Monday, April 08, 2013

အစိုးရ အဖွဲ့နဲ့ လွှတ်တော် ထိပ်ပိုင်း ခေါင်းဆောင်တို့ရဲ့ နိုင်ငံရေး အခင်းအကျင်း လှုပ်ရှားမှုများ - အပိုင်း (၂)

|0 comments

 အစိုးရ အဖွဲ့နဲ့ လွှတ်တော် ထိပ်ပိုင်း ခေါင်းဆောင်တို့ရဲ့ နိုင်ငံရေး အခင်းအကျင်း လှုပ်ရှားမှုများ - အပိုင်း (၂)
 W.P Moses
8 April, 2013 (Monday)
 အစိုးရ အဖွဲ့နဲ့ လွှတ်တော် ထိပ်ပိုင်း ခေါင်းဆောင်တို့ရဲ့ နိုင်ငံရေး အခင်းအကျင်း လှုပ်ရှားမှုများ - အပိုင်း 
(၁) ကို ဒီမှာ နှိပ်၍ လေ့လာဖတ်ရှုနိုင်ပါသည်။

လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ အစိုးရတို့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ process လုပ်ငန်းစဉ်အား ဆက်လက်သုံးသပ်ရာမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေး ဆွေးနွေးပွဲမှ စစ်ဖက်နီးစပ်သူများရဲ့ ကြားသိရတာများကို တင်ပြလာပါတယ်။

သိန်းစိန်၊ ဌေးဦး၊ မူတူး

ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ အဓိကတောင်းဆိုတဲ့ အချက်ဖြစ်တဲ့ ဖက်ဒရယ် တောင်းဆိုမှုအပေါ် လိုက်လျောပေးရမယ့် အခြေအနေ ကြုံတွေ့နေရ ပါတယ်။ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှ ဖက်ဒရယ်အား လိုက်လျောရ မည် ဆိုပါက တိုင်းရင်းသားအဖွဲ့တွေရဲ့ ကိုယ်ပိုင်စစ်တပ်ကိုတော့ ဆက်လက်ရပ်တည်ခွင့် မပြုနိုင်ဟု ဆွေးနွေးကြဟန် တူပါတယ်။ ဘာလို့လဲဆိုတော့ သူတို့နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကဖြစ်တဲ့ ကြံ့ဖွံ့ပါတီ ထိပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဋ္ဌေးဦးက ဖက်ဒရယ် ပြဿနာမရှိပေမဲ့ ကိုယ်ပိုင်စစ်တပ်ကို ခွင့်မပြုနိုင်ဟု မီဒီယာတစ်ခုနှင့် တွေဆုံခဲ့စဉ်က ပြောကြားသွားပါတယ်။

နော်ဝေးနိုင်ငံကို အလည်အပတ်ရောက်ခဲ့တုံးက သမ္မတဦးသိန်းစိန် မိန့်ခွန်းအရ တိုင်းရင်းသားများရဲ့ ကိုယ်ပိုင်အခွင့်အရေး၊ ခံစားခွင့် စတာတွေကို တောင်းဆိုလိုပါက လွှတ်တော်မှာ ဆက်လက် ဆွေးနွေး ရမယ်လို့ ဆိုပြန်တယ်။ ဒါကြောင့်လွှတ်တော်မှာ မဲအများစုရထားတဲ့ ကြံ့ဖွံ့ ပါတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်များ အကြိတ်အနယ်ဆွေးနွေးရမယ့် အနေအထားမျိုးရှိပါတယ်။ ဒါပေမဲ့ ဦးသိန်းစိန်က ဖင်လန်နိုင်ငံရောက်ပြန်တော့ စကားတမျိုး ပြောလာပြန်တယ်။ လွှတ်တော်အတွင်းမှာတောင် မဟုတ်တော့ဘဲ အစိုးရအဖွဲ့နဲ့ လွှတ်တော်က ကိုယ်စားလှယ်များ၊ လူထုလူတန်းစားနဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်မှ ကိုယ်စားလှယ်များ စုပေါင်းပါဝင်တဲ့ အဖွဲ့နဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေ ထပ်ပြီး ဆွေးနွေးရမယ်လို့ ဆိုပြန်တာကြောင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့ အလှမ်းဝေးဦးမှာ ဖြစ်နေတယ်လို့ စစ်ဖက်နီးစပ်သူများက သုံးသပ်ပါတယ်။

ဒါကြောင့် အစိုးရအဖွဲ့နဲ့ လွှတ်တော်ထိပ်ပိုင်း ခေါင်းဆောင်တို့ရဲ့ ငြိမ်းချမ်းရေး မဟာဗျူဟာမူဝါဒ ချမှတ်နိုင်ရေးအတွက် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေကို ဖက်ဒရယ်နဲ့ ကိုယ်ပိုင်စစ်တပ် အလဲအလှယ် လုပ်သင့်/မလုပ်သင့် ထည့်သွင်းစဉ်းစားသုံးသပ် နိုင်ပါတယ်။ ဖယ်ဒရယ်ပေးမည် ဆိုလျှင်လည်း လက်ရှိရေးဆွဲထားသည့် အခြေခံဥပဒေကို တော်တော်များများ ပြန်လည် ပြင်ဆင် ပေးရမှာ ဖြစ်ပါတယ်။ (ကာ/လုံ) အစည်းအဝေးမှာ ဆက်လက်ဆွေးနွေးနိုင်တာကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ယုံကြည်မှု မရသရွေ့ လက်နက်မစွန့်နိုင်ဘဲ သူတို့အား ပြည်နယ်စောင့် ရဲတပ်ဖွဲ့အဖြစ် အသွင်ကူးပြောင်းရေး ဆွေးနွေးညှိနှိုင်းဖို့ ရှိပါတယ်။ ဒါပေမဲ့ BGF အသွင်ကူးပြောင်းဖို့ကိုတော့ တိုင်းရင်းသား လက်နက်ကိုင်များက လက်မခံနိုင်ကြောင်း သူတို့ သိထားပါတယ်။

ဒါပေမဲ့ ရဲအဖွဲ့မှာဆိုရင် ဖွဲ့စည်းပုံနဲ့ လုပ်ထုံးလုပ်နည်းအရ လက်နက်ကြီးများကို ထားခွင့်ပြုမှာ မဟုတ်ပြန်တာကြောင့် ဆွေးနွေးသဘောတူညီချက် ရရှိဖို့က အဖုအထစ် အခက်အခဲများစွာ ရှိနေပြီး အချိန်ကြာကြာ ဆွေးနွေးကြဦးမှာ ဖြစ်ပါကြောင်း စစ်ဖက်နီးစပ်သူများက သုံးသပ် တင်ပြသွားပါတယ်။

www.photayokeking.org မှ ကူးယူဖော်ပြသည်။

Sunday, April 07, 2013

အစိုးရ အဖွဲ့နဲ့ လွှတ်တော် ထိပ်ပိုင်း ခေါင်းဆောင်တို့ရဲ့ နိုင်ငံရေး အခင်းအကျင်း လှုပ်ရှားမှုများ - အပိုင်း (၁)

|0 comments

 အစိုးရ အဖွဲ့နဲ့ လွှတ်တော် ထိပ်ပိုင်း ခေါင်းဆောင်တို့ရဲ့ နိုင်ငံရေး အခင်းအကျင်း လှုပ်ရှားမှုများ - အပိုင်း (၁)
W.P Moses
7 April, 2013 (sunday)

၂၀၁၃ ခုနှစ် စတင်ဝင်ရောက်လာပြီ ဆိုကတည်းက ပြုပြင်ပြောင်းလဲရေး လုပ်လိုသော အစိုးရအဖွဲ့နှင့် လွှတ်တော်တို့အကြား အထူးသဖြင့် နိုင်ငံတော်သမ္မတနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တို့အကြား အပြိုင်အဆိုင်ဖြင့် နိုင်ငံတကာနှင့် ပြည်သူလူထုရှေ့တွင် အသားယူ၊ အမှတ်ယူတဲ့ အသွင်သဏ္ဌာန် ထပ်မံပေါ်ပေါက်လာကြောင်း စစ်ဖက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ တင်ပြလာပါတယ်။ မနှစ်က အခြေခံဥပဒေ ခုံရုံးဥက္ကဋ္ဌအား ပြည်ထောင်စုအဆင့် သတ်မှတ်ဖို့ သင့်/မသင့်နဲ့ စပ်လျဉ်းပြီး အစိုးရနဲ့ လွှတ်တော်တို့အကြား သဘောထားကွဲလွဲမှု ဖြစ်ပွားခဲ့ပါတယ်။ အလားတူ ဝန်ထမ်းများအား လစာတိုးပေးရန် အဆိုကို ဦးရွှေမန်းက ဖိအားပေး တောင်းဆိုခဲ့ပေမဲ့ အစိုးရအနေနဲ့ ဘတ်ဂျက်လိုငွေပြမှာ စိုးရိမ်ပြီး ငြင်းဆန်ခဲ့ပါတယ်။ နှစ်သိမ့်တဲ့အနေနဲ့ ဝန်ထမ်း တစ်ဦးလျှင် ထောက်ပံ့ကြေး ပုံသေကျပ် (သုံးသောင်း) သာ ခွင့်ပြုခဲ့ပေမဲ့ ဦးရွှေမန်းက ကျေနပ်ဟန် မတူခဲ့လို့ ဒီနှစ်မှာ ထပ်မံပြီး ဝန်ထမ်းလစာတိုးပေးဖို့ ဖိအားပေး တောင်းဆိုခဲ့ပါတယ်။ ယခုတော့ ဝန်ထမ်းတွေအား မဖြစ်မနေ လစာကျပ် (၂၀၀၀၀) တိုးပေးရတော့မယ်လို့ သိရှိရပါတယ်။ တပ်မတော် အငြိမ်းစား အရာရှိကြီးတစ်ဦးကတော့ အခုလို ဆိုလာပါတယ်။

