကို သစ္စာဖောက်နေပြီလို့ပဲ ခပ်ရှင်းရှင်းဆိုလိုက်ချင်ပါတော့တယ်။ ဒေါ်စုကို တာ ၀န်သိအောင်လို့ ပြောလိုက်တော့ အက်ဆစ်ဆိုတဲ့ မင်းကကော ဘယ်လောက် တာဝန်တွေယူပြီးလို့လဲလို့ ဆို နိုင်ပါတယ်။

“အခုဆိုရင် ဒေါ်စုဟာ နောက်ဆုံးဇရာပိုင်းကို ရောက်လာခဲ့ပြီ။ တိုင်းပြည်မှာ အုပ်ချုပ်မယ်ဆိုရင် အစိုးရ ၆ ဆက်လောက် ပြီးသွားတော့ မယ့်အချိန်မှာ သူကတော့ စစ်အာဏာရှင်ဆီမှာ လက်ဝါးဖြန့်တောင်းနေ တုန်းပါပဲ။ လူထု တိုက်ပွဲကိုလည်း မယုံကြည်၊ လက်နက်ကိုင် တိုက်ပွဲကိုလည်း အား မပေးနဲ့ မြန်မာ့နိုင်ငံရေးကို ဘေးတိုက် လိုက်ပါနေတာပဲ တွေ့နေရပါတယ်။”

သေချာတာက အက်ဆစ်ဟာ ပြည်သူကပေးထားတဲ့ လုပ်ပိုင်ခွင့်အာဏာတွေ ရထား သူမဟုတ်ပါဘူး။ ပြည်သူ ပေးတဲ့တာဝန်တွေ ကျေစေရပါမယ်ဆိုတဲ့ ကတိ စကားတွေ ပေးထားသူ မဟုတ်ပါဘူး။ ပြည်သူကို အဓိပတိကြီး လိုလုပ်ပြီး အပေါ်စီး ကနေ မောက်မောက်မာမာ မချေမငံ မစော်ကားခဲ့၊ မသရော်ခဲ့တာလည်း အမှန်ပါ။ အထူး သဖြင့် လူထုခေါင်းဆောင်ဆိုတဲ့ တာဝန်ကို မယူထားဘူးဆိုပါတော့။ ဒီတော့ လူထုခေါင်းဆောင် တာဝန်ကို ယူထားသူကတော့ အက်ဆစ်ထက် ပိုပြီး တာဝန်ရှိ လိမ့်မယ်ဆိုတာ ရှင်းနေ ပါတယ်။ ငြင်းချင်သူ ရှိလည်း ငြင်း နိုင်ပါတယ်။ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိပါတယ်။ အဲသလို သဘောထား ကွဲလွဲခွင့် ရှိတဲ့အလျောက် လည်း သာမန်လူဖြစ်တဲ့ အက်ဆစ်က မိမိဆန္ဒကို အခုလို လွတ်လပ်စွာ ထုတ်ဖော် လိုက်တာပါပဲ။ ဒီတော့ စာ ရေးသူရဲ့ သဘောထားအမြင်တွေကို စာဖတ်သူတွေကသာ ဆုံးဖြတ်ပါလိမ့်မယ်။ သို့ပေမယ့် ဒေါ်အောင်ဆန်း စုကြည်ဆိုတဲ့ လူထုခေါင်းဆောင် ဂုဏ်ပုဒ်ကို ရယူထားသူကတော့ လူထုနဲ့ကင်းကွာတဲ့ ခေါင်းဆောင်ဖြစ်လို့မ ရတာ သေချာပါတယ်။


