Friday, April 27, 2012

Sadung Sa Lam mahkrai Shing dang kau

|0 comments
April 27, 2012 
 W.P Moses

Wunpawng Mung Waimaw-Kanpaiti sa lam hka rum lahta na Sadung Mahkrai hpe April (26) ya shana myen asu ya hpyen hpung ni n-gun jat bang wa ai hpe hkap shing dang ai hku nna Maw daw kaba ni nlu lai hkra gan jahten da  sai lam shiga na chye lu ai.Ya aten hta myen hpyen asu ya gaw K.I.O/A gin jaw Lai Za makau hte Waimaw Sadung lam ding yang hpyen n-gun jat nna majan kaba hpe bai hpang wa sai lam chye lu ai.Wunpawng mungdan shang lawt asuya hku na mung ra ai lam ni hpe shajin nga sai lam chye lu ai. 
 
 Myen hpyen la ni 

Myen hpyen asu ya hpyen hpung ni gaw majan byin ai shara hkan na mare ni hpe wan nat jahten nga ai zawn mare kata hkan e mung lak nak kaba ni hte gap nga ai lam bu ga masha ni kawn tsun wa ai.

Tuesday, April 03, 2012

ထွက်ပြေးနေရ၊ ဖျက်ဆီးးခံနေရ၊ လုံခြုံမှု ကင်းမဲ့၊

|1 comments
3 April, 2012 (Tuesday)

 W.P Moses

ကချင်စစ်ပြေး ဒုက္ခသည်များ (Kachin IDPs)

ဧပြီလဆန်း ၂ ရက် မြန်မာနိုင်ငံ ကြားဖြတ်ရွေးကောက်ပွဲ အပြီးတွင် ကချင်ပြည်နယ် ဘန်ဒေါင်ယာန်တွင် ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း နှင့် စစ်အာဏာရှင် စစ်အစိုးရတို့ အကြား တိုက်ပွဲ ဖြစ်ပွားကြောင်း စုံစမ်း သိရှိရပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် ပြည်သူလူထုများ နေ့တိုင်း နေအိမ်များကို စွန့်ခွာကာ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။ အပြစ်မဲ့ပြည်သူများမှာ စစ်အာဏာရှင် စစ်အစိုးရ စစ်တပ်တို့ရဲ့ ညှင်းပန်းနှိပ်စက်ခြင်း၊ ရှေ့တန်းလမ်းပြအဖြစ် စေခိုင်းခြင်း၊ အမျိုးသမီးများမှာ မဒိန်းကျင့် သတ်ဖြတ် ခံနေရခြင်း စသည့် ဆင်းရဲဒုက္ခ အမျိုးမျိုးကိုတွေ့ကြုံ ခံစားနေကြရပါတယ်။

“ကျမတို့မှာ အချိန်တိုင်းလိုလို စိုးရိမ်နေရပါတယ်…။ ကျမတို့ရဲ့ ငြိမ်းချမ်းမှုတွေကင်းမဲ့ပြီး လွတ်လပ်ခြင်းဟာလည်း ကျမတို့ဆီက ထွက်ပြေးသွားပြီထင်တယ်..။ အစိုးရတပ်တို့က ကျမတို့ ရွာကိုဝင်လာပြီး အိမ်တွေကို မီးရှို့ဖျက်ဆီးကြတယ်..။ တချို့ရွာသားတွေကိုလည်း ခေါ်သွားကြတယ်..။ ဘယ်ကိုခေါ်သွားတာတော့ မသိပါဘူး..။” ကချင်ပြည်သူများမှာ ငြိမ်းချမ်းပြီး လွတ်လပ်မှုတွေကို တောင့်တနေကြပါတယ်။

စစ်အာဏာရှင် စစ်အစိုးရမှ ကချင်နယ်မြေနှင့် တိုက်ပွဲဖြစ်ပွားရာ ကျေးရွာများမှ နေအိမ်များ၊ ဘုရားကျောင်းများ၊ စပါးကျီများ စသည့် ပြည်သူပိုင် ပစ္စည်းများကို လိုက်လံဖျက်ဆီးနေတာကို တွေ့မြင်နေရပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲလဲ ပြီးသွားပါပြီ… ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A နှင့် စစ်အာဏာရှင် စစ်အစိုးရတို့မှာ နေ့တိုင်း တိုက်ပွဲများ ဖြစ်ပွားနေကြပါတယ်။ နှစ်ဖက် တွေ့ဆုံ ဆွေးနွေးပွဲတွေကို တရုတ်နိုင်ငံ ရွှေလီတွင် ကျင်းပပြုလုပ်ခဲ့ပေမယ့် ရေရာတဲ့ အဖြေ တခုမှ မရရှိခဲ့ကြပါဘူး။

လွန်ခဲ့တဲ့ မတ်လ ၂၈ ရက်နေ့တွင် K.I.A အုပ်ချုပ်နယ်မြေဖြစ်တဲ့ အင်ပေါင် ကျေးရွာကို စစ်အာဏာရှင် စစ်အစိုးရ စစ်တပ် ခမရ (၃၉၀) တပ်တို့မှ ရွာထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ကာ အိမ် (၄) လုံးကိုပါ မီးရှို့ ဖျက်ဆီးလိုက်ကြောင်း သိရှိရပါတယ်။

Monday, April 02, 2012

ကချင်ပြည်နယ် စစ်ဘေးသင့် ပြည်သူများအား ကူညီရန် ဂီတရံပုံငွေ ပွဲတော်

|0 comments
2 April, 2012 (Monday)

Sunday, March 25, 2012

M.K.B.A ရဲ့ ကြေငြာချက်

|0 comments
W.P Moses
25 March, 2012 (Sunday)

Saturday, March 24, 2012

နံပါတ် (၆) အဖြစ် သတ်မှတ်ခံရတဲ့ ဒဘူဘွမ်

|0 comments

W.P Moses
24 March, 2012 (Saturday)

စစ်အစိုးရ စစ်တပ်နှင့် K.I.A တို့အကြား ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့် အပြစ်မဲ့ ပြည်သူ လူထုများဟာ နေရာအိမ်များကို စွန့်ပစ်ကာ တောတွင်း တောင်ကြားများသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်။

ကချင်စစ်ပြေး ဒုက္ခသည် စခန်းများထဲမှ ဒဘူဘွမ် (Dabu Bum) ခေါ် ကချင်-တရုတ်နယ်စပ် တောင်ကြားမှာ ရှိတဲ့ စခန်း အခြေအနေနှင့် ကချင်စစ်ပြေးတွေရဲ့ အခြေအနေကို စုံစမ်း သိရှိသလောက် တင်ဆက်လိုက်ပါတယ်။

ဒဘူဘွမ်ဟာ ကချင်ပြည်နယ်ရှိ ဝိုင်းမော်မြို့နယ် ဆဒုံးတောင်တန်း တောင်ကြားရှိ တရုတ်နယ်စပ် အနီးမှာ တည်ရှိပါတယ်။ ယင်း ဒဘူဘွမ် စခန်းဟာ တောတောင် တောင်ကြားမှာ ရှိပြီး အင်မတန် အေးခဲတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။ တောတောင်များဖြင့် ဝန်းရံထားသဖြင့် အဆက်အသွယ်၊ အသွားအလာ လမ်းပမ်းဆက်သွယ်ရေး အဆင်မပြေကာ ခက်ခဲတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။ ကချင်-တရုတ်နိုင်ငံ နယ်စပ်ဖြစ်သော်လည်း တရုတ်အစိုးရရဲ့ ကူညီမှုရရှိရန်မှာ မလွယ်ကူပါ။

ကချင်စစ်ပြေး ဒုက္ခသည်
ယင်း ဒဘူဘွမ် ကချင် စစ်ပြေးဒုက္ခသည် စခန်းတွင် ဆဒုံး၊ ဆဒုံးပါ၊ ဆကာပါ၊ ဘွမ်ဝါ၊ လော့လာန်၊ လုမြန် (Lu Myang)၊ ဆော့လော်၊ ဂေါ့နန်၊ လဂျောင်၊ လုကျီ၊ လဖိုင် စတဲ့ ကချင်ရွာပေါင်း တော်တော်များများက ပြည်သူများ ထွက်ပြေးခိုလှုံနေတာ ဖြစ်ပါတယ်။  ယင်းစခန်းမှာရှိတဲ့ လူဦးရေပေါင်းမှာ ၄၀၀ ကျော် ၅၀၀ နီးပါး ခိုလှုံနေကြောင်း သိရှိရပါတယ်။ များသောအားဖြင့် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နာသာရှည် ရောဂါရှိသူများ၊ ဒုက္ခိတများ နှင့် အရွယ်မရောက်သေးတဲ့ ကလေး သူငယ်များသာ ဖြစ်ပါတယ်။

