Friday, January 20, 2012

An Ethnic War Is Rekindled In Myanmar (Kachin)

|0 comments
 (Friday, January 20, 2012
W.P Moses




Ethnic War Intensifies in Myanmar, Jeopardizing U.S. Ties

|0 comments

Thursday, January 19, 2012

ကြောက်စရာမလိုဘဲ လွတ်လွတ်လပ်လပ် လုပ်ကိုင်စားသောက် နေထိုင် ချင်ပါတယ်..

|0 comments
 Thursday, January 19, 2012
W.P Moses
လွတ်လွတ်လပ်လပ် ငြိမ်းငြိမ်း ချမ်းချမ်း နေထိုင် 
လုပ်ကိုင် စားသောက်ချင်တဲ့ ကချင် အဘွားအို...

 ဒီ ကချင် အဘွားအိုကြီးကို ကချင်နယ်မြေကို ဘယ်လိုမျိုး နှစ်သက်သလဲ... လို့ မေးကြည့်တဲ့ အခါမှာ.. ဒီ ကချင် အဘွားအိုရဲ့ အဖြေဟာ... “တထွာဝမ်းအတွက် ကောင်းကောင်း စားသောက်နိုင်၊ ငြိမ်းငြိမ်း ချမ်းချမ်း နေထိုင်ခွင့်ရ၊ ဝတ်ဖို့ အဝတ်အထည်၊ ခြုံဖို့ စောင် လုံလုံလောက်လောက်ရရှိ၊ ပြီးတော့ ကြောက်စရာမလို၊ မရှိဘဲ ကောင်းကောင်းမွန်မွန် စိုက်ပျိုး လုပ်ကိုင် စားသောက်နိုင်၊ ကိုယ့်နိုင်ငံမှာ ကြောက်စရာမလိုဘဲ လွတ်လွတ်လပ်လပ် နေထိုင်နိုင် ဒီ အဖြေတွေဟာ အမှန်ကန်၊ အနှစ်သက်ဆုံး၊ အဖြစ်ချင်ဆုံး အရာတွေပါ.. ” လို့ အဖြေပေးပါတယ်။

ဒီလို ကချင် အဘွားအိုတစ်ယောက်ရဲ့ ရိုးစင်းတဲ့ အဖြေ၊ ဖြစ်ချင်တဲ့ အရာတွေကို ကချင် ခေါင်းဆောင်များ အားလုံး အနေနဲ့ စဉ်းစားပေးကြပါ..။ အထူးသဖြင့် နိုင်ငံရေး လမ်းစဉ်၊ လမ်းကြောင်းကို ဦးဆောင်နေတဲ့ ကချင် ခေါင်းဆောင်များကို အားကိုးစွာဖြင့် တောင်းဆိုအပ်ပါတယ်။

 K.I.A စစ်မှုထမ်းဟောင်း တစ်ယောက်

Gumgai jan n'dai hpe, Wunpawng buga hpe gara hku ra sharawng a ta ngu san dat yang,
"shi a mahtai gaw, lu lu, lu sha, nga mu, nga mai, bu hpun n'ba hte hkum tsup, hkai lu hkai sha, galaw lu, galaw sha mai, n'hkrit n'tsang ra, nga n'na mahtai gaw jaw na re ngu kam n'ngai."

n'dai loi dik ai ga mahtai n'dai hpe, WP. myit su salang yawng jawm myit yu ya myit law. grau n'na, Mung masa lam e tsap taw nga ai Du salang ni hpe grau hpyi shawn dat n'ngai.

K.I.A. dingsa langai.

ပဏာမ ဆွေးနွေးမှု ကေအိုင်အိုရဲ့ ထုတ်ပြန်ကြေငြာချက်

|0 comments
Thursday, January 19, 2012


K.I.O/K.I.A ရဲ့ Operation Padang Hkrunlam - Part 4

|0 comments
 Thursday, January 19, 2012
W.P Moses
K.I.O/K.I.A ရဲ့ Operation Padang Hkrunlam - Part 4 - Part IV

 ကျနော်တို့ အပစ်အခတ်ခဲ့ကြတာဟာ နိုင်ငံရေး စကားဝိုင်းကို သွားဖို့ပါ။ နိုင်ငံရေး ဆွေးနွေးမှုတွေ မရှိဘူး ဆိုရင်တော့ အပစ်ရပ်လို့လဲ ဘာအကျိုးရှိမှာလဲ။ ကျနော်တို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်ကို နိုင်ငံရေး နည်းအားဖြင့် ဆွေးနွေးအဖြေရှာဖို့ ဖြစ်တယ်။ လက်နက်ကိုင် တိုက်ခိုက်ခြင်းဖြင့် မဟုတ်ပဲ နိုင်ငံရေး နည်းလမ်းနဲ့ အဖြေရှာနိုင်ဖို့ အပစ်ရပ်ခဲ့ခြင်းဖြစ်တယ်။ အပစ်ရပ်ခြင်းအားဖြင့် အစစအရာရာ ရပ်တန့်သွားဖို့ မဟုတ်ဘူး။ လွန်ခဲ့တဲ့ (၁၇) နှစ် အတွင်းမှာ ဒီလို ဖြစ်သွားတယ်။ ဒါကို နားလည်ထားဖို့ လိုပါတယ်။ လွန်ခဲ့တဲ့ (၁၇) နှစ်မှာ ကျနော်တို့ဟာ အပစ်ရပ်ရာမှ အားလုံး ရပ်တန့်သွားတဲ့ နိုင်ငံရေး လမ်းစဉ် ဖြစ်သွားတယ်။ ဘာဆိုဘာမှ လုပ်လို့ကိုင်လို့ မရဘူး။ နိုင်ငံရေး ဆွေးနွေး ပြောဆိုခွင့်လဲ မရခဲ့ဘူး။

 ဒီအပစ်ရပ်ထားတာကိုပဲ ငြိမ်းချမ်းရေးလို့ ပြောဆိုသုံးနှုန်းနေကြခြင်း ဖြစ်တယ်။ ဒီငြိမ်းချမ်းရေးဆိုတဲ့ ကာလ အတောအတွင်းမှာ လက်နက်ကိုင်ဆောင်ခွင့် ပြုထားတာကိုက အင်မတန် မွန်မြတ်ကြီးမားတဲ့ နိုင်ငံတော်ရဲ့ စေတနာ ဆိုပဲ။ ‘အခြေခံ ဥပဒေကို အတည်ပြုပြီးလို့ ရွေးကောက်ပွဲတွေ ကျင်းပတော့မှာ ဖြစ်တဲ့အတွက် နိုင်ငံရေးပါတီတွေ ဖွဲ့စည်းရတော့မှာ ဖြစ်တဲ့အတွက် လက်နက် တကားကားနဲ့တော့ ဘယ်ဖြစ်တော့မလဲ’ တဲ့။ ကျနော်တို့ကို ဒီလို ပြောခဲ့ကြတယ်။ ဒါကြောင့်ပဲ ‘BGF လက်ခံပါ၊ အသွင်ပြောင်းပါ၊ ထာဝရ ငြိမ်းချမ်ရေး ယူလိုက်ကြပါ’ ဆိုပြီး ဖိအားပေးခဲ့ကြတယ်။ သူတို့ပြောတဲ့ ထာဝရ ငြိမ်းချမ်းရေးဆိုတာက လက်နက် အပြီးအပိုင်စွန့်ခြင်း ဖြစ်နေတယ်။ ဘယ်သူက ဒီလို အလုပ်မျိုး လုပ်မှာလဲ။ ကချင် တပ်မတော်ကို ဖျက်ဆီးပစ်လိုက်မယ့်ကိစ္စ ဘယ်သူကမှ စိတ်တောင် ကူးဖူးကြမှာ မဟုတ်ဘူး။ အင်မတန်ကို ဒေါသ ထွက်ခဲ့ကြရပါတယ်။



အဲဒီတော့ ကျနော်တို့ဘက်က ပြန်မေးလိုက်တယ်။

“ကေအိုင်အို/ကေအိုင်အေကို ဘယ်လိုမြင်ပါသလဲ … သောင်းကျန်းသူလား … အကြမ်းဖက်သမားလား … နိုင်ငံရေး ရည်မှန်းချက်ရှိတဲ့ အဖွဲ့အစည်းလား … ကဲ .. ဖြေကြပါ …”

သူတို့ အဖြေ မပေးရဲခဲ့ကြပါဘူး။

 “ဒါပေမယ့် ကျနော်တို့ အဖြေကို သိပါပြီ … ကျော်ဆန်းရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကျနော်တို့ကို သောင်းကျန်းသူလို့ ပြောသွားပါတယ် … အကြမ်းဖက်လုပ်ရပ်တွေကို လုပ်တဲ့ သောင်းကျန်းသူလို့ ပြောသွားပါတယ် …”

အဲဒီတော့ ပြည်နယ်တစ်ပြည်နယ် ပိုင်ဆိုင်တဲ့ လူမျိုးတစ်မျိုး ရသင့်ရထိုက်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ပေးဖို့ မစဉ်းစားတဲ့ သဘောပါပဲ။ နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းလိုခြင်း မရှိတဲ့ သဘောပါပဲ။ ပင်လုံဆိုတာ ပြောကို မပြောချင်တော့ဘူး ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

 ဒီမေးခွန်း အပါအ၀င် မေးခွန်း (၆) ခုကို ကျနော်တို့ မေးခဲ့ပါတယ်။ ကေအိုင်အို/ကေအိုင်အေကို ဘယ်လို မြင်သလဲဆိုတော့ သောင်းကျန်းသူ၊ အဖျက်အမှောက် လုပ်ရပ်တွေလုပ်တဲ့ အကြမ်းဖက် သမားလို့ သဘောထားကြတယ်။ အဲဒီတော့ နိုင်ငံရေး အဖွဲ့အစည်း တစ်ရပ်အဖြစ် သဘော မထားဘူး ဆိုရင်တော့ ကျနော်တို့ဘက်ကလဲ နိုင်ငံရေး နည်းနဲ့ဖြေရှင်းဖို့ မရှိပါဘူး။

 ဒုတိယ မေးခွန်းအနေနဲ့

“ခင်ဗျားတို့ပြောတဲ့ နိုင်ငံရေးဆိုတာ ဘာလဲ … နိုင်ငံရေးနည်းလမ်းနဲ့ ပြောမယ်ဆိုတော့ ဘယ်လို ဘယ်ပုံမျိုး (ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ် အဆင့်ဆင့် - Road Map) နဲ့ သွားမှာလဲ …” လို့ ကျနော်တို့ မေးတယ်။
 ဒါကိုလည်း မဖြေနိုင်ကြပါဘူး။