မြန်မာပြည်သူတွေဟာ ဖိနှိပ်ရက်စက်မှုအလွန့်အလွန်ကြီးမားတဲ့ အာဏာရှင်လက်အောက်မှာ မ၀ရေစာ စားပြီး လူဖြစ်နေရ သူတွေပါ။ မြန်မာပြည်သူတွေက တပါတီအာဏာရှင်ကို မကြိုက်လို့ ၁၉၈၈ ခုနှစ်မှာ လူထုအုံကြွမှု လုပ်ခဲ့ပြီး အာဏာရှင်ကို ဖြုတ်ချခဲ့တယ်။ အဲဒီ လူထုရဲ့အာဏာရှင်ဆန်ကျင်ရေးလှိုင်းလုံးကြီးကို အခန့်သင့်စီး လာပြီးမှ လူထုထက် ပိုသိ တယ်ဆိုတဲ့သူတွေ၊ လူထုဆန္ဒကို မျက်ကွယ်ပြုသူတွေ၊ လူထုကို ဘာမှ ဦးဆောင်မှု မပေးနိုင်သူတွေဟာ လူထုရဲ့ဒဏ်ခတ်ခြင်းကို မလွဲမသွေခံရမှာကတော့ အသေအချာပါပဲ။ ဒီထဲမှာ ဒေါ်အောင် ဆန်းစုကြည် မပါစေချင်ပါဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ်မှာ ခရီးသွားလမ်းကြုံရင်း ပါလာခဲ့တဲ့ လူထုခေါင်းဆောင်တယောက်ဆိုရင် မှားမယ်မထင်ပါ။ အနစ်နာ ခံခဲ့ရတာတွေ ရှိခဲ့သလို အရင်က ပြောရဲဆိုရဲတွေရှိခဲ့လေတော့ ဗိုလ်ချုပ်သမီး ဆိုတဲ့အသိနဲ့ လူထုက ချစ်ခင်လေးစားခဲ့တာပါ။ အနစ်နာခံရတယ် ဆိုပေမယ့် တခြား နိုင်ငံရေး အကျဉ်းသားတွေထက်တော့ သူက ကောင်းမွန်စွာ နေထိုင်ခဲ့ရသူပါ။


တကယ်တမ်း မြန်မာပြည်သူလူထု လိုချင်တာက သူတို့ရဲ့အနာဂတ်ကို ကောင်းမွန်အောင် လုပ်ဆောင်ပေး မယ့်ခေါင်းဆောင် (တိုင်းပြည်အုပ်ချုပ်သူ) တွေကို လိုချင်ခဲ့တာပါ။ ၂၃ နှစ်ကာလကို ပြန်သုံး သပ်ကြည့်ရင် ဒေါ်စုမှာ အဲဒီအရည်အချင်းတွေ ပါလာခဲ့ပုံမရပါဘူး။


ဘာကြောင့်လဲဆိုတော့ သူ့မှာ သူ့ရဲ့လုပ်ရပ်တွေကို ဆုံးခန်းတိုင်အောင်လုပ်ဆောင်နိုင်တဲ့ အရည်အချင်းတွေ မရှိခဲ့ဘူး။ လုပ်နိုင်စွမ်းအားနည်းတာမဟုတ်ဘူးနော်။ လုပ်ကို လုပ်နိုင်စွမ်း မရှိသူဆိုတာ ဒီကနေ့ကာလမှာ သက် သေပြနေပါပြီလေ။ သူ့အနေနဲ့ မြန်မာလူထုနဲ့ နိုင်ငံတကာက ထောက်ခံတဲ့ အားတွေ နည်းနည်းနောနော ရခဲ့ တာမဟုတ်ပါဘူး။ နိုဘယ်ဆုအပါအ၀င် သူရရှိခဲ့တဲ့ ဆုပေါင်းများစွာဟာ သူတော်ခဲ့လို့၊ သူတတ်ခဲ့လို့၊ သူအနစ် နာခံခဲ့လို့ ဆိုတာထက် ဖိနှိပ်မှု ရက်စက်မှု ယန္တရားကြီးအောက်မှာ စတေးခံနေရတဲ့ မြန်မာလူထုတွေရဲ့ သရုပ် သကန်တွေကြောင့်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ အသက်တွေ၊ သွေးတွေ၊ ချွေးတွေ၊ သောကတွေ၊ ပူပန်မှုတွေနဲ့ သွန်းထုလုပ်ထားတဲ့ ရွှေစင်ရုပ်တွေက သူ့ရင်ဝအနီးမှာ ရောက်ရှိလာကြတာပါ။