စခန်းတွင်းမှ ကလေးသူငယ်များရဲ့ ပညာရေး

ကချင် စစ်ပြေးဒုက္ခသည် စခန်း တခု ဖြစ်တဲ့ တဘူဘွမ် (Dabu Bum)  စခန်းတွင် ကလေး သူငယ်များအတွက် ကျောင်းတစ်ကျောင်း ဖွင့်လှစ်ထားပါတယ်။ သူငယ်တန်းမှ သတ္တမ (၇) တန်း ထိရှိပါတယ်။ ကျောင်းသား ကျောင်းသူပေါင်း ၂၀၀ ကျော်ရှိပြီး ၎င်းတို့မှာ နှင်းတွေ ထူထပ်ပြီး အေးခဲ လှပေမယ့် ကိုယ့်ရဲ့ အနာဂတ်အတွက် မရှိမဖြစ် လိုအပ်နေသော ပညာကို ကျိုးစားအားထုတ် သင်ယူနေကြပါတယ်။ ယင်းကျောင်းတွင် ဆရာ၊ ဆရာမပေါင်း ၁၀ ဦးကျော် ရှိပြီး ၎င်းတို့မှာ ပြည်တွင်းစစ်ကြောင့် အနာဂတ်မဲ့နေတဲ့ စခန်းတွင်းမှ ကလေးသူငယ်များကို အကောင်းဆုံးဖြင့် ကိုယ်တတ်မြောက်ထားတဲ့ ပညာကို ပညာဒါနအဖြစ် စေတနာ မေတ္တာဖြင့် သင်ကြားပေးလျက် ရှိပါတယ်။

ယင်း ဒဘူဘွမ် စခန်းမှ စိတ်မကောင်းစရာ တစ်ခုမှာ စခန်းတွင်းရှိ ကျောင်းဟာ တရုတ်နယ်မြေထဲ နဲနဲလေး ကျော်ဝင်နေခြင်းဖြစ်ရာ တရုတ်အာဏာပိုင်တို့မှ ယင်းကျောင်းကို ပြန်လည်ဖြိုဖျက်၍ သူတို့ (တရုတ်) နယ်မြေဘက်သို့ မကျော်စေဘဲ စခန်းတွင်းထဲမှာသာ ပြန်လည်ဆောက်လုပ်ရန် ညွန်ကြားလိုက်ပါတယ်။
 ဒီအကြောင်းကို ယင်းစခန်းတွင်းရှိ ကျောင်းဆရာမ တစ်ဦးမှ…“ ကျမတို့ အလယ်တန်းကျောင်း ကျောင်းဆောင်ကို တရုတ်မြေဘက်သို့ နဲနဲလေး… စာသင်ခန်း တစ်ခန်းစာလောက် ကျော်ဝင်နေတယ်… အဲ့ဒါကို တရုတ် အာဏာပိုင်များက မကြိုက်လို့ ကျမတို့ ကျောင်းကို ပြန်ဖြိုခိုင်းတယ်..။ လွန်ခဲ့တဲ့အပတ်ကပဲ ကျမတို့ တာဝန်ရှိသူတွေနှင့် ပြည်သူလူထုတို့ ပူးပေါင်းကာ ဖြိုလိုက်ပြီး စခန်းတွင်းထဲမှာဘဲ ပြန်ဆောက်ပြီးပါပြီ…။ ကျောင်းသားတွေက သနားစရာပါ..။ ကျောင်း ၃ - ၄ ရက် တောင် ပိတ်လိုက်ရပါတယ်…” ဟု ပြောပြပါတယ်။ ကလေးငယ်များရဲ့ ပညာရေးဟာ မျော်မှန်းထား သလောက်တော့ ပြည့်စုံလာနိုင်မှာ မဟုတ်ပါဘူး ဟု ဆရာမက သူ့ရဲ့ အမြင်ကို ဆက်လက် ပြောပြပါတယ်။

စားဝတ်နေရေး

ဒဘူဘွမ် စခန်းတွင်ရှိတဲ့ ကချင်စစ်ပြေး ဒုက္ခသည်များကို ကချင်လွတ်မြောက်ရေး တပ်မတော် K.I.O/A မှ ကြည့်ရှုစောင့်ရှောက် နေသလို၊ မန်ရှီ (Mang Shi)၊ ဂျီနာ (Ji Na)၊  ဂျန့်ရှီ (Jan Shi)၊ စတဲ့ တရုတ်နိုင်ငံ အတွင်းရှိ ဝန်ပေါင် ကချင် ညီအစ်ကိုများမှ လိုအပ်နေတဲ့ ဆန်၊ ဆီ၊ ပဲ၊ ဆား စသည့် အစားအသောက်များကို တတ်နိုင်သည့် ဘက်ကနေ ကူညီနေပါတယ်။ K.B.C အသင်းသူ အသင်းသားများနှင့် တခြား အဖွဲ့ အစည်းများကလည်း လိုအပ်တဲ့ ပစ္စည်းဥစ္စာများကို တတ်နိုင်၊ လက်လှမ်းမှီသလောက် ကူညီ ထောက်ပံ့နေပါတယ်။ နေရာထိုင်ခင်းကတော့ တောတောင် တောင်ကြား ဆိုတော့ နဲနဲတော့ အဆင်မပြေဘူး၊ တချို့အတွက်ပေါ့.. ဒါပေမယ့် သူ့ဟာနဲ့သူတော့ ဟုတ်နေပါပြီ..။ K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား ပြည်တွင်းစစ် အချိန်ကြာရှည်လာသည်နဲ့ အမျှ ပြည်သူလူထုနှင့် စစ်ပြေး ဒုက္ခသည် စခန်းအသီးသီး အတွက် စားဝတ်နေရေးများ အခက်အခဲ ရှိလာနိုင်ပါတယ်။

ကျန်းမာရေး

ဒဘူဘွမ်စခန်းရှိ ကချင် စစ်ပြေးဒုက္ခသည်များရဲ့ ကျန်းမာရေးဟာ တခြား စစ်ပြေးဒုက္ခသည် စခန်းတွေနှင့် ကွာခြားချက်တော့ ရှိပါတယ်။ ဒဘူဘွမ် စခန်းမှ ပြည်သူများမှာ ဖျားနာခြင်း သိပ်မရှိကြောင်း သိရှိရပါတယ်။ ဒဘူဘွမ် စစ်ပြေးဒုက္ခသည်များရဲ့ ကျန်းမာရေးကို စခန်းတွင်းရှိ ကျန်းမာရေးမှူးအား မေးမြန်းကြည့်ရာ… “ ကျမတို့ ဒီမှာရှိတဲ့ စစ်ပြေးတွေကတော့ ကျန်းမာရေးသိပ်ပြီး စိုးရိမ်စရာ မရှိပါဘူး..။ ကလေးသူငယ်များ နဲနဲပါးပါး ဖျားနာတာတို့တော့ ရှိပါတယ်။ ဒီမှာတော့ အအေးချိန် ဒီဂရီများတဲ့ အတွက် သက်ကြီးရွယ်အိုနှင့် ကလေးငယ်များ အတွက်တော့ နဲနဲ စိုးရိမ်မိပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ဒီမှာက တအား အေးတယ်လေး.. နှင်းတွေဆိုရင် တော်တော် ထူထပ်အောင် ကျတယ်… ပြီးတော့ ဒုက္ခသည်တွေက လုံလောက်တဲ့ အနွေးထည်တို့၊ အဝတ်အစားတို့၊ စောင်တို့ စသည့် အအေးဒဏ်ကို အပြည့်အဝ ကာကွယ်နိုင်မယ့် ပစ္စည်းတွေ လုံလုံလောက်လောက် မရရှိတဲ့ အတွက် စိုးရိမ်မိတယ်…” ဟု ဆရာဝန်မက ပြောပြပါတယ်။