 “သို့သော်လည်း ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းရဲ့ သတင်းစာရှင်းလင်းပွဲမှာ အဖြေထွက်ပါပြီ … သူဘယ်လို ပြောသလဲဆိုတော့ ‘ကျနော်တို့ဟာ ပြည်သူလူထုက အတည်ပြုထားတဲ့ ၂၀၀၈ အခြေခံ ဥပဒေဘောင် အတွင်းမှာ လုပ်ကိုင်ရမှာ ဖြစ်တယ်၊ ဒီဥပဒေနဲ့ အညီလုပ်သွားရမှာ ဖြစ်တယ်’ ဆိုပဲ … ၂၀၀၈ အခြေခံ ဥပဒေဘောင်ဆိုတာက အမျိုးသားနိုင်ငံရေးတွင် တပ်မတော်ပါဝင်ရေး ဆိုပြီး တမတ်သား အမတ်တွေလည်းဝင်ထိုင်၊ ဘောင်းဘီချွတ်တွေလည်း ၀င်ထိုင်၊ စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ဖွံ့ ပါတီဝင်တွေလည်း ၀င်ထိုင်တဲ့ ပါလီမန်ပဲ … ကျနော်တို့ ဘယ်တော့မှ ဘာမှ လုပ်ကိုင်လို့ရ၊ ပြောဆိုလို့ရမယ့် ကိစ္စမဟုတ်ဘူး … တစ်ပါတီ စစ်အာဏာရှင်စနစ်ပါပဲ … သိန်းစိန်က အရင် ဗိုလ်ချုပ်သိန်းစိန်လေ … အရပ်ဝတ်လဲပြီး သူ့နဂိုနေရာ ပြန်ဝင်ထိုင်တဲ့ကိစ္စ ဘယ်လိုလုပ် အရပ်သား အစိုးရ ဖြစ်လာမှာလဲ … ခလေးတောင် သိတဲ့ကိစ္စပဲ … ဘယ်လိုမှ လက်ခံလို့မရတဲ့ ကိစ္စပဲ … ဒီလွှတ်တော်ကနေ သွားတော့လည်း ကျနော်တို့လိုချင်တဲ့ ပြည်ထောင်စု စနစ်ကို ဖော်ဆောင်နိုင်မှာ မဟုတ်ဘူး … ကျနော်တို့က စစ်မှန်တဲ့ ပြည်ထောင်စုရဲ့ အခြေခံဖြစ်တဲ့ ပင်လုံစာချုပ်၊ ပင်လုံစိတ်ဓါတ်ကို အခြေပြုတဲ့ နိုင်ငံရေး လမ်းကြောင်းကို သွားချင်တာပါ … ဒီတော့မှ စစ်မှန်တဲ့ ပြည်ထောင်စု ဆိုတာ ပေါ်ပေါက်လာမှာပါ … စစ်မှန်တဲ့ပြည်ထောင်စု ပေါ်ပေါက်လာမှသာလျှင် ပြည်နယ်တစ်ခုချင်းမှာလည်း စစ်မှန်တဲ့၊ ရသင့်ရထိုက်တဲ့၊ ရှိသင့်ရှိထိုက်တဲ့ အခွင့်အရေးတွေ ရရှိလာမှာ ဖြစ်တယ် … ပြည်ထောင်စုအတွင်းက ပြည်နယ်တွေ ဖြစ်လာမှာ ဖြစ်တယ် … ဒီတော့မှ ကျနော်တို့မှာ တန်းတူညီမျှတဲ့ အခွင့်အရေးတွေ ရလာမှာ ဖြစ်တယ် … ပြည်ထောင်စုအဆင့်က ပုဂ္ဂိုလ်တွေ၊ ဗဟိုအဆင့်ကလူတွေက မဟုတ်တဲ့အခါကြတော့ ကျနော်တို့ ဘယ်လိုရှေ့ဆက်ကြမှာလဲ … ”

 

နောက်မေးခွန်းတစ်ခု အနေနဲ့

“အပစ်အခတ် ရပ်စဲရေးကို ခင်ဗျားတို့ ဘယ်လို အနက်ဖွင့်သလဲ” လို့ ကျနော်တို့ မေးတယ်။
ဒါလည်း ပွင့်ပွင့်လင်းလင်း မဖြေကြဘူး။

 “ထာဝရ ငြိမ်းချမ်းရေး ဆိုပြီးတော့လည်း ခင်ဗျားတို့ပြောတယ် ... ဒီထာဝရငြိမ်းချမ်းရေးရဲ့ နောက်ဆုံး ပန်းတိုင်က ဘာလဲ” လို့ ကျနော်တို့ ထပ်မေးတယ်။

မဖြေနိုင်ကြဘူး။

ဒီအကြောင်းအရာတွေကို အားလုံး နားလည်သိရှိနိုင်ဖို့ရန်အတွက် လိုင်ဇာ ရုပ်မြင်သံကြား (Laiza TV) မှလည်း ထုတ်လွှင့်ခဲ့ပါတယ်။ အခုနောက်ဆုံး သူတို့ဘက်က ပြန်ကြားလာတဲ့ စာထဲမှာ ဘာပြော ထားသလဲ ဆိုတော့…

“ကေအိုင်အို/ကေအိုင်အေ အနေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရန် ဆန္ဒ ရှိမရှိ ဆိုတာ အကြောင်း ပြန်ပေးပါ …” လို့ ပြောလာပါတယ်။ ဒါကတော့ ဒီကနေ့အထိ နောက်ဆုံးရရှိတဲ့ အကြောင်း ပြန်ကြားချက် ဖြစ်ပါတယ်။
 ဒီလူတွေဟာ ကျနော်တို့အပေါ် မတရား ကလိန်ကျမှုတွေလည်း လုပ်နေကြပါတယ်။ တပ်ရင်း (၅) ဘက်မှာ ဆေးလိပ်တောင် မသောက်တတ်တဲ့ ကျနော်တို့ရဲ့ ဆက်ဆံရေး အရာရှိ (Liaison Officer) ကိုလည်း ဘိန်းပစ်ပြီး မတရား ဖမ်းဆီးခဲ့ပါတယ်။ ဘိန်းမှု ဇာတ်လမ်းဆင်ကာ လက်ပူးလက်ကြပ်မိပြီ ဆိုပြီး မတရား အပြစ်ရှာ ဖမ်းဆီးခဲ့ကြတာပါ။ နယ်မြေဒေသ အသီးသီးမှာ ဖွင့်လှစ်ထားတဲ့ ဆက်ဆံရေးရုံး (Liaison Office) တွေကိုလည်း အတင်းအကျပ် ပိတ်သိမ်း ခိုင်းခဲ့ပါတယ်။ ဖြတ်လေးဖြတ်တွေ လုပ်ခဲ့တယ်။ ကျနော်တို့ရဲ အမှုထမ်းတွေကိုလည်း အပြစ်မရှိ အပြစ်ရှာ ဖမ်းဆီး ထောင်ချကြတယ်။ ယုတ်စွအဆုံး လူတိုင်းစီးတဲ့ Without ဆိုင်ကယ်၊ ကျနော်တို့ ကချင် လွတ်လပ်ရေး အစိုးရ၀န်ထမ်း စီးရင်တော့ အရေးယူ ဖမ်းဆီးခံရတယ်။ ဒီလို ဖမ်းဆီးခံရတဲ့ ကျနော်တို့ ၀န်ထမ်းတွေလည်း အများအပြားပါပဲ။

 မြို့ပြတွေမှာ နေထိုင်ကြတဲ့ မိဘပြည်သူအချို့က အမြင်လွှဲမှား လာကြတယ်။ အပစ်အခတ် အရင် ရပ်စဲပြီး နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ဖို့၊ ထာဝရငြိမ်းချမ်းရေးရအောင် လုပ်ကြဖို့ ပြောလာကြတယ်။ ဗမာ အစိုးရပြောတဲ့ ထာဝရငြိမ်းချမ်းရေးဆိုတာ ၂၀၀၈ အခြေခံ ဥပဒေဘောင်အတွင်း ဆွဲသွင်း လိုက်ခြင်းသာ ဖြစ်တယ်။ ဒီဥပဒေကို ဘယ်သူကမှ လက်မခံပါဘူး။ သူတို့ ဗမာ အချင်းချင်းတောင် လက်ခံတာ မဟုတ်ဘူး။ အောင်ဆန်းစုကြည်တို့ အဖွဲ့လည်း လက်မခံဘူး။ ကျနော်တို့ချည်းပဲ လက်မခံတာ မဟုတ်ဘူး။ သိန်းစိန်ရဲ့ မိန့်ခွန်းမှာ ‘၂၀၀၈ အခြေခံဥပဒေကို လက်မခံနိုင်ကြသေးတဲ့ လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ပြည်တွင်းနိုင်ငံရေး အစုအဖွဲ့များ’ လို့ သုံးနှုန်း သွားပါတယ်။ ဒီဥပဒေကို လက်မခံလို့မရ လက်ခံလာအောင် ဖျားယောင်းသွေးဆောင် စည်းရုံးမယ့် သဘော ရှိပါတယ်။ နွားရိုင်းကို ကျုံးလှောင်ချိုင့်ထဲကို မ၀င်, ၀င်အောင် ကျုံးသွင်းပြီး ၀င်ပြီ ဆိုတာနဲ့ ကျုံးတံခါး ပိတ်ပစ်လိုက်မယ့် သဘောပါပဲ။ ဒါကို ကျနော်တို့ ဘယ်လိုမှ လက်ခံလို့ မရပါဘူး။

 ကျနော်တို့ ဗဟိုကော်မတီအနေနဲ့ လွန်ခဲ့တဲ့ ဇူလိုင်လ (၁၂ - ၁၃) ရက်တွေမှာ တိုင်းပြည်နဲ့လူမျိုး အကျိုးကို ဆုံးဖြတ်အဖြေ ပေးနိုင်မယ့် တတိုင်းပြည်လုံးမှ၊ အနယ်နယ် အရပ်ရပ်မှ လူကြီးတွေ၊ ခေါင်းဆောင်တွေကို ဖိတ်ခေါ်ကာ နှီးနှောဖလှယ်တဲ့ အစည်းအဝေးကို ကျင်းပခဲ့ပါတယ်။ ဒီအစည်း အဝေးကြီးမှ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ထုတ်ဖော်ကြေငြာခဲ့ပြီး ဖြစ်ပါတယ်။ စီးပွားရေးရာ ဌာနခန်းမဆောင်မှာ ကျင်းပခဲ့တဲ့ ဒီအစည်းအဝေးမှာ နယ်မြေဒေသ အသီးသီးမှ အတွေ့အကြုံရင့်ကျက်တဲ့ ခေါင်းဆောင် ကိုယ်စားလှယ်တွေ အကြံပြု ဆွေးနွေးခဲ့ကြရာမှာ -

 “လွန်ခဲ့တဲ့ အချိန်ကာလတွေတုန်းက ဗမာအစိုးရ လိမ်လည်လှည့်ဖျားခဲ့တဲ့ အဖြစ်မျိုး ထပ်အဖြစ်မခံဖို့၊ အပစ်အခတ် ရပ်စဲပြီး ရှေ့ဆက်လို့လည်းမရ နောက်ပြန်ဆုတ်လို့လည်း မဖြစ်တဲ့ အခြေအနေမျိုး ထပ်အဖြစ်မခံဖို့၊  ငြိမ်းချမ်းရေး ခေါင်းစဉ်တပ်ပြီး နောက်တစ်ကြိမ်ထပ် အလိမ်မခံရဖို့၊ ဗမာအစိုးရနဲ့ ဆက်ဆံရာမှာ အင်မတန် သတိရှိကြဖို့၊ ဒီတခေါက်တော့ တစ်ဘက်ကနေ တိုက်လည်းတိုက် နောက်တစ်ဘက် ကနေလည်း နိုင်ငံရေး ဆွေးနွေးရန် ဖိအားပေးခြင်းဖြင့် ရှေ့ဆက်သွားဖို့ အကြံပြုခဲ့ကြပါတယ် …”