 မြတ်ဟိန်း၊ သိန်းစိန်၊ ရွှေမန်း

“ဦးရွှေမန်းရဲ့မိန့်ခွန်းထဲမှာ နိုင်ငံတကာရဲ့ရင်းနှီးမြုပ်နှံမှုက လတ်တလောမှာ ဖြစ်ကောဖြစ်ပါ့မလား ဆိုပြီး မသေချာတဲ့ သဘောနဲ့ သံသယရှိတဲ့ အသုံးအနှုန်းမျိုး သုံးလိုက်တယ်။ သမ္မတဦးသိန်းစိန်ရဲ့ Image ပုံရိပ်ကောင်း ထွက်ပေါ်လာမှုအပေါ် ဦးရွှေမန်းရဲ့အတွင်းစိတ်က ယှဉ်ပြိုင်လိုတာမျိုး ရှိတာမို့ သူကလည်း ပြည်သူလူထုအတွက် တကယ်ပဲ အကျိုးဆောင် လုပ်ပေးတော့မလို အနစ်နာခံပြမလို အမှတ်ယူ ချင်တယ်လေ။ ဒါပေမဲ့ လွှတ်တော်မှာ ဦးရွှေမန်းမိန့်ခွန်းက အသက်ဝင်မူအားနည်းနေသလို စကားလုံး၊ စကားစုတွေကို စာဖတ်သလို ဖတ်ရူနေတယ်။ ဖတ်ရာမှာလည်း ထစ်ငေါ့နေတယ်၊ ဆွဲဆောင်မှု မရှိဘူးပေါ့ဗျာ။ ဦးသိန်းစိန်တောင် မိန့်ခွန်းပြောရင် ချောနေတာဘဲ၊ ခေါင်းဆောင်တစ်ဦးရဲ့ ထန်၊ မာန်တွေ အပြည့်နဲ့ ထိထိရောက်ရောက် ပြတ်ပြတ်သားသား လှိုက်လှိုက်လှဲလှဲ ပြောရမယ်ဆိုတာ ဦးရွှေမန်း မေ့သွားပြီ ထင်တယ်၊ စက်ရုပ်ကြီးလို ပြောနေတယ်၊ လုံးဝ အားမရဘူး”

မကြာသေးမှီကလေးကမှ အစိုးရအဖွဲ့အတွင်း အပြောင်းအလဲတွေများပြီး မတည်မငြိမ် ဖြစ်နေတာကို တွေ့ရပါတယ်။ နယ်စပ်ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးဟာလည်း ရခိုင်ကိစ္စကြောင့် ဒုတိယ အကြိမ်မြောက် တပ်ထဲကို ပြန်သွားရတဲ့ ဗိုလ်ချုပ်တစ်ဦးအဖြစ် စံချိန်တင်သွားပြီး သူ့အစား ကစထမှူး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း ဝင်လာပါတယ်။ ခန့်လိုက်တဲ့ဆက်သွယ်ရေး စာတိုက်နှင့်ကြေးနန်းဝန်ကြီး ယခင် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်းတစ်ယောက် စိတ်ထဲမှာ ခံစားနေရတယ် လို့ လေတပ်နဲ့ နီးစပ်သူများ အသိုင်းအဝိုင်းများထံမှ ကြားသိရပါတယ်။ တပ်မတော်မှာနေခဲ့တုန်းက သူနဲ့အပြိုင်ဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဦးဥာဏ်ထွန်းကတော့ ဒုသမ္မတဖြစ်သွားပြီး သူကတော့ ဦးဥာဏ်ထွန်းလက်အောက်ခံ ဝန်ကြီးဖြစ်သွား လို့ စစ်ဖက်နီးစပ်သူများက ကိုမြတ်ဟိန်း စိတ်ထဲမှာ အောင့်သက်သက် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ အမှတ်လျော့သွားတာကတော့ KIA ကို စစ်ဆင်ရေးလုပ်တဲ့ အတောအတွင်း MI-24 ရဟတ်ယာဉ် စက်ချို့ယွင်းချက် ဖြစ်သွားလို့ ထိုးဆင်းလိုက်ရသလို KIA စခန်းတွေကို တိုက်ခိုက်ဖို့ လေကြောင်းအကူ သုံးရာမှာလည်း အမောင်းသင်လေယာဉ်ဖြင့် ပစ်ခတ်ရာမှာ ထိရောက်မှု မရှိတာမို့ နဂိုကတည်းက ပွင့်ပွင့်လင်းလင်း မပြောခဲ့လို့ ဖြစ်ပါတယ်။ နောက်ဆုံးတော့ အစိုးရရဲ့ လေကြောင်း ပစ်ကူ သုံးတာကို နိုင်ငံတကာက ထောက်ပြတာပဲ အဖတ်တင်တာ တွေ့ရပါတယ်။

တပ်မတော်မှာ ငယ်ရွယ်နုပျိုသူများကိုသာ ထားရမယ်ဆိုတဲ့ မူအရ အသက်ကန့်သတ်ချက်များကြောင့် တပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (DSA-19) ထက် တစ်နှစ်ကြီးနေတဲ့ (DSA-18) က (လေ) ချုပ် ဗိုလ်ချုပ်ကြီးမြတ်ဟိန်းကို ဖယ်လိုက်တာလည်း ဖြစ်နိုင်ကြောင်း စစ်ဖက်နီးစပ်သူများက တင်ပြသွားပါတယ်။

 www.photayokeking.org မှ ကူးယူဖော်ပြသည်။

Friday, April 05, 2013

K.I.O နှင့် အစိုးရ ဆွေးနွေးပွဲ ရက်ရွှေ့

|0 comments
 K.I.O နှင့် အစိုးရ ဆွေးနွေးပွဲ ရက်ရွှေ့

5 April, 2013 Friday

M နော်ရှန်

K.I.O နှင့် အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမယ့် အစီအစဉ်ကို အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ UN နှင့် အခြားတိုင်းရင်းသား ကိုယ်စာလှယ်များ တက်ရောက်လေ့လာမှု မရှိတဲ့ အတွက် K.I.O ဘက်မှ ရက်ရွှေ့လိုက်ကြောင်း ဖြစ်ပါတယ်။

 ဦးအောင်မင်း၊ K.I.O ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်

ယင်းဆွေးနွေးပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောဝင်း မဂျွယ် ခန်းမဆောင်မှာ ပြုလုပ်ဖို့ စီစဉ်ထားခဲ့ကြောင်းသိရပါတယ်။ ဒါပေမယ့် ဆွေးနွေးပွဲ ရက်ရွှေ့လိုက်သည့် အပြင် လွန်ခဲ့သည့် အပါတ်က စပြီး မြစ်ကြီးနားမှာ အင်တာနက်လိုင်း၊ ဖုန်းလိုင်းများ ဆက်သွယ်ဖို့ အလွန်ခက်ခဲ နည်းသွားကြောင်း ဒေသခံ ပြည်သူများမှ သိရှိရပါတယ်။ "အရင်အပါတ်က စပြီး ကျမတို့ ဒီမြစ်ကြီးနားမှာ အင်တာနက်လိုင်းက လုံးဝကို နည်းသွားတယ်၊ ပြောမယ်ဆိုရင် ဖွင့်လို့ကို မရတော့ဘူး၊ ဒါပေမယ့် မနေ့ကတော့ ကျမတို့ရုံးမှာ ၁၀ မိနစ်လောက်တော့ ရတယ်။" လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အစိုးရစစ်တပ်ဘက်မှ K.I.O ထိန်းချုပ်နယ်မြေထဲများတွင် စစ်အင်အားတိုးချဲ့ခြင်း၊ စစ်ရေးအရ လှုပ်ရှားမှုလုပ်နေခြင်း၊ နယ်မြေရှင်းလင်းရေးဆိုပြီး တပ်များကို လှဲလှယ်နေခြင်းများ အခုတလော ပိုလုပ်ဆောင်နေကြောင်း K.I.A အရာရှိများက ပြောပါတယ်။

 K.I.O  နှင့် အစိုးရ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးအဖွဲ့တို့အကြား ဒီလ အတွင်းမှာတော့ ထပ်မံဆွေးနွေးနိုင်ရန် မျော်လင့်နေကြပါတယ်။

Wednesday, March 20, 2013

အသက် ၁၈ နှစ် ပြည့်ဖို့ ၃ လ သာလိုတော့တဲ့ ကချင်ကောင်လေး…

|0 comments

အသက် ၁၈ နှစ် ပြည့်ဖို့ ၃ လ သာလိုတော့တဲ့ ကချင်ကောင်လေး…

နော်ရှန်
20 March, 2013 (Wed) 

အသက် ၁၈ နှစ် ပြည့်ဖို့ သုံးလသာလိုတော့တဲ့ ကချင်ကောင်လေး တစ်ယောက်နှင့် စကား ပြောဖြစ်ခဲ့ပါတယ်။ “ကျွန်တော် မလေးရှားရောက်တာ ရှစ်လ ပြည့်ဖို့ နှစ်ပါတ်သာ လိုတော့တယ် တဲ့” ကောင်လေးကပြောတာပါ။ အိမ်မှာ မိဘတွေကို ပိုက်ဆံပို့တာ သုံးသိန်းလောက်တော့ ရှိပြီတဲ့။ သူ့အိမ်က မြန်မာနိုင်ငံရဲ့ မြောက်ဘက်မှာ ရှိတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမှာပါ။

 မလေးရှား တစ်နေရာ

သူကဆက်ပြောပါတယ်..ကျွန်တော် အဖွားကို ဒီတစ်လ (နှစ်လပိုင်း ၂၀၁၃) ပိုက်ဆံ တစ်သိန်းလောက်ပို့ချင်တယ်တဲ့..။ အဲ့ဒါနဲ့ ကျွန်တော်က သူ့ကိုမေးလိုက်ပါတယ်..။ မင်းအဖွားက ဘာဖြစ်တာလဲပေါ့..။ ကျွန်တော်က သူ့အဖွား တခုခု ဖြစ်နေတယ်ထင်လို့ပါ။ ဒါပေမယ့် သူက ရိုးရိုးလေးပဲ ပြောပါတယ်.. ကျွန်တော့်အဖွား ဘာမှ မဖြစ်ပါဘူး..။ ကျွန်တော် ပို့ချင်တာပါ..။ အဖွားမဆုံး (မသေ) သွားခင် သူလုပ်ချင်တာတွေလုပ်၊ ဝယ်စားချင်တာတွေ ဝယ်စားနိုင်အောင်လို့ပါ..။ အဲ့ဒါက ၁၈ နှစ် ပြည့်ဖို့ သုံးလ လိုသေးတဲ့ ကချင်ကောင်လေးရဲ့ ရင်ထဲက ရိုးစင်းတဲ့ စကားသံတွေပါ။

သူက ဆက်ပြောပါတယ်.. ကျွန်တော် အင်္ဂလိပ်စာ၊ စကား တတ်ချင်လိုက်တာ..။ အင်္ဂလိပ်စာ၊ စကား မတတ်လို့လည်း သူများနိုင်ငံမှာ မျက်နှာ ငယ်ရတယ်တဲ့… ကျောင်းလဲတက်ချင်တယ်.... ဒါပေမယ့် အလုပ်လုပ်စားနေရတယ်၊ အလုပ်မလုပ်ရင် ဘယ်သူမှ အလကား မကျွေးဘူးလေး..။ အဲ့ဒါနဲ့ ကျနော်က သူ့ကိုမေးလိုက်ပါတယ်.. မင်းမှာ အစ်ကိုတို့ အစ်မတို့ ဒီမှာ (မလေးရှား) မရှိဘူးလား..? သူက ဘာပြောတယ်ထင်လဲ… ဟား..ရှိတာပေါ့... ပြီးတော့ သူဆက်ပြောပါတယ်.. သူတို့ကိုလည်း အကူအညီအများကြီးတောင်းလို့ မရပါဘူး..။ 