ရွာသူရွာသားတွေ ဒဘူဘွမ် စစ်ပြေးဒုက္ခသည် စခန်းသို့ ရောက်ရှိလာတဲ့ အကြောင်းကို မေးကြည့်တော့.. “စစ်ဖြစ်လာပြီးနောက် ကျနော်တို့ ရွာကို စစ်အစိုးရ စစ်တပ်တို့က ရောက်ရှိလာပြီလို့ ကြားတဲ့အတွက် ကျနော်တို့ ရွာသူရွာသားများဟာ ည သန်းခေါင်းမှာမှ ထွက်ပြေးခဲ့ရတယ်.. အိမ်က ပစ္စည်းဥစ္စာ တစ်ခုမှ မသယ်ယူနိုင်ခဲ့ဘူး.. အားလုံး ဒီအတိုင်းပဲ ရွာမှာ ချန်ထားခဲ့တယ်… ဒီအချိန်လောက်ဆိုရင်တော့ စစ်တပ်တို့က အိမ်တွေကို မီးရှို့လိုက်ပြီလား မသိဘူး.. ရွာကအိမ်မှာ ရှိတဲ့ ပစ္စည်းတွေကိုလည်း သူတို့ (စစ်အစိုးရ) ကြိုက်သလို မွှေနေလောက်ပြီ.. ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်တို့ သတင်း တချို့ ကြားရပါတယ်.. အချို့ရွာတွေကို စစ်တပ်တို့က မီးရှို့ဖျက်ဆီး၊ ပစ္စည်းများကို သူတို့ ကြိုက်သလို အသုံးပြု၊ ရွာတွေ ထဲမှာရှိတဲ့ ပြည်သူပိုင် စပါးကျီကို သူတို့ရဲ့ စစ်ရိက္ခာ အဖြစ် သုံးစွဲနေကြတယ်တဲ့.. ပြီးတော့ စစ်အစိုးရ စစ်တပ်တို့က အပြစ်မဲ့ ပြည်သူတွေ၊ ကလေးသူငယ်တွေကို ခြိမ်းခြောက်ကာ ပေါ်တာအဖြစ် ခေါ်ဆောင်၊ ကချင် အမျိုးသမီးများကို မဒိန်းကျင့် သတ်ဖြတ်.. ဟာ..ပြောတောင် မပြောပြတတ်ဘူး.. စုံနေတာဘဲ..  ” ဟု စစ်ပြေး တစ်ဦးက သူ့ရဲ့ ခံစားချက်၊ အမြင်များကို ရင်နှင့်ဖွယ် ပြောပြပါတယ်။

ကချင်နယ်မြေ တရုတ်နယ်စပ်ရှိ ဒဘူဘွမ် (Dabu Bum) ခေါ် နံပါတ် ၆ ကချင်စစ်ပြေး ဒုက္ခသည် စခန်းမှာဆိုရင် ယခုချိန်ထိ အင်မတန် အေးခဲပြီး နှင်း များဆိုရင်လည်း တစ်ပေနီးပါး ထူထပ်ကြောင်း … “ဟုတ်တယ်.. ဒီစခန်းဆိုရင် အရမ်းအေးတာပဲ.. နှင်းတွေဆိုရင် အထူကြီးပဲ.. မြူနှင်းတွေလည်း အများကြီး.. ခေါင်းမိုးပေါ်မှာဆိုရင် နှင်း ကျတာ မိုးရွာနေသလိုပဲ…ဖြူဖွေးနေတာပဲ… အင်… တမျိုးတော့ ကောင်းသလိုဘဲ.. နှင်း ကျတာတွေကို တွေ့ရင် ပျော်သလိုလို.. တခုခု လိုအပ်နေသလို ခံစားမိတယ်…” ဟု စခန်းတွင်းမှ ဒုက္ခသည် တစ်ဦးက ပြောပြပါတယ်။

ဒီအရာအားလုံးဟာ ပြည်တွင်းစစ်ကြောင့် ဖြစ်ပေါ်လာတဲ့ နံပါတ် (၆) အဖြစ် သတ်မှတ်ခံရတဲ့ ဒဘူဘွမ်ခေါ် ကချင်စစ်ပြေးဒုက္ခသည် စခန်းတစ်ခု အကြောင်း တစေ့တစောင်း ဖော်ပြလိုက်ပါတယ်။ ကျန်ရှိနေတဲ့ စစ်ပြေးဒုက္ခသည် စခန်းများရဲ့ သဘာဝ အခြေအနေ အကြောင်းများကိုလည်း ကျိုးစား ဖော်ပြသွားပါမည်။

Friday, March 23, 2012

K.I.A နှင့် စစ်အစိုးရတို့ တိုက်ပွဲ ပြန်လည် ပြင်းထန်လာ၊ အစိုးရမှ အဆိပ် လက်နက်အသုံး ပြန်ပြုနေဟု K.I.A ပြော

|2 comments

W.P Moses

23 March, 2012 (Friday)

ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A နှင့် မြန်မာ တပ်တို့ အကြား ကချင်နယ်မြေတွေနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းများတွင် နေ့စဉ် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း စုံစမ်း သိရှိရပါတယ်။ K.I.A တပ်မဟာ (၅) နယ်မြေ၊ ခေါက်ဂျန်ကျေးရွာ (ရှမ်းရွာ)၊ ဘန်ဒေါင်ကျေးရွာနှင့် ဧဒင်ကျေးရွာ ဘက်သို့ ဦးတည်ချီတက်လာတဲ့ စစ်အစိုးရ စစ်တပ် ခလရ ၃၇၊ ၄၀၊ ခမရ ၃၈၈  တပ်ဖွဲ့များနှင့် K.I.A တပ်ဖွဲ့များဟာ ၂၀၁၂ ခုနှစ် မတ်လ ၂၂ ရက် နေ့ မနက်ပိုင်း ၇း၃၀ နာရီ ဝန်းကျင်မှ မနက် ၉း၃၀ နာရီ ကျော် အထိ ယင်းကျေးရွာ တဝိုက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်း သိရှိ ရပါတယ်။

 ရှေ့တန်းနယ်မြေမှ K.I.A စစ်သည်တော်များ

အခုသီတင်းပတ် အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတခုမှာ အစိုးရစစ်တပ်ဘက်က အဆိပ်ဓါတ်ငွေ့တွေပါ ပြန်လည်သုံးစွဲလာတယ်လို့ K.I.A ပြောရေးဆိုခွင့်ရှိ ဦးလနန်က ပြောပါတယ်။
ဒီလ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကန်ဒေါင်ယာန်ကျေးရွာအနီးမှ တိုက်ပွဲမှာ စစ်အစိုးရ စစ်တပ်ဘက်က အဆိပ်သင့် ကျည်ငွေ့တွေကို အသုံးပြုခဲ့တာလို့ သူ (ဦးလနန်) က ပြောပါတယ်။ မြစ်ကြီးနား မန်မော်ကားလမ်းမကြီးပေါ်မှာ ရှိတဲ့ K.I.A တပ်မဟာ (၅) လက်အောက်ခံ ခြေကုပ် စခန်းတွေကို အစိုးရ စစ်တပ် ခလရ ၄၆၀၊ ခမရ ၃၉၀ စတဲ့ စစ်အစိုးရ စစ်တပ်တို့က လွန်ခဲ့တဲ့ ၃ - ၄ ရက်က စပြီး သိမ်းပိုက်ဖို့ ကြိုးစားလာတဲ့ အတွက် နှစ်ဖက် တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ သူက ဆိုပါတယ်။