 ဒီကနေ့ ကျနော်တို့ ကျင့်သုံးနေတဲ့ မူဝါဒ အနေနဲ့ အမှန်တကယ် နိုင်ငံရေး ဆွေးနွေးမယ် ဆိုရင်တော့  ဖယ်ဒရယ် ကောင်စီအနေနဲ့ပဲ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ လက်နက်ကိုင် တိုင်းရင်းသား အင်အားစုတွေ၊ အခြား နိုင်ငံရေး အစုအဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ (United Nationalities Federal Council) အနေနဲ့သာ နိုင်ငံရေး ဆွေးနွေးသွားဖို့ ရှိပါတယ်။ ဒါဟာဆိုရင် ဒီကနေ့အထိ ကျနော်တို့ ကေအိုင်အို ဗဟိုအနေနဲ့ ချမှတ် ဆောင်ရွက်နေတဲ့ မူဝါဒလမ်းစဉ် ဖြစ်ကြောင်း ဖော်ပြလိုပါတယ်။ ရှေ့တန်း စခန်းအသီးသီးမှာ တိုင်းပြည်တာဝန် ထမ်းဆောင်နေကြတဲ့ ရဲဘော်ရဲဘက်တွေ၊ ပြည်သူလူထု အခြေပြု အရပ်ဘက် ပြည်သူ့စစ် အဖွဲ့ (Mung Shawa Hpyen Hpung) မှ အရပ်သား ကာကွယ်ရေး ၀န်ထမ်းတွေ၊ သီးသန့် ဖွဲ့စည်းထားတဲ့ အထူးတပ်ဖွဲ့ အသီးသီးမှ စစ်သည်တွေ၊ နည်းလမ်း အမျိုးမျိုးနဲ့ လွတ်လပ်ရေး အစိုးရရဲ့ ၀န်ထမ်း ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ကျရာတာဝန်တွေကို ထမ်းရွက်နေကြတဲ့ တိုင်းသူ ပြည်သားတွေ အားလုံးကို ဒီအကြောင်းအရာတွေ လက်ဆင့်ကမ်း ပြောကြားကြဖို့ လိုပါတယ်။ ဗဟိုအနေနဲ့ ဘယ်လိုမူဝါဒတွေနဲ့ ဦးဆောင် လျှောက်လှမ်းနေသလဲ ဆိုတာကို အားလုံး သိအောင် အချင်းချင်း လက်ဆင့်ကမ်း ပြောပြကြပါလို့ တိုက်တွန်းလိုပါတယ်။ ဗမာ (အစိုးရ) က ဘယ်လို ကလိန်ဆင် လိမ်လည်နေသလဲ၊ ဒါကို ဗဟိုအနေနဲ့ ဘယ်လိုဘယ်ပုံ ရင်ဆိုင်ကျော်လွှားနေခဲ့တယ် စသဖြင့် ရှင်းလင်း ပြောပြကြပါ။ ကျနော်တို့ တိုင်းပြည်ဒေသမှာ ကေအိုင်အို အနေနဲ့ လုပ်ငန်း ဆောင်ရွက်နေသလို၊ တစ်ဘက်မှာ UNFC ဖယ်ဒရယ်ကောင်စီမှ တဆင့်လည်း နိုင်ငံရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေတဲ့ အကြောင်းကို နားလည် သဘောပေါက်စေလိုပါတယ်။ ဒီမူဝါဒအတိုင်း ရှေ့ဆက် လျှောက်လှမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
 လွန်ခဲ့တဲ့ (၁၇) နှစ်မှ ခါးသီးတဲ့ အတွေ့အကြုံကို သင်ခန်းစာယူကာ ရှေ့ဆက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီတစ်ခေါက်မှာတော့ ခိုင်မာတဲ့ အသိသက်သေ၊ ခိုင်မြဲမယ့် ကတိက၀တ် မရရှိဘူး ဆိုရင်တော့ ကျနော်တို့ ဗဟိုအနေနဲ့ ဘယ်လိုမှ ရှေ့ဆက်မှာ မဟုတ်ပါဘူး။ ဘယ်လို အမှားမျိုးကိုမှ ထပ်အဖြစ် မခံတော့ပါဘူး။ တိုင်းသူပြည်သားတွေကို ကျနော်တို့က ဦးဆောင်ပြီး suicide လုပ်နေသလို အဖြစ်မျိုး လုံးဝ ထပ်အဖြစ် မခံပါဘူး။ လုံးဝ ထပ်မမှားဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်ပါတယ်။
 ပြည်သူလူထုတွေက ကျနော်တို့ ဗဟိုရဲ့ ဦးဆောင်မှု ထပ်မှားသွားမှာကို အရမ်းစိုးရိမ်ကြတယ်။
 “ဗဟိုကော်မတီဝင်တွေ သတိထားကြပါ … ဒီဗမာ (အစိုးရ) တွေ နောက်တခါ အပျော့ဆွဲတာ ခံရမယ် သတိထားကြပါ …” ဆိုပြီး သတိပေးကြပါတယ်။ ကာသိုလစ် ဘုန်းတော်ကြီးတွေ၊ သင်းအုပ် ဆရာတော်ကြီးတွေက အစ “သေချာ သတိထားကြပါ … ထပ်မမှားကြပါနဲ့ … ဗမာ (အစိုးရ) အလိုကျ စိတ်ပျော့ မသွားကြပါနဲ့ …” ဆိုပြီး ကျနော်တို့ကို လေးလေးနက်နက် သတိပေးကြပါတယ်။ ကျနော်တို့ကို ထပ်မမှားစေလိုတဲ့ စေတနာ မေတ္တာနဲ့ သတိ ပေးကြပါတယ်။

ဘာသာရေး ခေါင်းဆောင်တွေ ဖြစ်နေသော်လည်းပဲ သူတို့လည်း မျိုးချစ်စိတ်၊ ပြည်ချစ်စိတ်နဲ့ သတိပေး ပြောကြားကြခြင်း ဖြစ်ပါတယ်။ အလေးအနက်ကို သတိပေးကြတယ်။ ဒေသအသီးသီးမှ ကိုယ်စားလှယ် ခေါင်းဆောင်ကြီးတွေလည်း ဒီလိုပဲ သတိပေးကြတယ်။ နိုင်ငံရပ်ခြား တိုင်းပြည် (၂၂) ခုမှာ ရောက်ရှိနေကြတဲ့ ကချင် အမျိုးသားတွေမှလည်း သတိပေးတယ်။ အတိုင်းတိုင်း အပြည်ပြည် အနယ်နယ် အရပ်ရပ်မှ ကချင် မျိုးနွယ်ဝင်တွေ ကျနော်တို့ကို အင်မတန် သတိရှိကြဖို့ သတိ ပေးခဲ့ကြပါတယ်။ ဗမာ (အစိုးရ) နဲ့ ဆက်ဆံရာမှာ အင်မတန် သတိထား ဆက်ဆံကြဖို့ တိုက်တွန်း ကြတယ်။ ဒီလို သတိပေးတာ၊ အကြံပေးတာတွေကို ကျနော်တို့ လက်ခံမှတ်ယူပြီးတော့ မီးရှူး တန်ဆောင် အနေနဲ့ အသုံးပြုကာ ရှေ့ဆက်လျှောက်လှမ်းသွားမှာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။

ကချင်စစ်ပြေးဒုက္ခသည် ကလေးငယ်များ..

ဒီကနေ့ ဗမာ (အစိုးရ) က ကျနော်တို့ကို ပြောဆိုလာတဲ့ ကမ်းလှမ်းချက်ကို ကြည့်ရင်တော့ အင်မတန်မှကို သာယာနာပျော်ဖွယ် ဖြစ်တာကို တွေ့ရမှာပါ။ ‘အပစ်အခတ် ရပ်စဲပြီး နိုင်ငံရေး နည်းလမ်းဖြင့် တွေ့ဆုံ ဆွေးနွေးသွားရန်’ ဆိုတာမျိုး၊ ‘ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်ရန်’ ဆိုတာမျိုးတွေ တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ပြည်သူလူထုက ‘ဒါ အကောင်းဆုံး အခွင့်အရေးပဲ … အရင်ခေတ် အဆက်ဆက်မှာ ဗမာ (အစိုးရ) တွေ ဒီလို ကမ်းလှမ်းတာမျိုး ရှိခဲ့တာ မဟုတ်ဘူး … ကေအိုင်အို အနေနဲ့ အမြန်ဆွေးနွေးကြပါ … အမြန် အပစ်ရပ်ကြပါတော့ …’ ဆိုပြီး ပြောဆို လာတာလည်း ရှိပါတယ်။ ဗမာ (အစိုးရ) ပြောတဲ့ ထာဝရ ငြိမ်းချမ်းရေး ဆိုတာ အပြီးအပိုင် လက်နက်စွန့်ခြင်းကို ဆိုလိုတာဖြစ်ကြောင်း နားလည်ကြပါ။ ဗမာ (အစိုးရ) ပြောတဲ့ အပစ်အခတ် ရပ်စဲရေး ဆိုတာဟာ နိုင်ငံရေး နည်းလမ်းကို ရောက်မယ့် ကိစ္စမဟုတ်ကြောင်း သဘောပေါက်ကြပါ။ ဗမာ (အစိုးရ) ပြောတဲ့ ငြိမ်းချမ်းရေး၊ နိုင်ငံရေး နည်းလမ်းဆိုတာတွေဟာ ကျနော်တို့ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဘောင်ထဲကို သိမ်းသွင်းပစ်လိုက်မယ့် ကိစ္စသာ ဖြစ်ကြောင်း နားလည် သဘော ပေါက်ကြပါ။ ကျနော်တို့အတွက် အာမခံချက် တစုံတရာမျှ မရှိတဲ့ ဒီအခြေခံ ဥပဒေအောက် ဆွဲသွင်း၊ တံခါးပိတ်ကာ တစ်သက်လုံး ဒုက္ခရောက်ကြရမယ့် ကိစ္စပါပဲ။ ဒီအကြောင်းအရာတွေကို ပြည်သူလူထုတွေ သဘောပေါက်အောင် ရှင်းပြကြပါ။

 “ဒီအကြောင်းအရာတွေကို နားလည်သဘောပေါက်ကာ
ကေအိုင်အိုဗဟိုရဲ့ ဦးဆောင်မှုအတိုင်း ညီညီညွတ်ညွတ် လျှောက်လှမ်းကြပါစို့ …
 နောက်ဆုံးအနေနဲ့ ထပ်မံမှာကြားလိုတာကတော့ ပြည်သူလူထုတွေ အရမ်းစိုးရိမ်နေတဲ့
 ကေအိုင်အိုဗဟိုမှ အမှားထပ်လုပ်မိမယ့် ကိစ္စမျိုး လုံးဝ မဖြစ်စေရပါဘူးလို့
ကတိပေး ပြောကြားလိုပါတယ် …
အပစ်အခတ်မရပ်ပဲနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပေါ်ပေါက်လာအောင်
 ကြိုးပမ်းသွားမှာ ဖြစ်ပါတယ် …
သူတို့ဘက်က နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေ ဖော်ဆောင်လာခြင်း မရှိဘူးဆိုရင်လည်း
အပစ်အခတ်တွေ ဆက်ရှိနေခြင်းအားဖြင့်
ဖိအားပေးနေမှာ ဖြစ်ပါတယ် …”

ဒီကနေ့ တက်ရောက်လာတဲ့ ညီအစ်ကို မောင်နှမတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။

 [ကချင်ပြည်နယ်နှင့် ကချင်လူမျိုးများကို အဓိက ကိုယ်စားပြုသော ကေအိုင်အို၏ နိုင်ငံရေး ရပ်တည်ချက်နှင့် အမြင်များကို ဝေမျှရန် ရည်ရွယ်ချက်ဖြင့် ဘာသာ ပြန်ဆိုပါသည်။ လွတ်လပ်စွာ သဘော ကွဲလွှဲနိုင်ပါသည်။]

ဒေါ်အောင်ဆန်စုကြည် သံလျှင်ရှိ ရွေးကောက်ပွဲကော်မရှင်ရုံး သွားရောက်အကြောင်းကြား

|0 comments
Thursday, January 19, 2012
W.P Moses



၁၈-၁-၂၀၁၂ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်စုကြည်က ကော့မှူးမြို့နယ်ကနေ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ် ပြိုင်မှာဖြစ်သည့် အတွက်ကြောင့် သံလျှင်ရှိ ရွေးကောက်ပွဲကော် မရှင်ရုံးမှာ သွားရောက်အကြောင်းကြားခဲ့ တယ်လို့  သိရပါတယ်။ သံလျှင်သို့  ဒေါ်အောင်ဆန်းစုကြည် လာရောက်မည်ကို သိရှိကြသောပြည်သူများက သံလျှင်မှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ကို လူငယ်များနှင့် သက်ကြီးသက်ငယ်အများစုက အားပေးခဲ့ကြသည်။