ဒေါ်စုရဲ့ နိုင်ငံရေးရပ်တည်ချက်တွေဟာ အချိန်ကာလအလိုက် တခုချင်း ပြောင်းလဲနေပြီး တခုခုကို စောက်ချ လုပ်ကိုင်ခြင်းမျိုးမရှိတာကိုလည်း တွေ့ရပါတယ်။ သူဟာ လူထုကို နိုင်ငံရေးပရောဟိတ်ကြီးလို တရားပြ ဟော ကြားပြီး ဇွဲရှိဖို့၊ အနစ်နာခံဖို့၊ ညီညွတ်ဖို့ ဆိုခဲ့ပေမယ့်လည်း သူပြောထားတာတွေနဲ့ ညီအောင် သူမလုပ်နိုင်ခဲ့ပါ ဘူး။ သူ့ရဲ့တလျှောက်လုံးလုပ်ခဲ့တဲ့ နိုင်ငံရေး ကိစ္စရပ်တွေမှာ သူဟာ ဘာကိုမှ အဆုံးသတ်လုပ်ဆောင်နိုင်တာ မျိုး မရှိခဲ့တဲ့အတွက် ဘာအောင်မြင်မှုကိုမှ မရခဲ့ပါဘူး။ အခုဆိုရင် ဒေါ်စုဟာ နောက်ဆုံးဇရာပိုင်းကို ရောက် လာခဲ့ပြီ။ တိုင်းပြည်မှာ အုပ်ချုပ်မယ်ဆိုရင် အစိုးရ ၆ ဆက်လောက် ပြီးသွားတော့မယ့်အချိန်မှာ သူကတော့ စစ်အာဏာရှင်ဆီမှာ လက်ဝါးဖြန့်တောင်းနေတုန်းပါပဲ။ လူထုတိုက်ပွဲကိုလည်း မယုံကြည် လက်နက်ကိုင်တိုက် ပွဲကိုလည်း အားမပေးနဲ့ မြန်မာ့နိုင်ငံရေးကို ဘေးတိုက်လိုက်ပါနေတာပဲ တွေ့နေရပါတယ်။
“ယုံကြည်မှုတည်ဆောက်တယ်ဆိုတာ အချိန်ကာလသတ်မှတ်ချက် ရှိရမယ်။ အာဏာရှင် မယုံကြည်မချင်း တည်ဆောက်နေတဲ့ တွေ့ဆုံမှုတွေဟာ မြန်မာလူထုကို နေ့စဉ် ချောက်ကမ်းပါး စွန်းရောက်အောင် လုပ်နေသလို၊ အာဏာရှင်သက်ဆိုးရှည်ဖို့ အချိန်ကာလဆွဲဆန့်ပေးနေသလို ဖြစ်နေပါတယ်။”

၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ ပြည်သူက သူမပါတီလက်ထဲ အာဏာကုန်လွှဲအပ်ခဲ့တယ်။ ဒါလည်း တာဝန်မ ကျေခဲ့ပါဘူး။ ဒေါ်စုဟာ ပြည်သူလွှတ်တော်ကြီးပေါ်ပေါက်ဖို့ ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မတီဖွဲ့တယ်။ ဒါကိုလည်း ပြီးဆုံးအောင် မလုပ်နိုင်ခဲ့ပါဘူး။ ရွှေဂုံတိုင် အပါအ၀င် ကြေညာချက်ပေါင်းများစွာကို ထုတ်တယ်၊ တနေ့ကို သဘောထားတမျိုးစီ ထွက်နေလို့ ပြည်သူတွေနဲ့ နိုင်ငံတကာလည်း မျက်စိလည်ခဲ့ရပါပြီ။


၂၀၀၈ ခုနှစ် ဖွဲစည်းပုံနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနဲ့ဆိုလို့ မဲမပေးဘဲ မဲမသမာမှု ဖော်ထုတ်ကြသူတွေ လည်း ထောင်နန်းကို စံနေကြရပါပြီ။ သူကတော့ သူပြောဖူးတာကို အမှတ်ရပုံမပေါ်ပါဘူး။ အကျယ်ချုပ်က ထွက်လာခါစက ပင်လုံတဲ့၊ အခုတော့ တိုင်းရင်းသားတွေလည်း ဘယ်ဗမာကိုမှမယုံရဲတော့တဲ့ ပင်လုံဆိုတဲ့ အ ခြေအနေကို ဆိုက်ရောက်သွားခဲ့ရလေပြီ။ သွေးလှူ၊ ရေဝေ၊ ရေတွင်းတူး၊ အိတ်ခ်ျအိုင်ဗွီ၊ ပညာရေး၊ လူမှုရေး၊ ဧရာဝတီအရေး၊ ငြိမ်းချမ်းရေး ...
စသဖြင့် ရောက်တတ်ရာရာ ပြောဆိုနေလေတော့ နောက်က ထောက်ခံအား ပေးနေတဲ့ အင်အားတွေက ဘာလုပ်လို့ ဘာကိုင်ရမှန်း မသဲကွဲတော့ဘဲ အာဏာရှင် ဆန့်ကျင်ရေးတွေ လုပ်တဲ့ လုပ်ငန်းတွေဟာ မှေးမှိန်လာခဲ့ရပါတယ်။ နောက်တနေ့မှာ ဘာခေါင်းစဉ်ပြောင်း မလဲဆိုပြီး ရင်တမမနဲ့ စောင့် နေကြသူတွေလည်း ရှိနေကြပါတယ်။