K.I.O/A နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် တို့ ပြုလုပ် ကျင်းပပြီးခဲ့တဲ့ နှစ်ဖက်ဆွေးနွေးပွဲတွေဟာ သေချာရေရာတဲ့ အဖြေ တစ်ခုမှ မရရှိခဲ့ပါ။
၂၁-၂၂ ရက် မှာလည်း ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော် (မန်မော်) ကားလမ်းမကြီး ပေါ်ရှိ အင်ပေါင် ကျေးရွာနှင့် ဂန်ဒေါင်ယာန် အကြားရောက်ရှိနေတဲ့ မြန်မာစစ်တပ် ခလရ ၂၆၀၊ ခမရ ၃၈၉၊ ၃၉၀ တပ်ဖွဲ့တို့နှင့် K.I.A အထူးတပ် ၂၅၅ တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ ယနေ့ဆိုရင် ယင်းနှစ်ဖက် တိုက်ပွဲဟာ ၅ ရက် ရှိပြီ ဖြစ်ကြောင်း စုံစမ်း သိရှိရပါတယ်။

ကချင် စစ်ပြေး ဒုက္ခသည်စခန်း တစ်ခုမှ ကလေးသူငယ်များ

ယခုလို နှစ်ဖက်အကြား တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာမှုကြောင့် ပြည်သူလူထုများဟာ စိုးရိမ်ပူပန်မှုများ ပိုမူများပြားလာကြောင်း သိရပါတယ်။ မိုးရသီရောက် ရှိလာပြီဖြစ်တဲ့ အားလျော်စွာ စားဝတ်နေရေးနှင့် ကျန်းမားရေးများဟာ ကချင် စစ်ပြေး ဒုက္ခသည်တွေအတွက် စိုးရိမ်စရာ ဖြစ်နေ ပါတယ်။ ကချင် စစ်ပြေးဒုက္ခသည်များဟာ စခန်းအတွင်း ခိုလှုံနေရတဲ့သူတွေ ရှိသလို တချို့ဆိုရင် ဆင်းရဲ ခက်ခဲစွာ တောတောင် အတွင်းမှာဘဲ ပုန်းခိုနေရသေးကြောင်း စုံစမ်း သိရှိရပါတယ်။ ပြည်တွင်း စစ်ကြောင့် ကချင်စစ်ပြေးဒုက္ခသည်ရှိ ကလေးသူငယ်များနှင့် တိုက်ပွဲဖြစ်တဲ့ ဧရိယာမှ ကလေး သူငယ်များရဲ့ ပညာရေးနှင့် အနာဂတ်ဟာ တွေးလိုက်ရင် ရင်လေးစရာနှင့် သနားစရာ ဖြစ်နေ ပါတော့တယ်။

Saturday, March 03, 2012

သဘောတူညီချက်ရရန် တပ်ရုပ်သိမ်းရေး အဓိကကျကြောင်း KIO ပြော

|0 comments

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အစိုးရအကြား နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး ပဏာမ သဘောတူ လက်မှတ်ရေးထိုးရန်အတွက် KIO နယ်မြေအတွင်း ဝင်ရောက်နေသော အစိုးရတပ်များကို ရုပ်သိမ်းပေး ရန် လိုအပ်ကြောင်း KIO က ပြောကြားလိုက်သည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်များ၏ စည်းဝေးပွဲအပြီး အင်္ဂါနေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတရပ်တွင် KIO အထွေထွေအတွင်းရေးမှူး ဒေါက်တာ လဂျာက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ ဒီတခေါက် ပဏာမ သဘောတူညီချက်အနေနဲ့ လက်မှတ်ထိုးကြမယ် ဆိုလို့ရှိရင် ဒီပစ်ကြခတ်ကြတာ ရပ်ဆိုင်းသွားဖို့ အစိုးရတပ်တွေ ကျနော်တို့ ဧရိယာတွေမှာ ဝင်နေတာ၊ နေရာလုနေတာတွေ ရုပ်သိမ်းပါ”ဟု
ဒေါက်တာလဂျာက ပြောသည်။
kioooo
အကယ်၍ အစိုးရတပ်များ ရုပ်သိမ်းပေးမည်ဆိုပါက KIO နှင့် မြန်မာအစိုးရအကြား ၁၉၉၄ ခုနှစ်ကတည်းက အပစ်ရပ် လက်မှတ်ထိုးထားပြီး ဖြစ်သည့်အတွက် နိုင်ငံရေးဆွေးနွေးမှုများ လုပ်နိုင်မည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“ဒီဟာတွေသာ ရုပ်သိမ်းရင် လက်မှတ်ထိုးစရာ မလိုဘူး။ နိုင်ငံရေး စ ဆွေးနွေးမယ်။ စားပွဲပြင်ဖို့ပဲ ရှိတယ်” ဟု ဒေါက်တာလဂျာက ဆက်ပြောသည်။

KIO အနေနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့တို့ ဇန်နဝါရီလက ပဏာမ တွေ့ဆုံခဲ့ကြရာတွင် သဘောတူညီမှု မရသေးသလို ထပ်မံ တွေ့ဆုံရန်အတွက်လည်း  အစိုးရကိုယ်စားလှယ်များ တရုတ်နိုင်ငံသို့ ခရီးလွန်နေသည်ဟု ဆိုသဖြင့် တွေ့ဆုံမည့် ရက်ကို စောင့်ဆိုင်းနေဆဲ ဖြစ်သည်ဟု KIO အသိုင်းအဝိုင်းမှ သိရသည်။

လတ်တလောတွင် KIO ၏ အဓိကကျသော တပ်မဟာ ၅ နှင့် တပ်မဟာ ၃ လှုပ်ရှားရာ မိုးမောက်မြို့နယ်ခွဲ၊
ဒေါ့ဖုန်းယန်မြို့နယ်ခွဲ နယ်မြေများတွင် အစိုးရ တပ်အင်အား အနည်းဆုံး ၁,ဝဝဝ ကျော်က လှုပ်ရှားသွားလာနေဆဲ
ဖြစ်သည်ဟု အမည်မဖော်လိုသည့် KIO အရာရှိတဦးက ပြောသည်။

“လိုင်ဇာဝန်းကျင် နမ်ဆန်ယန်၊ လဂျားယန်၊ ဆဒုံး၊ လွယ်ဂျယ်၊ ဇင်လွမ်ဘက်ရော ခလရ တပ်ရင်းတွေ အများကြီးပဲ။ အစုံပဲ။ တပ်မ ၉၉၊ စကခ လက်အောက်ခံတပ်တွေ အကုန်ရောပြီး လှုပ်ရှားနေတယ်။ တပ်မဟာ ၃ နယ်မြေ လက်အောက်ခံ တပ်ရင်း ၁၅၊ ၁၂၊ ၁၆၊ ၂၇ နယ်မြေတွေမှာဆိုရင် အင်အား ၆ဝဝ လောက် ရှိမယ်။ တပ်မဟာ ၅ နယ်မြေဘက်မှာ ၄ဝဝ၊ ၅ဝဝ လောက် ရှိမယ်။ ဒါက အနည်းဆုံး။ ဒီထက် ပိုများမယ်”ဟု အဆိုပါ အရာရှိက မဇ္စျိမကို ပြောသည်။

ထို့အပြင် အစိုးရ၏ စစ်တင်အင်အား ၅ဝဝ ခန့်က မြစ်ကြီးနား-ပူတာအို ကားလမ်းအတိုင်း မြစ်ကြီးနားမြို့မှ မြောက် ဘက်သို့ ပြီးခဲ့သည့် ပတ်က ထိုးစစ်ဆင်လာပြီးနောက် အင်္ဂါနေ့ ညနေပိုင်းတွင် ယင်းဒေသသို့ စစ်ယာဉ်တန်းများ တက်သွားသည်ကို တွေ့ရကြောင်း မြစ်ကြီးနား မြို့ခံတဦးက ပြောပြသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း တပ်မဟာ ၄၊ တပ်မဟာ ၃ ၊ တပ်မဟာ ၅ နယ်မြေ အချို့တို့တွင် အစိုးရတပ်ဘက်မှ ဝင်ရောက်အခြေချကာ တပ်စွဲထားမှုများ ရှိနေသည်ဟုလည်း KIO က ဆိုသည်။

၁၉၉၄ မှစ၍ KIO နှင့် အစိုးရ အပစ်ရပ်စဲနိုင်ခဲ့သော်လည်း ၂ဝ၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှ စတင်၍ တိုက်ပွဲများ
ပြန်လည်ဖြစ်ပွားလာခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး၊ ချင်းအမျိုးသားပါတီ၊ မွန်ပြည်တစ်ပါတီ၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော်၊ ရှမ်းပြည်
တောင်ပိုင်းတပ်မတော်နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီတို့မှာ အပစ်အခတ် ရပ်စဲရေးအတွက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့နှင့် ပဏာမ သဘောတူ လက်မှတ်ရေးထားပြီး ဖြစ်သည်။