အဲ့ဒါနဲ့ ကျနော်က ပြန်မေးလိုက်တယ်.. ဘာဖြစ်လို့လဲ..? သူကပြောတယ်.. ဟား..ကျနော့်အစ်မက ယောင်္ကျားယူလိုက်ပြီလေး…။ သူ့အစ်မကို အားမရ အလိုမကျတဲ့ လေသံနဲ့ပြောတာပါ…။ အဲ့ဒါနဲ့ ကျနော်က သူ့ကိုပြောလိုက်တယ်.. မင်းအစ်မရဲ့ အသက်က ဘယ်လောက်ရှိပြီလဲ? သူက ၂၈ နှစ်ပါ..။ အဲ့ဒါနဲ့ ကျနော်က သူ့ကို ပြောလိုက်တယ်.. ဟား..မင်းကလည်း.. အသက် ၂၈ နှစ်ဆိုတော့ မင်းအစ်မလဲ ယောင်္ကျား ယူမယ့် အချိန်ရောက်ပြီပေါ့.. ဒါကြောင့် သူအိမ်ထောင်ပြုတာ အပြစ်မရှိပါဘူး.. ဘာညာပေါ့…။

အဲ့ဒီကောင်လေးက ကျနော် လုပ်နေတဲ့ ဆိုင်မှာ အချိန်ပိုင်း အလုပ်လာဆင်းတာပါ..။ ကျနော်သူ့ကို မေးပါတယ်.. မင်းဒီမှာ အလုပ်လာဆင်းတာ သုံး လေး ရက်ရှိပြီလေး.. အဲ့ဒီပိုက်ဆံတွေကော ဘယ်ရောက်သွားပြီလဲ… လို့ ကျနော် မေးတော့.. သူက ဘာပြောတယ်ထင်လဲ.. ဟား.. အစ်ကို ကလည်း... အဲ့ဒီပိုက်ဆံတွေက ကျနော်နေတဲ့ အခန်းခ ပေးလိုက်ပြီလေး ၁၈၀ ရင်းဂစ် ပေးလိုက်ပြီ...။ အလကားမှ နေလို့ မရတာ..။ နောက်တစ်လ ၁၆ ရက်နေ့ ကျရင် တစ်ခါ ပြန်ပေးရမယ်..။ နောက်တစ်လစာပေါ့....။ 

သူပြောတာလည်း ရှင်းရှင်းလေးပါ..။ သူများနိုင်ငံမှာ လာလုပ်စားရတာ မလွယ်လှပါဘူး..။ အဲ့ဒါထက်ပိုဆိုးတာက တစ်ခုရှိသေးတယ်..။ မျက်နှာအရမ်းငယ်ရတယ်… ဘာဖြစ်လို့လဲ..လို့ မမေးနဲ့.. မြန်မာနိုင်ငံသား ဖြစ်နေလို့ပဲ..။ မြန်မာနိုင်ငံသားဆိုရင် မလေးရှားနိုင်ငံသာ မဟုတ်ဘူး.. ဘယ်နိုင်ငံမှ အထင်မကြီးပါဘူး.. အထင်မကြီးတာ ထားလိုက်အုံး.. အထင်အရမ်းသေးတဲ့ အကြည့်တွေနဲ့ အကြည့်ခံရတာ အရမ်းခံပြင်းတယ်ကွာ..။ ပြီးတော့ မြန်မာ နိုင်ငံသားဆိုရင် ဘယ်နိုင်ငံသားကမှ ကောင်းကောင်းမွန်မွန် မဆက်ဆံကြပါဘူး…။ ပြီးတော့ တချို့တရုတ်တွေဆိုရင် ဘာပြောတယ်ထင်လဲ..? “ထါးရှီ..မြဲန်တဲန်း” တဲ့..။ ဘာလဲ အဲ့ဒါ.. သူတို့က မြန်မာနိုင်ငံသားလေး တဲ့..။ အရမ်း အထင်သေးတဲ့ အကြည့်.. လေသံနဲ့ ပြောတာပါ.. အဲ့ဒါက ကျနော်ကိုယ်တိုင် လက်တွေ့ခံခဲ့ရတာပါ..။

ဒါနဲ့ကောင်လေးက ဆက်ပြောတယ်.. သူများနိုင်ငံမှာ နေရတာ မလွယ်ပါဘူး..။ ကျနော်ကမေးလိုက်တယ်..။ ဘာဖြစ်လို့လဲ..? ဟား… အစ်ကိုကလည်း စဉ်းစားကြည့်လေး.. ဘယ်ဘဲ သွားသွား ရဲ တွေကိုရော၊ စစ်သားတွေ ကိုရော ကြောက်နေရတယ်…။ ဒါပေမယ့် ဒီမှာကြောက်ရ တာက ဟောမှာထက်စာရင် ကောင်းပါတယ်..။ အဲ့ဒါနဲ့ ကျနော်က မေးလိုက်တယ်.. ဟောမှာဆိုတာက ဘာကိုပြောတာလဲ..ပေါ့… အဲ့ဒါနဲ့ ကောင်းလေးက..ပြောတယ်.. ဟား.. အစ်ကိုကလည်း ဝေးလိုက်တာ.... ကျနော်ခံလိုက်ရတယ်.. ဟော…မှာ ဆိုတာက ကျနော်တို့ မြန်မာ နိုင်ငံလေး..…။ မြန်မာနိုင်ငံက ရဲ တွေ၊ စစ်သားတွေ၊ အထက်အရာရှိတွေဆိုရင် ရိုင်းလိုက်တာ..။ မေးတာ မြန်းတာလည်း ခြိမ်းလား.. ခြောက်လားနဲ့.. ငေါက်တောင်ငေါက်လိုက်သေး.. အဲ့ဒီမှာ အချိုး သိပ်မပြေဘူးဆို ရင်တော့ နာဖို့သာ ပြင်ထားတော့.. ခြေထောက်နဲ့ ကန်တာတို့ ရိုက်တာတို့ အစုံပါကွာ…။ 

သူများနိုင်ငံက ရဲတွေ ဆိုရင် အဲ့လိုမလုပ်ဘူး.. ကျနော်တစ်ခါ ကြုံဖူးတယ်…..။ အဲ့ဒါနဲ့ သူ့ရဲ့ အတွေ့ အကြုံကို ဝေမျှလေရော…။ ကျနော်ည အလုပ်က အပြန်လမ်းမှာ ရဲ နှစ်ယောက်နှင့်တွေ့တယ်… သူတို့က ကျနော့်ကို ရိုရိုသေသေနှင့် ရိုးရိုးလေးပဲ မေးပါတယ်… ဒါနဲ့ ကျနော်လဲ ရိုးရိုးလေးဆိုတော့ စိတ်ဝင်စားစွာနဲ့ မြန်မြန်မေးလိုက်တယ်.. ဘယ်လို ရိုးရိုးလေးလဲ..? လို့.. ။ အစ်ကိုကလည်း ပြောပြမှာပါတဲ့.. သူက လူကြီးစတိုင်လ်နဲ့ ပြန်ထည့်တယ်..။ အဲ့ဒါနဲ့ ကျနော်လည်း ငြိမ်ငြိမ်လေး နားစွင့်နေလိုက်တယ်..။ အဲ့ဒီရဲ သားနှစ်ယောက်က မေး တယ်… မင်းမှာ အိုင်စီ ရှိလား..တဲ့…။ မလေးလို မေးတာပါ.. အာဒါ့အိုင်စီကား..? တဲ့..။ ကျနော်လည်း စကားမပြောပဲ ခဏလေး ငြိမ်နေလိုက်တယ်.. အဲ့ဒါနဲ့ သူတို့ နှစ်ယောက်က ပြန်မေးလိုက်တယ်.. ဟဲ.. ဒီတခါတော့ နည်းနည်း အဆင့်မြင့်တယ်... ဒါနဲ့ ကျနော်က ဟာ.. မင်းကလဲ အဲ့ဒါမေးတာများ အဆင့်မြင့် အဆင့်နိမ့် ရှိသေးလို့လား..? ပေါ့… သူက.. ရှိတာပေါ့….. ဒီတခါမေးတာ မလေး လို မဟုတ်တော့ဘူး..ကွ…။ ဒါနဲ့ ကျနော် က စိတ်မရှည်စွာဖြင့် .. မလေး လိုမဟုတ်ရင် ဗမာလို မေးလိုက်တာပေါ့.. မင်းကို မြန်မာ နိုင်ငံသားမှန်း သိလို့… လို့ ပြောလိုက်တော့.. ကောင်လေးက .. ဟာ..အစ်ကိုကလည်း.. ဗမာလို မဟုတ်ပါဘူး.... ဒါဆိုရင် ဘယ်လို မေးတာလဲ..? သူတို့က ကျနော့်ကို မေးလိုက်တယ်… ဒူးယူဟဲပ်အိုင်စီ..တဲ့.. Do you have IC?  အဲ့ဒါနဲ့ ကျနော်က ရည်ပြီး ပြောလိုက်တယ်.. မင်းဟာလည်း တမျိုးပါလား..။ ကောင်လေးက ဆက်ပြောတယ်… အဲ့ဒီလို သူတို့ ကျနော့်ကို အင်္ဂလိပ်လို Do you have IC? လို့ မေးပြီး တာနဲ့ ကျနော်လည်း အင်္ဂလိပ်စကားက ခေတဲ့ ကောင်မှ မဟုတ်တာ.. အင်္ဂလိပ်စကားကို တော်တော်လေ့လာ ထားတာ… ကျတော်လည်း သူတို့ နှစ်ယောက်ကို အင်္ဂလိပ်လို အပြတ် ပြန်ပြောလိုက်တာပေါ့.... ဒါနဲ့ ကျနော်က စိတ်ဝင်စားစွာနဲ့… ဒီကောင်ဘယ်လိုများ မုတ်လိုက်သလဲ..ပေါ့.. မင်းက ဘယ်လိုအပြတ် ပြန်ပြောလိုက်တာလဲ..လို့ မေးတော့.. ဟား.. အစ်ကိုကလည်း လွယ်လွယ်လေးပါ..… ကျနော် တခွန်းပဲ ပြောချလိုက်တယ်… နိုး… No.. လို့ အကျယ်ကြီး ပြောလိုက်တော့ သူတို့ ငြိမ်ကျသွားတယ်..။ ဒါနဲ့ ကျနော်က မအောင့်နိုင်တော့လို့ ရယ်ချလိုက်တော့တာပေါ့…ဟား…ဟား..ဟား…. ကောင်လေးက ဆက်ပြောတယ်.. ကျနော်အဲ့လို နိုး .. လို့ ပြောလိုက်တော့ သူတို့က ကျနော့်ကိုယ်ကို နည်းနည်း လိုက်စစ်ဆေးတယ်.. ပြီးတော့ ကျနော့်မှာ ဘာမှ မတွေ့တော့ ဒီတိုင်းပဲ ပြန်လွတ်လိုက်တယ်…။ သူတို့က ပြောလိုက်သေးတယ်.. ဂွတ်ထ်နိုက် တဲ့… Good night.. ပေါ့..။ ကျနော်တွေ့ကြုံခဲ့တယ် ဆိုတဲ့ အဖြစ်အပျက်က အဲ့ဒါပါပဲ…။