မနေ့တနေ့က ရှိသမျှ အင်အားလေးတွေကို စုစည်းပြီး မြန်မာ့နိုင်ငံရေးကို ကမ္ဘာက သိအောင် ဖော်ထုတ်ခဲ့ကြ တဲ့ အန်အယ်ဒီက တက်ကြွသူတွေ၊ ၈၈ မျိုးဆက် ၂၀၀၇ မျိုးဆက်တွေ၊ နိုင်ငံရေး အကျဉ်းသား မိသားစုတွေအ နေနဲ့ ဘုရားမှာ ဆုတောင်းတာကို စေတနာကောင်းနဲ့ အားလုံးကောင်းဖို့ လုပ်တာ ကောင်းပါတယ်ဆိုပြီး ပေါ့ ပျက်ပျက်ပြောခဲ့တာကြောင့် လူထု တိုက်ပွဲကို ပျယ်ရယ်ပြု တာလားဆိုပြီး ခေါင်းဆောင်တယောက်အဖြစ် သတ် မှတ်လို့တောင် မရတော့တဲ့ အခြေအနေပါ။

ဒါဟာ လူထုတိုက်ပွဲ အစပါ။ ဒါတွေ ဘာကြောင့်ဖြစ်ရသလဲ ဆိုတာတော့ တွေးခေါ်စဉ်းစားတတ်ဖို့ လိုအပ်ပါ တယ်။ ဒါဟာ ဒေါ်စုနဲ့ အာဏာရှင်တိုရဲ့ ဖက်လှဲတကင်း အကျိုးစီးပွားတွေကို အနှောက်ယှက်ပေးမယ့် အရာ တွေ မဟုတ်ပါဘူး။ စိုးရိမ်မကင်းဖြစ်ရတယ်ဆိုတာတော့ မသုံးစေချင်လှဘူး။ ကိုယ့်အလုပ် ကိုယ်လုပ် ကိုယ့် သမိုင်း ကိုယ်ရေးကြတာ ကောင်းပါတယ်။


သူတို့တတွေ ဘုရားတွေမှာ ဆုတောင်းမေတ္တာပို့နေတာတွေဟာ ကောင်းတဲ့အလုပ်၊ ဘာသာရေးအလုပ်ကို လုပ်နေတာထက် ရည်မှန်းချက် အများကြီးပိုတယ်ဆိုတာကို မြင်အောင်ကြည့်တတ်ဖို့ လိုပါတယ်။ ဒါကြောင့် လည်း ထောင်မကြောက်တန်းမကြောက် လှုပ်ရှား ဆောင်ရွက်ခဲ့ကြတာပါ။ သူတို့ဟာ သူတို့နိုင်ငံမှာ ဖြစ်ခဲ့တဲ့ လှုပ်ရှားမှုတွေ၊ အရေးတော်ပုံတွေကို မမေ့လျော့ဘူးဆိုတာ ပြသဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့အ တွက် နိုင်ငံရေးအရ တောင်းဆိုတိုက်ပွဲဝင်နေသူတွေပါ။ သူတိုရဲ့နောက်မှာ မမြင်နိုင်စွမ်းတဲ့ လူထုထောက်ခံမှု အားတွေ ရှိနေပါတယ်။ သူတို့တွေဟာ လူထုခေါင်းဆောင်အမည်ခံထားတဲ့ ဒေါ်စုထက် သူတို့တာဝန်ကိုသူတို့ ပိုသိကြသူတွေပါ။ ဘယ်သူမှ ပေးအပ်မထားတဲ့ တာဝန်တွေကို တာဝန်သိသိ သူတို့ ထမ်းဆောင်နေကြတာပါ။