K.I.O နှင့် အစိုးရ တရုတ်နိုင်ငံ ရွှေလီမြို့တွင် ဇန်နဝါရီလ ၁၈ ရက်နေ့ နေ့လည် ၁း၃၀ နာရီ မှ နိုင်ငံရေး စတင်ဆွေးနွေးခဲ့ရာ အစိုးရမှ တိုင်းရင်းသားများရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်များကို ဖြစ်သင့်ကြောင်း အပေါ်ယံ အားဖြင့် သဘောတူကြောင်း သိရှိရပါတယ်။


Wednesday, January 18, 2012

K.I.O နှင့် အစိုးရ တရုတ်နိုင်ငံ ရွှေလီတွင် နိုင်ငံရေး ဆွေးနွေး

|0 comments
Wednesday, January 18, 2012
W.P Moses
K.I.O နှင့် စစ်အစိုးရ တရုတ်နိုင်ငံ ရွှေလီတွင် ဇန္နဝါရီလ ၁၈ ရက်နေ့ နေ့လည် ၁း၃၀ နာရီ မှာဆွေးနွေးပွဲစတင်

K.I.A နှင့် သိန်းစိန်အစိုးရ နိုင်ငံရေး ဆွေးနွေး၊ ကချင်နယ်မြေမှာ တိုက်ပွဲပြင်းထန်

|0 comments
Wednesday, January 18, 2012

W.P Moses


ကချင် လွတ်လပ် ရေးတပ်မတော် K.I.A တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၆) နယ်မြေဖြစ်တဲ့ ဖားကန့် ဥရုဆိုင်းမှော်ဒေသ မဇွပ်ယန် (Mazup Yang)၊ နမ်ယာ စသည့် နယ်မြေတဝိုက်တွင် ဇန်န၀ါရီလ (၁၄) ရက် ကနေ မြန်မာစစ်တပ် စကခ (၃) လက်အောက်ခံ တပ်ဖွဲ့များနှင့် K.I.A တပ်ရင်း (၆) တပ်ဖွဲ့ဝင်များ သုံးရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ မြန်မာ စစ်တပ်ဘက်မှ အနည်းဆုံး (၂၀) ဦး သေဆုံးကာ (၈) ဦးခန့် ဒဏ်ရာရရှိသွားကြောင်း၊ K.I.A ဘက်မှလည်း အနည်းဆုံး (၄) ဦး ကျဆုံးသွားကြောင်း သိရှိရပါတယ်။

K.I.A ရှေ့တန်းနယ်မြေ...သို့ချီတက်..

ကချင်ပြည်နယ် ဖါးကန့်ဘက်တွင် ဇန္နဝါရီလက စတင်ပြီး စစ်တပ်ဘက်မှ စစ်အင်အား တိုးချဲ့လာမှုကြောင့် ယင်းဒေသများတွင် နေ့တိုင်းလိုလို K.I.A နှင့် စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွား နေပါတယ်။ နှစ်ဖက် တိုက်ပွဲတွေကြောင့် အပြစ်မဲ့ ဒေသခံ ပြည်သူများဟာလည်း အသက်ဆုံးရှုံးနေရ ပါတယ်။

K.I.A နှင့် စစ်အစိုးရ ဒီနေ့ တရုတ်နိုင်ငံ ဘက်ခြမ်းတွင် နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရပါတယ်။

တောင်ကိုရီးယား သင်္ဘောတစ်စင်းပေါ် ပေါက်ကွဲမှု ဖြစ်ပွား၊ မြန်မာသင်္ဘောသား (၂) ဦး သေဆုံး

|0 comments
Wednesday, January 18, 2012
W.P Moses

တာင်ကိုရီးယားနိုင်ငံ အနောက်ဘက် ပင်လယ်ကမ်းခြေတွင် ပြီးခဲ့သည့် တနင်္ဂနွေနေ့ မနက်ပိုင်း၌ တောင်ကိုရီးယား ကုန်တင်သင်္ဘောတစ်စင်းပေါ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၅ ဦးသေဆုံးခဲ့ပြီး လူ ၆ ဦးထက်မက ပျောက်ဆုံးနေကြောင်း တရားဝင်ပြောကြားချက်အရ သိရသည်။

ပေါက်ကွဲသွားတဲ့ တောင်ကိုးရီးယား သင်္ဘော...


ပေါက်ကွဲမှုအပြီးတွင် သေသူများထဲ၌ မြန်မာသင်္ဘောသား ၂ ဦး အပါအဝင် လူ ၅ ဦး၏ အလောင်းကို ရှာတွေ့ခဲ့သည်ဟု ရေကြောင်းအရာရှိ Kim Dong-jin က ပြောသည်။

၎င်းသင်္ဘောပေါ်တွင် လောင်စာ တန်ချိန် ၄,၁၉၈ ကျော်သယ်ဆောင်လာကာ သင်္ဘော၏ မည်သည့်အစိတ်အပိုင်းမှ စတင်ပေါက်ကွဲသည်ကိုပင် မရှင်းပြနိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။

သင်္ဘောသား ၅ ဦး ကယ်ဆယ်ခဲ့ပြီး ကျန်ပျောက်ဆုံးနေသော ၆ ဦးကို ဆက်လက်ရှာဖွယ်နေဆဲဖြစ်ကြောင်း ရေကြောင်းအာဏာပိုင်မှ ထုတ်ပြန်ထားသည်။

အခင်းဖြစ်ပွားရာနေရာသည် မြောက်ကိုရီးယားနှင့် အဝေးတစ်နေရာဖြစ်ပြီး မြောက်ကိုရီးယား၏ လက်ချက် မဖြစ်နိုင်ကြောင်း ရေကြောင်းအရာရှိ Ko Jae-young ကပြောသည်။

သင်္ဘော ပေါက်ကွဲခဲ့ရခြင်း အကြောင်းရင်းကို တာဝန်ရှိသူများက ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်းလည်း သိရသည်။

နှစ်မြှုပ်သွားနေတဲ့ တောင်ကိုးရီးယား သင်္ဘော
အား မြင်တွေ့ရစဉ်..

သင်္ဘောပေါ်တွင် လောင်စာဆီ နှင့် ဓာတုပစ္စည်း ကုန်ကြမ်းများဖြစ်သော Bunker-C ဆီ တန်ချိန် ၈၀ နှင့် ဒီဇယ်ဆီ  တန်ချိန် ၄၀ သယ်ဆောင်သည်ဟု ရေကြောင်းအာဏာပိုင်မှ ထုတ်ပြန်ထားသည်။

၎င်းသင်္ဘောပေါ်တွင် တောင်ကိုရီးယား နိုင်ငံသား ၁၁ ဦးနှင့် မြန်မာ ၅ ဦးတို့ လိုက်ပါလာကာ ၎င်းတို့ထဲတွင် ကိုသက်နိုင်ဝင်းနှင့် ကိုမျိုးမင်းကျော် တို့ သေဆုံးခဲ့ရပြီး တောင်ကိုရီးယား ၅ ဦးနှင့် မြန်မာ ၃ ဦးဖြစ်သည့် ကိုဆန်းထွန်းလင်း၊ ကိုအောင်ကျော်ဆန်းနှင့်ကိုကျော်မျိုးဦးတို့မှာမှု ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု VOA သတင်းတွင် ဖော်ပြထားသည်။

ဦးသိန်းစိန်၊ တပ်မတော်နဲ့ ပါဝါ အနိမ့်အမြင့် - အပိုင်း (၁)

|0 comments

ဆောင်းပါးရှင် - မင်းကန်စီ (တပ်မတော် အရာရှိကြီးတစ်ဦး)   

ဦးသိန်းစိန် အပါအဝင် အစိုးရသစ် ခေါင်းဆောင်တွေ အားလုံးက ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို တဖြည်းဖြည်း ဖေါ်ဆောင်သွားမယ်ဆိုပြီး ကတိကဝတ်လိုလို၊ သဘောတူညီချက် ဆန်ဆန်၊ ယုံကြည်ချက် နီးနီးပြောနေ ကြပါပြီ။ ဒီအချိန်မှာဘဲ တပ်မတော်က၊ အနာဂါတ်နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်က ပါဝင်ဖို့ ကိစ္စကို သိပ်မလျှော့ သေးဘူး။  နောက်ဆုံး ဒီဇင်ဘာ ၉ ရက်နေ့က ဆင်းသွားတဲ့ စစ်တက္ကသိုလ် အပတ်စဉ် (၅၄) ကျောင်း ဆင်းပွဲမှာတောင်မှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က၊ အမျိုးသား နိုင်ငံရေး တာဝန်တွေကို အင်တိုက်အားတိုက် လုပ်ဖို့ မှာကြားနေတုန်းပါဘဲ။ အနာဂါတ်နိုင်ငံရေး ဦးဆောင်မှုအခန်း ကဏ္ဍမှာ တပ်မတော်က ပါဝင်ကို ပါဝင်ရမယ်ဆိုတော့ ဒီမိုကရေစီ သဘော တရားတွေနဲ့ နည်းနည်းတော့ လွဲနေပြီထင်တယ်။

 စစ်တက္ကသိုလ် အပတ်စဉ် (၅၄) ကျောင်း ဆင်းပွဲမှာ တွေ့ရသော ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်

 စစ်တပ်က ရှေ့က သွားကို သွားရမယ်လို့ ပြောချင်တဲ့ သဘောဘဲ ဖြစ်နေတော့ ဒီမိုကရေစီ ကျနိုင်ပါ့မလား။ အဲ့ဒါတွေထားလိုက်ပါတော့၊ အခု အစိုးရအဖွဲ့ရဲ့ သမ္မတ ဦးသိန်းစိန်နဲ့၊ တပ်မတော်ရဲ့ အကြီးအကဲ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ရဲ့ ဖြစ်နိုင်တဲ့ ပါဝါ တည်ဆောက်မှု၊ ပါဝါကအနိမ့်အမြင့်၊ ဘယ်သူက ဘယ်သူ့အပေါ် လွမ်းမိုး နိုင်လာနိုင်မလဲ၊ ကျွန်တော်တို့ နည်းနည်း သုံးသပ်ကြည့်ရအောင်……..။

 ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးရပြီး၊ ရှေးဦး ပါလီမန် ဒီမိုကရေစီ နေ့ရက်တွေမှာတော့၊ ဝန်ကြီးချုပ် ဦးနုဟာ သူရဲ့ဝန်ကြီးချုပ် ကာလအားလုံးမှာ စစ်တပ်က သေနတ်နဲ့ ချိန်ပြီးထားသလို အမြဲဘဲ ချိန်းချောက် ခံနေခဲ့ရတာကို တွေ့ရမှာဘဲ ဖြစ်တယ်။ ဘယ်လိုဘဲ ရွေးကောက် တင်မြောက်ခံပြီး တက်ခဲ့တက်ခဲ့၊ ဗိုလ်ချုပ်ကြီးနေဝင်းက ဘယ်နေ့ဘာလုပ်မလဲ၊ ဘယ်လိုရန်ရှာမလည်းဆိုတာ စိတ်ပူနေခဲ့ ရရင်းနဲ့၊ နောက်ဆုံး၊ အာဏာကို ကိုယ်တိုင်လွှဲပေးလိုက်ရတဲ့ သဘောဘဲဖြစ်သွားခဲ့ရတယ်။ အဲဒီခေတ်က စကားလုံးအတိုင်း သေနတ်ပြောင်းဝမှာ အာဏာရှိသွားရတာကိုး။

 သမ္မတ ဦးသိန်းစိန်...

  အခုလောလော ဆယ်ဆယ်မှာတော့ ဦးသိန်းစိန်ရော၊ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရော ကတော့ ဗိုလ်ချုပ်ကြီး သန်းရွှေက တည်ဆောက်ပေးပြီး ကမ်းကခွာခိုင်းလိုက်တဲ့ သင်္ဘောတစ်စီး၊ တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွား၊ တစ်ဇာတ်ထဲ သမားတွေပါဘဲ။ ဒါပေမဲ့ ခရီးကလည်းကြာ၊ ရိက္ခာကလည်းပြတ်၊ ဇာတ်ခေါင်းကလည်း ကွဲလာခဲ့ရင်၊ စစ်တပ်ကလည်း ဗိုလ်ကျနေကြ အကျင့် မပြောက်နိုင်ခဲ့ရင်၊ အစိုးရအဖွဲ့ဝင်တွေကလည်း အာဏာအရှိန် တက်လာခဲ့ရင်တော့ ဖြစ်နေကြ အကွဲအပြဲ ဇာတ်လမ်းများ ဖြစ်လာခဲ့ရင် စိတ်မချမ်းမသာဖြစ်ကြ ရဦးမှာ မြင်ယောင်မိပါတယ်။

 လက်ရှိအခြေအနေကို ကြည့်ကြရအောင်၊ ပြည်နယ်ဝန်ကြီးချုပ်နဲ့ စစ်တိုင်းမှူးတွေရဲ့ တိုက်ပွဲတွေနေရာ အနှံ့အပြားမှာ ဖြစ်ပွားခဲ့တယ်။ ယေဘုယျကတော့ ဒေသန္တရ တိုက်ပွဲတွေမှာ ပြည်နယ် ဝန်ကြီးချုပ်တွေက နိုင်ပြီး၊ စစ်တိုင်းမှူးတွေက ရှုံးခဲ့ကြတယ်။ ကစထမှူး တစ်ဦးနဲ့ စစ်တိုင်းမှူး တစ်ဦးပြုတ်ပြီး သုံးယောက်လောက် ပြောင်းသွားကြရတယ်။ နိုင်ငံရေး ပေါ်လစီအရ၊ ပြည်နယ် ဝန်ကြီးချုပ်တွေကို အသာစီး ပေးခဲ့တယ်။ အစိုးရနဲ့ စစ်တပ်မဆိုင်တော့ဘူး ဆိုတာပြစေခဲ့တယ်။ စစ်တိုင်းမှူး တွေအတွက် အလည်အပတ်နဲ့ တက်စရာပွဲတောင်မရှိအောင် ဖြစ်သွားခဲ့တယ်။ တိုင်းမှူး ရုံးခန်းထဲမှာ ငုတ်တုတ်ထိုင်နေရတဲ့ အဖြစ်ကတော့ တချိန်က  တိုင်းအေးချမ်းသာယာရေး ကော်မတီ ဥက္ကဌ၊ ပြည်နယ် အေးချမ်းသာယာရေး ကော်မတီဥက္ကဌ တွေအနေနဲ့ ရွှေထီးဆောင်းခဲ့တဲ့ ကာလကို  တွက်ရင်တော့ သနားစရာပါဘဲ။

အပိုင်း (၂) ကို ဆက်လက်ဖော်ပြသွားပါမည်...

K.I.O/K.I.A ရဲ့ Operation Padang Hkrunlam - Part 3

|0 comments
Wednesday, January 18, 2012
 W.P Moses

K.I.O/K.I.A ရဲ့ Operation Padang Hkrunlam - Part III


  ဒီတစ်ခေါက်ပြန်ဖြစ်တဲ့ စစ်ကို ကျနော်တို့ ဗဟိုက ဘယ်လို သဘောထားသလဲ ဆိုတော့ လွန်ခဲ့တဲ့ (၁၇) နှစ်တာ ကာလပတ်လုံးလည်း အပစ်ရပ်ခဲ့ကြပြီးပြီ၊ ဘာနိုင်ငံရေး အဖြေမှလည်း ပေါ်ပေါက်လာခြင်း မရှိဘူး။ နိုင်ငံရေး ဆွေးနွေး ပြောဆိုခြင်းလည်း မရှိခဲ့ဘူး။ အမျိုးသား ညီလာခံကို တက်ရောက်ပြီး ဆွေးနွေး ခဲ့သော်လည်းပဲ၊ ရေးသား တင်ပြခဲ့သော်လည်းပဲ အရာမထင်ခဲ့ဘူး။ နယ်ခြားစောင့်တပ် အရေးတုန်းကလည်း ပင်လုံ ကတိက၀တ်အတိုင်းသာ ရှေ့ဆက်မယ်ဆိုရင် ကျနော်တို့ ကချင်တွေ လုံးဝ လက်နက်စွန့်ပါမယ် လို့လည်း ကမ်းလှမ်းခဲ့ပြီးပြီ။

 ကချင် စစ်ပြေးဒုက္ခသည်များ...

 “ဒါကြောင့်မို့လို့ ဒီတစ်ခေါက်တော့ ကျနော်တို့ လိုချင်တဲ့ နိုင်ငံရေး တံခါးမဖွင့်နိုင်သ၍၊ တိုင်းပြည်နဲ့ လူမျိုးအတွက် အလင်းတံခါးကို မဖွင့်နိုင်သ၍ ကျနော်တို့ဘက်က အပစ်မရပ်တော့ပါဘူး … ရရာ လက်နက်၊ ရှိသမျှ လက်နက်နဲ့ ကြိုးစား အားထုတ်ကြဖို့ စိတ်ပိုင်းဖြတ် ထားပါတယ်…”

 တရုတ်လည်း ကျနော်တို့ကို ကူမှာ မဟုတ်ပါဘူး။ အိန္ဒိယလည်း အကူအညီပေးမှာ မဟုတ်ပါဘူး။ အမေရိကန်လည်း ကူညီမှာ မဟုတ်ဘူး။ ဘယ်သူကမှ ကူညီမှာ မဟုတ်သော်လည်းပဲ ကျနော်တို့ကို အမှန်တကယ် အကူအညီ ပေးမယ့်သူ ရှိပါတယ်။ တရုတ်ပြည်ကို ဖန်ဆင်းထားသလို၊ အမေရိကန်တွေကို ဖန်ဆင်းထားသလို ကျနော်တို့ရဲ့ တိုင်းပြည်နဲ့ လူမျိုးကိုလည်း ဘုရားသခင်က ဖန်ဆင်း ထားတာပါ။ ဒီအရာ အကုန်လုံးကို ပိုင်သ အုပ်စိုးတာ ဘုရားသခင် ပါပဲ။ ဒါ့ကြောင့်မို့လို့ ဘုရား သခင်ကို ကိုးစားခြင်းအားဖြင့် ကျနော်တို့ရဲ့ တရားမျှတတဲ့ စစ်၊ ရှောင်လွှဲလို့ မရတော့တဲ့ စစ်ကို ရင်ဆိုင် ကျော်လွှားကြပါစို့ ဆိုပြီး စစ်ဆင်ရေး စတင်ခွင့်ပြုတဲ့ အမိန့်ကို ဗဟိုကော်မတီရဲ့ သဘောတူ ဆုံးဖြတ်ချက်အရ ကချင် လွတ်လပ်ရေးအဖွဲ့ ဥက္ကဌကြီးကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန် ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် အထက်မှာ ပြောခဲ့သလိုပဲ ကချင်ပြည်နဲ့ ကချင်ပြည်သူ ပြည်သားတွေအတွက် အလင်းတံခါးကို မဖွင့်နိုင်သမျှ ကျနော်တို့ ဒီစစ်ကို မရပ်တော့ဘူးလို့ စိတ်ပိုင်းဖြတ်ပြီး၊ ဘုရား သခင်ရဲ့ ခွန်အားကို ယုံကြည် ကိုးစားတဲ့စိတ်နဲ့ လုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးဖြစ်ကြောင်း ပြောကြားလိုပါတယ်။

 ဒီကနေ့အထိ ကျနော်တို့တပ်တွေနဲ့ ဗမာအစိုးရတပ်တွေ ရင်ဆိုင်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲကြီးငယ် အရေအတွက်ဟာ ရာဂဏန်း ရှိခဲ့ပါပြီ။ သို့သော်လည်းပဲ ဒီကနေ့အထိ ကျနော်တို့ ရဲဘော်တွေ ဗမာကျည် သင့်တယ်ဆိုတာ မရှိသလောက်ပါပဲ။ နောက်ပြီးတော့ ကျနော်တို့တပ်တွေ ရန်သူ တက်မလာနိုင်အောင် လမ်းမကြီးတွေကို ဖြတ်တောက် ပစ်လိုက်ပါတယ်။ ကျနော်တို့ လက်ဦးမှု ရယူ လိုက်ပါတယ်။ အဲဒီအခါကြတော့ သူတို့တတွေ အရှက်ကွဲကြပြီ။ သူတို့ရဲ့တပ်တွေ အင်မတန် စွမ်းဆောင် နိုင်မယ်လို့ ထင်ခဲ့ကြတာပါ။ အမှန်အကယ်တော့ သူတို့တပ်တွေ ဘာမှ မလှုပ်ရှား နိုင်အောင် ဖြစ်ခဲ့တယ်။
“ကိုးကန့်တုန်းကတော့ (၃) ရက်နဲ့ ရှင်းပစ်လိုက်တယ် … ဒီကချင်တွေကိုတော့ (၁၀) ရက် မကြာဘူး … သီတင်း တစ်ပါတ်ထဲနဲ့ ရှင်းပစ်လိုက်မယ်” ဆိုပြီး တရုတ်ဘေကျင်းကို နေပြည်တော် အဖွဲ့က သွားပြောကြတယ်။ တရုတ်ကလည်း ဒါကို ယုံတယ်။ ဒီအကြောင်းအရာတွေကို အခုရက်ပိုင်းကမှ တရုတ်တွေ ကျနော်တို့ကို ပြန်ပြောပြကြတယ်။ ကျနော်တို့ကို အင်မတန် အထင်အမြင် သေးခဲ့ကြတဲ့ အကြောင်း ပြန်ပြောပြကြတယ်။ ကြည့်ရတာ သူတို့ပြောတဲ့အတိုင်း ဖြစ်ခဲ့ပုံ မပေါ်ဘူး။ ကျနော်တို့ကို အရမ်း အထင်သေးခဲ့ကြတယ်။ ကျနော်တို့ကို ဘယ်သူကမှ မကူသော်လည်းပဲ အမှန်တကယ် ကူညီတဲ့သူ ရှိတယ်။ ကျနော်တို့က ဖန်ဆင်းရှင် (Hpan Wa Ningsang, Chye Wa Ningchyang) ကို ရှေးပဝေသဏီ ကတည်းက ယုံကြည် ကိုးစားခဲ့သလို ဒီကနေ့မှာလည်း ဒီဖန်ဆင်းရှင် ထာဝရ ဘုရားသခင်ကို ကိုးစား ဆည်းကပ်နေဆဲ ဖြစ်တယ်။ ဘုရားသခင် ကူညီရင် ကျနော်တို့ကို ဘာမှ မထိခိုက်နိုင်ပါဘူး။
 ဒီလိုပဲ သူတို့တတွေ အရှက်တကွဲ၊ အကျိုးနည်းတွေ ဖြစ်လာတဲ့ အခါကြတော့ ကျနော်တို့ကို ကမ်းလှမ်း လာတယ်။ အပစ်အခတ် ရပ်ကြပါစို့ တဲ့။ ဗိုလ်မှူးကြီး သန်းအောင်ဆိုတဲ့ ကချင်ပြည်နယ် နယ်စပ် ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဦးဆောင်ပြီး လာရောက် ဆွေးနွေး ကမ်းလှမ်း လာခဲ့ကြပါတယ်။ “အပစ်ရပ်ကြပါစို့ .. ကျနော်တို့တတွေဟာ ညီရင်းအစ်ကို တွေပါပဲ .. အမြန်အပစ် ရပ်ကြပါစို့ … စာချုပ်တောင် မလိုပါဘူး …” တဲ့။ အင်မတန်ကို ခင်မင် ရင်းနှီးတဲ့ မိတ်ဟောင်း ဆွေဟောင်းတွေလိုလို၊ မိခင်နို့ တစ်ခုတည်း ပေါင်းစို့ခဲ့တဲ့ မွေးချင်းပေါက်ဖော်တွေလိုလို ပြောလာတယ်။

 တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်

 လွန်ခဲ့တဲ့ ၁၉၉၄ ခုနှစ်တုန်းက ဗိုလ်ချုပ်အေးကျော်၊ ဗိုလ်ချုပ်စောလွင်၊ ဗိုလ်ချုပ်ကျော်သိန်း စတဲ့ ဗိုလ်ချုပ်တွေ မြောက်များစွာနဲ့ အပစ်အခတ် ရပ်စဲရေး စာချုပ်ကို လက်မှတ် ရေးထိုး ခဲ့ကြတယ်။ ကျနော်တို့ ကေအိုင်အိုဘက်ကလည်း ဥက္ကဌကြီးနဲ့ ခေါင်းဆောင်တွေ လက်မှတ် ရေးထိုး သဘော တူညီခဲ့ကြတယ်။ ငြိမ်းချမ်းရေး အကျိုးဆောင်တွေဖြစ်ကြတဲ့ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ဆဘွဲဂျွမ်၊ ဦးခွန်မြတ်၊ ဒူဝါလ၀မ်တို့လို အတွေ့အကြုံ ရင့်ကျက်တဲ့ လူကြီးတွေ လက်မှတ်ရေးထိုး သက်သေ ပြုခဲ့ကြတယ်။ အဲဒီလို အခိုင်အမာပြုခဲ့တဲ့ စာချုပ်တောင်မှ နောက်ဆုံးမှာတော့ အလကား ဖြစ်သွားပါတယ်။ သူတို့ကြိုက်သလို လုပ်ချင်သလိုပဲ လုပ်ခဲ့ကြတယ်။ ဒီလို အခိုင်အမာ လုပ်ခဲ့တဲ့ ကိစ္စတောင် အရာမ၀င်ဖြစ်သွားခဲ့ရတာ၊ အခုလို ဗိုလ်မှူးကြီးအဆင့် လူပုဂ္ဂိုလ်တစ်ယောက် ဆွေးနွေး အဖြေရှာမယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဒီတစ်ခေါက်တော့ ခိုင်လုံတဲ့ ကတိက၀တ်၊ ခိုင်မာတဲ့ သက်သေနဲ့မှ လုပ်တော့မယ်လို့ ပြောလိုက်ပါတယ်။ ကတိတည်ဖို့ လိုသလို၊ သက်သေ ခိုင်မာစေဖို့ရန်အတွက် တရုတ်၊ ဒါမှမဟုတ် ကုလသမ္မဂကို အသိသက်သေ လုပ်ပေးနိုင်စေဖို့ ကျနော်တို့ လိုလားပါတယ်။ အဲဒီအခါကြတော့ သက်သေလုပ်ဖို့ ဦးအောင်သောင်းနဲ့ ဦးသိန်းဇော်တို့ကို အဆိုပြုကြတယ်။ ဘယ်လိုလို့ ဒီလူတွေက သက်သေဖြစ်မှာလဲ။ ဗမာနဲ့ အပစ်အခတ်ရပ်စဲရေး ကတိက၀တ်ပြုမယ့် ကိစ္စမှာ ဗမာတွေကပဲ သက်သေ ပြန်လုပ်မယ်ဆိုတာ အဓိပ္ပါယ် လုံးဝမရှိပါဘူး။ တကယ်လို့သာ အခုလိုမျိုး သူတို့ဘက်က သဘောတူညီမှု ပြန်ချိုးဖောက်ခဲ့ရင် ဘယ်သူက သက်သေ လုပ်ပေးမှာလဲ။ တဘက်ကလည်း ဗမာအစိုးရ၊ သက်သေကတည်း ဗမာကိုယ်စားလှယ် ဆိုတော့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ လုံးဝ အဓိပ္ပါယ်မရှိတဲ့ ကိစ္စပဲ။ ကျနော်တို့ လုံးဝ ငြင်းပစ်လိုက်တယ်။

 ကျနော်တို့ ကချင် လွတ်လပ်ရေးအဖွဲ့ အနေနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ဆိုတဲ့ မဟာ အမှားကြီးကို ပြုခဲ့မိလို့ လွန်ခဲ့တဲ့ (၁၇) နှစ်တာ ကာလပတ်လုံး နိုင်ငံရေးစကား ပြောလို့ မရခဲ့ဘူး။ ဒါ့ကြောင့် ဒီတခေါက် ကျနော်တို့ကို သူတို့ဘက်က ကမ်းလှမ်းလာတဲ့အခါ ကျနော်တို့ဘယ်လို အကြောင်း ပြန်လိုက် သလဲဆိုတော့ “အပစ်အခတ် ရပ်စဲပြီးနောက်) စေ့စပ် ဆွေးနွေးမယ့် နိုင်ငံရေး လုပ်ငန်းစဉ် အဆင့်ဆင့်ကို သိချင်တယ်” ဒီနိုင်ငံရေး ဆွေးနွေးမှု Road Map ကို ကျနော်တို့ သိချင်တယ်။ ဘယ်လို နိုင်ငံရေး ဆွေးနွေးမှုတွေ ရှိလာမလဲဆိုတာ ကျနော်တို့ မေးမြန်းခဲ့ပါတယ်။ ကျနော်တို့ ထင်မှတ်ထားတဲ့ အတိုင်း ကွက်တိပါပဲ။ ဒီ ဗမာအစိုးရက ကျနော်တို့ကို နာဂစ်အခြေခံ ဥပဒေဘောင်အတွင်းကို ဆွဲသွင်းပစ်လိုက်မယ့် သဘော ရှိပါတယ်။ ကျနော်တို့ ဖြစ်စေချင်တာကတော့ ကျနော်တို့ ဘိုးဘွားတွေ အစပြုခဲ့တဲ့ ပင်လုံစာချုပ်၊ ပင်လုံ ကတိက၀တ်ကို အခြေခံတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်စေချင်တာပါ။


နိုင်ငံရေး ဆွေးနွေးမယ် ဆိုတာကိုလည်း အစပိုင်းက သူတို့တစ်တွေ လက်ခံခဲ့ကြတာတော့ မဟုတ်ပါဘူး။ ပြောရင်းဆိုရင်းနဲ့မှ တဖြည်းဖြည်း လက်ခံလာကြတာပါ။
 သူတို့နဲ့ ဆွေးနွေးပွဲတွေ အစပိုင်းမှာ ဘယ်လိုဖြစ်ခဲ့ သလဲဆိုတော့ ကြံ့ဖွံ့ပါတီကလည်းဖြစ်၊ မြစ်ကြီးနားနယ်ရဲ့ လွှတ်တော်အမတ်လည်းဖြစ်တဲ့ (ဗိုလ်မှူးချုပ်) သိန်းဇော်က ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားလာတဲ့အတွက်၊ ကိုယ့်အမျိုးသားချင်း စစ်မက်ဖြစ်ပွားတာကို ခရီးကြုံတုန်း အခိုက်အတန့်မှာ ၀င်ကူညီ စေ့စပ်ပေးချင်တယ် ဆိုပြီး ပြောလာတယ်။ ဒီလိုဆိုတော့ နေပြည်တော်က ခိုင်းလိုက်တာ မဟုတ်ပဲနဲ့တော့ ကျနော်တို့ ဘယ်လို လက်ခံရမှာလဲ။ ပြည်နယ်အဆင့်ပုဂ္ဂိုလ်တွေ ဘာမှ လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူးဆိုတာ ကျနော်တို့ သိနေတာပဲ။ ကျနော်တို့နဲ့ အပစ် ရပ်စဲရေး ဆွေးနွေးဖို့ သူ့ကို ဘယ်သူခိုင်းလိုက်သလဲ၊ နေပြည်တော်က စေခိုင်းလိုက်တာလားလို့ မေးတော့လဲ ပွင့်ပွင့်လင်းလင်း မရှိဘူး။ ဟုတ်သလိုလို၊ မဟုတ်သလိုလိုနဲ့ တယ်လီဖုန်းနဲ့ ပြောပြီးပါပြီ လို့ ပြောတယ်။ သိန်းစိန်နဲ့ တယ်လီဖုန်း ပြောပြီးပြီလို့ ပြောပေမယ့် သက်သေ သာဓကမရှိပဲ ကျနော်တို့က ဘယ်လို လက်ခံ ရမှာလဲ။ ကျနော်တို့ ကေအိုင်အိုနဲ့ စေ့စပ်ဆွေးနွေးဖို့ ခန့်အပ် စေလွှတ်လိုက်ကြောင်း စာနဲ့ ပေနဲ့ မလုပ်ရင်တော့ ဘယ်လိုလုပ် ယုံကြည်လို့ ရမှာလဲ။ တရားဝင် ခိုင်လုံတဲ့ သက်သေ အထောက်အထား ပြပါ ဆိုတော့လဲ မပြနိုင်ဘူး။

 
ရှေ့တန်းနယ်မြေ တနေရာမှ K.I.A 

အဲဒီနောက်မှာတော့ လဂျားယန်မှာ ပြည်နယ် ကိုယ်စားလှယ်အဖွဲ့နဲ့ ပထမအကြိမ် တွေ့ဆုံခဲ့ကြတယ်။ သူတို့ဘက်က ဘာပြောလာသလဲဆိုတော့ “ဇွန်လ (၁၈) ရက်မှ စတင်ကာ ကေအိုင်အေဘက်မှ စတင် ပစ်ခတ်ခြင်း မရှိလျှင် မိမိဘက်မှ ပစ်ခတ်ခြင်း မပြုရန် ညွှန်ကြားထားပြီးပါပြီ” လို့ ပြောလာတယ်။ ကောင်းပြီ။ အထောက်အထားပြပါ ဆိုတော့ မပြနိုင်ဘူး။ မပြနိုင်ဘူးဆိုရင်တော့ ကျနော်တို့ ဘယ်လို ယုံကြည်လို့ရမှာလဲ။ အပစ်အခတ်ရပ်ဖို့က နှစ်ဦးနှစ်ဘက် ကျေနပ်သဘောတူမှ ဖြစ်မှာကိုး။ သူတို့ရဲ့ အထောက်အထားကို မပြနိုင်ပဲနဲ့ ဘယ်လိုလုပ် ရှေ့ဆက်လို့ ရမှာလဲ။ မအူမလည်နဲ့ လာလှည့်ဖြား ခဲ့ကြတယ်။ အပစ်ရပ်တယ်ဆိုတာ နှစ်ဦးနှစ်ဘက် ကျေနပ် သဘောတူရုံ သာမက အသိသက်သေတွေ အနေနဲ့လည်း ခိုင်ခိုင်မာမာ ဖြစ်ဖို့လိုပါတယ်။ သူတို့ဘက်က ကလိန်ကကျစ် လုပ်ကြည့်တာ မဟန်ခါကျတော့ နိုင်ငံရေး ဆွေးနွေးမှုတွေလည်း ရှိလာမှာပါလို့ ပြောလာပြန်တယ်။ အပစ်အခတ် အရင်ရပ်ပြီးတဲ့နောက် နိုင်ငံရေး ဆွေးနွေးကြတာပေါ့တဲ့။ ဖြစ်ပြန်ရော။ ဒီမှာ တစ်ခု သဘောပေါက်ဖို့ လိုတာက သူတို့တတွေက အပစ်အခတ် ရပ်စဲထားတာကို ငြိမ်းချမ်းရေးလို့ အဓိပ္ပါယ် ဖွင့်ကြတယ်။ ကျနော်တို့ အတွက်တော့ ကိုယ်ပိုင် ပြဌာန်းခွင့်နဲ့ ညီတူညီမျှဖြစ်မှုသည်သာလျှင် ငြိမ်းချမ်းရေး ဖြစ်ပါတယ်။ ဒီနိုင်ငံရေး အခွင့်အရေးကို နိုင်ငံရေး နည်းလမ်းနဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာမှသာလျှင် ငြိမ်းချမ်းရေးကို ရရှိမှာ ဖြစ်ပါတယ်။ သူတို့တတွေ ကြိုက်သလို ချယ်လှယ် စိုးမိုးနေပြီးတော့ ကျနော်တို့ကိုတော့ ကန့်သတ် ချုပ်ချယ်မှုတွေနဲ့ ထားမယ်ဆိုရင် ဘယ်လိုလုပ် တရားမျှတ တော့မှာလဲ။ သေနတ်ကိုင်ထားပြီး ခေတ္တခဏ အပစ်ရပ်နေတာ ငြိမ်းချမ်းရေး မဟုတ်ဘူး။ Ceasefire နဲ့ Peace ဆိုတာ တခြားစီပါ။ ဒါကိုကျနော်တို့ ကောင်းကောင်း နားလည်ထားကြဖို့ လိုတယ်။ လွန်ခဲ့တဲ့ အချိန်ကာလတွေတုန်းက ဒီစကားရပ် နှစ်ခုကြားမှာ ကျနော်တို့ လမ်းပျောက်ခဲ့ကြတာပါ။ Ceasefire ဆိုတဲ့ အပစ်အခတ်ရပ်စဲခြင်း နဲ့ Peace ဆိုတဲ့ ငြိမ်းချမ်းရေးဟာ တခြားစီပါ။ သူတို့တတွေက အပစ်ရပ်ပြီးတဲ့ နောက် ပစ်တာခတ်တာ မရှိတော့ဘူးဆိုတော့ လမ်းတွေဖောက်ကာ သွားချင် သလိုသွား၊ လုပ်ချင်တာတွေ လုပ်ခွင့် ရသွားပြီ။ တရုတ် လုပ်ငန်းရှင်တွေ၊ အခြား နိုင်ငံခြားသား လုပ်ငန်းရှင်တွေနဲ့ နိုင်ငံတော်အဆင့်က ချုပ်ဆိုထားတဲ့ စီပွားရေး သဘောတူ စာချုပ်တွေ အကောင်အထည်ဖော်လို့ ရသွားပြီ။ တပ်မတော် မရောက်တဲ့နေရာ မရှိစေရဆိုပြီး နေရာတကာ လိုက်ရှုတ်ပြန်။ ကျနော်တို့မှာတော့ အကန့်အသတ်တွေနဲ့ ဘာမှ လုပ်လို့မရ၊ ကိုင်လို့မရ။ အဲဒါကိုပဲ သူတို့က ငြိမ်းချမ်းရေးလို့ အဓိပ္ပါယ် ဖွင့်ကြတယ်။ သေနတ်သံတွေလဲ မရှိတော့ဘူး၊ ပြည်သူ လူထုတွေလည်း အေးအေးချမ်းချမ်း လုံလုံခြုံခြုံ ဘေးမသီ ရန်မခ သွားလာနိုင်ကြပြီ ဆိုပြီးတော့ ငြိမ်းချမ်း နေပါပြီလို့ ပြောကြတယ်။ ယာယီအပစ်အခတ် ရပ်ထားတာကိုပဲ ငြိမ်းချမ်းရေးလို့ လိမ်လည် လှည့်ဖျား ပြောဆိုခဲ့ကြပါတယ်။

 BGF အရေးတုန်းကလည်း ကျနော်တို့ ဥက္ကဌကြီးကိုယ်တိုင် တက်ရောက်ခဲ့တဲ့ တွေ့ဆုံ ဆွေးနွေးပွဲတစ်ခုမှာ ဗိုလ်ချုပ်ရဲမြင့်က ဘာပြောသလဲဆိုတော့ “ငြိမ်းချမ်းရေး ယူတယ်ဆိုတာ ယာယီ လက်နက်ကိုင်ဆောင်ခွင့် ပြုထားတာဖြစ်တယ် … ထာဝရငြိမ်းချမ်းရေး ယူမယ်ဆိုရင်တော့ လက်နက် အပြီးအပိုင် စွန့်ရမှာဖြစ်တယ် … သို့မဟုတ် နယ်ခြားစောင့်တပ် လက်ခံရမှာ ဖြစ်တယ် …” လို့ ပြောခဲ့ပါတယ်။ ကဲ ဒါသူတို့ရဲ့ ငြိမ်းချမ်းရေး အဓိပ္ပါယ် ဖွင့်ဆိုချက် ဖြစ်တယ်။ လက်နက် အပြီးအပိုင် စွန့်ခြင်းကို ထာဝရငြိမ်းချမ်းရေးလို့ ဖွင့်ဆိုနေကြတာ ဖြစ်တယ်။

 အခုလည်းပဲ ဒီ ထာဝရငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးကို သုံးလာပြန်ပြီ။ ဒါကို မြို့ကြီးပြကြီးတွေမှာ နေထိုင်ကြတဲ့ မိဘပြည်သူ တချို့က သဘောမပေါက်ကြတဲ့အတွက် “အစိုးရကတော့ နိုင်ငံရေး ဆွေးနွေးဖို့၊ ထာဝရငြိမ်းချမ်းရေး ရရှိဖို့ ပြောနေပြီ … အစိုးရက သဘောထားကြီးစွာနဲ့ ကမ်းလှမ်းနေပြီ … ကေအိုင်အိုက ဘာဖြစ်နေတာလဲ …” ဆိုပြီး မေးခွန်း ထုတ်လာကြပါတယ်။ ကျနော်တို့ ကေအိုင်အို/ကေအိုင်အေ ကပဲ စစ်အရမ်း တိုက်ချင်နေသလိုလို၊ စဉ်းစားတွေးတောမှု မရှိပဲ သေနတ်ပဲ ဖောက်ချင်လွန်းလို့ ဖောက်နေသလိုလို ထင်မြင်ပြောဆို လာကြပါတယ်။ မဟုတ်ပါဘူး။ လုံးဝ မဟုတ်ပါဘူး။ မိဘပြည်သူအချို့က နားလည်မှု လွှဲနေကြတာပါ။ အပစ်ရပ်ထားတာကို ငြိမ်းချမ်းရေးလို့ ခေါ်နေကြတာပါ။ ထာဝရငြိမ်းချမ်းရေး ဆိုတာဟာလဲ ကျနော်တို့ရဲ့ တပ်နဲ့လက်နက်တွေကို ပေးလိုက်ရမယ့် အပြီးအပိုင် လက်နက်စွန့်ခြင်း၊ ဒါမှမဟုတ် နယ်ခြားစောင့်တပ်အသွင် ပြောင်းခြင်းကို ပြောနေကြတာ ဖြစ်တယ်ဆိုတာ သိရှိနားလည်ထားဖို့ လိုပါတယ်။ ဒီလိုကိစ္စမျိုး ကျနော်တို့က လုပ်စရာလား။ ဒါဟာ သက်သက် စော်ကားတာပဲ။
 “ဗမာပါးစပ်က ထွက်တဲ့ ထာဝရငြိမ်းချမ်းရေးဆိုတာ ခင်ဗျားတို့၊ ကျနော်တို့ လွယ်ထားတဲ့ သေနတ်ကို အပ်ပစ်လိုက်ခြင်း ဖြစ်တယ်ဆိုတာ နားလည်ထားကြပါ …

နားလည်ကြရဲ့လား …”

 ““နားလည်ပါတယ် ….””

 လွန်ခဲ့တဲ့ (၁၇) နှစ်တာကာလ အပစ်အခတ် ရပ်စဲရေးလုပ်ခဲ့တာဟာ ကျနော်တို့ အတွက် ဘာဆိုဘာမှ အကျိုးမရှိတဲ့ ကိစ္စဖြစ်တယ်။ သူတို့တတွေကပဲ မှန်တယ်၊ သူတို့တတွေကပဲ ကောင်းတယ်ဆိုတဲ့ အချိုးနဲ့ ကျနော်တို့ကိုတော့ အဘက်ဘက်က ချုပ်ချယ်တယ်။ နိုင်ငံရေး ဆွေးနွေး စကားပြောဖို့လည်း မလုပ်ဘူး။ ပြောခဲ့တဲ့အတိုင်း BGF ကိစ္စ ကျော်လွန်သွားတဲ့နောက်တော့ လက်နက်ချပါလို့ ပြောလာတယ်။ ကျနော်တို့ဘက်က မချနိုင်ဘူးဆိုတော့ သောင်းကျန်းသူလို့ ပြန်သတ်မှတ် လိုက်ကြတယ်။  ဒီလို သောင်းကျန်းသူလို့ ပြောဆိုလိုက်ပြီးတဲ့ နောက်ပိုင်း ကျနော်တို့ကို တိုက်ဖို့ပဲ ရှိတော့တာပေါ့။ အဲဒီနောက်တော့ ကျနော်တို့ကို နည်းလမ်း အမျိုးမျိုးနဲ့ ရန်စသလို၊ ပြဿနာရှာသလို ကိစ္စတွေ လုပ်လာတယ်။ တပ်ပိုင်းဆိုင်ရာ နည်းလမ်းတွေနဲ့ ကျနော်တို့ကို ရန်စလာကြတယ်။ တပ်ရင်း (၅) နယ်မြေဘက်မှာ ဘာဖြစ်လာသလဲဆိုတော့ ဆင်ဘို-ကျောက်ကြီး မဟာဗျူဟာ လမ်းဖောက်ဖို့ ပြောလာတယ်။ ခရိုင်ချင်းဆက် လမ်းဖောက်မယ်လို့ ပြောလာတယ်။ ကျနော်တို့နဲ့ ဘာမှမဆိုင်ဘူးလို့ ပြန်ပြောလိုက်တယ်။ ခင်ဗျားတို့ဘာသာ ခင်ဗျားတို့ ခရိုင်ချင်းပဲ ဆက်ဆက်၊ ဘာပဲ ဆက်ဆက် ကျုပ်တို့နဲ့ မဆိုင်ဘူးလို့ ပြန်ပြောလိုက်တယ်။ ကျနော်တို့ နယ်နိမိတ်ထဲ ၀င်လာမယ့်ကိစ္စ။ ကျနော်တို့ကို သောင်းကျန်းသူလို့ သမုတ်လိုက်ပြီးနောက်ပိုင်း ပြောလာတဲ့ ကိစ္စပါ။ အရင်လိုပဲ ထပ်ခါထပ်ခါ ပြောလာကြတယ်။ သေနတ်ဖောက်လို့ရတဲ့ အချိန်လဲ မဟုတ်တဲ့အခါကြတော့ ကောင်းပြီဆိုပြီး သူတို့တပ်တွေကို ၀င်ခွင့်ပေးလိုက်တယ်။ သူတို့တခြားဘာမှ မလုပ်ပါဘူး၊ လမ်းပဲ ဖောက်မှာပါ၊ လမ်းဖောက်ပြီးတာနဲ့ အကုန်ပြန်ဆုတ်ခွာပါ့မယ်လို့ ပြောခဲ့ကြတယ်။ လိမ်ကြလိမ့်မယ် ဆိုတာတော့ သိနေပြီးသားပါ။ ဒါပေမယ့် ဖြစ်ချင်ရာဖြစ်ဆိုပြီးတော့ သူတို့ကို ကျနော်တို့ နယ်မြေထဲ ၀င်ရောက်ခွင့် ပေးလိုက်တယ်။ လမ်းဖောက်ခွင့် ပေးလိုက်တယ်။ လမ်းတော့မဖောက်ဘူး။ သူတို့တပ်တွေ ၀င်ရောက်နေရာယူ တပ်စွဲလာကြတယ်။ စစ်ဆင်ရေးဗျူဟာက G1 ကိုတောင် “ခင်ဗျားတို့ လုပ်နေတာတွေက ခလေး ဗျူဟာတွေပဲ” လို့ ကျနော် ပြောလိုက်သေးတယ်။ တပ်ရင်း (၅) ဌာနချုပ်နဲ့ ကပ်ရပ်မှာ ဗမာတပ်ဖွဲ့တစ်ဖွဲ့ တပ်ဝင်စွဲတယ်။ ဆင်ဘိုဘက်က ဘန်ဒန်စခန်းနားမှာလဲ သူတို့တပ်တစ်တပ် ကပ်ရပ်နေရာ လာယူတယ်။ နောင်းဂန်ဘက်က ရှေ့တန်း စခန်းတစ်ခုနားမှာလဲ ဗမာတပ်တစ်တပ် အထက်အောက် လာပူးထားတယ်။ ကျနော်တို့ ကချင်တွေလည်း တိုက်ပွဲများစွာ တိုက်လာခဲ့ကြတဲ့ သူတွေပါ။ သူတို့ဘာလုပ်လိမ့်မလဲဆိုတာ ကောင်းကောင်းသိပြီးသားပါ။ အဲဒါကြောင့် “ခင်ဗျားတို့ ဒီလို မလုပ်နဲ့ …” လို့ ကျနော်တို့ သတိပေးတယ်။  မဟုတ်ပါဘူးတဲ့။ လမ်းပဲဖောက်မှာပါလို့ ပြန်ပြောတယ်။ လမ်းဖောက်ဖို့ မဟုတ်ဘူးဆိုတာ ကျနော်တို့ သိနေတာပဲ။ ဒီကိစ္စမှာလဲ တော်တော့ကို အငြင်းအခုံ ဖြစ်ခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ကျနော်တို့ သတိပေးလိုက်တယ်။ “ခင်ဗျားတို့ မေလ (၂၅) ရက် နောက်ဆုံး မဆုတ်ခွာပေးဘူးဆိုရင် ဖြစ်လာတဲ့ ပြဿနာတွေအကုန်လုံး ခင်ဗျားတို့တာဝန် ဖြစ်လိမ့်မယ်” လို့ သတိပေးလိုက်တယ်။ ဖြစ်လာမယ့် ကိစ္စတွေအတွက် အဘက်ဘက်မှ ကျနော်တို့ စဉ်းစားထားပြီး ဖြစ်တယ်။ အဲဒီလိုပဲ နယ်မြေဒေသ အသီးသီးမှာ သူတို့နဲ့ ဆက်ဆံရေး အခြေအနေတွေ မကောင်းတော့ဘူး။ ကျနော်တို့ကိုလည်း အမျိုးမျိုး ရန်စလာတယ်။ တပ်ရင်း (၁၁) ဘက်မှာလည်း ရန်ရှာသလိုကိစ္စတွေ ဖြစ်လာတယ်။ တပ်မဟာ (၁) နယ်မြေဘက်မှာလည်း တရုတ်ရဲ့ လျှပ်စစ် စက်ရုံ စီမံကိန်း လုံခြုံရေး အကြောင်းပြကာ ဗမာတပ်အင်အား အလုံးအရင်း ၀င်ရောက်ပြီး ပြဿနာ ရှာလာတယ်။ တပ်ရင်း (၁၀) ဘက်မှာလည်း ဒီလိုကိစ္စတွေ ရှိလာတယ်။ တပ်မဟာ (၃)၊ ရင်း (၂၇) ဘက်မှာလည်း ပြဿနာတွေ ရှိလာတယ်။ ဒီလိုနဲ့ပဲ ဖြစ်ဖို့အကြောင်းဖန်ပြီး စတင်ဖြစ်ပွားတာကတော့ တရုတ်ကုမ္ပဏီ လျှပ်စစ်ထုတ်ရောင်းစားနေတဲ့ Tahkaw Krung (တာပိန်) ဘက်မှာ စဖြစ်တာပါ။ ဒီကိစ္စ နည်းနည်း ပြောပြချင်တယ်။ ဒီဒေသမှာရှိတဲ့ Sang Gang ရဲ့ အောက်ပိုင်းက သူတို့နယ်မြေပါ။ Sang Gang ရဲ့ အပေါ်ပိုင်း၊ မိုင်(၂၀) ၀န်းကျင်ကစပြီး ကျနော်တို့ နယ်မြေပါ။

“ဒီရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ဖို့ဆိုပြီး လုံခြုံရေးအကြောင်းပြကာ ဗမာတပ်တွေ ကျနော်တို့ နယ်နိမိတ်ထဲ ၀င်ရောက်တပ်စွဲခဲ့ကြတယ် … နှစ်နှစ်၊ သုံးနှစ်လောက် စက်ရုံဆောက်ကြတယ် … ကျနော်တို့ ပြဿနာမရှာခဲ့ဘူး … ကျနော်တို့က ပြဿနာအရင်းအမြစ်မဟုတ်ဘူး … စက်ရုံဆောက်ပြီးသွားလို့ သိန်းစိန် ဖွင့်ပွဲလာလုပ်တယ် … စစ်ယူနီဖောင်းဝတ် ၀န်ကြီးချုပ်အနေနဲ့ လာဖွင့်တယ် … ရဟတ်ယာဉ်နဲ့ လာဆင်းကြတယ် … ဒီစက်ရုံ လည်ပတ်ပြီး လျှပ်စစ်မီး ရောင်းစားကြတာပဲ … ကျနော်တို့ ဘာပြဿနာမှ မရှာခဲ့ဘူး … ဒါပေမယ့် အချိန်တန်လာတဲ့ အခါကျတော့ ဗျူဟာမှူးကိုယ်တိုင်ပါဝင်တဲ့ စစ်ကြောင်း အဲဒီစက်ရုံနားမှာရှိတဲ့ တပ်ရင်း (၁၅) ရဲ့ Bum Sen စခန်းဘက်ကို တက်လာတယ် … အဲဒီမတိုင်ခင် ဇွန်လ (၉) ရက် မနက်ပိုင်းမှာ Sang Gang ဆက်ဆံရေးကို ၀င်ရောက်စီးနှင်းပြီး ဒုတပ်ကြပ် ချန်းယိန်းကို ဖမ်းခဲ့ကြတယ် .. အဲဒီနောက်မှာတော့ Bum Sen စခန်းကို စတင်ထိုးစစ်ဆင် ပစ်ခတ်ကြပါတော့တယ်… သူတို့ဘက်က စပစ်လို့ ကျနော်တို့ရဲဘော်တွေ ပြန်လည် ပစ်ခတ်ရာမှ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ် … ဒီရေအားလျှပ်စစ်စက်ရုံ မရှိခင်ကတည်းက ဒီနယ်မှာ ကျနော်တို့ရှိတယ် … စက်ရုံဆောက်ပြီးသွားတော့လည်း ကျနော်တို့ ဆက်ရှိနေတယ် … သူတို့ စက်ရုံဆောက်နေစဉ် နှစ်နှစ် သုံးနှစ်အတွင်းမှာလည်း ကျနော်တို့ ပြဿနာ ရှာခဲ့တာ မဟုတ်ဘူး … စက်ရုံဆောက်ပြီးသွားလို့ ဖွင့်ပွဲလုပ်တော့လည်း ပြဿနာမရှာခဲ့ဘူး … သိန်းစိန် ကိုယ်တိုင် လာရောက်ခဲ့တယ်…  သူစီးလာတဲ့ ရဟတ်ယာဉ်ပစ်ချမယ်ဆိုရင် ကျနော်တို့ ပစ်ချလိုက်လို့ ရတာပဲ … သိန်းစိန်ကို ကျနော်တို့ ပစ်ချခဲ့လို့လား … ဒီရေအားလျှပ်စစ်စက်ရုံ လည်ပတ်ပြီး ကနေ့ ပိုက်ဆံရှာစားနေကြတာပဲ …”

စစ်အစိုးရ စစ်တပ်မှ ဒုတပ်ကြပ်ကြီး ချန်းယိန်းကို အရှင်ဖမ်းသွားပြီး အသေပြန်လာပို့ကြစဉ်...

 ဒါပေမယ့် စိတ်ထားမဖြောင့်တဲ့ ဒီလူတွေက ရေအားလျှပ်စစ် စက်ရုံလုံခြုံရေး ဆိုပြီး လိမ်လည် အကြောင်းပြကာ ဗျူဟာမှူးကိုယ်တိုင် ဦးဆောင်ကာ စတင်လိုက်တဲ့ ပြဿနာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီပြဿနာရဲ့ အရင်းအမြစ်ဟာ သူတို့တတွေပါပဲ။ ကျနော်တို့ သုံးလေးရက်တောင် သည်းခံ ခဲ့ကြပါသေးတယ်။ တရုတ်ရှေ့မှာ မျက်နှာရဖို့ ကိုးကန့်ကို ချေမှုန်းခဲ့သလို ချေမှုန်းပြမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဗျူဟာမှူး ကိုယ်တိုင်ဦဆောင်တဲ့ တပ်အင်အား အလုံးအရင်းနဲ့ ကျနော်တို့ တပ်ရင်း (၁၅) ရဲ့ Bum Sen စခန်းကို အလွယ်တကူ သိမ်းနိုင်မယ်လို့ ထင်ခဲ့ကြတယ်။ အင်အား အလုံးအရင်းနဲ့ ကျနော်တို့ကို စော်ကားပြခြင်းအားဖြင့် တရုတ်ရှေ့မှာ မျက်နှာရလိမ့်မယ်လို့ ထင်ခဲ့ကြတယ်။ ဒီ တပ်ရင်း (၁၅) က မျိုးချစ် စစ်သည်တွေကို ကျနော်တို့ ဂုဏ်ပြုရမယ်။ စံနမူနာ ထားရမယ်။ အဲဒီစခန်းမှာ စစ်သည် ခြောက်ယောက်၊ ခုနှစ်ယောက်ပဲရှိတာ။ မလျှော့သောဇွဲ သတ္တိနဲ့၊ မယိမ်းယိုင်သော စိတ်ဓါတ်နဲ့ ခုခံခဲ့ကြတယ်။ တွန်းလှန်ခဲ့ကြတယ်။ ဗျူဟာမှူး ကိုယ်တိုင်ဦးဆောင်တဲ့ စစ်ကြောင်းမှာ လက်နက်ကြီး မပါပဲတော့ ဘယ်နေလိမ့်မတုန်း။ စဉ်းစားကြည့်ကြပါ။ လက်နက်ကြီးနဲ့ အပြင်းအထန် ပစ်ခတ်သော်လည်းပဲ ကြံ့ကြံ့ခံ ခုခံခဲ့ကြတယ်။ ရဲရဲဝံ့ဝံ့နဲ့ သုံးလေးရက်လောက် ခုခံခဲ့ကြတယ်။ နောက်ဆုံး အင်အားမမျှလို့ ဆုတ်ပေးလိုက်ရတယ် ဆိုပေမယ့် အဝေးကြီးကို ဆုတ်ပေးခဲ့တာ မဟုတ်ပါဘူး။ လှမ်းပစ်လို့ရတဲ့ အကွာအဝေးလောက်ကိုပဲ ဆုတ်ခဲ့ရတာပါ။ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့ လွတ်လပ်ရေး ရဲဘော်ပီသခဲ့ကြပါတယ်။ ကချင်လွတ်လပ်ရေး တပ်မတော်ရဲ့ ဂုဏ်ကိုလည်း ဆောင်ခဲ့ ကြပါပြီ။

[ကချင်ပြည်နယ်နှင့် ကချင်လူမျိုးများကို အဓိက ကိုယ်စားပြုသော ကေအိုင်အို၏ နိုင်ငံရေး ရပ်တည်ချက်နှင့် အမြင်များကို ဝေမျှရန် ရည်ရွယ်ချက်ဖြင့် ဘာသာပြန်ဆိုပါသည်။ လွတ်လပ်စွာ သဘော ကွဲလွှဲနိုင်ပါသည်။]