အဲ့ဒီကောင်လေး ပြောတဲ့ ရင်ထဲက စကားတွေဟာ အပြစ်ကင်းစင်ပြီး ရိုးရှင်းလှပါတယ်…။ အဲ့ဒီကောင်လေး ရှေ့ဆက်ပြီး ဘာတွေဖြစ်မလဲလို့ စိတ်ဝင်စားမိတာတော့ အသေအချာပါပဲ လေး..။ 
  
စားဖတ်ပရိတ်သတ်တွေကို အစဉ်ရိုသေလေးစားလျက်…

Naw Shan

Sunday, September 16, 2012

မုသားမပါတဲ့ အဖြေလိုချင်တယ် - အပိုင်း (၁)

|0 comments
17 Sep, 2012 (Monday)

ဆောင်းပါရှင် - W.P Moses

စဉ်းစားကြည့်ရအောင်၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်လို့ ပြောနေကြတယ်၊ တကယ်ကော အဲ့ဒီလိုမျိုး ဖြစ်နေလို့လား? ပြည်ထောင်စု ဆိုတဲ့ဝေါဟာရကို ကျနော်တို့ တကယ်ကော သဘောပေါက်ပါသလား? ပြီးတော့ တန်းတူ အခွင့်အရေးလို့ ပြောတယ်၊ ဘယ်လူမျိုး၊ ဘယ်တိုင်းရင်းသားတွေက တန်းတူ အခွင့် အရေး ရဖူးလို့လဲ၊ တကယ်တော့ကွာ ကျနော်သိတဲ့ တန်းတူ အခွင့်အရေးဆိုတာ ရိုးရိုးရှင်းရှင်းလေးပါ။ မင်းငိုရင် ကျနော်လည်း ငိုမယ်၊ မင်းပျော်ရင် ကျနော်လည်း အတူတူ ပျော်မယ်၊ မင်းအခက်အခဲတွေနဲ့ ကြုံတွေ့နေရင် ငါကူညီမယ်၊ ငါတွေ့ကြုံနေရင် မင်းက ကူညီမယ် ဒီလိုပါပဲ။



အခုကြတော့ ဒီလိုမဟုတ်ပါဘူး၊ ရှင်းရှင်း ပဲပြောမယ်၊ စစ်တပ်ထဲမှာပဲကြည့် တိုင်းရင်းသားတွေဆိုရင် ရာထူး မတိုး၊ မတက်တော့ဘူး၊ ပြီးတော့ ခရစ်ယာန် ဆိုရင် ရာထူးမတက်တော့ဘူး၊ ဒါတွေလား ပြည်ထောင်စု စိတ်ဓါတ်၊ တန်းတူအခွင့်အရေး ဆိုတာ၊ တိုင်းရင်းသား တိုင်းရင်းသား လို့ပြောရင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စသည်တို့ကိုပဲ တန်း မြင်ကြတယ်၊ ဗမာကော တိုင်းရင်းသား မဟုတ်ဘူးလား၊ ပြီးတော့ ကျန်တဲ့ ပလောင်၊ ပအို့ဝ် စသည် စသည် တို့ကော တိုင်းရင်းသားတွေ မဟုတ်ဘူးလား။

တကယ်လို့ ဗိုလ်ချုပ်အောင်ဆန်းသာ အသက်ရှင် ရှိနေအုံးမယ်ဆိုရင် ကျနော် မေးချင် ပါတယ်။ သူကကော တိုင်းရင်းသားတွေကို တကယ်စစ်မှန်တဲ့ တန်းတူအခွင့် အရေး ပေးချင်သလား? အခု လက်ရှိ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မေးချင်ပါတယ်၊ အခု တကယ် သူမရဲ့ စိတ်ရင်းထဲမှာကော တိုင်းရင်းသားတွေကို တန်းတူအခွင့်အရေး ဆိုတဲ့ စစ်မှန်တဲ့ အရာကို ပေးချင်သလား? ရစေချင်သလား? ဒီမေးခွန်းဟာ ရိုးရိုးလေးပေမယ့် တကယ် မုသားမပါပဲ ဖြေမယ်ဆိုရင်တော့ ခက်ခဲတဲ့ မေးခွန်း တခု ဖြစ်မယ်ထင်ပါတယ်။

ရိုးသားပါ၊ ဖြူစင်ပါလို့ သွန်သင်ကြတယ်။ ဒီစကားလုံးတွေဟာ ရိုးရှင်းပါတယ်၊ ဒါပေမယ့် တကယ့် နိုင်ငံ့ခေါင်းဆောင် (စား) ကြီးတွေက လိုက်နာကျင့်သုံးပါသလား? ဘယ်လိုက်နာကျင့်သုံးမှာလဲ..၊ ပြည်သူတွေကို လိမ်တယ်၊ ညာတယ်၊ တကယ်ရိုးသားဖြူစင်တဲ့ တိုင်းရင်းသားတွေကို မည်းသိုးနေတဲ့ မုသားကြီးတွေကို သုံးပြီး လှည့်စားတယ်၊ လိမ်ညာခဲ့တယ် အခုထိပါပဲ။ အဲ့ဒါတွေကြောင့် အခု ဘယ်လူမျိုးစု၊ ဘယ်တိုင်းရင်းသားမှ သူတို့ (စစ်အစိုးရ) ကို အယုံကြီးယုံတော့မှာလဲ..? ဒါဟာ ကိုယ်စိုက်တဲ့ အတိုင်း ကိုယ် ပြန်ရိပ်ရတာပဲ။

စဉ်းစားကြည့်လိုက်ရင် ရိုးရိုးရှင်းရှင်းလေးပါ..၊ လူ့လောကကြီးထဲမှာ နေတဲ့ ခဏသာ အတွင်းမှာ အရိုးသားဆုံး မဟုတ်ရင်တောင်မှ မှန်ကန်စွာ နေထိုင်မယ်၊ အချင်းချင်း မကူညီရင်တောင်မှ ဒုက္ဒခ မပေးဘူး ဆိုရင် ဘယ်လောက် ပျော်စရာ ကောင်းမလဲ။ လောဘအိုးကြီး စစ်အာဏာရှင် အစိုးရတွေကြောင့် ပြည်သူလူထု ဆင်းရဲ ဒုက္ဒခတွေနဲ့ တွေ့ကြုံနေရတာ ရင်မောတယ်။ အဲ့ဒီလောက်လည်း လောဘကြီးစရာ မလိုပါဘူး၊ ကိုယ်သေသွားရင် ဘာမှ ယူသွားလို့ ရမှာမဟုတ်ဘူး။ ဒီ သင်ခန်းစာ၊ စံနမူနာကို ဦးပေါ်ဦးလည်း ပြခဲ့ပြီးပါပြီ။ စဉ်းစားကြည့်ကြပါ စစ်အာဏာရိုးတွေရဲ့၊ အချိန်တွေ မနှောင်းသေးပါဘူး။ ငရဲမှာတောင် ဟော အ၀ီစိအောက်ထိ ရောက်မယ့်ကောင်တွေလို့ မြင်နေမိပါတယ်။

Saturday, September 15, 2012

ကချင် (၀န်ပေါင်) သမိုင်း သုံးသပ်ချက်များ

|0 comments
 15 Sep, 2012 (Sat)
W.P Moses

လိုင်ဇာ - ကချင်ပြည်မှ သမိုင်းပညာရှင်များနှင့် ဘာသာဗေဒပညာရှင်များအနက် နှစ်ခြင်းသိက္ခာတော်ရဆရာတော် ဦးဂျာဂွန်းသည် ထင်ရှားကျော်ကြားသူတစ်ဦးဖြစ်သည်။ ကျောင်းသားအရေးတော်ပုံများ ကြီးကြီးမားမားဖြစ်ပွားခဲ့သည့် ၁၉၆၀-၁၉၇၀ ခုနှစ်များတွင် ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သည်။ ကျောင်းသားအရေးတော်ပုံများတွင် ပါဝင်ခဲ့သည်။ တစ်ချိန်က မြန်မာသင်ရိုးညွှန်းတမ်းအားဖြင့်သာ ကမ္ဘာ့အမြင်ကို ကန့်သတ်နားလည်ခဲ့ကြသော ကချင်လွတ်မြောက်ရေးအဖွဲ့၏ အမှုထမ်းများကို နိုင်ငံရေးသမိုင်းသင်ကြားပေးခြင်းဖြင့် ၎င်းတို့၏ အမြင်ကို ပြုပြင်ပြောင်းလဲစေရန် ဦးဆောင်ဦးရွက်ပြုလျက် ရှိသည်။ ဇွန်လ၌ ဧရာဝတီသတင်းဌာနက တွေ့ဆုံမေးမြန်းစဉ် ကေအိုင်အိုနှင့် မြန်မာအစိုးရအကြား ဖြစ်ပွားနေသော လတ်တလောပဋိပက္ခ၏ နောက်ခံသမိုင်းကြောင်း နှင့် ငြိမ်းချမ်းရေးညှိနှိုင်းခြင်းတွင် ပဓါနကျသည့် အတားအဆီးများအကြောင်းကို ကချင်အမျိုးသားတစ်ဦး၏အမြင်ဖြင့် ဆွေးနွေးထားပါသည်။

မေး။ ။ ကိုလိုနီမတိုင်ခင်ခေတ်က စကြရအောင်။ အဲဒီအချိန်တုန်းက ကချင်လူမျိုးတွေနဲ့ မန္တလေးက ဗမာဘုရင်တွေရဲ့ အကြားဆက်ဆံရေးက ဘယ်လိုရှိခဲ့သလဲ။