ခေါင်းဆောင်ဆိုတာ ပြတ်သားတဲ့စကားကို ဆိုရမှာဖြစ်ပြီး ပြောတဲ့အတိုင်းလည်း လုပ်ဖို့လိုအပ်ပါတယ်။ ဟိုတ မျိုး ဒီတမျိုး ပြောနေတာမျိုး မဖြစ်သင့်ပါ။ ချမှတ်ထားတဲ့ လမ်းစဉ်တွေအပေါ်မှာလည်း ခိုင်ခိုင် မာမာ လျှောက်ဖို့ လိုပါတယ်။ ဒေါ်စုနဲ့ အန်အယ်ဒီခေါင်းဆောင်ကြီးတွေဟာ ၂၃ နှစ်တာ ကာလ တလျှောက်လုံးမှာ ပြည်သူအ တွက် ဘာမှဆောင်ကြဉ်း မပေးနိုင်ဘဲ အခုထိ ပါတီ တရားဝင် မှတ်ပုံတင်နိုင်ရေး တောင်းဆိုနေတာတွေဟာ လူ ထုလိုအပ်ချက်နဲ့ ဆန့်ကျင်နေ တာကို တွေ့ရပါတယ်။ နိုင်ငံရေး တက်ကြွလွန်းလို့ ထုတ်ပယ်ထားတဲ့ ပါတီတွင်း က တက်ကြွ လှုပ်ရှား သူတွေကိုတော့ ခေါ်ယူ စကားပြောဖို့အတွက် အချိန်မပေးနိုင်ဘဲ စစ်အာဏာရှင်တွေနဲ့ ပေါင်းဖက် လုပ်ကိုင် စားသောက်နေတဲ့၊ လူထုလယ်ယာတွေသိမ်းတဲ့ အခွင့်ရေးသမား မက်စ်မြန်မာ ဇော်ဇော် တို့လို လူတွေနဲ့ အရောတ၀င်နေချင်နေတာကတော့ အတော်လေးကို အကျည်းတန် အရုပ် ဆိုးလွန်း ပါတယ်။ ဒေါ်စုဟာ ဒီအတွေးအခေါ်တွေလောက်နဲ့ နိုင်ငံရေး သမားမလုပ် သင့်ပါဘူး။

နေ့စဉ် လူထုအသံတွေက ဘာပြောနေလဲ၊ ဘာတွေခံစားနေရလဲ၊ ဘာတွေဖြစ်ချင်နေလဲဆိုတာကို နားထောင် ကြည့်ပါ ဒေါ်အောင်ဆန်းစုကြည်။ လူထုလိုလားတာ တိုင်းပြည် စစ်အာဏာရှင် လက်အောက်က လွတ်မြောက် ဖို့၊ လူအခွင့်အရေး အပြည့်အ၀ရရှိဖို့၊ လူနေမှု အဆင့်အတန်းတွေ မြင့်မားဖို့ပါ။ အာဏာရှင်နဲ့ပေါင်းပြီး ရွှေလမ်း ငွေလမ်းဖောက်၊ အတူယှဉ်တွဲ ပေါင်းဖက်ဖို့၊ အာဏာခွဲဝေယူဖို့၊ အလုပ်တွဲလုပ်ဖို့ မဟုတ်ပါဘူး။ မိတ်ဆွေတဦး က ပြောဖူးတယ်။ ဗုဒ္ဓနဲ့ မာရ်နတ် တူတာ တွဲလုပ်တာ၊ မတူတာ ခွဲလုပ်တာ မရှိခဲ့ဘူးတဲ့။

“ပုဂ္ဂိုလ်ရေးကို ဘာမှမပြောချင်ပေမယ့် အာဏာရှင်နဲ့ ပေါင်းဖက်စီးပွားလုပ်နေသူတွေကို ကမ္ဘာကတောင် ကိုယ့်အကျိုးစီးပွားမပါဘဲ ဆန့်ကျင်အရေးယူနေချိန်မှာ ဒေါ်စုရဲ့လုပ်ရပ်ကြောင့် နိုင်ငံရေးတက်ကြွသူတွေရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းမှုတွေ ဖြစ်ခဲ့ရပါလားဆိုတာ ပြန်လည်ဆန်းစစ်သင့်ပါတယ်။”