Friday, March 02, 2012

အိန္ဒိယနယ်စပ် မြန်မာနှစ်ဦး ဖမ်းမိ၊ တဦး KIA မှဟုဆို

|0 comments

 အိန္ဒိယ-မြန်မာနယ်စပ် မိုးရေးမြို့တွင် ကချင်လွတ်မြောက်ရေးတပ် KIA အဖွဲ့ဝင် လူကြီးတဦး ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့က ဖမ်းဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။

မိုးရေးမြို့ အမှတ် ၃ ရပ်ကွက်နေ အသက် ၆၅ နှစ်အရွယ် ဦးဖောင်နား လထွယ် Hpauna Lahtoi ခေါ် Alizou အား ပစ္စတိုတလက်၊ ၆.၃၅မမ ကျည် ၅ တောင့်နှင့်အတူ ဖမ်းဆီးရမိကြောင်း အိန္ဒိယ Nagaland Post သတင်းတရပ်တွင်
ဖော်ပြပါရှိသည်။

နယ်မြေခံ အာသံရိုင်ဖယ် အမှတ် ၉ မှ တပ်ဖွဲ့များက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲသတင်းရပ်ကွက်အား ကိုးကား၍
ဖော်ပြထားသည်။

သို့သော် လက်နက်နှင့် ဖမ်းဆီးမိသည်ဆိုသည်မှာ လုပ်ကြံမှုလည်း ဖြစ်နိုင်ကြောင်း ဦးလထွယ် လွတ်မြောက်ရေး အတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် မိုးရေးမြို့နေ ဦးဆာဆတ် က မဇ္ဈိမကို ပြောသည်။

“သတင်းပေးတာဘာညာ ရှိမှာပေါ့။ သေနတ်နဲ့ကျည်ဆံ မိတယ်ဆိုတာ တကယ်ဟုတ်လား/မဟုတ်ဘူးလား၊ မိသားစု က မဟုတ်ဘူးပြောတယ်။ စစ်တပ်ကတော့ အဲဒါတွေနဲ့ မိတယ်လို့ ပြောတယ်။ တထစ်ချ မပြောရဲဘူး။ တပ်ကလည်း သူတို့ ရာထူးတက်ရာတက်ကြောင်း အကြံအဖန်လုပ်ပြီးဖမ်းမယ်။ ပြီးရင် သေနတ်တလက်လောက်နဲ့ ရဲစခန်းအပ်မယ်” ဟု ပြောသည်။

ဦးလထွယ်မှာ ၁၉၉၂ ခုနှစ်ကတည်းက အိန္ဒိယနိုင်ငံ Arunachal Pradesh ပြည်နယ်တွင် နေထိုင်ပြီးနောက် မိုးရေးမြို့ သို့ ပြောင်းရွှေ့အခြေချ နေထိုင်သူတဦးဖြစ်ကြောင်းလည်း ဦးဆာဆတ် က ပြောသည်။

“၂ဝဝ၂ လောက်မှ မိုးရေးဘက် ဆင်းလာတာ။ ကူကီးအမျိုးသမီးတယောက်နဲ့ အိမ်ထောင်ကျတယ်။ အဲဒီကတည်းက ကပ္ပတိန်ပဲ။ လွန်ခဲ့တဲ့ ၂-၃ နှစ်လောက်ကမှ သူ့ကိုပြန်ပြီး တာဝန်ပေးတာ။ ဒေလီကို လာတဲ့သူတို့၊ ကျမ်းစာကျောင်း တက်တဲ့သူတို့၊ တမူး-မိုးရေး လမ်းကလာရင် သူ့ဆီမှာပဲ တည်းကြတယ်” ဟု ကူကီး ခေါင်းဆောင်တဦးလည်း
ဖြစ်သည့် ဦးဆာဆတ် က ပြောသည်။

ဦးလထွယ်ကို မဏိပူရပြည်နယ်၊ အင်ဖာမြို့ အနောက်ပိုင်း ရဲဌာနတွင် ဖမ်းဆီးထားပြီး လက်နက်မှုမြောက်ပါက
ထောင်ကျနိုင်သော်လည်း လွတ်မြောက်ရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း “အဲဒီအတိုင်းဆို ထောင်ကျ မှာပေါ့။ မကျအောင် ရှေ့နေတွေဘာတွေ ငှားပြီးတော့ အချုပ်ကနေပဲ ထွက်လာအောင်၊ ရုံးချိန်းလောက်နဲ့ပဲ
ပြတ်သွားအောင် ကြိုးစားနေကြတာပါ။ အာမခံနဲ့ ထွက်လာအောင်” ဦးဆာဆတ် က ပြောသည်။

ထို့အပြင် အိန္ဒိယအစိုးရအား ပုန်ကန်နေသည့် မြေအောက်အဖွဲ့များထဲမှ တခုဖြစ်သည့်  PREPAK အဖွဲ့ဝင်တဦးဟု ယူဆရသူကိုလည်း လက်နက်နှင့်ပင် မိုးရေးမြို့ထဲမှ ဖမ်းဆီးရမိခဲ့ကြောင်းလည်း သတင်းများတွင် ဖော်ပြသည်။

တမူးမြို့နေ အသက် ၂၅ နှစ်အရွယ် ဇော်သူ ခေါ် ဘလိုင်း အား AK-47 တလက်၊ ၇.၆၂ မမ ကျည် ၅ တောင့်နှင့်အတူ အမှတ် ၉ အာသံရိုင်ဖယ် တပ်များကပင် ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

ဖေဖေါ်ဝါရီလ ၄ ရက်နေ့ကလည်း တမူးမြို့ နန့်ဖာလုံဈေး အနီးတွင်  ပစ်ခတ်မှုတခု ဖြစ်ပွားခဲ့သေးသည်။ အိန္ဒိယ အာသံရိုင်ဖယ် Assam Rifle တပ်မှ ကင်းလှည့်စစ်ဆေးစဉ် နယ်စပ်ဂိတ်အမှတ် ၂ ၌ မဏိပူရ (ကသဲ) လူမျိုး အချို့က အစစ်အဆေးမခံဘဲ မြန်မာဘက်ခြမ်း နန့်ဖာလုံ ဈေးဂိတ်သို့ ထွက်ပြေးခြင်းကြောင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယ ခွဲထွက်သူပုန်များဖြစ်ကြသည့် PLA, ULFA, UPLF, PREPAK, KCP, KYKL, RPF နှင့် UNLF တို့ အပါအဝင် ရှစ်ဖွဲ့ထက်မနည်းမှာ မြန်မာ့မြေပိုင်နက် အတွင်းဝယ် ခိုလှုံ နေထိုင်ကြကြောင်း အိန္ဒိယ သတင်းစာများတွင် ရေးသား ထားသည်။

၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ခရစ်စမတ်နေ့ကလည်း နန်းဖာလုံဈေးလုံခြုံရေး တာဝန်ကျ မြန်မာစစ်သားတဦး၏ ပစ်ခတ်မှု
ကြောင့် အနီးရှိ အိန္ဒိယပိုင် မိုးရေးမြို့ဘက်တွင် ဘောလုံးကစား နေသည့် လူငယ်တဦးအား သေနတ်ကျည်ဆံ ထိမှန် ခဲ့ဖူးသည်။

အိန္ဒိယနိုင်ငံရှိ ချင်းဒုက္ခသည်များအရေး အစီရင်ခံစာထွက်ရှိ

|0 comments

အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ်တွင် နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံမှ ချင်းဒုက္ခသည် တသိန်းခန့် မှာ လူသားချင်း စာနာထောက်ထားသည့် အကူအညီများ အရေးတကြီး လိုအပ်နေသည်ဟု အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီတွင် မတ်လခြောက်ရက်နေ့တွင် ထုတ်ပြန်ရန်ရှိသည့် အစီရင်ခံစာတစောင်က ဆိုထားသည်။

အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် Seeking Refuge အစီရင်ခံစာက အိန္ဒိယ ဗဟိုအစိုးရနှင့် မီဇိုရမ်ပြည်နယ် အစိုးရတို့အား နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပူးပေါင်းဆောင်ရွက်၍ ဒုက္ခသည်များအား အကာအကွယ်ပေးရန်နှင့် လိုအပ်သည့် လူသားချင်း စာနာထောက်ထားမှု အကူအညီများပေးရန် တောင်းဆိုထားသည်။

“မီဇိုရမ်ပြည်နယ်အတွင်းရှိ ချင်းလူမျိုးများသည် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အရေးတယူ အာရုံစိုက်မှု မခံရကြောင်း
နှင့် ထိုကဲ့သို့ ဖြစ်ရသည်မှာ အချိန်ကြာမြင့်စွာ ကတည်းက တည်ရှိနေခဲ့သည့် ထိုဒေသသို့ ခရီးသွားလာမှု အကန့်အသတ်များအပြင် UNHCR မှ မီဇိုရမ်ပြည်နယ်သို့ ဝင်ရောက်ခြင်း မရှိခဲ့သည့် အတွက်ကြောင့်ဖြစ်သည်” ဟု ပါရှိသည်။

၁၃၄ မျက်နှာ ရှိသည့် ထိုအစီရင်ခံစာအရ မီဇိုရမ်ပြည်နယ်တွင် လာရောက်ခိုလှုံနေကြသည့် ချင်းလူမျိုးများမှာ ထိုပြည်နယ် လူဦးရေ၏ ဆယ်ရာခိုင်နှုန်းနီးပါး ရှိနေပြီဖြစ်ပြီး ဝန်ထုပ်ဝန်ပိုးကြီးတခု ဖြစ်လျက်ရှိကြောင်းလည်း ဆိုသည်။

မြန်မာနိုင်ငံမှ အိမ်နီးချင်း အိန္ဒိယနိုင်ငံရှိ မီဇိုရမ်ပြည်နယ်သို့ လာရောက်ခိုလှုံနေကြသည့် ချင်းလူမျိုးများအား အကာအကွယ်ပေးရန် လိုအပ်နေမှုနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ လိုအပ်နေမှုကို ဖော်ပြ ထားခြင်း ဖြစ်သည်။

“သူတို့ဟာ ဥပဒေရဲ့ အကာအကွယ်ပေးမှုကို မရတဲ့အပြင် အများအပြားဟာ စီးပွါးရေးအရ မလုံခြုံမှုကို ကြုံတွေ့နေ ရပြီး လုံလောက်သည့် နေထိုင်စရာနေရာများ မရမှု၊ အစားအသောက်များ မလုံလောက်မှုနှင့် ကျန်းမာရေး
စောင့်ရှောက်မှုနှင့် ပညာရေး အခွင့်အလမ်းများ မရရှိပဲ ဖြစ်နေသည်” ဟု အစီရင်ခံစာက ဆိုထားသည်။

ထိုအစီရင်ခံစာအတွက် အထောက်အပံ့ ပေးခဲ့ကြသည့် အဖွဲ့အစည်းများမှာ Jesuit Refugee Service/USA၊ Lutheran Immigration and Refugee Service၊ U.S. Conference of Catholic Bishops၊ Women's Refugee Commission နှင့် World Relief တို့ဖြစ်သည်။

အမေရိကန် အခြေစိုက် ဒုက္ခသည်ကောင်စီ (USA) ကလည်း မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများအား အာရုံ စူးစိုက်မှုများ ရှိနေလင့်ကစား ဘာသာရေးနှင့် လူမျိုးအရ အနည်းစုဖြစ်နေသည့် ချင်းတိုင်းရင်းသားများအရေးကိုလည်း အာရုံစူးစိုက်ကြစေလိုကြောင်းလည်း ပြောသည်။
seekingreg
“ကျနော်တို့ အနေနဲ့ တိုင်းရင်းသား လူနည်းစုများနဲ့ ဘာသာရေးအရပါ အနည်းစုများဖြစ်တဲ့ ချင်းလူမျိုးတွေလို
မြန်မာပြည်ထဲကနေ ထွက်ပြေးလာခဲ့ရတဲ့ ဒုက္ခသည်တွေ အရေးကိုလည်း အာရုံစိုက်ကြဖို့ တိုက်တွန်းလိုပါတယ်။ ဒီအစီရင်ခံစာထဲမှာ ချင်းလူမျိုးတွေ ဘာကြောင့် ထွက်ပြေးလာခဲ့ရလဲ၊ ဘယ်လိုစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရသလဲ ဆိုတာတွေ၊ မီဇိုရမ်ပြည်နယ်မှာ ချင်းလူမျိုးတွေ ခိုလှုံတဲ့အခါ သူတို့နဲ့ မီဇိုရမ်ပြည်နယ် ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ ကို ဖော်ပြထားပါတယ်” ဟု ဒုက္ခသည်ကောင်စီ ဥက္ကဋ္ဌ Dan Kosten က ပြောသည်။

၁၉၆၂ ခုနှစ်မှ စတင်၍ ချင်းလူမျိုးများ မြန်မာနိုင်ငံတွင်းမှ အတင်းအကြပ် မောင်းထုတ်ခံရမှုများ အဆက်မပြတ်
ဖြစ်ပေါ်ခဲ့သလို ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် ပိုမိုများပြားသည့် ချင်းလူမျိုးများ မီဇိုရမ်သို့ ခိုလှုံလာကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ချင်းပြည်နယ်အတွင်းတွင် ဖြစ်ပွါးခဲ့သည့် အနိုင်ကျင့်မှု များထဲတွင် လုပ်အားပေးရန် အတင်းအကြပ် ခိုင်းစေမှု၊ နှိပ်စက်မှုနှင့် ဘာသာရေး နှိပ်ကွပ်မှုများ ပါဝင်သည်ဟု အစီရင်ခံစာက ဆိုသည်။

ထို့အပြင် လူသားခြင်း စာနာထောက်ထားမှု အကူအညီ ပေးအပ်ရေးအဖွဲ့များ ဖွံ့ဖြိုးရေးအဖွဲ့များနှင့် နိုင်ငံတကာ အန်ဂျီအိုများ ပါဝင်သည့် အမေရိကန် အခြေစိုက် အကြီးဆုံး ညွန့်ပေါင်းအဖွဲ့ဖြစ်သည့် Humanitarian Policy and Practice of InterAction ၏ ဒုဥက္ကဋ္ဌ Joel Charny ကလည်း “မြန်မာနိုင်ငံမှာ ရေရှည်အတွက် ဘယ်လိုပြောင်းလဲမှု
တွေပဲ ဖြစ်ပေါ်လာပါစေ၊ အိန္ဒိယ နိုင်ငံ မီဇိုရမ် ပြည်နယ်က ချင်းလူဦးရေ တသိန်းခန့်လို မြန်မာနိုင်ငံထဲက တိုင်းရင်းသား လူနည်းစု ဒုက္ခသည်တွေကို အကာအကွယ်ပေးဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ဖို့ အရေးတကြီး လိုအပ်နေပါတယ်” ဟု ဆိုခဲ့သည်။

မီဇိုရမ်ပြည်နယ်သည် မြန်မာနိုင်ငံ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိသည်။

Thursday, February 23, 2012

'' မိမိရဲ့နိုင်ငံရေးလမ်းစဉ်အတိုင်း ခိုင်ခိုင်မာမာ ရပ်တည်ဖို့က ပထမပါ '' ဆိုတဲ့ ဒေါ်ဘောက်ဂျာ

|0 comments

Hugawng  ............WPN

အမေရိကန်ပြည်ထောင်စုကို ဆရာမ လာရောက်တဲ့ အကြောင်းကို ပြောပြပေးပါ။

အမေရိကန်အစိုးရက ဖိတ်ကြားတဲ့အတွက် လာရောက်ခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကချင်အရေး၊ တိုင်းရင်းသားအရေး၊ ပြည်တွင်းစစ်ကိစ္စနဲ့ ကချင်ဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးကိစ္စတွေကို အမေရိကန်အစိုးရက သိရှိလိုတဲ့ အတွက်လာရောက်ခြင်း ဖြစ်ပါတယ်။ အမေရိကန်ကို ရောက်တုန်းရောက်ခိုက် ကချင်မျိုးနွယ်စုဝင် ညီအစ်ကိုမောင်နှမတွေနဲ့လည်း တွေ့ဆုံလိုတဲ့အတွက် ဒီနေရာကို ရောက်ရှိလာခြင်း ဖြစ်ပါတယ်။