ဖြေ။ ။ ကချင်လူမျိုးတွေဟာ ဗမာပြည်နဲ့ တရုတ်ပြည်ကြားမှာ နေထိုင်ခဲ့ကြတယ်။ အင်အားကြီးတိုင်းပြည်နှစ်ခု ကြားနေဖြစ်ခဲ့ကြတယ်။ ဗမာဘုရင်တွေ တရုတ်ပြည်ကို သွားရောက်တိုင်းမှာ ကချင်အကြီးအကဲတွေနဲ့ ညှိနှိုင်းရလေ့ရှိတယ်။ သမိုင်းမှတ်တမ်းမရှိခင်အချိန်ကတည်းက ကျနော်တို့ဟာ ဒီကြားနေနယ်မြေမှာ နေထိုင်ခဲ့ကြတယ်။ ကချင်တွေဟာ ဒီနယ်စပ်ဒေသကို ထိန်းချုပ်ခဲ့ကြတယ်။
ကချင်လူမျိုးတွေဟာ ဗမာဘုရင်တွေနဲ့ ဆက်ဆံရေး ရှိတစ်လှည့်၊ မရှိတစ်လှည့် ဖြစ်ခဲ့တယ်။ တခါတရံ ဗမာဘုရင်တွေက မိုးကောင်း၊ ဗန်းမော်တို့ကို သိမ်းပိုက်ခဲ့ဖူးတယ်။ အောက်ပိုင်းဒေသတွေလောက်ပါပဲ။ အရင်တုန်းကတော့ ကချင်တွေဟာ ကြေးစားစစ်သားတွေ ဖြစ်ခဲ့တယ်။ ကချင်တွေရဲ့ အားသာချက်က ဒီတောင်တန်းဒေသ၊ ဒီရာသီဥတုတွေနဲ့ သဟဇာတဖြစ်အောင် နေထိုင်တတ်တယ်။ ဗမာတပ်မှာ
လက်နက်ကောင်းတွေရှိပေမယ့် သဘာဝအတားအဆီးတွေကို သူတို့ မကျော်လွှားနိုင်ခဲ့ကြဘူး။ စစ်ဖြစ်တိုင်းမှာ ကချင်တွေနဲ့ မိတ်ဖွဲ့တဲ့သူက နိုင်စမြဲပဲ။

မေး။ ။ ဗမာလူမျိုးအများစုက သူတို့ကိုယ် သူတို့ တောင်ပေါ်သားလို့ ခေါ်ကြတဲ့ ကချင်၊ ကရင်တို့လို တိုင်းရင်းသားလူမျိုးတွေထက် သာတယ်လို့ ထင်ကြတယ်။ ဘာကြောင့် ဒီလိုဖြစ်တယ်လို့ ထင်သလဲ။

ဖြေ။ ။ ဗမာလူမျိုးတွေဟာ သူတို့မှာ ဘုရင်ရှိခဲ့ဖူးတယ်ဆိုပြီး အင်မတန် ၀ံ့ကြွားကြတယ်။ ကျနော်တို့ ကချင်တွေကျတော့ ဗမာ၊ တရုတ် ဘယ်သူ့လက်အောက်မှ မကျရောက်ခဲ့ဖူးတဲ့အတွက် အင်မတန် စိတ်ဓါတ်ခိုင်မာကြတယ်။ ကချင်တွေကို ဗြိတိသျှတွေ ပထမဆုံးအောင်နိုင်ခဲ့တယ်။ ကချင်တွေက အမြဲလိုလို စစ်တိုက်နေကြလေ့ရှိတယ်။ တခါတရံ ကိုယ့်အချင်းချင်း တိုက်ကြတယ်။ တခါတလေတော့ တခြားရန်သူတွေနဲ့ တိုက်ကြတယ်။ ရှမ်းလူမျိုးတွေက အရင် တိုးတက်ခဲ့ကြပြီး ကချင်တွေက ရှမ်းတွေရဲ့ ယဉ်ကျေးမှုကို လိုက်လျောညီထွေဖြစ်အောင် အသုံးပြုခဲ့ကြတယ်။ လယ်စိုက်ပျိုးခြင်းကို ရှမ်းလူမျိုးတွေဆီက သင်ယူခဲ့တယ်။ ဗမာဘုရင်တွေက ကချင်တွေကို အရိုင်းအစိုင်းတွေလို့ပဲ သတ်မှတ်ခဲ့ကြတဲ့အတွက် ကချင်တွေကို ထိမ်းချုပ်ဖို့ စိတ်မကူးခဲ့ကြဘူး။ သူတို့ဟာ ကျနော်တို့ကို လုံးဝ လျစ်လျူရှုခဲ့ကြတယ်။

မေး။ ။ ကိုလိုနီခေတ်ကို ဆက်သွားကြတာပေါ့။ ဗြိတိသျှတွေက ဗမာပြည်နဲ့ ကချင်တွေကို ဘယ်လို ပြောင်းလဲစေခဲ့သလဲ။

ဖြေ။ ။ ဗြိတိသျှလက်အောက်က ဗမာပြည်နဲ့ ဗမာဘုရင့်တိုင်းပြည်က တခြားစီပါ။ ဗမာဘုရင်တွေရဲ့ နယ်ပယ်က အကန့်အသတ်နဲ့ပဲ ရှိတာပါ။ ကချင်ပြည်၊ ၀ပြည်၊ ကရင်နီပြည်၊ တခြားပြည်တွေ တစ်ပြည်လုံးကို ဗမာဘုရင်တွေ မထိမ်းချုပ်နိုင်ခဲ့ပါဘူး။ ဗမာပြည်မဒေသလောက်ပဲ သူတို့အုပ်ချုပ်ခဲ့ကြတာပါ။ အိန္ဒိယဒေသ (Indian sub-continent) ကို ကာကွယ်ဖို့အတွက် ဗြိတိသျှတွေက ဒီနယ်မြေဒေသတွေအားလုံးကို သိမ်းပိုက်ခဲ့တယ်။ ၁၈၈၆ ခုနှစ် ဗြိတိသျှကျူးကျော်မှုကို တွန်းလှန်ခဲ့တုန်းက ဘယ်ဗမာစစ်သူကြီးကမှ မပါဝင်ခဲ့ဘူး။ ကချင်ခေါင်းဆောင်တွေပဲ နယ်ချဲ့တွေကို တွန်းလှန်ခဲ့တယ်။ ၁၈၈၅ ခုနှစ်မှာ သီပေါဘုရင်လက်က ဗမာ့ထီးနန်းကို သိမ်းပိုက်ခဲ့ပြီးတဲ့နောက် ကချင်ပြည်ကိုလည်း အလိုအလျောက်အောင်နိုင်ပြီလို့ ဗြိတိသျှတွေ ထင်မှတ်ခဲ့ကြတယ်။ ဒါပေမယ့် သူတို့တွေရောက်လာတာနဲ့ ကချင်ခေါင်းဆောင်တွေက တော်လှန်တော့တာပဲ။ ဒါကြောင့် ကချင်ဟာ ဗမာဘုရင်တွေရဲ့ လက်အောက်ခံမဟုတ်ဘူးဆိုတာ ဗြိတိသျှတွေ သဘောပေါက်သွားခဲ့ကြတယ်။
ဒီကနေ့ ပြည်ထောင်စုမှာ ကျနော်တို့က မိမိဆန္ဒအလျောက် ပူးပေါင်းပါဝင်ခဲ့တာပါ။ ရှမ်း၊ ကချင်နဲ့ တခြားတိုင်းရင်းသားတွေမှာ ကိုယ်ပိုင် သမိုင်း၊ ကိုယ်ပိုင် နယ်မြေဒေသ၊ ကိုယ်ပိုင် ဘာသာစကားတွေ ကိုလိုနီအုပ်ချုပ်ရေး မတိုင်ခင်ကတည်းက ရှိခဲ့တယ်။ ဗြတိသျှအစိုးရက တိုင်းရင်းသားနယ်မြေတွေ အားလုံးကို ပေါင်းစည်းပြီး ဗြိတိသျှဗမာပြည်ကို တည်ထောင်ခဲ့တာပါ။

မေး။ ။ ဒုတိယကမ္ဘာစစ်မှာ ကချင်တွေ ဗြိတိသျှဘက်က ပါဝင်တိုက်ခိုက်ခဲ့တယ်။ ဗမာတွေကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှုနဲ့ ဂျပန်တွေနဲ့ပဲ အချိန်တော်တော်ကြာ ကုန်လွန်ခဲ့တယ်။ ဒီအချက်က ကချင်-ဗမာဆက်ဆံရေးကို ဘယ်လို အကျိုးသက်ရောက်မှုတွေ ဖြစ်စေခဲ့သလဲ။

ဖြေ။ ။ ကချင်နဲ့ ချင်းတွေက မဟာမိတ်တပ်ပေါင်းစုကို ထောက်ခံတဲ့သူတွေဆိုတော့ ဂျပန်ခေတ်မှာ (ဗိုလ်ချုပ်) အောင်ဆန်းနဲ့ သူ့ရဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေ) ရောက်လာချိန်မှာ ကချင်တွေ အမြောက်အများကို နယ်ချဲ့လက်ပါးစေတွေဆိုပြီး သတ်ဖြတ်ခဲ့တယ်။ ကျနော့်ဆီမှာ ဒီအကြောင်းနဲ့ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာတွေ
အများကြီးရှိပါတယ်။ ဂျပန်သေနတ်တွေကို နေရာတိုင်းမှာ သုံးခဲ့တယ်။ ၁၉၄၄ မတိုင်ခင်အထိ ဘီအိုင်အေတပ်တွေ ရွာတွေထဲ ၀င်ရောက်ပြီး ကချင်ပြည်သူတွေကို ဒုက္ခမျိုးစုံပေးခဲ့တယ်။
ဘီအိုင်အေက ဗမာပြည်ကို ဂျပန်လက်အောက်ကနေ လွတ်လပ်ရေး ရယူပေးခဲ့တယ်ဆိုတာ တကယ့်ဟာသပဲ။ မဟာမိတ်တပ်ပေါင်းစု၊ ကချင်လူမျိုးတွေ၊ မြောက်ပိုင်းကချင်ရိန်းဂျားတပ်သားတွေ တခြားတောင်ပေါ်သားလူမျိုးစုတွေနဲ့ ပူးပေါင်းပြီး ဂျပန်ကို နှင်ထုတ်ခဲ့တာပါ။ အောင်နိုင်မှု အထိမ်းအမှတ်အဖြစ်နဲ့ ကချင်ရိန်းဂျားတွေ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၄-၂၆ ရက်နေ့အတွင်း ဗန်းမော်မှာ ပနမ်မနောပွဲ(Panam Manau)ကို ကျင်းပခဲ့တယ်။ နောက်တစ်ရက် မတ်လ(၂၇)ကျမှ (ဗိုလ်ချုပ်)အောင်ဆန်းက ရန်ကုန်မှာ ဖက်ဆစ်တော်လှန်ရေးကို စတင်ခဲ့တာပါ။ ဒါ့ကြောင့် ဗမာတွေ ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာ ပါဝင်ခဲ့တာ နှစ်လ၊ သုံးလပါပဲ။
ဂျပန်ကို အောင်နိုင်လိုက်နိုင်တာကြောင့် နိုင်ငံရေးပြောဆိုဆွေးနွေးရာမှာ ကချင်က အဓိကဖြစ်လာတာပါ။ နိုင်ငံရေးချိန်ခွင်လျှာမှာ ကျနော်တို့က အသာစီးဖြစ်ခဲ့တာကိုး။ အဲဒါကတော့ အပြောင်းအလဲကာလပေါ့။ အဲဒီအချိန်တုန်းက ဗမာစစ်သားတစ်ယောက်မှ မရှိပါဘူး။ ကချင်တပ်တွေပဲ ရှိတာပါ။ စစ်အောင်နိုင်တဲ့ အထိမ်းအမှတ်မနောပွဲမှာ (ဗိုလ်ချုပ်)အောင်ဆန်းနဲ့ သူ့ရဲ့ ဖက်ဆစ်ဆန့်ကျင်ရေးသမားတွေကို ဖိတ်ကြားခဲ့တယ်။ သူတို့ တက်လာပြီး ကျနော်တို့နဲ့ တွေ့ဆုံတယ်။ ပြီးတော့ လွတ်လပ်ရေး အတူတကွ ပူးပေါင်းရယူဖို့ သဘောတူခဲ့ကြတယ်။