တိုင်းပြည်အခြေအနေက သေရေးရှင်ရေးအနေအထားနဲ့ ပြည်တွင်းစစ်တွေဖြစ်၊ နိုင်ငံရေးတက်ကြွသူတွေက အဖမ်းခံပြီး ဆန္ဒတွေထုတ်ဖော်၊ နိုင်ငံရေးအကျဉ်းသားတွေက ပိုပြီးညှင်းပန်းနှိပ်စက်ခံနေရချိန်မှာ ဘောလုံးပွဲ ကို အေးအေးဆေးဆေး သွားကြည့်နိုင်တဲ့ ဒေါ်စုဟာ နိုင်ငံရေး သမားတယောက်ရဲ့ လုပ်သင့်တဲ့အလုပ်၊ မလုပ် သင့်တဲ့အလုပ် ဆိုတာကိုတောင် ခွဲခြားသိနိုင်သူ မဟုတ်တန်ရာဘူး။ ပုဂ္ဂိုလ်ရေးကို ဘာမှ မပြောချင်ပေမယ့် အာဏာရှင်နဲ့ ပေါင်းဖက်စီးပွား လုပ်နေသူတွေကို ကမ္ဘာကတောင် ကိုယ့်အကျိုး စီးပွားမပါဘဲ ဆန့်ကျင်အရေး ယူနေချိန်မှာ ဒေါ်စုရဲ့လုပ်ရပ်ကြောင့် နိုင်ငံရေးတက်ကြွသူတွေရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းမှုတွေ ဖြစ်ခဲ့ရပါလားဆို တာ ပြန်လည်ဆန်းစစ်သင့်ပါတယ်။


အန်အယ်လ်ဒီပါတီကြီးမှာလည်း တကိုယ်တော်ခေါင်းဆောင်အဖြစ် ဒေါ်စုဟာ မသိမတတ်တာ မရှိဘူးဆိုပြီး လုပ်ချင်ရာလုပ်နေတာကို ပါတီဝင်တွေ၊ ပါတီခေါင်းဆောင်တွေ နှုတ်ပိတ်နေပေမယ့် မြန်မာပြည်သူလူထုကို ဂ ရုမစိုက် အလေးမထားဘဲ လူထုကို စော်ကားဖို့အထိတော့ မလုပ်သင့်ဘူးလို့ ယူဆပါတယ်။ ဒေါ်စုဟာ သာမန် မိန်းမတယောက် မဟုတ်ပါဘူး။ နိုင်ငံရေးသမား၊ ပါတီခေါင်ဆောင်၊ လူထုခေါင်းဆောင်ဆိုတဲ့ ၀ိသေသတွေ တပ်ထားခြင်းခံထားရသူပါ။


မြန်မာပြည်နိုင်ငံရေးဟာ ငြိမ်ငြိမ်နေကြပါ၊ ကျမ အာမခံပါတယ်၊ အပြောင်း အလဲတွေ မြင်နေ ရပါတယ်လို့ ပြော နေ၊ အာမခံနေလို့ ရတဲ့အရာမဟုတ်ဘူးဆိုတာ သိစေ ချင်လှတယ်။ မြန်မာ့နိုင်ငံရေးဟာ ဒေါ်စုရဲ့ ကိုယ်ရေး ကိုယ်တာ ကိစ္စမဟုတ် ဘူးလေ။ တတိုင်းပြည်လုံး ကိစ္စဖြစ်တယ်။ တိုးတိုးတိတ်တိတ် လုပ်ရမယ့် ကိစ္စမဟုတ်ဘူး။ တိုင်ပင်ရမယ်၊ အသိပေးရမယ်၊ အများဆုံးဖြတ်ချက်ကို အသိမှတ်ပြု ရမယ်။ ဒါမှသာ ဒီမို ကရေစီ စနစ်ကို ဖော် ဆောင်နိုင်မှာဖြစ်တယ်။


အာဏာရှင်ဆီက ဘယ်လိုသဘောတူညီချက် ရတယ်၊ ဘယ်လိုအချက်အလက်ကတော့ လက်ခံလို့ရတယ် ဘယ်လိုအချက်အလက်ကတော့ လက်ခံလို့မရဘူး၊ ညှိနှိုင်းနေတယ်ဆိုတာ သိကိုသိရမယ်။ လူသိရှင်ကြား ထုတ်ဖော်ရမယ်။ ကမ္ဘာ့ဖြစ်ရပ်တွေမှာ နှစ်ကိုယ်ကြား တိုးတိုးတိတ်တိတ် ဆွေးနွေးခဲ့တာ မရှိခဲ့လေဘူး။ ရှိခဲ့ တယ်ဆိုရင်လည်း အချိန်ကာလတခုမှာ ထုတ်ပြောမယ်ဆိုတဲ့ သတ်မှတ်ချက်တွေနဲ့ ဘယ်အတိုင်းအတာထိ ကိုယ့်ဘက်က တောင်းဆိုမှုတွေရပြီ ဆိုတာတော့ အသိပေးရမှာပဲ။ အခုတော့ ကုလမသဂ္ဂကတောင် မမြင်ရ သေးတဲ့တိုးတက်မှုတွေ ဒေါ်စုက မြင်တွေ့နေရပြီဆိုတာကတော့ လက်ဝါးချင်း ပေါင်းရိုက် နေသလား လို့တောင် စဉ်းစားရမလို ဖြစ်နေပါပြီ။