ဆရာမအနေနဲ့ ကချင်လူမျိုးတွေအတွက် လူမှုရေး၊ နိုင်ငံရေးကိစ္စတွေမှာ အင်တိုက်အားတိုက် လှုပ်ရှားဆောင်ရွက်ပေးနေတယ်ဆိုတာကို ကျနော်တို့ ကြားသိရပါတယ်။ ရှေ့ဆက်ပြီးတော့ လုပ်ဆောင်မယ့် ဆရာမရဲ့ လုပ်ငန်းစဉ်ကို သိပါရစေ။

ကချင်လူမျိုးတွေအနေနဲ့ မိမိရဲ့နိုင်ငံရေးလမ်းစဉ်အတိုင်း ခိုင်ခိုင်မာမာ ရပ်တည်ဖို့က ပထမ နံပါတ်(၁) ဖြစ်ပါတယ်။ နိုင်ငံရေးမှာ ခိုင်ခိုင်မြဲမြဲ ရပ်တည်ရဲမှသာလျှင် ကျမတို့ လူမျိုးတွေရဲ့ ရပိုင်ခွင့်နဲ့ လိုအပ်ချက်တွေကို ရရှိမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီကနေ့ လူငယ်မောင်မယ်တွေအနေနဲ့ မိမိရဲ့ နိုင်ငံရေးရပ်တည်ချက်ကို သိရှိပြီး ဒီနိုင်ငံရေးလမ်းစဉ်မှာ မားမားမတ်မတ် ရပ်တည်နေဖို့က နံပါတ်(၁) အရေးကြီးဆုံး ဖြစ်ပါတယ်။
ဒုတိယအနေနဲ့ လူငယ်တွေသာမက တိုင်းသူပြည်သားတွေ အားလုံးသည်လည်းပဲ မိမိတို့ရဲ့ ရပိုင်ခွင့်၊ အခွင့်အရေးတွေကို သေသေချာချာ သိရှိနားလည်ကာ မိမိတို့ရဲ့ နိုင်ငံရေးလမ်းစဉ် ရဲရဲဝံ့ဝံ့ လက်ခံလျှောက်လှမ်းဖို့ လိုပါတယ်။ ဒီကိစ္စတွေကို လက်ရှိအချိန်မှာ (ပညာပေး)လုပ်ဆောင်နေပါတယ်။ နောက်ပြီးတော့ လာမယ့် ရွေးကောက်ပွဲမှာလည်း ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဘာလို့ ရွေးကောက်ပွဲဝင်ရသလဲဆိုရင် ကျမတို့ရဲ့ အရေးကို ကျမတို့ဘက်မှာ ရပ်ပြီးပြောမယ့်သူ မရှိလို့ပါ။ လွှတ်တော်မှာ တိုင်းရင်းသားကိုယ်စားလှယ်တွေရှိသော်လည်းပဲ ကျမတို့ရဲ့ လိုအပ်ချက်နဲ့ အခွင့်အရေးတွေကို တောင်းဆိုတင်ပြမယ့်သူ မရှိပါဘူး။ လွှတ်တော်ထဲမှာ ပိုပြီးတော့ ထိထိရောက်ရောက် ပြောဆိုတင်ပြနိုင်လိမ့်မယ်လို့ ထင်တဲ့အတွက် ရွေးကောက်ပွဲဝင်မှာ ဖြစ်ပါတယ်။ ကျမတို့ ရှေ့ဆက်လုပ်ဆောင်ရမယ့် ကိစ္စတွေ အများကြီးရှိပါတယ်။ လူငယ်တွေကို ပြုစုပျိုးထောင်ရမယ်။ ဒီလိုကိစ္စတွေကို ဆက်လက်ဆောင်ရွက်နိုင်ဖို့ အခုကတည်းက ပြင်ဆင်နေပါတယ်။

စစ်ဖြစ်ပွားနေတဲ့ အတွက် စစ်ပြေးဒုက္ခသည်တွေ အများအပြား ဆင်းရဲဒုက္ခရောက်နေကြောင်း၊ ကချင်လွတ်မြောက်ရေးတပ်မတော်သားတွေလည်း ရှေ့တန်းစစ်မျက်နှာတွေမှာ အပြင်းအထန် ကြိုးစားတွန်းလှန်တိုက်ခိုက်နေကြောင်း သိရှိရပါတယ်။ ကချင်လွတ်မြောက်ရေးအစိုးရမှလည်း ဗမာ(မြန်မာ)အစိုးရနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ကာ ငြိမ်းချမ်းရေးရရှိဖို့ ကြိုးစားနေကြောင်း သိရပါတယ်။ ဒီအကြောင်းကိစ္စတွေအပေါ် ဆရာမရဲ့ သဘောထားအမြင်ကို ပြောပြပေးပါ။

ကျမတို့ ကချင်ပြည်မှာ သေနတ်ပြန်ဖောက်တာ (၈)လ ရှိလာပါပြီ။ ဒီကာလအတွင်းမှာ ဆင်းရဲဒုက္ခ ရောက်ကြရတယ်ဆိုတာ မှန်ပါတယ်။ စစ်မက်တိုက်ပွဲတွေ မရှိတဲ့ကာလတွေတုန်းကလည်း ကျမတို့ရဲ့ ပြည်သူတွေ အကြီးအကျယ် ဆင်းရဲဒုက္ခရောက်ခဲ့ကြရတာပါ။ ဟူးကောင်းလွင်ပြင်ဒေသမှာ ယုဇနကုမ္ပဏီက မြေဧက နှစ်သိန်းကျော်သိမ်းလိုက်လို့ မြောက်များစွာသော ပြည်သူတွေ ဒုက္ခပင်လယ်ဝေခဲ့ကြရတာပါ။ တိုင်းသူပြည်သားတွေခမျာ နေစရာ မရှိ၊ စားစရာ မရှိနဲ့ ဆင်းရဲဒုက္ခရောက်ကြတယ်။ အစားအသောက်မရှိလို့၊ ဆေးဝါးကုသနိုင်ခြင်းမရှိလို့ သေဆုံးသွားကြရတယ်။ ကလေးတွေ ကျောင်းမတက်နိုင်ဘူး။ လူငယ်လူရွယ်တွေ ပျက်စီးသွားကြရတယ်။ ဒီကနေ့ စစ်ဖြစ်နေလို့သာလျှင် ပြည်သူတွေ ဒုက္ခရောက်တာ မဟုတ်ပါဘူး။ စစ်မဖြစ်တဲ့ အချိန်ကာလတွေမှာလည်း ဆင်းရဲဒုက္ခတွေကို အကြီးအကျယ် ခံစားဖြတ်သန်းခဲ့ကြရတာပါ။ ဒီကနေ့အထိလည်း ဒုက္ခရောက်နေကြတုန်းပါပဲ။ စခန်းတွေမှာ ရောက်ရှိနေတဲ့ စစ်ပြေးဒုက္ခသည်တွေလည်း ပင်ပန်းဆင်းရဲနေကြရပါတယ်။ အထူးသဖြင့် ရှမ်းပြည် ဖောင်းဆိုင်၊ အင်ဘော်ပါ စတဲ့ ဒေသတွေမှာ အကူအညီရောက်ရှိမှု နည်းတဲ့အတွက် ပိုပြီးဆင်းရဲဒုက္ခရောက်ကြကြောင်း သိရပါတယ်။ အင်မတန် ချမ်းတဲ့အချိန်ကာလမှာ ၀တ်စရာ အနွေးထည်မရှိ၊ အမိုးအကာမရှိတဲ့ နေရာတွေမှာ နေထိုင်ကြရတာပါ။ အမိုးအကာနဲ့ လုံလုံခြုံခြုံနေရတဲ့ နေရာတွေမှာလည်း အချို့က စားစရာဆန်ပဲ ရှိပြီး ဟင်းလျာချက်ပြုတ်စားသောက်ဖို့ မရှိဘူး၊ နေမကောင်းဖြစ်ရင် သောက်သုံးဖို့ ဆေးဝါးမရှိဘူး စတာတွေကို ကြုံတွေ့နေကြတယ်။ နေရာဒေသအချို့မှာ ကလေးတွေ ကျောင်းမနေနိုင်ဘူး။ ထွက်ပြေးတိမ်းရှောင်လာရတဲ့အတွက် ကျောင်းမတက်နိုင်တာ၊ တချို့က သူတို့တိမ်းရှောင်ရောက်ရှိနေတဲ့ နေရာနဲ့ စာသင်ကျောင်း ကွာဝေးလွန်းတာ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ကလေးငယ်တွေ ကျောင်းမနေနိုင်၊ စာမသင်ကြားနိုင် ဖြစ်နေရပါတယ်။
ပြည်သူလူထုကို ဘယ်လောက်ထိ နှိပ်စက်သလဲဆိုတော့ ကလေးတွေကို စာသင်ကြားပေးတဲ့ ဂေဟာမှာလည်း ဗုံးလာခွဲတယ်။ တောင်ယာသွားတဲ့သူတွေကိုလည်း အသားလွတ် ပစ်သတ်တယ်။ ဒီလို နည်းလမ်းပေါင်းစုံနဲ့ နှိပ်စက်တာတွေကိုလည်း ခံခဲ့ကြရပါတယ်။ အမျိုးသမီးတွေကို အနိုင်ကျင့်စော်ကားတဲ့ ကိစ္စတွေလည်း အမြောက်အများ ဖြစ်ပွားခဲ့ပါတယ်။ ယောက်ျားတွေ့ရင် ပေါ်တာဆွဲတယ်၊ မိန်းမနဲ့ကလေးတွေကိုတော့ လူသားဒိုင်းသဖွယ်အသုံးပြုတယ်။ နည်းလမ်းပေါင်းစုံနဲ့ စော်ကားနေကြပါတယ်။ ရွာမှာမနေရဲလို့ ထွက်ပြေးသွားတဲ့ရွာတွေကို မီးရှို့တယ်၊ ရိတ်သိမ်းထားတဲ့ ကောက်ပဲသီးနှံတွေကို မီးရှို့ဖျက်ဆီးတယ်။
ဒီတော့ စစ်မီးငြိမ်းသွားခဲ့ရင်တောင် ပြန်စရာအိမ်မရှိတဲ့အဖြစ်ဆိုတော့ ပြန်လည်ထူထောင်ရေးအတွက်လည်း အများကြီးလုပ်ရဦးမှာပါ။ ဒါ့ကြောင့် ကျမတို့ရဲ့ သွေးချင်းညီအစ်ကိုမောင်နှမတွေအတွက် ပြန်လည်ထူထောင်ရေးသည်လည်းပဲ ကျမတို့ အားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးကိစ္စအတွက်တော့ ခေါင်းဆောင်ကြီးတွေ ဆောင်ရွက်နေကြပါတယ်။ ရှေ့တန်း စခန်းအသီးသီးမှာ ရဲဘော်ရဲဘက်တွေ ကြိုးပမ်းအားထုတ်နေကြပါတယ်။ ငြိမ်းချမ်းရေးကိစ္စပြောမယ်ဆိုရင် လွန်ခဲ့တဲ့(၁၇)နှစ်တိုင်တိုင် အပစ်ရပ်ခဲ့ကြပါတယ်။ ငြိမ်းချမ်းရေးလို့ ပြောတဲ့ ဒီအပစ်ရပ်ကာလမှာ တိုင်းသူပြည်သားတွေ အလွန် ဆင်းရဲဒုက္ခရောက်သွားခဲ့ရပါတယ်။ လယ်ယာမြေတွေ သိမ်းခံရတယ်။ ဒီစစ်အေးတိုက်ပွဲကာလမှာ ကျမတို့ အင်မတန် ကျရှုံးသွားခဲ့ရပါတယ်။ အခုလည်းပဲ အရင်လိုအပစ်ရပ် ငြိမ်းချမ်းရေးပုံစံပဲ ပြန်သွားမယ်ဆိုရင်တော့ ဘာမှမထူးပါဘူး။ ဗမာအစိုးရရဲ့ လှည့်ဖြားမှု၊ ကလိန်ကျမှု နောက်တစ်ခေါက် ထပ်မခံရဖို့ လိုပါတယ်။ ကျမတို့ ထပ်မှားလို့ မရပါဘူး။ ထပ်မှားခဲ့မယ်ဆိုရင်တော့ ကျမတို့ တိုင်းပြည်နဲ့လူမျိုးရဲ့ အနာဂတ်ဟာ ပိုမို ဆိုးရွားသွားပါလိမ့်မယ်။ ဒီဗမာအစိုးရက ကျမတို့ကို ဘယ်လိုနည်းနဲ့မှ မနိုင်တဲ့အတွက်ကြောင့်သာ သည်းခံကာ တွေ့ဆုံဆွေးနွေးနေခြင်း ဖြစ်တယ်ဆိုတာ နားလည်ဖို့ လိုပါတယ်။ ကျမတို့ရဲ့ ရိုးသားပွင့်လင်းမှုကို အခွင့်ကောင်းယူကာ လှည့်ဖြားနေကြတဲ့ ဒီဗမာအစိုးရရဲ့ သွေးဆောင်မှုအောက် ကျဆုံးရောက်ရှိ မသွားဖို့ ဖန်ဆင်းရှင်ထာဝရဘုရားသခင်ထံ ကိုးစားဆုတောင်းခြင်းဖြင့် တိုင်းသူပြည်သားတွေအားလုံး လက်တွဲညီညီ လျှောက်လှမ်းကြမယ်ဆိုရင် ကျမတို့ လိုချင်တဲ့ ပန်းတိုင်ကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။

ကမ္ဘာတ၀ှမ်းလုံးမှာ ရောက်ရှိနေကြတဲ့ ကချင်လူမျိုးတွေအတွက် အမှာစကားပြောကြားပေးပါဦး။

တိုင်းပြည်ဒေသအသီးသီးကို ရောက်ရှိနေကြတဲ့ ကချင်ညီအစ်ကိုမောင်နှမတွေကို ကျေးဇူးတင်ပါတယ်။ ကျမတို့ မြန်မာနိုင်ငံသား၊ ကချင်လူမျိုးဖြစ်ခွင့်ရခြင်းဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်သက်သက် ဖြစ်ပါတယ်။

 ဒီကနေ့  စစ်တိုက်နေကြနေတယ်ဆိုပေမယ့် ကျမတို့ဟာ အမှန်တရားဘက်မှာ ရပ်တည်နေကြတဲ့အတွက် ကချင်လူမျိုးတွေအားလုံးရဲ့ ဂုဏ်အဖြစ် မှတ်ယူကြရမှာပါ။ စစ်ပွဲတွေနဲ့ ပင်ပန်းဆင်းရဲခက်ခဲမှုတွေအတွက် ညည်းတွားနေစရာအကြောင်း မရှိပါဘူး။ ကျမတို့ အားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။

အားလုံးအတွက် ကောင်းမွန်တဲ့ လမ်းစဉ်ဖြစ်တဲ့အတွက် ကျေးဇူးတော်ကို ချီးမွမ်းကာ အားလုံးဆက်လက်ကြိုးစား အားထုတ်သွားမယ်ဆိုရင် ဘုရားသခင်က တည်ငြိမ်အေးချမ်းတဲ့ ခါနန်ပြည်သစ်ကို ခေါ်ဆောင်သွားလိမ့်မယ်ဆိုတာကို ယုံကြည်ခြင်းအားဖြင့်၊ ဆုတောင်းခြင်းအားဖြင့်၊ ညီညွတ်ခြင်းအားဖြင့် ရှေ့ဆက်လျှောက်လှမ်းကြပါစို့။

'' မိမိရဲ့နိုင်ငံရေးလမ်းစဉ်အတိုင်း ခိုင်ခိုင်မာမာ ရပ်တည်ဖို့က ပထမပါ '' ဆိုတဲ့ ဒေါ်ဘောက်ဂျာ နံပါတ်(၁) အင်တာဗျူး