မေး။ ။ ၁၉၄၇ မှာ ကချင်တွေ အခြားသူတွေနဲ့ အတူ ပင်လုံစာချုပ်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့တယ်။ ဦနုရဲ့ အရပ်သားအစိုးရက ဒီစာချုပ်ကို လေးစားလိုက်နာခဲ့လား။

ဖြေ။ ။ (ဗိုလ်ချုပ်) အောင်ဆန်း သေသွားပြီးတဲ့နောက်၊ ဦးနုက ပင်လုံစိတ်ဓါတ်ကို ဆက်လက်ထိန်းသိမ်းခဲ့တယ်။ ဒါပေမယ့် ကျနော်တို့အတွက် အဓိကကျရှုံးမှုက နု-အက်တလီစာချုပ်ပဲ။ ပင်လုံစာချုပ်အရ ကျနော်တို့ တန်းတူအခွင့်အရေးရတယ်။ ဒါပေမယ့် တိုင်းရင်းသားလူမျိုးစုတွေက အဲဒီအချိန်တုန်းက ပါးရည်နပ်ရည် မရှိခဲ့ကြဘူး။ နု-အက်တလီစာချုပ်က အင်မတန်အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ ကာကွယ်ရေး၊ ဘဏ္ဍာရေးအပါအ၀င် အာဏာအရပ်ရပ်ကို ဦးနုရဲ့ ဖဆပလအဖွဲ့ချုပ်ကို လွှဲပြောင်းပေးခဲ့တာကိုး။ ၁၉၄၈ အခြေခံဥပဒေအရ ဖဆပလ ကဲ့သို့သော အင်အားကြီးပါတီကပဲ ပါလီမန်တစ်ခုလုံးကို ချုပ်ကိုင်ထားတဲ့အပြင် နု-အက်တလီစာချုပ်အရ ဥစ္စာဓနတွေနဲ့ လုပ်ပိုင်ခွင့်အာဏာအားလုံးကို ဗြိတိသျှအစိုးရက ရန်ကုန်အစိုးရကို လွှဲပြောင်းပေးခဲ့တယ်။

မေး။ ။ ကေအိုင်အိုကို ၁၉၆၁ ခုနှစ်မှာ ဖွဲ့စည်းတည်ထောင်ခဲ့တယ်။ အဲဒီအချိန်တုန်းက ဘာဖြစ်ခဲ့လဲ။ ဘာလို့ ဒီအဖွဲ့အစည်းကို တည်ထောင်ခဲ့တာလဲ။

ဖြေ။ ။ အဲဒီအချိန်တုန်းက တိုင်းပြုပြည်ပြုလွှတ်တော်မှာ လူနည်းစုတိုင်းရင်းသားကိုယ်စားလှယ်တွေ အကန့်အသတ်နဲ့ပဲ ရှိခဲ့တယ်။ ဗမာအစိုးရက ၁၉၄၈ အခြေခံဥပဒေနဲ့ ပါလီမန်မှာ လူနည်းစုတိုင်းရင်းသားအမတ်တွေကို ထိန်းချုပ်ခဲ့တယ်။ ပထမဆုံး အချက်က ကချင်ရွာတွေကို တရုတ်နိုင်ငံကို လွှဲပြောင်းပေးလိုက်တဲ့ ကိစ္စ။ ကချင်ပြည်သူတွေ၊ အထူးအဖြင့် ကချင်ကျောင်းသားတွေ ဆန့်ကျင်ခဲ့ကြတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်၊ ကိုယ်စားလှယ်နည်းတဲ့အတွက်ကြောင့် ကျနော်တို့မှာ အားမရှိခဲ့ဘူး။ ဒုတိယပြဿနာက နိုင်ငံတော်ဘာသာ။ အခြေခံဥပဒေမှာ ကျနော်တို့က နိုင်ငံရေးနဲ့ ဘာသာရေးကိုခွဲခြားထား(Separation of the Church and the State)စေချင်တယ်။ ဒါပေမယ့် ဦးနုက နိုင်ငံရေးကိစ္စမှာ ဗုဒ္ဒဘာသာကို အသုံးချလာတယ်။ ဗုဒ္ဓဘာသာဝင်တွေကို ကျနော်တို့ မမုန်းပါဘူး။ ဒါပေမယ့် နိုင်ငံရေးမှာ ဗုဒ္ဓဘာသာကို ဆွဲထည့်လာတာကိုတော့ မကြိုက်ဘူး။
ပင်လုံစာချုပ်မှာပါတဲ့ ကတိက၀တ်က မျှတမှုနဲ့ အခြေခံ အခွင့်အရေး - လူနည်းစုတိုင်းရင်းသားများ ကာကွယ်စောင့်ရှောက်ရေး၊ တန်းတူအခွင့်အရေးရရှိရေး၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ ဘာသာရေးလွတ်လပ်မှု နဲ့ ဒီမိုကရေစီ။ ဒါတွေက ပင်လုံစာချုပ်မှာ ပါဝင်တဲ့ အကြောင်းအရာတွေ။ ဒါပေမယ့် ဦးနုက ၁၉၄၈ အခြေခံဥပဒေကို သုံးပြီး ဥပဒေကို လက်တစ်လုံးခြားလုပ်ဖို့ ကြိုးစားလာတယ်။ နိုင်ငံတော်ဘာသာနဲ့ အာဏာခွဲဝေမှုဆိုတဲ့ အချက်နှစ်ချက်ကြောင့် ပါလီမန်ဟာ ကချင်လူမျိုးတွေအတွက် မျှော်လင့်ချက်မဟုတ်တော့ဘူး။
အဲဒါကြောင့် ကျနော်တို့ရဲ့ လက်နက်ကိုင်တော်လှန်ရေးကို ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ (၅)ရက်နေ့မှာ စတင်ခဲ့တာပါ။ ဒီကနေ့အထိလည်း ကျနော်တို့ကတော့ နိုင်ငံရေးကိုပဲ ဦးစားပေးဆွေးနွေးချင်တာပါ။ အပစ်ရပ်ဖို့ မလိုဘူး။ ဖွံ့ဖြိုးရေးစီမံကိန်းတွေ မလိုဘူး။ ပင်လုံစာချုပ်ကစတဲ့ ပြဿနာတွေအားလုံးရဲ့ အရင်းအမြစ်က နိုင်ငံရေးပြဿနာဖြစ်တဲ့အတွက် ကျနော်တို့ဘက်က နိုင်ငံရေးကိစ္စတွေကိုပဲ စတင်ဆွေးနွေးသွားရမှာပါ။

မေး။ ။ ကေအိုင်အိုကို စတင်ဖွဲ့စည်းတုန်းက ကချင်တွေက လုံးဝလွတ်လပ်ရေးကို လိုချင်ခဲ့တာပါ။ ၁၉၇၀ နောက်ပိုင်းကျမှ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပြောင်းလဲတောင်းဆိုလာတယ်။ ဘာလို့ သူတို့ရဲ့ ရပ်တည်ချက်ကို လုံးဝလွတ်လပ်ရေးကနေ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပြောင်းသွားရတာလဲ။

ဖြေ။ ။ ကျနော်တို့ရဲ့ အခြေခံရည်မှန်းချက်ကို ရနိုင်မှာ မဟုတ်ဘူးဆိုတာ သိမြင်လာလို့ပါ။ ဒါ့ကြောင့် အခြေအနေကိုလိုက်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ကို တောင်းဆိုရခြင်း ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ နှလုံးသားထဲမှာ အမြစ်စွဲနေတဲ့ လုံးဝလွတ်လပ်ရေးဆိုတာ ကျနော်တို့ရဲ့ အခြေအနေအရ ဘယ်လိုနည်းနဲ့မှ ညှိနှိုင်းဆွေးနွေးရယူဖို့ မဖြစ်နိုင်ပါဘူး။ ကျနော်တို့တိုင်းပြည်ဟာ ကုန်းတွင်းပိတ်ဖြစ်တယ်။ အိမ်နီးချင်းနိုင်ငံတွေကြောင့်၊ ကျနော်တို့ရဲ့ စစ်ရေးအင်အား၊ ခေါင်းဆောင်မှု စတာတွေကြောင့် ကျနော်တို့ရဲ့ ရပ်တည်ရှင်သန်ခွင့်အတွက် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ဖို့လိုပါတယ်။
တချိန်တုန်းကတော့ ဆိုရှယ်လစ်အစိုးရတွေ စည်းလုံးညီညွတ်တော့မလို ဖြစ်လာခဲ့တယ်။ ဆိုဗီယက်ယူနီယံ၊ ယူဂိုဆလားဗီယားနဲ့ အနောက်နိုင်ငံတွေ ညီညွတ်ကြတော့မလို ဖြစ်ခဲ့တယ်။ နေရာဒေသတိုင်းမှာ အားလုံးက ပေါင်းစည်းညီညွတ်လာကြတော့ ကျနော်တို့လည်း ပြောင်းလဲဖို့ ကြိုးစားခဲ့တယ်။ အခြားတိုင်းရင်းသား လူမျိုးစုတွေဖြစ်တဲ့ ကရင်၊ ချင်း၊ ရခိုင်တွေနဲ့ မဟာမိတ်ဖွဲ့ခဲ့တယ်။ သူတို့နဲ့ ပေါင်းစည်းခြင်းအားဖြင့် ကျနော်တို့ရဲ့ နိုင်ငံရေးရပ်တည်ချက်ကို ပိုပြီး ခိုင်မာစေချင်ခဲ့တယ်။ ကျနော်တို့ရဲ့ နောက်ဆုံး အဆုံးအစွန်ရည်မှန်းချက်ကတော့ လုံးဝလွတ်လပ်ရေး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