အရင်တုန်းကလည်း ဗိုလ်ချုပ်ခင်ညွန့်နဲ့ ယုံကြည်မူတွေတည်ဆောက်တယ်ဆိုပြီး တိုးတိုးတိတ်တိတ် လုပ်ခဲ့ကြ တယ်။ လမ်းတံတားစီမံကိန်းတွေ သွားကြည့်၊ တပ်မတော်သားတွေကို အားပေးနဲ့ တိုင်းရင်းသား လက်နက် ကိုင်တွေနဲ့ ကျောင်သားတပ်ဖွဲ့တွေကို စော်ကားတဲ့ အပြုအမူတွေကို လုပ်ခဲ့ဖူးပါတယ်။ ဒေါ်စုကို နိုင်ငံရေးအရ တကယ်ထောက်ခံအားပေးနေတာ ကျောင်းသားတွေ၊ တိုင်းရင်းသားတွေပါ။ ဆက်ဆံရေးဝန်ကြီး ဦးအောင် ကြည်နဲ့ ယုံကြည်မှုတွေ တည်ဆောက်နေတာလည်း အချိန်ကာလ မနည်းလေတော့ဘူး။ ယုံကြည်မှုတည် ဆောက်တယ်ဆိုတာ အချိန်ကာလသတ်မှတ်ချက်ရှိရမယ်။ အာဏာရှင် မယုံကြည်မချင်း တည်ဆောက်နေတဲ့ တွေ့ဆုံမှုတွေဟာ မြန်မာလူထုကို နေ့စဉ် ချောက်ကမ်းပါးစွန်းရောက်အောင် လုပ်နေသလို၊ အာဏာရှင်သက် ဆိုးရှည်ဖို့ အချိန်ကာလဆွဲဆန့်ပေးနေသလို ဖြစ်နေပါတယ်။ တိုင်းပြည်အတွက် အကျိုး ရှိမယ်ဆိုရင် အသုံးချ တောင်ခံဦးမယ်ဆိုပဲ။ ဒေါ်စုကို ခေါင်းဆောင် လုပ်ခိုင်းနေတာပါ။ အသုံးချ ခံဖို့အတွက် ခေါင်းဆောင်တင်ခဲ့ကြ တာမဟုတ်ပါဘူး။


ဒါပေမယ့် တိုင်းပြည်လွတ်မြောက်ရေး လိုချင်ရင် ကိုယ့်ဖာသာကြိုးစားရမယ်ဆိုတဲ့ တာဝန်မဲ့ ပုတ်ထုတ်စကား တွေကိုသာ ဟောကြားတတ်လေတော့ စိတ်ပျက်မိပါတယ်။ ဟောပြောတဲ့ စကားတွေမှာလည်း ရှေ့နောက်မ ညီလေတော့ ဆင်ခြင်တုံတရားနည်းစွာ ပြောနေတာလို့ပဲ ယူဆ လာမိပါတယ်။ တကမ္ဘာလုံးမှာ အာဏာရှင်တွေ ကို လူထုက တော်လှန်နေချိန်မှာ မြန်မာပြည်က ဘယ်ဟာနဲ့တော့ နှိုင်းလို့မရဘူး၊ ဘယ်ဟာနဲ့တော့ မတူလေ ဘူးဆိုတာမျိုးတွေ ပြောနေတာဟာ ကိုယ့်ဖာသာ အသုံးမကျမှုတွေကို ဖာထေးနေသလို ဖြစ်နေ ပါတယ်။ နိုင်ငံ တကာက တော်လှန်ရေးတွေနဲ့ တူခြင်းမတူခြင်းဆိုတာထက် လူထုလှုပ်ရှားမူကို လက်မခံဘူးဆိုတာတွေကို တွေ့လာရတော့ လူထုခေါင်းဆောင်က မြန်မာပြည်အပြောင်းအလဲကို မဲသမာမှုတွေနဲ့ ရယူထားတဲ့ ကြံ့ဖွတ် တွေနဲ့ပေါင်း လွှတ်တော်တက်ပြီး ပေါင်းလုပ်ရင် ရတယ်ဆိုတဲ့ အတွေး အခေါ်တွေနဲ့များ လုပ်နေပါပေါ့လားလို့ စိတ်မသက်သာ ဖြစ်ရတယ်။