မေး။ ။ အရင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထက်စာရင် လက်ရှိ (ဦး)သိန်းစိန်လက်ထက်မှာ ကချင်နဲ့ ဗမာ အကြား ပိုမိုအဆင်ပြေလာနိုင်မယ်လို့ ထင်ပါသလား။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆိုတဲ့ အနေအထားမှာပေါ့။

ဖြေ။ ။ သိပ်မကြာတော့တဲ့ အချိန်မှာ (ဦး)သိန်းစိန်ရဲ့ အစိုးရအဖွဲ့အတွင်းမှာ အကွဲအပြဲတွေ ဖြစ်တော့မယ်လို့ ထင်ပါတယ်။ (ဦး)သိန်းစိန်လည်း တစ်နေ့နေ့မှာတော့ တိုင်းရင်းသားလူနည်းစုအရေးကို နားလည်လာမှာပါ။ (ဒေါ်အောင်ဆန်း)စုကြည်ကတော့ ကျနော်တို့ရဲ့ အခြေအနေကို သဘောပေါက်ပါတယ်။ (ဦး)သိန်းစိန်လည်း နားလည်ကောင်း နားလည်နိုင်ပေမယ့် မတူညီတဲ့ နိုင်ငံရေးသဘောတွေကြောင့် ခက်ခဲတဲ့အခြေအနေတစ်ခု ဖြစ်နေတာပါ။ ဒီမိုကရေစီကတော့ ဒီမိုကရေစီပါပဲ။ ဒါပေမယ့် ဗမာပဲ ချုပ်ကိုင်လွှမ်းမိုးမယ့် စနစ်ပါ။ ဒါက သူတို့ရဲ့ နိုင်ငံရေးလမ်းကြောင်းပါ။ သူတို့ရဲ့ နိုင်ငံရေးလမ်းကြောင်းကို မပြင်နိုင်ဘူးဆိုရင် အချင်းချင်း ပြန်လည်သင့်မြတ်ဖို့ ခက်ခဲလိမ့်မယ်ဆိုတဲ့အချက်ကို မြန်မာနိုင်ငံ ပြင်ပမှာနေထိုင်တဲ့သူတွေတော့ နားလည်သဘောပေါက်ကြမှာပါ။

ဗမာတွေ သူတို့ရဲ့ နိုင်ငံရေးလမ်းကြောင်းကို ပြုပြင်ခဲ့ရင်တော့ ကျနော်တို့ ပြန်သင့်မြတ်ကြမှာပါ။ (ဒေါ်အောင်ဆန်း)စုကြည်ရဲ့ အနေအထားက ပြန်လည်သင့်မြတ်ရေးလုပ်ဖို့အတွက် ကောင်းလာမှာပါ။ ကျနော်တို့ ဗမာတွေကို မလွှမ်းမိုးချင်ပါဘူး။ ကျနော်တို့ရဲ့ သမိုင်း၊ ကျနော်တို့ရဲ့ ဖြစ်တည်မှု၊ တချိန်တုန်းက ကျနော်တို့ရဲ့ ကိုးကွယ်ယုံကြည်မှုနဲ့ ဆက်စပ်နေတဲ့ ကျနော်တို့ရဲ့ တိုင်းပြည်ကိုပဲ ကာကွယ်ချင်တာပါ။

မေး။ ။ ဗမာတွေနဲ့ ပြန်လည်သင့်မြတ်ဖို့ ဘယ်အရာက အဓိက အတားအဆီးဖြစ်နေတယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ အဓိက အတားအဆီးကတော့ စစ်တပ်ပါ။ စစ်ဘက် အာဏာပိုင်တွေပါ။ ဒီစစ်တပ်က ဗမာဘုရင်တွေကို အစားထိုးထားခြင်းပါ။ စစ်တပ်ရဲ့ သဘောထားက ဗမာဘုရင်တွေအစား ရပ်တည်ဖို့ပဲ။ ဗမာဘုရင်တွေက ကျနော်တို့ကို အရိုင်းအစိုင်းလို့ပဲ သတ်မှတ်ခဲ့ကြတယ်။ ကျနော်တို့ကို လူလို့ တွေးမှတ်ခဲ့ကြတာ မဟုတ်ဘူး။ [ဧရာဝတီသတင်းဌာန၏ အင်တာဗျူးကဏ္ဌတွင် ဖော်ပြထားသော Carlos Sardiña Galache ၏ Reflections on Kachin History ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။]

မူရင်းအင်တာဗျူးကို http://www.irrawaddy.org/archives/10264 တွင် ဖတ်ရှုနိုင်ပါသည်။


သူပုန်လို့ အမည်သမုတ်ခြင်းခံ ရသော KIA စစ်သား များနဲ့ နိုင်ငံတော် ကိုကာကွယ်နေပါတယ် ဆိုတဲ့ မြန်မာ့တပ်မတော်သားများ၏ ကွာခြားပုံ

|0 comments
 15 Sep, 2012 (Sat)
 ကချင်ပြည်နယ် ဖါးကန့် ကျောက်စိမ်းမော် တနေရာ

Yin Min Thaung ဖားကန့် AHRN ၀န်ထမ်းများနှင့် MSF ၀န်ထမ်းများ ယနေ့ နံနက်ပိုင်း (၁၁) နာရီခန့်တွင် ကားများဖြင့် မြစ်ကြီးနားသို့ evacuate လုပ်ပါမည်။ အားလုံးဘေးကင်းပါစေလို့ ဆုတောင်းပေးကြပါ။ ကျွန်တော် လွန်ခဲ့သာ တစ်ပတ်ကမှ ဖားကန့်က ပြန်လာတာပါ။ လမ်းတလျှောက်မှာ KIA တွေ အများကြီးရှိပါတယ်။

KIA တွေက စစ်ဆေးတာ ယဉ်ယဉ်ကျေးကျေးပါပဲ . .အေးအေးဆေးဆေးပဲ မေးမြန်းပါတယ်။ ဘယ်သူလဲ၊ ဘယ်သွားမှာလဲ၊ ကျောက်သယ်လာသလား၊ ကားရှေ့ဖုံးကို ဖွင့်လို့ ကျောက် ခိုးပြီးသယ်လာရင် ကျောက်ကို သိမ်းပါတယ်။ လမ်းတလျှောက်မှာ KIA စစ်သားတွေကို ခရီးသည်တွေက ရေသန့်ဗူးတွေ၊ မုန့်တွတောင် ပေးကြပါတယ်။

အဲ . . . ကာမိုင်းအလွန် ဆောင်းခါလည်းကျော်ရော ကိုရွှေမြန်မာစစ်သားတွေနဲ့ စတွေ့ပါပြီ။ ဆရာဝန်အဖွဲ့ပါ၊ သူနာပြုတွေလည်းပါ ပါတယ် . . . ကျန်းမာရေးအဖွဲ့ပါ . . . ကဒ်ပြားပြလည်းမရ . . . ခရီးဆောင်အိတ်တွေ ဆူးချွန်နဲ့ ထိုးလိုထိုး . . . အဲ့လိုရှာနေလို့ ရှာတဲ့သူက ဘယ်အဆင့်လဲဆိုတော့ ယူနီဖောင်းတောင် အပြည့်အစုံ မ၀တ်ထားဘူး၊ သေနပ်နဲ့ ရိုက်မလိုလို၊ ထိုးမလိုလိုနဲ့ ခရီးသည်တွေကို၊ ဘာကောင်မှန်းလဲမသိ၊ ဘာရှာမှန်းလဲမသိ။

ကျွန်တော်တို့ ၀န်ထမ်းတွေ ကိုရွှေမြန်မာစစ်သားတွေနဲ့ အတွေ့နည်းပါစေဗျာ .

Tsaw Ra

Wednesday, September 05, 2012

Yup Tung Ning Hkaw Jan

|0 comments
5 Sep, 2012 (Wed)


Yup Tung Ning Hkaw Jan

- Karai chye ju lak san hte sha,
  Pra hkrat wa ai Wunpawng sha;
- Ning sin kata e nga pra,
  Aten shaning law la hkra;
- Yup tung ning hkaw Jan htoi tu,
  Wunpawng sha ni kung hpan lu;
- Hkawm sa hkrun lam yak hkak tim,
  Yaw shada pan dung du hkra zin lum;
- Lam shut Baw ni hpe shadum,
  Wunpawng Ram ma yawng myit hkrum;
- Du na shawng lam hpe sum ru,
  Ngang grin ra sai daw dan lam lu;
- Ap nawng mat sai asak matu,
  Na kraw salum na hkum malap nu;
- June praw 9 du shagu,
  Teng man lam hpe shangang ru;
- Rap ra tara hpe shachyaw,
  Sak hkrung Karai hpe aw law gaw;
- Shing du hkum gayin mat lu,
  Wunpawng sha ni a Yup Tung Ning Hkaw Jan e..

W.P Moses
5 Sep, 2012 (Wed)


Friday, August 31, 2012

ကချင်ဒုက္ခသည်တွေရဲ့ ရင်နင့်စရာဖြစ်စဉ်များ - (၁)

|0 comments
 31 Aug, 2012 (Friday)


 ကချင်ဒုက္ခသည်စခန်းများအား တရုတ်အစိုးရမှ ဖျက်ဆီးထားစဉ်

မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးပေါင်းစုံ မှီတင်းနေထိုင်ကြပါတယ်။ လွတ်လပ်ရေး ရပြီးဖြစ်ပေမဲ့ နှစ်ပေါင်းများစွာ တိုက်ပွဲများဖြင့် ကြုံတွေ့နေခဲ့ရလို့ တိုင်းရင်းသားတွေနဲ့ အစိုးရတို့အကြားမှာ နှစ်ဖက်လက်အောက်ငယ်သားတွေနဲ့ နယ်မြေခံလူထုတွေဟာ အမျိုးမျိုး ဒုက္ခဆင်းရဲ အသက်၊ သွေး၊ ချွေးနဲ့ ဘ၀တွေ စတေးခဲ့ကြရပါတယ်။ တိုင်းရင်းသား နယ်မြေတွေကို ဥယျာဉ်ကြီးတစ်ခုလို့ တင်စားရင် အဲဒီဥယျာဉ်တွေမှာ ပန်းမာန်တွေ မပွင့်နိုင်ခဲ့သလို ပျား၊ ပိတုန်းတွေလည်း မပျံဝဲနိုင်ခဲ့ပါဘူး။ သစ်ခြောက်ပင်နဲ့ ရွက်ကြွေတွေသာရှိတဲ့ ဥယျာဉ်ပမာ ခြောက်သွေ့ နွမ်းကြေနေခဲ့ရပါတယ်။
လူငယ်လူရွယ်တွေဟာလည်း စနစ်ဆိုးရဲ့သားကောင်တွေဖြစ်ပြီး အကြောင်းအမျိုးမျိုးနဲ့ ရပ်ရွာကိုစွန့်ခွါ တ၀မ်းတခါးအတွက် ပင်ပန်းဆင်းရဲစွာ ဘ၀ကို ရုန်းကန် နေကြရပါတယ်။

ယခုတလော အစိုးရစစ်တပ်ဟာ ကေအိုင်အေကို ထိုးစစ်ဆင် ဖိအားပေးလာပြန်ပါတယ်။ အလားတူ တရုတ်နိုင်ငံအစိုးရကို ချဉ်းကပ်ပြီး ဒုက္ခသည်များကို လက်ခံထားပါက အန္တရာယ်ရှိနိုင်ကြောင်း တိုက်တွန်း စည်းရုံးလာဖွယ်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်အစိုးရဟာ သူတို့ရဲ့နယ်မြေအတွင်းမှာရှိတဲ့ ကချင်ဒုက္ခသည်တွေကို မောင်းထုတ်တဲ့ဖြစ်စဉ် ပေါ်ပေါက်လာလို့ပဲ ဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်တွေနဲ့ စပ်လျဉ်းပြီး ကိုယ်တွေ့ကြုံရသူတစ်ဦးက စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်ကို ဆက်သွယ်ပြီး ရင်ဖွင့်လာပါတယ်။

တရုတ်အစိုးရက အတင်းအကြပ် ပြောင်းရွှေ့လိုက်တဲ့ နောင်တောင် (nawng tau) ဒုက္ခသည်စခန်းမှာဆိုရင် ဒုက္ခသည်လူဦးရေဟာ (၅၀၀၀) ခန့် ရှိပါတယ်။ တရုတ်ရဲတပ်ဖွဲ့ဝင်များဟာ ရဲကားတွေ၊ မှန်လုံကားကြီးတွေနဲ့ ဒုက္ခသည်စခန်းတွေက လူတွေကို ကေအိုင်အေထိန်းချုပ်ရာ နယ်မြေဖြစ်တဲ့ ဗန်းမော်မြို့နယ်၊ အင်ဘာပါနဲ့ လနာဇွတ်စခန်းတွေဘက်ကို အတင်းအဓမ္မ ပြန်ပို့ခဲ့သလို ဒုက္ခသည်တွေ နေထိုင်ရာ တန်းလျားတွေကိုလည်း ဖျက်ဆီးပစ်ခဲ့ကြပါတယ်။

ကချင် စစ်ပြေးဒုက္ခသည်တွေဟာ တချို့က အိပ်ဖို့တောင် ဘယ်လိုနေရာ ရှာရမှန်းမသိသလို တချို့ကလည်း ဆာလောင်မွတ်သိပ် ငတ်ပြတ်နေလို့ မျက်ရည်တွေ ဖြိုင်ဖြိုင် ယိုစီးနေကြရတယ်လို့ ပြောပါတယ်။ တချို့ဒုက္ခသည်တွေကျတော့ လနာဇွတ်ဘက်ကို မသွားချင်ကြလို့ မန်ဝိန်းဘက်ကို ထွက်ခွာသွားကြတယ်လို့ သိရပါတယ်။ ဒုက္ခသည်တွေရဲ့ဘ၀ဟာ လုံခြုံမှုကင်းမဲ့နေသလို သူတို့ကလေးတွေရဲ့ ပညာရေးကိုလည်း ထိခိုက်စေပါတယ်။ သူတို့တွေအားလုံးရဲ့ ဘုံသဘောဆန္ဒကတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို လိုချင်တာပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ၊ ရွှေလီခရိုင်၊ နောင်တောင်း ဒေသအတွင်းမှာ ဒုက္ခသည်စခန်း (၆) ခုရှိပြီး (၁) ယန်လု (Yang Lu) စခန်း (၂) လော့ဖိုင်း (Lau Hpai) စခန်း (၃) ငါနောင်းပါ (Nga Nawng Pa) စခန်း (၄) လုံကရောက် (Lung Krawk) စခန်း (၅) ခဒေါင်းပါ (Hka Dawng Pa) စခန်း (၆) နောင်တောင် (Nawng Tau) စခန်းတို့ ရှိကြကြောင်း တင်ပြပေးလိုက်ပါတယ်။ ဆက်လက်ပြီး အဲဒီဒုက္ခသည် စခန်းတွေနဲ့ ကချင်စစ်ပြေး ဒုက္ခသည်တွေ အကြောင်းကို တင်ပြပေးသွားပါမယ် ခင်ဗျား။

Thursday, July 12, 2012

ဦးအောင်မင်း ဘာတွေ တော်နေသလဲ

|0 comments
 12 July, 2012 (Thu)

W.P Moses

 U-Aung-Min-and-Saw-Mutu-Sae-Poe1

မီးရထားဝန်ကြီး ဦးအောင်မင်းဟာ ယခင်က ထောက်လှမ်းရေး မျက်မှန်ကြီး တင်ဦးရဲ့ တပည့် တစ်ယောက် ဖြစ်ခဲ့တဲ့ အပြင် မဟာဘုတ်တိုင် ဗေဒင်ယတြာ ကျွမ်းကျင်သူလို့ သိရပါတယ်။ ဒါကြောင့် ဦးအောင်မင်းဟာ အဖားတော်၊ ယတြာတော်တဲ့သူ ဖြစ်တာကြောင့် ဒေါ်ကြိုင်ကြိုင်ကို ယတြာ အစီအမံ ပြုလုပ်ပေးရင်း ပိုမို အလွမ်းသင့် လိုင်းဝင်သွားဟန် ရှိတယ်လို့ စစ်တပ် နီးစပ်သူ များက ဆိုပါတယ်။ သူဟာ တပ်မ (၆၆) တပ်မမှူး ဖြစ်ခဲ့ပြီး တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ထပ်မံ ရာထူး တိုးခဲ့ပါတယ်။ သူ့ရဲ့ ဇနီးဟာ ဆရာဝန်ဖြစ်ပြီး မိခင်နဲ့ကလေး စောင့်ရှောက်ရေးအသင်းမှာ တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ အဲဒီနောက် ရထားဝန်ကြီး ဖြစ်လာပြီးမှ အစိုးရသစ် ပြန်ဖွဲ့လာတဲ့အခါ ရထား ၀န်ကြီး အဖြစ်ပင် ဆက်လက် တာဝန် ပေးအပ်ခံရသူ ဖြစ်လို့ အခြား ၀န်ကြီးများနဲ့ ယှဉ်ရင် သူဟာ ‘ခေလှသူ’ မဟုတ်ကြောင်း စစ်ရုံးနဲ့ နီးစပ်သူများက ဆိုပါတယ်။

ယနေ့ခေတ် ၀န်ကြီးတွေဟာ စစ်တပ် ဆိုရိုးစကားအတိုင်း ကျောပိုးအိပ် ပြင်ထားရတယ် ဆိုတဲ့အတိုင်း ထိုင်ခုံမမြဲ နေရာ အတည်တကျ မဖြစ်ဘဲ ပြုတ်မှာကို အမြဲ စိတ်ပူနေရပါတယ်။ မျက်စိရှေ့မှာပင် ယခင်က ပုခုံးယှဉ်လာတဲ့ တိုင်းမှူးဗိုလ်ချုပ်တွေ တဖြုတ်ဖြုတ်နဲ့ ဇာတ်သိမ်းမလှတာကို တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ ယနေ့ ဦးအောင်မင်းကတော့ ပန်းပန်လျှက် ရှိနေရာ ထိုင်ခုံ မြဲလှပါတယ် ဆိုတဲ့ ဦးအောင်သောင်းတောင် ယခု ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင်အဖြစ် နှုတ်ထွက်သွားရပြီ ဖြစ်ပါတယ်။ ဦးအောင်မင်းဟာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ အထိုက်အလျောက် အောင်မြင်မှု ရရှိနေသူ ဖြစ်ပါတယ်။

သူဟာ ထောက်လှမ်းရေးမှာ နေခဲ့သူပီပီ ပရိယာယ်၊ ဥာဏ်များလှပြီး ဗေဒင်ယတြာ အစီအမံတွေနဲ့ လုပ်လာတက်တာကြောင့် တိုင်းရင်းသား အဖွဲ့များ အနေဖြင့် သတိထား ဆက်ဆံသွားဖို့ လိုကြောင်း စစ်ဖက်နီးစပ်သူများမှ တိုက်တွန်း အကြံပြု သွားပါတယ်။ သူဟာ မီဒီယာများနဲ့ တွေ့တိုင်း မိုက်ဖြစ်ဖြစ်၊ ကင်မရာနဲ့ ဖြစ်ဖြစ် တည့်တည့် မပြောဘဲ သူ့ရဲ့ မျက်နှာ တစောင်း ပြောနေဟန်ပုံတွေဟာ အဓိပ္ပာယ်ကောက် ခက်ခဲလှပါတယ်။ ထောက်လှမ်းရေးတွေရဲ့ စကားအတိုင်း တိုင်းရင်းသား အဖွဲ့တွေကို စီးပွားရေး မက်လုံးပေးရုံနဲ့ နှပ်ကြောင်း ပေးလို့ ရတယ် ဆိုတာ ဦးအောင်မင်း လေသံထွက်ခဲ့ဖူးပါတယ်။ သူ့ရဲ့ အပြုံးတွေဟာ သဘာဝကျကျ ရိုးသားမှု ရှိ မရှိ ကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ဦးအောင်မင်းတစ်ယောက် KNU နှင့် ဆွေးနွေးပွဲတွေမှာ အောင်မြင်မှု ရသလောက် KIA နှင့် ဆွေးနွေးပွဲတွေမှာ အောင်မြင်ဖို့ အလှမ်းဝေးနေဆဲပင်ဖြစ်ကြောင်း စစ်ဖက်နီးစပ်သူများက သုံးသပ်လာပါတယ်။ ဦးအောင်မင်း လူရည်လည်တဲ့ အချက် တစ်ချက်က ငြိမ်းချမ်းရေး လုပ်ငန်း ကော်မတီမှာ အဖွဲ့ဝင် အဖြစ်ပါလာတဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်းကို ကျောသတ်ရင်သတ် ဖားနေတာကို စစ်ဖက်နီးစပ်သူများက သိရှိရပါတယ်။ ယခင်က ဦးအောင်သောင်းတို့ဟာ တိုင်းမှူးတွေကို လူရာမသွင်းတဲ့အတွက် တိုင်းရင်းသားနယ်မြေတွေမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာကို ဦးအောင်မင်း ကောင်းကောင်းသိနေပါတယ်။ ဒါကြောင့် ကိုစိုးဝင်းကို ဦးအောင်မင်း တွဲခေါ်မှ ဖြစ်တယ်လို့ ခံယူထားဟန် တူကြောင်း စစ်ဖက်နီးစပ်သူများက သတင်းပေးပို့လာပါတယ်။

Monday, June 25, 2012

SIMSA KASA JOURNAL Vol-5, Issue - 1

|0 comments
25 June, 2012 (Mon)
W.P Moses