အန်အယ်လ်ဒီပါတီကို ခေါင်းဆောင်ထားတဲ့ ဒေါ်စုဟာ ၉၀ ရွေကောက်ပွဲရလဒ်ကိုလည်း အသေအချာ မဆုပ် ကိုင်ခဲ့သလို ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တယ်၊ ဖွဲ့စည်းပုံကို ပြင်ပါလို့ဆိုပြီးမှ ခုတော့ ပါတီကို တရားဝင် မှတ်ပုံတင်နိုင်ခွင့်ရရေး ကြိုးစားနေတာကတော့ ရှက်တတ်ရင် လဲသေလိုက်ဖို့သာ ကောင်းနေပါပြီ။ ဒါမှမဟုတ် ရင် အပြစ်ကင်းချင်တဲ့ သူတော်ကောင်းမကြီးလုပ်ပြီး ဘုရား ရိပ်တရား ရိပ်မှာ အေးဆေးစွာနေပါတော့။ ဘုရား အလုပ်၊ တရားအလုပ် လုပ်နေတဲ့ သံဃာတွေတောင် အသတ်ခံ အဖမ်းခံပြီး လူထုကျွေးတဲ့ ဆွမ်းတနပ်အ တွက် တာဝန်ကျေနေကြချိန်မှာ ကိုယ့်တာဝန်ကိုယ်မသိတဲ့ လူထုခေါင်းဆောင် အမည်ခံထားတဲ့ ဒေါ်အောင် ဆန်းစုကြည်ရေ ... နိုဘယ်ဆုကို ပေးခဲ့တယ်ဆိုတာ အကြမ်း မဖက်တဲ့ နည်းလမ်းတွေနဲ့ ရှေ့ဆုံးကနေ မားမား မတ်မတ် တိုက်ပွဲ ၀င်ဖို့အတွက် ပေးခဲ့တယ် ဆိုတာလောက်တော့ သိသင့်ပါတယ်။

လူထုအုံကြွမှု ဖြစ်မှာလည်းကြောက်၊ လူထု လမ်းပေါ်ထွက်မှာလည်းစိုးရိမ်၊ အာဏာရှင်ကို လက်နက်ကိုင်တိုက် မှာလည်း မလိုလား၊ အာဏာရှင်ကို ဒူးထောက်အညံ့ခံပြီး အသုံးချခံဖို့ကိုပဲ စဉ်းစားခဲ့ရင် လွန်ခဲ့တဲ့ ၂၃ နှစ်က တည်းက အာဏာရှင်ထံ အညံ့ခံပြီး အပေးအယူလုပ်ခဲ့သင့်ပါတယ်။ အခုတော့ ကုန်လွန်ခဲ့တဲ့ အချိန်တွေအ တွင်းမှာ လူထုဘ၀တွေ အဆိုးဆုံး အခြေအနေ ရောက်နေ တာတွေကို မြင်အောင်ကြည့်ပါ။ မမြင်နိုင်ရင် မလုပ် နိုင်ကြောင်း ၀န်ခံ လိုက်ပါ။ မြန်မာ့ နိုင်ငံရေးထဲမှာ မပါဝင် မပတ်သက်ပါနဲ့တော့။ သတ္တိရှိရှိနဲ့ လုပ်နိုင်တဲ့သူတွေ ကို အားပေးပါ။ တက်ကြွ လှုပ်ရှားသူတွေရဲ့ နိုင်ငံရေးကို သေးသိမ်အောင် မလုပ်မိပါစေနဲ့။ လူထုအုံကြွမှုကို ဘယ်သူကမှ လုပ်ကြံဖန်တီးလို့ မရသလို တားဆီးလို့လည်း ရမှာမဟုတ်ပါဘူး။ ။


(၄ နှစ်မြောက် ရွှေဝါရောင်နှစ်ပတ်လည်နေ့က လှုပ်ရှား တက်ကြွခဲ့ကြ သူတွေကို ဦးညွတ်ဂုဏ်ပြု လေးစားမှုနဲ့ ရေးသားပါ သည်။)

အက်ဆစ်

0 comments: