Wednesday, January 18, 2012

K.I.O/K.I.A ရဲ့ Operation Padang Hkrunlam - Part 3

|0 comments
Wednesday, January 18, 2012
 W.P Moses

K.I.O/K.I.A ရဲ့ Operation Padang Hkrunlam - Part III


  ဒီတစ်ခေါက်ပြန်ဖြစ်တဲ့ စစ်ကို ကျနော်တို့ ဗဟိုက ဘယ်လို သဘောထားသလဲ ဆိုတော့ လွန်ခဲ့တဲ့ (၁၇) နှစ်တာ ကာလပတ်လုံးလည်း အပစ်ရပ်ခဲ့ကြပြီးပြီ၊ ဘာနိုင်ငံရေး အဖြေမှလည်း ပေါ်ပေါက်လာခြင်း မရှိဘူး။ နိုင်ငံရေး ဆွေးနွေး ပြောဆိုခြင်းလည်း မရှိခဲ့ဘူး။ အမျိုးသား ညီလာခံကို တက်ရောက်ပြီး ဆွေးနွေး ခဲ့သော်လည်းပဲ၊ ရေးသား တင်ပြခဲ့သော်လည်းပဲ အရာမထင်ခဲ့ဘူး။ နယ်ခြားစောင့်တပ် အရေးတုန်းကလည်း ပင်လုံ ကတိက၀တ်အတိုင်းသာ ရှေ့ဆက်မယ်ဆိုရင် ကျနော်တို့ ကချင်တွေ လုံးဝ လက်နက်စွန့်ပါမယ် လို့လည်း ကမ်းလှမ်းခဲ့ပြီးပြီ။

 ကချင် စစ်ပြေးဒုက္ခသည်များ...

 “ဒါကြောင့်မို့လို့ ဒီတစ်ခေါက်တော့ ကျနော်တို့ လိုချင်တဲ့ နိုင်ငံရေး တံခါးမဖွင့်နိုင်သ၍၊ တိုင်းပြည်နဲ့ လူမျိုးအတွက် အလင်းတံခါးကို မဖွင့်နိုင်သ၍ ကျနော်တို့ဘက်က အပစ်မရပ်တော့ပါဘူး … ရရာ လက်နက်၊ ရှိသမျှ လက်နက်နဲ့ ကြိုးစား အားထုတ်ကြဖို့ စိတ်ပိုင်းဖြတ် ထားပါတယ်…”

 တရုတ်လည်း ကျနော်တို့ကို ကူမှာ မဟုတ်ပါဘူး။ အိန္ဒိယလည်း အကူအညီပေးမှာ မဟုတ်ပါဘူး။ အမေရိကန်လည်း ကူညီမှာ မဟုတ်ဘူး။ ဘယ်သူကမှ ကူညီမှာ မဟုတ်သော်လည်းပဲ ကျနော်တို့ကို အမှန်တကယ် အကူအညီ ပေးမယ့်သူ ရှိပါတယ်။ တရုတ်ပြည်ကို ဖန်ဆင်းထားသလို၊ အမေရိကန်တွေကို ဖန်ဆင်းထားသလို ကျနော်တို့ရဲ့ တိုင်းပြည်နဲ့ လူမျိုးကိုလည်း ဘုရားသခင်က ဖန်ဆင်း ထားတာပါ။ ဒီအရာ အကုန်လုံးကို ပိုင်သ အုပ်စိုးတာ ဘုရားသခင် ပါပဲ။ ဒါ့ကြောင့်မို့လို့ ဘုရား သခင်ကို ကိုးစားခြင်းအားဖြင့် ကျနော်တို့ရဲ့ တရားမျှတတဲ့ စစ်၊ ရှောင်လွှဲလို့ မရတော့တဲ့ စစ်ကို ရင်ဆိုင် ကျော်လွှားကြပါစို့ ဆိုပြီး စစ်ဆင်ရေး စတင်ခွင့်ပြုတဲ့ အမိန့်ကို ဗဟိုကော်မတီရဲ့ သဘောတူ ဆုံးဖြတ်ချက်အရ ကချင် လွတ်လပ်ရေးအဖွဲ့ ဥက္ကဌကြီးကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန် ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် အထက်မှာ ပြောခဲ့သလိုပဲ ကချင်ပြည်နဲ့ ကချင်ပြည်သူ ပြည်သားတွေအတွက် အလင်းတံခါးကို မဖွင့်နိုင်သမျှ ကျနော်တို့ ဒီစစ်ကို မရပ်တော့ဘူးလို့ စိတ်ပိုင်းဖြတ်ပြီး၊ ဘုရား သခင်ရဲ့ ခွန်အားကို ယုံကြည် ကိုးစားတဲ့စိတ်နဲ့ လုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးဖြစ်ကြောင်း ပြောကြားလိုပါတယ်။

 ဒီကနေ့အထိ ကျနော်တို့တပ်တွေနဲ့ ဗမာအစိုးရတပ်တွေ ရင်ဆိုင်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲကြီးငယ် အရေအတွက်ဟာ ရာဂဏန်း ရှိခဲ့ပါပြီ။ သို့သော်လည်းပဲ ဒီကနေ့အထိ ကျနော်တို့ ရဲဘော်တွေ ဗမာကျည် သင့်တယ်ဆိုတာ မရှိသလောက်ပါပဲ။ နောက်ပြီးတော့ ကျနော်တို့တပ်တွေ ရန်သူ တက်မလာနိုင်အောင် လမ်းမကြီးတွေကို ဖြတ်တောက် ပစ်လိုက်ပါတယ်။ ကျနော်တို့ လက်ဦးမှု ရယူ လိုက်ပါတယ်။ အဲဒီအခါကြတော့ သူတို့တတွေ အရှက်ကွဲကြပြီ။ သူတို့ရဲ့တပ်တွေ အင်မတန် စွမ်းဆောင် နိုင်မယ်လို့ ထင်ခဲ့ကြတာပါ။ အမှန်အကယ်တော့ သူတို့တပ်တွေ ဘာမှ မလှုပ်ရှား နိုင်အောင် ဖြစ်ခဲ့တယ်။
“ကိုးကန့်တုန်းကတော့ (၃) ရက်နဲ့ ရှင်းပစ်လိုက်တယ် … ဒီကချင်တွေကိုတော့ (၁၀) ရက် မကြာဘူး … သီတင်း တစ်ပါတ်ထဲနဲ့ ရှင်းပစ်လိုက်မယ်” ဆိုပြီး တရုတ်ဘေကျင်းကို နေပြည်တော် အဖွဲ့က သွားပြောကြတယ်။ တရုတ်ကလည်း ဒါကို ယုံတယ်။ ဒီအကြောင်းအရာတွေကို အခုရက်ပိုင်းကမှ တရုတ်တွေ ကျနော်တို့ကို ပြန်ပြောပြကြတယ်။ ကျနော်တို့ကို အင်မတန် အထင်အမြင် သေးခဲ့ကြတဲ့ အကြောင်း ပြန်ပြောပြကြတယ်။ ကြည့်ရတာ သူတို့ပြောတဲ့အတိုင်း ဖြစ်ခဲ့ပုံ မပေါ်ဘူး။ ကျနော်တို့ကို အရမ်း အထင်သေးခဲ့ကြတယ်။ ကျနော်တို့ကို ဘယ်သူကမှ မကူသော်လည်းပဲ အမှန်တကယ် ကူညီတဲ့သူ ရှိတယ်။ ကျနော်တို့က ဖန်ဆင်းရှင် (Hpan Wa Ningsang, Chye Wa Ningchyang) ကို ရှေးပဝေသဏီ ကတည်းက ယုံကြည် ကိုးစားခဲ့သလို ဒီကနေ့မှာလည်း ဒီဖန်ဆင်းရှင် ထာဝရ ဘုရားသခင်ကို ကိုးစား ဆည်းကပ်နေဆဲ ဖြစ်တယ်။ ဘုရားသခင် ကူညီရင် ကျနော်တို့ကို ဘာမှ မထိခိုက်နိုင်ပါဘူး။
 ဒီလိုပဲ သူတို့တတွေ အရှက်တကွဲ၊ အကျိုးနည်းတွေ ဖြစ်လာတဲ့ အခါကြတော့ ကျနော်တို့ကို ကမ်းလှမ်း လာတယ်။ အပစ်အခတ် ရပ်ကြပါစို့ တဲ့။ ဗိုလ်မှူးကြီး သန်းအောင်ဆိုတဲ့ ကချင်ပြည်နယ် နယ်စပ် ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဦးဆောင်ပြီး လာရောက် ဆွေးနွေး ကမ်းလှမ်း လာခဲ့ကြပါတယ်။ “အပစ်ရပ်ကြပါစို့ .. ကျနော်တို့တတွေဟာ ညီရင်းအစ်ကို တွေပါပဲ .. အမြန်အပစ် ရပ်ကြပါစို့ … စာချုပ်တောင် မလိုပါဘူး …” တဲ့။ အင်မတန်ကို ခင်မင် ရင်းနှီးတဲ့ မိတ်ဟောင်း ဆွေဟောင်းတွေလိုလို၊ မိခင်နို့ တစ်ခုတည်း ပေါင်းစို့ခဲ့တဲ့ မွေးချင်းပေါက်ဖော်တွေလိုလို ပြောလာတယ်။

 တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်

 လွန်ခဲ့တဲ့ ၁၉၉၄ ခုနှစ်တုန်းက ဗိုလ်ချုပ်အေးကျော်၊ ဗိုလ်ချုပ်စောလွင်၊ ဗိုလ်ချုပ်ကျော်သိန်း စတဲ့ ဗိုလ်ချုပ်တွေ မြောက်များစွာနဲ့ အပစ်အခတ် ရပ်စဲရေး စာချုပ်ကို လက်မှတ် ရေးထိုး ခဲ့ကြတယ်။ ကျနော်တို့ ကေအိုင်အိုဘက်ကလည်း ဥက္ကဌကြီးနဲ့ ခေါင်းဆောင်တွေ လက်မှတ် ရေးထိုး သဘော တူညီခဲ့ကြတယ်။ ငြိမ်းချမ်းရေး အကျိုးဆောင်တွေဖြစ်ကြတဲ့ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ဆဘွဲဂျွမ်၊ ဦးခွန်မြတ်၊ ဒူဝါလ၀မ်တို့လို အတွေ့အကြုံ ရင့်ကျက်တဲ့ လူကြီးတွေ လက်မှတ်ရေးထိုး သက်သေ ပြုခဲ့ကြတယ်။ အဲဒီလို အခိုင်အမာပြုခဲ့တဲ့ စာချုပ်တောင်မှ နောက်ဆုံးမှာတော့ အလကား ဖြစ်သွားပါတယ်။ သူတို့ကြိုက်သလို လုပ်ချင်သလိုပဲ လုပ်ခဲ့ကြတယ်။ ဒီလို အခိုင်အမာ လုပ်ခဲ့တဲ့ ကိစ္စတောင် အရာမ၀င်ဖြစ်သွားခဲ့ရတာ၊ အခုလို ဗိုလ်မှူးကြီးအဆင့် လူပုဂ္ဂိုလ်တစ်ယောက် ဆွေးနွေး အဖြေရှာမယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဒီတစ်ခေါက်တော့ ခိုင်လုံတဲ့ ကတိက၀တ်၊ ခိုင်မာတဲ့ သက်သေနဲ့မှ လုပ်တော့မယ်လို့ ပြောလိုက်ပါတယ်။ ကတိတည်ဖို့ လိုသလို၊ သက်သေ ခိုင်မာစေဖို့ရန်အတွက် တရုတ်၊ ဒါမှမဟုတ် ကုလသမ္မဂကို အသိသက်သေ လုပ်ပေးနိုင်စေဖို့ ကျနော်တို့ လိုလားပါတယ်။ အဲဒီအခါကြတော့ သက်သေလုပ်ဖို့ ဦးအောင်သောင်းနဲ့ ဦးသိန်းဇော်တို့ကို အဆိုပြုကြတယ်။ ဘယ်လိုလို့ ဒီလူတွေက သက်သေဖြစ်မှာလဲ။ ဗမာနဲ့ အပစ်အခတ်ရပ်စဲရေး ကတိက၀တ်ပြုမယ့် ကိစ္စမှာ ဗမာတွေကပဲ သက်သေ ပြန်လုပ်မယ်ဆိုတာ အဓိပ္ပါယ် လုံးဝမရှိပါဘူး။ တကယ်လို့သာ အခုလိုမျိုး သူတို့ဘက်က သဘောတူညီမှု ပြန်ချိုးဖောက်ခဲ့ရင် ဘယ်သူက သက်သေ လုပ်ပေးမှာလဲ။ တဘက်ကလည်း ဗမာအစိုးရ၊ သက်သေကတည်း ဗမာကိုယ်စားလှယ် ဆိုတော့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ လုံးဝ အဓိပ္ပါယ်မရှိတဲ့ ကိစ္စပဲ။ ကျနော်တို့ လုံးဝ ငြင်းပစ်လိုက်တယ်။

 ကျနော်တို့ ကချင် လွတ်လပ်ရေးအဖွဲ့ အနေနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ဆိုတဲ့ မဟာ အမှားကြီးကို ပြုခဲ့မိလို့ လွန်ခဲ့တဲ့ (၁၇) နှစ်တာ ကာလပတ်လုံး နိုင်ငံရေးစကား ပြောလို့ မရခဲ့ဘူး။ ဒါ့ကြောင့် ဒီတခေါက် ကျနော်တို့ကို သူတို့ဘက်က ကမ်းလှမ်းလာတဲ့အခါ ကျနော်တို့ဘယ်လို အကြောင်း ပြန်လိုက် သလဲဆိုတော့ “အပစ်အခတ် ရပ်စဲပြီးနောက်) စေ့စပ် ဆွေးနွေးမယ့် နိုင်ငံရေး လုပ်ငန်းစဉ် အဆင့်ဆင့်ကို သိချင်တယ်” ဒီနိုင်ငံရေး ဆွေးနွေးမှု Road Map ကို ကျနော်တို့ သိချင်တယ်။ ဘယ်လို နိုင်ငံရေး ဆွေးနွေးမှုတွေ ရှိလာမလဲဆိုတာ ကျနော်တို့ မေးမြန်းခဲ့ပါတယ်။ ကျနော်တို့ ထင်မှတ်ထားတဲ့ အတိုင်း ကွက်တိပါပဲ။ ဒီ ဗမာအစိုးရက ကျနော်တို့ကို နာဂစ်အခြေခံ ဥပဒေဘောင်အတွင်းကို ဆွဲသွင်းပစ်လိုက်မယ့် သဘော ရှိပါတယ်။ ကျနော်တို့ ဖြစ်စေချင်တာကတော့ ကျနော်တို့ ဘိုးဘွားတွေ အစပြုခဲ့တဲ့ ပင်လုံစာချုပ်၊ ပင်လုံ ကတိက၀တ်ကို အခြေခံတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်စေချင်တာပါ။


နိုင်ငံရေး ဆွေးနွေးမယ် ဆိုတာကိုလည်း အစပိုင်းက သူတို့တစ်တွေ လက်ခံခဲ့ကြတာတော့ မဟုတ်ပါဘူး။ ပြောရင်းဆိုရင်းနဲ့မှ တဖြည်းဖြည်း လက်ခံလာကြတာပါ။
 သူတို့နဲ့ ဆွေးနွေးပွဲတွေ အစပိုင်းမှာ ဘယ်လိုဖြစ်ခဲ့ သလဲဆိုတော့ ကြံ့ဖွံ့ပါတီကလည်းဖြစ်၊ မြစ်ကြီးနားနယ်ရဲ့ လွှတ်တော်အမတ်လည်းဖြစ်တဲ့ (ဗိုလ်မှူးချုပ်) သိန်းဇော်က ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားလာတဲ့အတွက်၊ ကိုယ့်အမျိုးသားချင်း စစ်မက်ဖြစ်ပွားတာကို ခရီးကြုံတုန်း အခိုက်အတန့်မှာ ၀င်ကူညီ စေ့စပ်ပေးချင်တယ် ဆိုပြီး ပြောလာတယ်။ ဒီလိုဆိုတော့ နေပြည်တော်က ခိုင်းလိုက်တာ မဟုတ်ပဲနဲ့တော့ ကျနော်တို့ ဘယ်လို လက်ခံရမှာလဲ။ ပြည်နယ်အဆင့်ပုဂ္ဂိုလ်တွေ ဘာမှ လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူးဆိုတာ ကျနော်တို့ သိနေတာပဲ။ ကျနော်တို့နဲ့ အပစ် ရပ်စဲရေး ဆွေးနွေးဖို့ သူ့ကို ဘယ်သူခိုင်းလိုက်သလဲ၊ နေပြည်တော်က စေခိုင်းလိုက်တာလားလို့ မေးတော့လဲ ပွင့်ပွင့်လင်းလင်း မရှိဘူး။ ဟုတ်သလိုလို၊ မဟုတ်သလိုလိုနဲ့ တယ်လီဖုန်းနဲ့ ပြောပြီးပါပြီ လို့ ပြောတယ်။ သိန်းစိန်နဲ့ တယ်လီဖုန်း ပြောပြီးပြီလို့ ပြောပေမယ့် သက်သေ သာဓကမရှိပဲ ကျနော်တို့က ဘယ်လို လက်ခံ ရမှာလဲ။ ကျနော်တို့ ကေအိုင်အိုနဲ့ စေ့စပ်ဆွေးနွေးဖို့ ခန့်အပ် စေလွှတ်လိုက်ကြောင်း စာနဲ့ ပေနဲ့ မလုပ်ရင်တော့ ဘယ်လိုလုပ် ယုံကြည်လို့ ရမှာလဲ။ တရားဝင် ခိုင်လုံတဲ့ သက်သေ အထောက်အထား ပြပါ ဆိုတော့လဲ မပြနိုင်ဘူး။

 
ရှေ့တန်းနယ်မြေ တနေရာမှ K.I.A 

အဲဒီနောက်မှာတော့ လဂျားယန်မှာ ပြည်နယ် ကိုယ်စားလှယ်အဖွဲ့နဲ့ ပထမအကြိမ် တွေ့ဆုံခဲ့ကြတယ်။ သူတို့ဘက်က ဘာပြောလာသလဲဆိုတော့ “ဇွန်လ (၁၈) ရက်မှ စတင်ကာ ကေအိုင်အေဘက်မှ စတင် ပစ်ခတ်ခြင်း မရှိလျှင် မိမိဘက်မှ ပစ်ခတ်ခြင်း မပြုရန် ညွှန်ကြားထားပြီးပါပြီ” လို့ ပြောလာတယ်။ ကောင်းပြီ။ အထောက်အထားပြပါ ဆိုတော့ မပြနိုင်ဘူး။ မပြနိုင်ဘူးဆိုရင်တော့ ကျနော်တို့ ဘယ်လို ယုံကြည်လို့ရမှာလဲ။ အပစ်အခတ်ရပ်ဖို့က နှစ်ဦးနှစ်ဘက် ကျေနပ်သဘောတူမှ ဖြစ်မှာကိုး။ သူတို့ရဲ့ အထောက်အထားကို မပြနိုင်ပဲနဲ့ ဘယ်လိုလုပ် ရှေ့ဆက်လို့ ရမှာလဲ။ မအူမလည်နဲ့ လာလှည့်ဖြား ခဲ့ကြတယ်။ အပစ်ရပ်တယ်ဆိုတာ နှစ်ဦးနှစ်ဘက် ကျေနပ် သဘောတူရုံ သာမက အသိသက်သေတွေ အနေနဲ့လည်း ခိုင်ခိုင်မာမာ ဖြစ်ဖို့လိုပါတယ်။ သူတို့ဘက်က ကလိန်ကကျစ် လုပ်ကြည့်တာ မဟန်ခါကျတော့ နိုင်ငံရေး ဆွေးနွေးမှုတွေလည်း ရှိလာမှာပါလို့ ပြောလာပြန်တယ်။ အပစ်အခတ် အရင်ရပ်ပြီးတဲ့နောက် နိုင်ငံရေး ဆွေးနွေးကြတာပေါ့တဲ့။ ဖြစ်ပြန်ရော။ ဒီမှာ တစ်ခု သဘောပေါက်ဖို့ လိုတာက သူတို့တတွေက အပစ်အခတ် ရပ်စဲထားတာကို ငြိမ်းချမ်းရေးလို့ အဓိပ္ပါယ် ဖွင့်ကြတယ်။ ကျနော်တို့ အတွက်တော့ ကိုယ်ပိုင် ပြဌာန်းခွင့်နဲ့ ညီတူညီမျှဖြစ်မှုသည်သာလျှင် ငြိမ်းချမ်းရေး ဖြစ်ပါတယ်။ ဒီနိုင်ငံရေး အခွင့်အရေးကို နိုင်ငံရေး နည်းလမ်းနဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာမှသာလျှင် ငြိမ်းချမ်းရေးကို ရရှိမှာ ဖြစ်ပါတယ်။ သူတို့တတွေ ကြိုက်သလို ချယ်လှယ် စိုးမိုးနေပြီးတော့ ကျနော်တို့ကိုတော့ ကန့်သတ် ချုပ်ချယ်မှုတွေနဲ့ ထားမယ်ဆိုရင် ဘယ်လိုလုပ် တရားမျှတ တော့မှာလဲ။ သေနတ်ကိုင်ထားပြီး ခေတ္တခဏ အပစ်ရပ်နေတာ ငြိမ်းချမ်းရေး မဟုတ်ဘူး။ Ceasefire နဲ့ Peace ဆိုတာ တခြားစီပါ။ ဒါကိုကျနော်တို့ ကောင်းကောင်း နားလည်ထားကြဖို့ လိုတယ်။ လွန်ခဲ့တဲ့ အချိန်ကာလတွေတုန်းက ဒီစကားရပ် နှစ်ခုကြားမှာ ကျနော်တို့ လမ်းပျောက်ခဲ့ကြတာပါ။ Ceasefire ဆိုတဲ့ အပစ်အခတ်ရပ်စဲခြင်း နဲ့ Peace ဆိုတဲ့ ငြိမ်းချမ်းရေးဟာ တခြားစီပါ။ သူတို့တတွေက အပစ်ရပ်ပြီးတဲ့ နောက် ပစ်တာခတ်တာ မရှိတော့ဘူးဆိုတော့ လမ်းတွေဖောက်ကာ သွားချင် သလိုသွား၊ လုပ်ချင်တာတွေ လုပ်ခွင့် ရသွားပြီ။ တရုတ် လုပ်ငန်းရှင်တွေ၊ အခြား နိုင်ငံခြားသား လုပ်ငန်းရှင်တွေနဲ့ နိုင်ငံတော်အဆင့်က ချုပ်ဆိုထားတဲ့ စီပွားရေး သဘောတူ စာချုပ်တွေ အကောင်အထည်ဖော်လို့ ရသွားပြီ။ တပ်မတော် မရောက်တဲ့နေရာ မရှိစေရဆိုပြီး နေရာတကာ လိုက်ရှုတ်ပြန်။ ကျနော်တို့မှာတော့ အကန့်အသတ်တွေနဲ့ ဘာမှ လုပ်လို့မရ၊ ကိုင်လို့မရ။ အဲဒါကိုပဲ သူတို့က ငြိမ်းချမ်းရေးလို့ အဓိပ္ပါယ် ဖွင့်ကြတယ်။ သေနတ်သံတွေလဲ မရှိတော့ဘူး၊ ပြည်သူ လူထုတွေလည်း အေးအေးချမ်းချမ်း လုံလုံခြုံခြုံ ဘေးမသီ ရန်မခ သွားလာနိုင်ကြပြီ ဆိုပြီးတော့ ငြိမ်းချမ်း နေပါပြီလို့ ပြောကြတယ်။ ယာယီအပစ်အခတ် ရပ်ထားတာကိုပဲ ငြိမ်းချမ်းရေးလို့ လိမ်လည် လှည့်ဖျား ပြောဆိုခဲ့ကြပါတယ်။

 BGF အရေးတုန်းကလည်း ကျနော်တို့ ဥက္ကဌကြီးကိုယ်တိုင် တက်ရောက်ခဲ့တဲ့ တွေ့ဆုံ ဆွေးနွေးပွဲတစ်ခုမှာ ဗိုလ်ချုပ်ရဲမြင့်က ဘာပြောသလဲဆိုတော့ “ငြိမ်းချမ်းရေး ယူတယ်ဆိုတာ ယာယီ လက်နက်ကိုင်ဆောင်ခွင့် ပြုထားတာဖြစ်တယ် … ထာဝရငြိမ်းချမ်းရေး ယူမယ်ဆိုရင်တော့ လက်နက် အပြီးအပိုင် စွန့်ရမှာဖြစ်တယ် … သို့မဟုတ် နယ်ခြားစောင့်တပ် လက်ခံရမှာ ဖြစ်တယ် …” လို့ ပြောခဲ့ပါတယ်။ ကဲ ဒါသူတို့ရဲ့ ငြိမ်းချမ်းရေး အဓိပ္ပါယ် ဖွင့်ဆိုချက် ဖြစ်တယ်။ လက်နက် အပြီးအပိုင် စွန့်ခြင်းကို ထာဝရငြိမ်းချမ်းရေးလို့ ဖွင့်ဆိုနေကြတာ ဖြစ်တယ်။

 အခုလည်းပဲ ဒီ ထာဝရငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးကို သုံးလာပြန်ပြီ။ ဒါကို မြို့ကြီးပြကြီးတွေမှာ နေထိုင်ကြတဲ့ မိဘပြည်သူ တချို့က သဘောမပေါက်ကြတဲ့အတွက် “အစိုးရကတော့ နိုင်ငံရေး ဆွေးနွေးဖို့၊ ထာဝရငြိမ်းချမ်းရေး ရရှိဖို့ ပြောနေပြီ … အစိုးရက သဘောထားကြီးစွာနဲ့ ကမ်းလှမ်းနေပြီ … ကေအိုင်အိုက ဘာဖြစ်နေတာလဲ …” ဆိုပြီး မေးခွန်း ထုတ်လာကြပါတယ်။ ကျနော်တို့ ကေအိုင်အို/ကေအိုင်အေ ကပဲ စစ်အရမ်း တိုက်ချင်နေသလိုလို၊ စဉ်းစားတွေးတောမှု မရှိပဲ သေနတ်ပဲ ဖောက်ချင်လွန်းလို့ ဖောက်နေသလိုလို ထင်မြင်ပြောဆို လာကြပါတယ်။ မဟုတ်ပါဘူး။ လုံးဝ မဟုတ်ပါဘူး။ မိဘပြည်သူအချို့က နားလည်မှု လွှဲနေကြတာပါ။ အပစ်ရပ်ထားတာကို ငြိမ်းချမ်းရေးလို့ ခေါ်နေကြတာပါ။ ထာဝရငြိမ်းချမ်းရေး ဆိုတာဟာလဲ ကျနော်တို့ရဲ့ တပ်နဲ့လက်နက်တွေကို ပေးလိုက်ရမယ့် အပြီးအပိုင် လက်နက်စွန့်ခြင်း၊ ဒါမှမဟုတ် နယ်ခြားစောင့်တပ်အသွင် ပြောင်းခြင်းကို ပြောနေကြတာ ဖြစ်တယ်ဆိုတာ သိရှိနားလည်ထားဖို့ လိုပါတယ်။ ဒီလိုကိစ္စမျိုး ကျနော်တို့က လုပ်စရာလား။ ဒါဟာ သက်သက် စော်ကားတာပဲ။
 “ဗမာပါးစပ်က ထွက်တဲ့ ထာဝရငြိမ်းချမ်းရေးဆိုတာ ခင်ဗျားတို့၊ ကျနော်တို့ လွယ်ထားတဲ့ သေနတ်ကို အပ်ပစ်လိုက်ခြင်း ဖြစ်တယ်ဆိုတာ နားလည်ထားကြပါ …

နားလည်ကြရဲ့လား …”

 ““နားလည်ပါတယ် ….””

 လွန်ခဲ့တဲ့ (၁၇) နှစ်တာကာလ အပစ်အခတ် ရပ်စဲရေးလုပ်ခဲ့တာဟာ ကျနော်တို့ အတွက် ဘာဆိုဘာမှ အကျိုးမရှိတဲ့ ကိစ္စဖြစ်တယ်။ သူတို့တတွေကပဲ မှန်တယ်၊ သူတို့တတွေကပဲ ကောင်းတယ်ဆိုတဲ့ အချိုးနဲ့ ကျနော်တို့ကိုတော့ အဘက်ဘက်က ချုပ်ချယ်တယ်။ နိုင်ငံရေး ဆွေးနွေး စကားပြောဖို့လည်း မလုပ်ဘူး။ ပြောခဲ့တဲ့အတိုင်း BGF ကိစ္စ ကျော်လွန်သွားတဲ့နောက်တော့ လက်နက်ချပါလို့ ပြောလာတယ်။ ကျနော်တို့ဘက်က မချနိုင်ဘူးဆိုတော့ သောင်းကျန်းသူလို့ ပြန်သတ်မှတ် လိုက်ကြတယ်။  ဒီလို သောင်းကျန်းသူလို့ ပြောဆိုလိုက်ပြီးတဲ့ နောက်ပိုင်း ကျနော်တို့ကို တိုက်ဖို့ပဲ ရှိတော့တာပေါ့။ အဲဒီနောက်တော့ ကျနော်တို့ကို နည်းလမ်း အမျိုးမျိုးနဲ့ ရန်စသလို၊ ပြဿနာရှာသလို ကိစ္စတွေ လုပ်လာတယ်။ တပ်ပိုင်းဆိုင်ရာ နည်းလမ်းတွေနဲ့ ကျနော်တို့ကို ရန်စလာကြတယ်။ တပ်ရင်း (၅) နယ်မြေဘက်မှာ ဘာဖြစ်လာသလဲဆိုတော့ ဆင်ဘို-ကျောက်ကြီး မဟာဗျူဟာ လမ်းဖောက်ဖို့ ပြောလာတယ်။ ခရိုင်ချင်းဆက် လမ်းဖောက်မယ်လို့ ပြောလာတယ်။ ကျနော်တို့နဲ့ ဘာမှမဆိုင်ဘူးလို့ ပြန်ပြောလိုက်တယ်။ ခင်ဗျားတို့ဘာသာ ခင်ဗျားတို့ ခရိုင်ချင်းပဲ ဆက်ဆက်၊ ဘာပဲ ဆက်ဆက် ကျုပ်တို့နဲ့ မဆိုင်ဘူးလို့ ပြန်ပြောလိုက်တယ်။ ကျနော်တို့ နယ်နိမိတ်ထဲ ၀င်လာမယ့်ကိစ္စ။ ကျနော်တို့ကို သောင်းကျန်းသူလို့ သမုတ်လိုက်ပြီးနောက်ပိုင်း ပြောလာတဲ့ ကိစ္စပါ။ အရင်လိုပဲ ထပ်ခါထပ်ခါ ပြောလာကြတယ်။ သေနတ်ဖောက်လို့ရတဲ့ အချိန်လဲ မဟုတ်တဲ့အခါကြတော့ ကောင်းပြီဆိုပြီး သူတို့တပ်တွေကို ၀င်ခွင့်ပေးလိုက်တယ်။ သူတို့တခြားဘာမှ မလုပ်ပါဘူး၊ လမ်းပဲ ဖောက်မှာပါ၊ လမ်းဖောက်ပြီးတာနဲ့ အကုန်ပြန်ဆုတ်ခွာပါ့မယ်လို့ ပြောခဲ့ကြတယ်။ လိမ်ကြလိမ့်မယ် ဆိုတာတော့ သိနေပြီးသားပါ။ ဒါပေမယ့် ဖြစ်ချင်ရာဖြစ်ဆိုပြီးတော့ သူတို့ကို ကျနော်တို့ နယ်မြေထဲ ၀င်ရောက်ခွင့် ပေးလိုက်တယ်။ လမ်းဖောက်ခွင့် ပေးလိုက်တယ်။ လမ်းတော့မဖောက်ဘူး။ သူတို့တပ်တွေ ၀င်ရောက်နေရာယူ တပ်စွဲလာကြတယ်။ စစ်ဆင်ရေးဗျူဟာက G1 ကိုတောင် “ခင်ဗျားတို့ လုပ်နေတာတွေက ခလေး ဗျူဟာတွေပဲ” လို့ ကျနော် ပြောလိုက်သေးတယ်။ တပ်ရင်း (၅) ဌာနချုပ်နဲ့ ကပ်ရပ်မှာ ဗမာတပ်ဖွဲ့တစ်ဖွဲ့ တပ်ဝင်စွဲတယ်။ ဆင်ဘိုဘက်က ဘန်ဒန်စခန်းနားမှာလဲ သူတို့တပ်တစ်တပ် ကပ်ရပ်နေရာ လာယူတယ်။ နောင်းဂန်ဘက်က ရှေ့တန်း စခန်းတစ်ခုနားမှာလဲ ဗမာတပ်တစ်တပ် အထက်အောက် လာပူးထားတယ်။ ကျနော်တို့ ကချင်တွေလည်း တိုက်ပွဲများစွာ တိုက်လာခဲ့ကြတဲ့ သူတွေပါ။ သူတို့ဘာလုပ်လိမ့်မလဲဆိုတာ ကောင်းကောင်းသိပြီးသားပါ။ အဲဒါကြောင့် “ခင်ဗျားတို့ ဒီလို မလုပ်နဲ့ …” လို့ ကျနော်တို့ သတိပေးတယ်။  မဟုတ်ပါဘူးတဲ့။ လမ်းပဲဖောက်မှာပါလို့ ပြန်ပြောတယ်။ လမ်းဖောက်ဖို့ မဟုတ်ဘူးဆိုတာ ကျနော်တို့ သိနေတာပဲ။ ဒီကိစ္စမှာလဲ တော်တော့ကို အငြင်းအခုံ ဖြစ်ခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ကျနော်တို့ သတိပေးလိုက်တယ်။ “ခင်ဗျားတို့ မေလ (၂၅) ရက် နောက်ဆုံး မဆုတ်ခွာပေးဘူးဆိုရင် ဖြစ်လာတဲ့ ပြဿနာတွေအကုန်လုံး ခင်ဗျားတို့တာဝန် ဖြစ်လိမ့်မယ်” လို့ သတိပေးလိုက်တယ်။ ဖြစ်လာမယ့် ကိစ္စတွေအတွက် အဘက်ဘက်မှ ကျနော်တို့ စဉ်းစားထားပြီး ဖြစ်တယ်။ အဲဒီလိုပဲ နယ်မြေဒေသ အသီးသီးမှာ သူတို့နဲ့ ဆက်ဆံရေး အခြေအနေတွေ မကောင်းတော့ဘူး။ ကျနော်တို့ကိုလည်း အမျိုးမျိုး ရန်စလာတယ်။ တပ်ရင်း (၁၁) ဘက်မှာလည်း ရန်ရှာသလိုကိစ္စတွေ ဖြစ်လာတယ်။ တပ်မဟာ (၁) နယ်မြေဘက်မှာလည်း တရုတ်ရဲ့ လျှပ်စစ် စက်ရုံ စီမံကိန်း လုံခြုံရေး အကြောင်းပြကာ ဗမာတပ်အင်အား အလုံးအရင်း ၀င်ရောက်ပြီး ပြဿနာ ရှာလာတယ်။ တပ်ရင်း (၁၀) ဘက်မှာလည်း ဒီလိုကိစ္စတွေ ရှိလာတယ်။ တပ်မဟာ (၃)၊ ရင်း (၂၇) ဘက်မှာလည်း ပြဿနာတွေ ရှိလာတယ်။ ဒီလိုနဲ့ပဲ ဖြစ်ဖို့အကြောင်းဖန်ပြီး စတင်ဖြစ်ပွားတာကတော့ တရုတ်ကုမ္ပဏီ လျှပ်စစ်ထုတ်ရောင်းစားနေတဲ့ Tahkaw Krung (တာပိန်) ဘက်မှာ စဖြစ်တာပါ။ ဒီကိစ္စ နည်းနည်း ပြောပြချင်တယ်။ ဒီဒေသမှာရှိတဲ့ Sang Gang ရဲ့ အောက်ပိုင်းက သူတို့နယ်မြေပါ။ Sang Gang ရဲ့ အပေါ်ပိုင်း၊ မိုင်(၂၀) ၀န်းကျင်ကစပြီး ကျနော်တို့ နယ်မြေပါ။

“ဒီရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ဖို့ဆိုပြီး လုံခြုံရေးအကြောင်းပြကာ ဗမာတပ်တွေ ကျနော်တို့ နယ်နိမိတ်ထဲ ၀င်ရောက်တပ်စွဲခဲ့ကြတယ် … နှစ်နှစ်၊ သုံးနှစ်လောက် စက်ရုံဆောက်ကြတယ် … ကျနော်တို့ ပြဿနာမရှာခဲ့ဘူး … ကျနော်တို့က ပြဿနာအရင်းအမြစ်မဟုတ်ဘူး … စက်ရုံဆောက်ပြီးသွားလို့ သိန်းစိန် ဖွင့်ပွဲလာလုပ်တယ် … စစ်ယူနီဖောင်းဝတ် ၀န်ကြီးချုပ်အနေနဲ့ လာဖွင့်တယ် … ရဟတ်ယာဉ်နဲ့ လာဆင်းကြတယ် … ဒီစက်ရုံ လည်ပတ်ပြီး လျှပ်စစ်မီး ရောင်းစားကြတာပဲ … ကျနော်တို့ ဘာပြဿနာမှ မရှာခဲ့ဘူး … ဒါပေမယ့် အချိန်တန်လာတဲ့ အခါကျတော့ ဗျူဟာမှူးကိုယ်တိုင်ပါဝင်တဲ့ စစ်ကြောင်း အဲဒီစက်ရုံနားမှာရှိတဲ့ တပ်ရင်း (၁၅) ရဲ့ Bum Sen စခန်းဘက်ကို တက်လာတယ် … အဲဒီမတိုင်ခင် ဇွန်လ (၉) ရက် မနက်ပိုင်းမှာ Sang Gang ဆက်ဆံရေးကို ၀င်ရောက်စီးနှင်းပြီး ဒုတပ်ကြပ် ချန်းယိန်းကို ဖမ်းခဲ့ကြတယ် .. အဲဒီနောက်မှာတော့ Bum Sen စခန်းကို စတင်ထိုးစစ်ဆင် ပစ်ခတ်ကြပါတော့တယ်… သူတို့ဘက်က စပစ်လို့ ကျနော်တို့ရဲဘော်တွေ ပြန်လည် ပစ်ခတ်ရာမှ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ် … ဒီရေအားလျှပ်စစ်စက်ရုံ မရှိခင်ကတည်းက ဒီနယ်မှာ ကျနော်တို့ရှိတယ် … စက်ရုံဆောက်ပြီးသွားတော့လည်း ကျနော်တို့ ဆက်ရှိနေတယ် … သူတို့ စက်ရုံဆောက်နေစဉ် နှစ်နှစ် သုံးနှစ်အတွင်းမှာလည်း ကျနော်တို့ ပြဿနာ ရှာခဲ့တာ မဟုတ်ဘူး … စက်ရုံဆောက်ပြီးသွားလို့ ဖွင့်ပွဲလုပ်တော့လည်း ပြဿနာမရှာခဲ့ဘူး … သိန်းစိန် ကိုယ်တိုင် လာရောက်ခဲ့တယ်…  သူစီးလာတဲ့ ရဟတ်ယာဉ်ပစ်ချမယ်ဆိုရင် ကျနော်တို့ ပစ်ချလိုက်လို့ ရတာပဲ … သိန်းစိန်ကို ကျနော်တို့ ပစ်ချခဲ့လို့လား … ဒီရေအားလျှပ်စစ်စက်ရုံ လည်ပတ်ပြီး ကနေ့ ပိုက်ဆံရှာစားနေကြတာပဲ …”

စစ်အစိုးရ စစ်တပ်မှ ဒုတပ်ကြပ်ကြီး ချန်းယိန်းကို အရှင်ဖမ်းသွားပြီး အသေပြန်လာပို့ကြစဉ်...

 ဒါပေမယ့် စိတ်ထားမဖြောင့်တဲ့ ဒီလူတွေက ရေအားလျှပ်စစ် စက်ရုံလုံခြုံရေး ဆိုပြီး လိမ်လည် အကြောင်းပြကာ ဗျူဟာမှူးကိုယ်တိုင် ဦးဆောင်ကာ စတင်လိုက်တဲ့ ပြဿနာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီပြဿနာရဲ့ အရင်းအမြစ်ဟာ သူတို့တတွေပါပဲ။ ကျနော်တို့ သုံးလေးရက်တောင် သည်းခံ ခဲ့ကြပါသေးတယ်။ တရုတ်ရှေ့မှာ မျက်နှာရဖို့ ကိုးကန့်ကို ချေမှုန်းခဲ့သလို ချေမှုန်းပြမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဗျူဟာမှူး ကိုယ်တိုင်ဦဆောင်တဲ့ တပ်အင်အား အလုံးအရင်းနဲ့ ကျနော်တို့ တပ်ရင်း (၁၅) ရဲ့ Bum Sen စခန်းကို အလွယ်တကူ သိမ်းနိုင်မယ်လို့ ထင်ခဲ့ကြတယ်။ အင်အား အလုံးအရင်းနဲ့ ကျနော်တို့ကို စော်ကားပြခြင်းအားဖြင့် တရုတ်ရှေ့မှာ မျက်နှာရလိမ့်မယ်လို့ ထင်ခဲ့ကြတယ်။ ဒီ တပ်ရင်း (၁၅) က မျိုးချစ် စစ်သည်တွေကို ကျနော်တို့ ဂုဏ်ပြုရမယ်။ စံနမူနာ ထားရမယ်။ အဲဒီစခန်းမှာ စစ်သည် ခြောက်ယောက်၊ ခုနှစ်ယောက်ပဲရှိတာ။ မလျှော့သောဇွဲ သတ္တိနဲ့၊ မယိမ်းယိုင်သော စိတ်ဓါတ်နဲ့ ခုခံခဲ့ကြတယ်။ တွန်းလှန်ခဲ့ကြတယ်။ ဗျူဟာမှူး ကိုယ်တိုင်ဦးဆောင်တဲ့ စစ်ကြောင်းမှာ လက်နက်ကြီး မပါပဲတော့ ဘယ်နေလိမ့်မတုန်း။ စဉ်းစားကြည့်ကြပါ။ လက်နက်ကြီးနဲ့ အပြင်းအထန် ပစ်ခတ်သော်လည်းပဲ ကြံ့ကြံ့ခံ ခုခံခဲ့ကြတယ်။ ရဲရဲဝံ့ဝံ့နဲ့ သုံးလေးရက်လောက် ခုခံခဲ့ကြတယ်။ နောက်ဆုံး အင်အားမမျှလို့ ဆုတ်ပေးလိုက်ရတယ် ဆိုပေမယ့် အဝေးကြီးကို ဆုတ်ပေးခဲ့တာ မဟုတ်ပါဘူး။ လှမ်းပစ်လို့ရတဲ့ အကွာအဝေးလောက်ကိုပဲ ဆုတ်ခဲ့ရတာပါ။ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့ လွတ်လပ်ရေး ရဲဘော်ပီသခဲ့ကြပါတယ်။ ကချင်လွတ်လပ်ရေး တပ်မတော်ရဲ့ ဂုဏ်ကိုလည်း ဆောင်ခဲ့ ကြပါပြီ။

[ကချင်ပြည်နယ်နှင့် ကချင်လူမျိုးများကို အဓိက ကိုယ်စားပြုသော ကေအိုင်အို၏ နိုင်ငံရေး ရပ်တည်ချက်နှင့် အမြင်များကို ဝေမျှရန် ရည်ရွယ်ချက်ဖြင့် ဘာသာပြန်ဆိုပါသည်။ လွတ်လပ်စွာ သဘော ကွဲလွှဲနိုင်ပါသည်။]

Tuesday, January 17, 2012

KIO's view on Junta's draft Constitution

|0 comments
Tuesday, January 17, 2012
W.P Moses



ပြည်သူလူထုထံသို့ အသိပေး ပန်ကြားချက်

|0 comments
Tuesday, January 17, 2012
W.P Moses
K.I.O ဥက္ကဌ လညော်ဇောင်းခရား



K.I.O/K.I.A ဥက္ကဌ မရန်ဘရန်ဆိုင်း (ကွယ်လွန်)


OPEN LETTER TO UN SECRETARY AND HELLERY CLINTION

|0 comments
Tuesday, January 17, 2012
W.P Moses

 အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်အား အထူးလေယာဉ်ပေါ်တွင် တွေ့မြင်ရစဉ်..

K.I.O/K.I.A ရဲ့ Operation Padang Hkrunlam - Part 2

|0 comments
Tuesday, January 17, 2012
W.P Moses
K.I.O/K.I.A ရဲ့ Operation Padang Hkrunlam - Part II

ကျနော်တို့ရဲ့ စစ်တပ် မရှိတော့တဲ့အခါ၊ ကျနော်တို့ရဲ့ လက်နက်တွေ ဒီလူတွေထံ ယုံယုံကြည်ကြည်နဲ့ အပ်ပစ်လိုက်လို့ကတော့ ကျနော်တို့ အစွယ်အချိုး ခံလိုက်ရ သလိုဖြစ်သွားမှာပါ။ အစွယ် မရှိတော့ဘူး ဆိုရင်တော့ ဒီသားရဲ တိရစ္ဆာန်တွေက ကျနော်တို့ကို အလွယ်တကူ ကုတ်ဖဲ့ဝါးမျို သွားပါလိမ့်မယ်။ ဒါကြောင့်မို့လို့ ဒီနယ်ခြားစောင့်တပ် (BGF) ကို ကျနော်တို့ လက်မခံခဲ့ရခြင်း ဖြစ်ပါတယ်။ ဒီအကြောင်း အရာတွေကို ရှေ့တန်း စခန်းတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲဘော်ရဲဘက်တွေ အနေနဲ့ ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက်စေဖို့ ရှင်းလင်း ပြောကြားခြင်း ဖြစ်ပါတယ်။ စစ်တိုက်စရာ မလိုပဲ၊ သေနတ်တစ်ချက် မဖောက်လိုက်ရပဲ ကျနော်တို့ရဲ့ လက်နက်တွေကို အလွယ်တကူ သိမ်းယူ လိုက်နိုင်ခြင်းအားဖြင့် ကချင် တပ်မတော်ကို ဖျက်သိမ်း ပစ်လိုက်မယ့် ကလိန်ဆင်မှု တစ်ရပ် ဖြစ်ပါတယ်။ ဒီကိစ္စတွေကို ကျနော်တို့ ဗဟိုအနေနဲ့ စကား ပရိယာယ် အမျိုးမျိုးပြောပြီးတော့ အဆင်ပြောချောမွေ့စွာ ကျော်လွှားခဲ့ကြပါတယ်။ ဒါပေမယ့် နောက်တစ်နှစ်လောက် ကြာပြီးတဲ့ နောက်မှာတော့ “လက်နက်ချပါ” လို့ ထုတ်ဖော် ပြောကြားပါတယ်။ သူတို့တစ်တွေ အရှက် ကုန်သွားကြပါပြီ။ သူတို့ရဲ့ ရည်ရွယ်ချက် အစစ်အမှန်ကို တစ်နှစ်အကြာမှာ ထုတ်ပြော လိုက်ကြပါတယ်။ လက်နက် မချရင်တော့ သောင်းကျန်းသူ ဆိုပဲ။ လွန်ခဲ့တဲ့ (၁၇) နှစ်က ဘွဲ့ ကျနော်တို့ကို ပြန်ပေးကြတယ်။ အဲဒီကာလတုန်းကလည်း သောင်းကျန်းသူလို့ သတ်မှတ်ခဲ့ကြတယ်။ အင်္ဂလိပ် ဘာသာစကား အရဆိုရင်တော့ Destructive Element ဆိုပဲ။ အင်မတန် ဆိုးရွားတဲ့ စကားလုံးပါ။ ဘယ်သူတွေကမှ အမှန်တကယ် သောင်းကျန်းနေကြတာလဲ ဆိုတာ အားလုံး အသိပါပဲ။

 စစ်အစိုးရမှ ညှင်းပန်းနှိပ်စက်သတ်လိုက်တဲ့ K.I.A ဒု တပ်ကြပ်ကြီး ချန်းယိန်း


ပြည်ထောင်စု တစ်ခုလုံးကို အုပ်ချုပ်စီမံတဲ့ အာဏာအရပ်ရပ်ကို သေနတ်နဲ့ သိမ်းပိုက်လိုက်တာ သူတို့ ဗမာအစိုးရ ကိုယ်တိုင်ပါပဲ။ နေ၀င်း တိုင်းပြည်ကို လက်နက်အားကိုးနဲ့ အာဏာသိမ်းပြီး သောင်းကျန်း ခဲ့တယ်။ ဒီဗမာစစ်တပ် သာလျှင် ပြည်ထောင်စုအပေါ် အမှန်တကယ် သောင်းကျန်းနေတာ အားလုံး အသိပါပဲ။ လက်ရှိအချိန်တွေမှာလည်း ပြည်သူလူထုအပေါ် သောင်းကျန်းနေတာ သူတို့တတွေပါပဲ။ ဒါပေမယ့် ကျနော်တို့က အသားလွှတ် သောင်းကျန်းသူ နာမည်တပ်ခံရတယ်။
 ကျနော်တို့ ဗဟိုကော်မတီလည်း သူတို့တတွေနဲ့ အကြိမ်ကြိမ် အငြင်းအခုံ ဖြစ်ခဲ့ကြရတယ်။ သူတို့က ကျနော်တို့ကို နယ်ခြားစောင့်တပ် အစီအစဉ် လက်ခံဖို့ အကြိမ်ပေါင်းများစွာ အတင်းအကြပ် ဖိအား ပေးခဲ့ကြတယ်။ ဒီအကြောင်း ကိစ္စတစ်ခုတည်းကို ဆွေးနွေးဖို့ တိုင်း (မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်) ကို ကျနော်တို့ (၁၅) ကြိမ်၊ (၁၆) ကြိမ်လောက် သွားရောက်ခဲ့ကြပါတယ်။ စာရေးသား ပေးပို့တာလည်း (၁၇) စောင်လောက် ရှိခဲ့ပါတယ်။ သန်းရွှေထံကိုလည်း ရေးသားပေးပို့ခဲ့တယ်။ ဗမာအစိုးရ ဗဟိုဖြစ်တဲ့ နေပြည်တော်ကို ရေးသားပေးပို့ခဲ့တာလဲ အကြိမ် ပေါင်းများစွာပါပဲ။ “ဆုံးဖြတ်နိုင်တဲ့ သူတွေလာပါ” ဆိုလို့ ကျနော်တို့ရဲ့ ဥက္ကဌကြီးကိုယ်တိုင် စစ်တိုင်းဌာနချုပ်ကို သွားရောက် တွေ့ဆုံ ဆွေးနွေး ခဲ့တာလည်း သုံးလေးကြိမ် မကပါဘူး။ ဒါပေမယ့် ဘာမှ အရာမထင်ခဲ့ပါဘူး။ “ဆုံးဖြတ်နိုင်တဲ့ သူတွေလာပါ” ဆိုလို့ ဘာအရေးကြီးကိစ္စများ ပြောလိမ့်မလဲဆိုပြီး ဥက္ကဌကြီး ကိုယ်တိုင် သွားရောက် တွေ့ဆုံတော့လည်း ဒီနယ်ခြားစောင့်တပ် (BGF) အသွင်ပြောင်းရေး ကိစ္စကိုပဲ ထပ်ခါထပ်ခါ ဖိအားပေး ပြောပြန်ရော။

 “ ဒီ BGF အစီအစဉ်ကို လက်ခံဖို့လိုပါတယ် … ဒါဟာ အဘ သန်းရွှေရဲ့ မေတ္တာပါ … ” ဆိုပဲ။
 အဲဒီလိုတွေဖြစ်တော့ ဘာမှပြောဆို ဆွေးနွေးလို့ မရတဲ့အခါ ဒီတွေ့ဆုံ ဆွေးနွေးမှုတွေကလည်း မအောင်မြင်ခဲ့ပါဘူး။ ဒီလိုပဲ အကြိမ်ကြိမ် အငြင်းအခုံတွေ ဖြစ်ခဲ့ကြရတဲ့အတွက် နောက်ဆုံး ကျနော်တို့ဘက်က ဘာပြောခဲ့သလဲ ဆိုတော့…

စစ်အစိုးရမှ ညှင်းပန်းနှိပ်စက်သတ်လိုက်တဲ့ K.I.A ဒု တပ်ကြပ်ကြီး ချန်းယိန်း

 “ ကောင်းပါပြီ … ကျနော်တို့ ကချင်တွေ ဖြူစင်တဲ့ စိတ်သဘောထားနဲ့ ပွင့်ပွင့်လင်းလင်း၊ ဖြောင့်ဖြောင့်မတ်မတ် ပြောပါမယ် … ဒီပြည်ထောင်စုဟာ ပင်လုံစာချုပ်၊ ပင်လုံကတိက၀တ်မှ စတင်ပေါ်ပေါက်ခဲ့တဲ့ ပြည်ထောင်စုဖြစ်တယ် … ဒါကြောင့် စစ်မှန်တဲ့ ပြည်ထောင်စုကို တည်ထောင်မယ်ဆိုရင် ကျနော်တို့ ကချင်တွေ လက်နက်စွန့်ပါမယ် …”

ဒီပြည်ထောင်စုကြီးဟာ ပင်လုံစာချုပ်၊ ပင်လုံကတိက၀တ်မှ စတင် ပေါက်လာခဲ့တဲ့ ပြည်ထောင်စု ဖြစ်တယ်။ ဟိုအရင် ဗမာ ဘုရင်တွေ လက်ထက်မှာ ပြည်ထောင်စု ဆိုတာရှိခဲ့တာ မဟုတ်ဘူး။ နောက်ဆုံး ဗမာဘုရင် သီပေါမင်းနဲ့ ဆွေမျိုးတွေကို အင်္ဂလိပ်တွေ သိမ်းကျုံး ဖမ်းဆီးသွားတဲ့ အချိန်အထိ ပြည်ထောင်စုဆိုတာ ရှိခဲ့တာမဟုတ်ဘူး။ ပင်လုံစာချုပ်ကြောင့်သာလျှင် ဒီပြည်ထောင်စု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်တယ်။ ပင်လုံကတိက၀တ်ဟာ ဒီပြည်ထောင်စုကြီးကို မွေးဖွား ပေးလိုက်တဲ့ မိခင်ကြီးဖြစ်တယ်။ ဒီပင်လုံစာချုပ်ဟာ ကချင်ပြည်ထောင်၊ ချင်းပြည်ထောင်၊ ရှမ်းပြည်ထောင်၊ ဗမာပြည်ထောင် စတဲ့ ပြည်ထောင်တွေကို စုစည်းထားတဲ့ ပြည်ထောင်စု တည်ထောင်ဖို့အတွက် ကတိက၀တ်ဖြစ်တယ်။ အဲဒီပင်လုံ စာချုပ်မှာ ကျနော်တို့ရဲ့ ဘိုးဘွား ခေါင်းဆောင်ကြီးတွေ လက်မှတ် ရေးထိုးခဲ့ကြတယ်။ ကတိက၀တ် တစ်ခုဆိုတာ လက်မှတ် ရေးထိုးခြင်း အားဖြင့် အတည်ပြုခိုင်မာ စေဖို့ လိုပါတယ်။

ပြည်ထောင်စု တည်ထောင်ဖို့အတွက် ကျနော်တို့ရဲ့ ဘိုးဘွားတွေ ဘာကြောင့် ဒီစာချုပ်မှာ လက်မှတ် ရေးထိုးဖို့ လိုတာလဲ။ ဘာကြောင့် လက်မှတ် ရေးထိုးခဲ့ကြရတာလဲ။ ဒီကနေ့ လူငယ်တွေ မှတ်သားထားကြပါ။ ဘာကြောင့် လက်မှတ်ရေးထိုးဖို့ လိုတာလဲ။ ကျနော်တို့ရဲ့ တိုင်းပြည်ဟာ ဗမာပြည် မဟုတ်တဲ့ အတွက်ကြောင့် ဖြစ်တယ်။ ကျနော်တို့ရဲ့ တိုင်းပြည်ဟာ အခြားပြည်တစ်ပြည် ဖြစ်တဲ့ အတွက် ပင်လုံစာချုပ်မှာ လက်မှတ် ရေးထိုးရခြင်း ဖြစ်တယ်။ ဒီလိုသာ မဟုတ်ရင်တော့ ဗမာ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းမှာ ကျနော်တို့အကြောင်း ပါဝင်စရာ အကြောင်း မရှိပါဘူး။ ဗမာခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အင်္ဂလိပ် ခေါင်းဆောင်တွေ လက်မှတ် ရေးထိုးလိုက်ရင် ပြီးသွားမယ့် ကိစ္စပဲ။ ကျနော်တို့ ဘိုးဘွားတွေ ပါဝင်ပတ်သက်စရာ အကြောင်း မရှိဘူး။ ဒါပေမယ့် အင်္ဂလိပ်ထံမှ လွတ်လပ်ရေးကို ကျနော်တို့ တိုင်းရင်းသား ဒေသတွေ အပါအ၀င် ရယူဖို့အတွက်၊ လွတ်လပ်ရေး ရပြီးတဲ့နောက် ပြည်ထောင်စု တည်ထောင်ဖို့အတွက် လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်တယ်။ ကျနော်တို့ပြည်ဟာ အစကတည်းက ဗမာပြည်ဖြစ်ခဲ့မယ်၊ ဗမာပြည်ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ခဲ့မယ်ဆိုရင် ကျနော်တို့ရဲ့ ဘိုးဘွားတွေ လက်မှတ်ရေးထိုးစရာ မလိုပါဘူး။ ကချင်ပြည်ထောင်၊ ချင်းပြည်ထောင်၊ ရှမ်းပြည်ထောင်၊ ဗမာပြည်ထောင် စတဲ့ ပြည်ထောင်တွေ ပေါင်းလိုက်တဲ့ အခါမှသာလျှင် ပြည်ထောင်စု ဖြစ်လာမှာ ဖြစ်တယ်။ တစ်ခုချင်းစီ ဆိုရင်တော့ တိုင်းပြည်တစ်ပြည်သာ ဖြစ်တယ်။ ကချင်ပြည်ပဲ၊ ရှမ်းပြည်ပဲ။ ကျနော်တို့ ဘိုးဘွားတွေ ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ခြင်းဟာ ကျနော်တို့ရဲ့ပြည်ကို ပြည်ထောင်စုမှာ ထည့်သွင်း ပေါင်းစည်း လိုက်ခြင်းပဲ ဖြစ်တယ်။ ပြည်ထောင်စုမှာ ပေါင်းစည်း ပါဝင်လိုက်တဲ့ အခါမှသာ ပြည်နယ် တစ်ခုဖြစ်လာတာပါ။ သီးသန့်တစ်ခုတည်းဆိုရင် တိုင်းပြည်တစ်ပြည်ပါပဲ။ ကချင်ပြည်ပါပဲ။

Wunpawng Mungdan ပါပဲ။ Wunpawng Mungdan (ကချင်တိုင်းပြည်) ကို Munghpawm (ပြည်ထောင်စု) မှာ ပေါင်းလိုက်တဲ့ အခါမှသာလျှင် Wunpawng Mungdaw (ကချင်ပြည်နယ်) ဖြစ်လာတာပါ။

ဒီတိုင်းပြည်ဟာ ဘုရားသခင် ကျနော်တို့ကို ပေးထားတဲ့ တိုင်းပြည်ပါ။ ကျနော်တို့ရဲ့ ဘိုးဘွားတွေဟာ ဟိုး… ပဝေသဏီ နတ်ကိုးကွယ်တဲ့ ကာလတွေကတည်းက ဖန်ဆင်းရှင် (Hpan Wa Ningsang, Chye Wa Ningchyang) ကို လက်ခံ ယုံကြည်ခဲ့ကြတာပါ။ Hpan Wa Ningsang ဆိုတာ အကြီးမြတ်ဆုံးသော အစဉ်အမြဲရှင်သန်နေတဲ့ ဖန်ဆင်းရှင်ဆိုတဲ့ အဓိပ္ပါယ်ပါ။ Chye Wa Ningchyang ဆိုတာ မနေ့၊ ယနေ့၊ နောက်ကာလတွေမှာ ဖြစ်ပျက်ခဲ့သမျှ၊ ဖြစ်လာမယ့်အရာတွေနဲ့ အရာရာကို သိမြင်နေတဲ့ ထာဝရဘုရားကို ပြောတာပါ။  ဒါကြောင့် ဒီတိုင်းပြည်ဟာ ဒီကနေ့ ကျနော်တို့ ကိုးစား ယုံကြည်တဲ့ ဖန်ဆင်းရှင် ထာဝရဘုရားသခင် ဖန်ဆင်းပေးအပ်ထားတဲ့ တိုင်းပြည်ဖြစ်ပါတယ်။

ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုကြီးရဲ့ ပြည်နယ်တစ်ခု အနေနဲ့ ပါဝင်ဖို့ ကျနော်တို့ရဲ့ပြည်ကို ပေါင်းစည်းခဲ့ခြင်းဖြစ်တယ်။ ဗမာပြည်မဟုတ်တဲ့ ကျနော်တို့ရဲ့ပြည်ကို ဗမာအစိုးရကပဲ ချယ်လှယ် စိုးမိုးနေတာ၊ ကျနော်တို့ပြည်က သယံဇာတတွေကို အကြီးအကျယ် ထုတ်ယူ ရောင်းချနေတာ၊ ကျနော်တို့ပြည်ကို ဗမာပြည်လို့ပဲ ယျေဘုယ သတ်မှတ်ခြင်းခံရတာ လုံးဝ တရားမျှတမှု မရှိတဲ့ ကိစ္စပါပဲ။ သူတို့နဲ့ လားလားမျှ သက်ဆိုင်ခြင်းမရှိတဲ့ အရာတွေကို လာရောက် စီမံ ချယ်လှယ်နေခြင်းပါပဲ။
အဲဒါကြောင့် ကျနော်တို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရကိုရမှ ဖြစ်မှာပါ။ ဒီကိုယ်ပိုင်ပြဌာန်းခွင့်ကိုတောင်မှ မသတ်မှတ်ပေးနိုင်ဘူးဆိုရင်တော့ ဘာ့ကြောင့် ပြည်ထောင်စုမှာ ဆက်ပါဝင်ရမှာလဲ။ ပြည်ထောင်စုမှာ မပါဝင်လဲ ကျနော်တို့ တရားဝင်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကမှ ပြည်ထောင်စု မလုပ်ချင်တာကိုး။ စစ်မှန်တဲ့ပြည်ထောင်စု မတည်ထောင်ချင်ဘူး ဆိုရင်တော့ ကျနော်တို့လည်း ပြည်ထောင်စုနေ့လို့ သတ်မှတ်ထားတဲ့ ၁၉၄၇ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ မတိုင်ခင် အခြေအနေ အတိုင်း ပြန်နေဖို့ပဲ ရှိတော့တာပေါ့။ ဒီကိစ္စဟာ ရှင်းနေတာပဲ။ သူတို့အနေနဲ့ ပြည်ထောင်စု အကြောင်း မစဉ်းစားဘူး၊ ဒီမိုကရေစီစနစ်အကြောင်း မစဉ်းစားဘူးဆိုရင်တော့ ဘာအဓိပ္ပါယ်မှ မရှိတော့ဘူး။ သူတို့လက်အောက်မှာ ဘယ်သူက ကျွန်လို နေချင်မှာလဲ။

“ မင်းတို့ ဒီလိုနေချင်ကြသလား ? ”   -       “ မနေချင်ပါဘူး …”
“ ကျွန်လို နေချင်ကြသလားဟေ့ ? ”  -       “ မနေချင်ပါဘူး …”

အေး … နေချင်လို့ ဘယ်ဖြစ်မလဲ။ ဘာကြောင့် ကျွန်လို နေကြရမှာလဲ။ အခုလေးတင်ပဲ ဒီ အစည်းအဝေးကို တရားဟောဆရာ ဆုတောင်းဆက်ကပ်ပြီး ကျမ်းစာဖတ်ခဲ့တယ်။ ဘုရားသခင်ဟာ ကျနော်တို့ကို လွတ်မြောက်ဖို့ရန်အတွက် ရွေးနှုတ်ကယ်တင်ခဲ့ခြင်းဖြစ်တယ်။ ဒါ့ကြောင့် ကျနော်တို့ကို ကျွန်ဇာတ်မှာ နှစ်မြှုပ်မနေကြဖို့ ဆိုထားပါတယ်။ ကျွန် ဖြစ်နေဖို့ ဘုရားသခင် အလိုတော်မရှိပါဘူး။

“ အဲဒါကြောင့်မို့လို့ ပင်လုံညီလာခံမှာ ဆွေးနွေးသဘောတူ ဆုံးဖြတ်ထားတဲ့အတိုင်း
ပင်လုံ ကတိတ၀တ်နဲ့၊ ပင်လုံစိတ်ဓါတ်နဲ့ ဒီပြည်ထောင်စုကြီးကို တည်ထောင်မယ်ဆိုရင်
ကျနော်တို့ ကချင်တွေ လက်နက်မကိုင်တော့ပါဘူး …
ပြည်သူ့စစ် အနေနဲ့၊ နယ်ခြားစောင့်တပ်အနေနဲ့တောင် မနေပါဘူး …
လုံးဝကို လက်နက်စွန့်ပါမယ် … ”

 
စစ်အစိုးရမှ ညှင်းပန်းနှိပ်စက်သတ်လိုက်တဲ့ K.I.A ဒု တပ်ကြပ်ကြီး ချန်းယိန်း

လို့ ကျနော်တို့ အသိပေးပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ ကျနော်တို့ ကချင်တွေ ရဲရဲဝံ့ဝံ့ ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။

“ ကဲ … ကျနော်တို့တတွေ ဖြောင့်မတ်ရမယ်
ကျနော်တို့ရဲ့ မှန်ကန်မှုကို ထုတ်ဖော်ပြောကြားကြရမယ်…
စစ်မှန်တဲ့ ပြည်ထောင်စုကို တည်ဆောက်နိုင်မယ်ဆိုရင်
ကျနော်တို့ ကချင်တွေဟာ လက်နက်စွန့်ပါမယ် … ”

သန်းရွှေထံ ကျနော်တို့ ကေအိုင်အို အနေနဲ့ စာရေးသား ပေးပို့ရာမှာလည်း ဒီအကြောင်းအရာတွေကို ရေးသား ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ထံမှ ဘာအကြောင်းပြန်ကြားချက်မှ ပြန်မရခဲ့ပါဘူး။ ဘာလို့ နည်းနည်းလေးတောင် အဖက်မလုပ်၊ အကြောင်းမပြန်ရတာလဲဆိုတော့ သန်းရွှေနဲ့ စစ်အုပ်စုရဲ့ စိတ်ထဲမှာ ပြည်ထောင်စု မရှိတော့လို့ ဖြစ်တယ်။ ဒီမိုကရေစီ စိတ်ဓါတ် မရှိလို့ ဖြစ်ပါတယ်။ လက်နက် စွန့်ပါမယ်ဆိုပြီး ကမ်းလှမ်းခဲ့တာတောင် မသာအလောင်းကောင်ကို အမှာစကားပါးသလိုပဲ ဘာဆိုဘာမှ ပြန်ကြားပြောဆိုခြင်း မရှိခဲ့ပါဘူး။
 ဒီလောက်ဆိုရင်တော့ ကျနော်တို့ ဗဟိုအနေနဲ့ နယ်ခြားစောင့်တပ်ကိစ္စကို ဘာကြောင့် လက်မခံ ခဲ့ရသလဲဆိုတာ ရှင်းရှင်းလင်းလင်း သဘောပေါက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ မျိုးချစ်ရဲဘော်တွေ အနေနဲ့ ဒီအကြောင်းအရာတွေကို ပြည်သူလူထုတွေ နားလည်အောင် ရှင်းလင်းပြောပြကြပါ။ ရဲဘော်ရဲဘက် အချင်းချင်းလည်း ရှင်းပြပေးကြပါ။ ကျနော်တို့အပေါ် အင်မတနှ် မမှန်မကန် လုပ်နေကြတဲ့ ဗမာအစိုးရပါပဲ။

အရပ်သားအစိုးရ ပေါ်ပေါက်လာတဲ့ အခါမှသာလျှင် နိုင်ငံရေး ဆွေးနွေးကြပါဆိုပြီး ကျနော်တို့ကို (၁၇) နှစ်တိုင်တိုင် ချောင်ထိုးထားတယ်။ အပစ်ရပ်အချိန်ကာလအတွင်း ကျနော်တို့ကို ဘယ်လို ချုပ်ချယ်ခဲ့သလဲ ဆိုတော့ အစိုးရတစ်ရပ်လုပ်တဲ့ လုပ်ငန်းတွေ ကျနော်တို့ကို မလုပ်ဖို့ပြောတယ်။

 အခွန်ကောက်ခံခြင်း မပြုရ။

တရားစီရင်ခြင်း မပြုရ။

စစ်အင်အား တိုးချဲ့ခြင်း မပြုရ။

စစ်လက်နက် တိုးချဲ့တပ်ဆင်ခြင်း မပြုရ။

စတဲ့ ‘ မလုပ်ရ၊ မလုပ်ရ ’ ဆိုတာတွေချည်း ပါပဲ။ ကျနော်တို့ကိုတော့ ‘မလုပ်ရ’ တွေနဲ့ ပိတ်ပင် တားမြစ်ပြီး သူတို့တတွေကျတော့ စစ်တပ်တွေချဲ့ပြီးရင်းချဲ့ခဲ့ကြတယ်။ တပ်အင်အားတွေ တိုးပြီးရင်း တိုးခဲ့ကြတယ်။ အပစ်ရပ်ပြီးနောက်ပိုင်း စစ်အင်အား ဘယ်လောက်တောင် တိုးချဲ့နိုင်ခဲ့ကြသလဲ ဆိုတော့ လမ်းဆုံလမ်းခွမကျန် ကင်းစခန်းတွေ ပေါ်လာတယ်။ ကျနော်တို့နဲ့ နယ်ခြားစခန်း လဂျားယန် (Laja Yang) မှာလဲ စစ်တပ်အပြင် မူးယစ်ရဲ၊ ရာဇ၀တ်ရဲ စသဖြင့် ဘာတွေမှန်းကို မသိအောင် စခန်းတွေ လာဖွင့်ထားကြတယ်။ သူတို့တတွေကျတော့ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေး အရပ်ရပ်ကိုလည်း ယူလိုက်တယ်။ ညီလာခံဆိုတာလုပ်ပြီး သူတို့ကြိုက်သလို ရေးထားတဲ့ အခြေခံ ဥပဒေကိုလည်း မတရားသဖြင့် ရေးသား အတည်ပြုလိုက်တယ်။ စစ်အင်အားတိုးချဲ့တယ်။ စုကြည်နဲ့ အဖွဲ့ကိုလည်း ဂဏန်းခြေထောက် ခြွေသလို ပြုတ်ပြုတ်ပြုန်းအောင်၊ ဘာမှလှုပ်ရှားလို့ မရအောင် လုပ်လိုက်ကြတယ်။ ကျနော်တို့ကိုလည်း အဘက်ဘက်မှ ကန့်သတ်တာမျှမက ဖြတ်လေးဖြတ် ဆိုတာမျိုးတွေ လုပ်လာခဲ့ကြတယ်။ ဘဏ္ဌာငွေ မရရှိနိုင်ရန်လုပ်တဲ့ ဖြတ်လေးဖြတ်မကတဲ့ ဖြတ်တောက်မှုတွေ လုပ်ခဲ့ကြတယ်။
 ကျောက်စိမ်းမှော်မှာလည်း သူတို့ကြိုက်သလို ချယ်လှယ် စိုးမိုးကြတယ်။ ကျနော်တို့ပြည်က ထွက်တဲ့ ကျောက်စိမ်းတွေကို သူတို့ကြိုက်သလို ထုတ်ဖော် ရောင်းစားနေကြတယ်။ ကျောက်စိမ်း Emporium တစ်ခုလုပ်တိုင်း ယူရိုငွေသန်းထောင်ချီ ရရှိကြတယ်။ ဒီငွေတွေ ဘယ်မှာ ဘာတွေ လုပ်လိုက် ကြသလဲတော့ မသိဘူး။ သူတို့က ဒီလို အမြတ်ထုတ်စားနေကြတယ်။ အင်မိုင်ခ နဲ့ မလိခ မြစ်ဆုံဘက်မှာလည်း တရုတ်နဲ့ ပေါင်းပြီး ရေအားလျှပ်စစ် စီမံကိန်းတွေ အကြီးအကျယ် အကောင်အထည် ဖော်ကြတယ်။ ထွက်ရှိမယ့် လျှပ်စစ်ဓါတ်အားတွေ အကုန်လုံး တရုတ်ပြည်ကို ရောင်းစားဖို့ လုပ်ကြတယ်။

ကဲ … ဒါကျနော်တို့ရဲ့ တိုင်းပြည် ဒေသလေ။ ဘာကြောင့် ဒီလို စီမံကိန်းကြီးတွေလုပ်ဖို့ ကျနော်တို့ကို နည်းနည်းလေးတောင်မှ အသိ မပေးရတာလဲ။ ဘာကြောင့် ကျနော်တို့ကို ပြောဆို အကြံ ပေးခွင့်လေးတောင် မပေးရတာလဲ။ ကျနော်တို့ ကေအိုင်အိုလည်း ဖွံ့ဖြိုးရေး အစီအစဉ်တွေနဲ့ ရေအား လျှပ်စစ်စက်ရုံ တည်ဆောက်ခဲ့တာပဲ။ ကျနော်တို့ရဲ့ စက်ရုံကနေ ဖြန့်ဝေတဲ့ လျှပ်စစ်ဓါတ်အားကို ဒီကနေ့ သူတို့ သုံးစွဲနေကြတာပဲ။ ဒီလူတွေ အရှက်မရှိကြဘူးလား။ ဒီကနေ့ထိ မြစ်ကြီးနားမှာ ကျနော်တို့ ပေးတဲ့လျှပ်စစ်မီး ထွန်းနေကြတာပဲ။ ကျနော်တို့လည်း ဖွံ့ဖြိုးရေး လုပ်ငန်းတွေ အစဉ်တစိုက် လုပ်ခဲ့ကြတာပဲ။ ဒီ မလိ-အင်မိုင် မြစ်ဆုံကိစ္စကျမှ ဘာလို့ ကျနော်တို့ကို နည်းနည်းလေးတောင်မှ မတိုင်ပင်ရတာလဲ။ ဘာ့ကြောင့် မပြောပြကြရတာလဲ။

 ကျနော်တို့ ကချင်ပြည်က သဘာဝရေအရင်းအမြစ်တွေကို သူတို့ကြိုက်သလို စီမံချယ်လှယ်ပြီး ထွက်ရှိမယ့် ရေအားလျှပ်စစ်တွေအကုန်လုံး တရုတ်ကို ရောင်းစားပြီး သူတို့က အမေရိကန်ဒေါ်လာ သန်းထောင်ချီ မြိုဆို့မယ့်ကိစ္စပဲ။ ဒီစီမံကိန်းကြီးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ မလိ-အင်မိုင်မြစ်ဆုံနားက ဆည်တမံဟာ လုံးဝကို တည်ဆောက်ရမယ့်ကိစ္စ မဟုတ်ဘူး။ ဒီဆည်တည်ရှိနေမယ့် နေရာဟာ ဗမာစကား အရဆိုရင် စစ်ကိုင်းပြတ်ရွေ့ကျောလို့ခေါ်တဲ့ မြေ ငလျှင်ကျောကြီးရှိနေတဲ့ နေရာဖြစ်တယ်။ နောက်တစ်ချက်က ဒီ မလိခ (မြစ်) ဟာ တစ်ခါ တစ်ရံ အချို့နှစ်တွေမှာ ရေကြီးရင် မြစ်ကြီးနား စီတာပူ (Shata Pru) က အမြဲလိုလို ရေလွှမ်းနှစ်မြှုပ်လေ့ ရှိတယ်။ ဒီလိုဆိုတော့ ငလျှင်ကြောင့်ပဲဖြစ်ဖြစ်၊ မိုးသည်းထန်၊ ရေကြီးလို့ပဲဖြစ်ဖြစ် အကြောင်းတစ်ခုခုကြောင့် စတုရန်းမိုင်ပေါင်း (၅၀၀) နီးပါးရှိမယ့် ဒီဆည်ကြီးသာ ကျိုးပေါက်ခဲ့မယ်ဆိုရင် မြစ်ကြီးနားတစ်မြို့လုံး ရေအောက်ရောက်သွားမယ်။ ဒါမျှမက ဆင်ဘိုနားက မြစ်ကျဉ်းကြောင့် ရေမြန်မြန်ဆန်ဆန်စီးဆင်းသွားနိုင်ခြင်းရှိမှာ မဟုတ်တဲ့အတွက် မြစ်ကြီးနားတစ်မြို့လုံးသာမက မိုးကောင်းဒေသ၊ နမ္မတီးဒေသတွေ၊ ၀ိုင်းမော်ဘက်ခြမ်းက ခပ်ချို၊ ၀ါရှောင် အပါအ၀င် ဒဘပ်၊ ဂျာပူ ဘက်ထိ ရောက်အောင် ရေပင်လယ်ပြင်ကြီးလို ဖြစ်သွားမယ်။ ကျနော်တို့ ကချင်တွေ ဒီဒေသတွေ တ၀ိုက်မှာ အများစုနေထိုင်ကြတာ၊ ဒီလိုသာ ရေကြီး လွှမ်းမိုး သွားမယ်ဆိုရင်တော့ ကချင်တွေလည်း ကုန်ပြီပေါ့။ ဒီလိုကိစ္စတွေကြောင့် သန်းရွှေထံ ကျနော်တို့ ကန့်ကွက်စာ ရေးသားပေးပို့တယ်။ ဘာမှ အကြောင်းမပြန်ဘူး။ ဒီလိုပဲ လျှစ်လျူရှု ခံခဲ့ရပါတယ်။
 ဟူးကောင်းလွင်ပြင် ဒေသဘက်မှာလည်း ယူဇနကုမ္ပဏီမှ မြေဧကသိန်းနဲ့ချီပြီး သိမ်းပိုက် လုပ်စားကြတယ်။ ကျနော်တို့ရဲ့ ပြည်သူလူထုရဲ့ လယ်ယာမြေတွေ မတရား သိမ်းပိုက်လိုက်တော့ ပြည်သူတွေခများ မျက်ရည်နဲ့ မျက်ခွက် ဖြစ်နေကြရတယ်။

“ ကဲ … ဒီကနေ့တော့ ကျုပ်တို့ သေနတ်ဖောက်လို့ရပြီ …
ဒီတော့ ယူဇနကုမ္ပဏီကို ကျုပ်တို့ ညွှန်ကြားထားပြီးပြီ …
ကျုပ်တို့ရဲ့ ပြည်သူလူထုထံမှ မတရားသိမ်းယူထားတဲ့ လယ်ယာမြေတွေ အကုန်ပြန်ပေးပါ …
မပေးဘူးဆိုရင် ကျုပ်တို့ အကြောင်းသိမယ် … ဒီကနေ့ ကျုပ်တို့ သေနတ်ဖောက်လို့ ရပြီ …
ဟိုအရင်ကလို လက်ပိုက်စောင့်ကြည့်နေမှာ မဟုတ်တော့ဘူး …
ကျုပ်တို့ ကချင်လွပ်လပ်ရေးတပ်တွေ ဟိုအရင်ကလို မဟုတ်တော့ဘူး …

ကျုပ်တို့ မှားခဲ့ကြတဲ့အတွက် (၁၇) နှစ်တာကာလပတ်လုံး ဘာမှလုပ်လို့ မရဘူး။ နိုင်ငံရေးလည်း လုပ်လို့မရ။ စစ်အင်အားလည်း တိုးချဲ့လို့မရ။ အဲဒီလို ဖြစ်ခဲ့တယ်။ ဒါပေမယ့် အခု မဟုတ်တော့ဘူး။

ကျုပ်တို့ရဲ့ ညွှန်ကြားချက်ကို လိုက်နာရမယ်လို့ အကြောင်းကြားထားပြီးပြီ …
ပြန်မပေးဘူးဆိုရင်တော့ ဆော်မှာပဲ …
ကချင်လွတ်လပ်ရေး တပ်မတော်ဟာ အလှပြဖို့ ရှိနေတာ မဟုတ်ဘူး …
တိုင်းပြည်နဲ့ တိုင်းသူပြည်သားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ ဖြစ်တယ် … ”

ယုဇနကုမ္ပဏီက လယ်မြေ ဖော်ထုတ်ရေးဆိုပြီးတော့ ဟူးကောင်းချိုင့်ဝှမ်း ဒေသကို အုပ်စိုး လိုက်ကြတယ်။ သူတို့ကြိုက်သလို ချယ်လှယ် အမြတ်ထုတ်ကြတဲ့ သဘောပါပဲ။ ကျနော်တို့ ပြည်သူပြည်သားတွေမှာတော့ မျက်ရည်နဲ့ မျက်ခွက်။ အဲဒီတော့ ဒီအပစ်အခတ်ရပ်စဲရေး လုပ်ခဲ့တာဟာ ကျနော်တို့ အတွက် ဘာဆိုဘာမှ အကျိုးမရှိတဲ့ ကိစ္စဖြစ်တယ်။

 ဒီတစ်ခေါက် ပြန်ဖြစ်တဲ့ တိုက်ပွဲတွေမှာ ကျနော်တို့ လွတ်လပ်ရေးတပ်အနေနဲ့ ဟို… အရင်တုန်းက အခြေအနေနဲ့ မတူတာကို တွေ့ရပါတယ်။ ဟိုအရင်အချိန်တွေတုန်းက ကျနော်တို့တပ်တွေ ဗမာစစ်သား သုံ့ပန်းဖမ်းမိတယ် ဆိုတာ အင်မတန် နည်းပါတယ်။ ဖမ်းမိခဲ့ဖူးတဲ့ သုံ့ပန်းတွေထဲမှာလည်း အရာရှိဆိုတာ မရှိခဲ့ဖူး သလောက်ပါပဲ။ အင်မတန် ကြိုးပမ်းအားထုတ်ပြီး စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက် ချေမှုန်းတဲ့အခါတွေမှာသာ ဖမ်းမိဖူးတာပါ။ ဒါပေမယ့် အခုပြန်ဖြစ်တဲ့ တိုက်ပွဲတွေမှာတော့ ဗမာစစ်အရာရှိတွေကို လတိုင်းလိုလို ဖမ်းဆီးရမိနေတာကို တွေ့ရပါတယ်။ တပ်မဟာ (၄) ဒေသ ဘက်မှာလည်း ကျနော်တို့ ရဲဘော်တွေ လိုက်လံဖမ်းဆီးရာမှာ အရာရှိတွေ အပါအ၀င် ဖမ်းဆီး ရမိကြပါတယ်။ ကနေ့အထိ ဖြစ်ခဲ့ပြီးဖြစ်တဲ့ တိုက်ပွဲတွေမှာလည်း ဗမာစစ်တပ် အရာရှိတွေ အမြောက်အများကို ရှင်းလင်း ပစ်လိုက်နိုင်တာကို တွေ့ရပါတယ်။ တပ်မဟာ (၂) နယ်မြေဘက်၊ အဲဒီ ယုဇနဘက်ခြမ်းမှာလည်း ကျနော်တို့တပ်တွေ ရှင်းပစ်လိုက်တာ တပ်ရင်းမှူးနှစ်ယောက် ပါဝင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက် အဖြစ်အပျက်တွေမှာတော့ ကျနော်တို့ကို ကူညီနေတဲ့သူ ရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါတယ်။

 အဲဒီလိုပဲ တိုက်ခိုက်မှုတွေ စတင်ခဲ့တဲ့ ဇွန် (၉) ရက်နေ့ ကတည်းက သူတို့ဘက်က အကျအရှုံး များခဲ့တဲ့ အခါကျတော့ စစ်သုံ့ပန်း လွှဲအပ်ဖို့၊ သူတို့ဘက်က ဒါဏ်ရာရ စစ်သည်တွေကို သယ်ဆောင်ဖို့၊ ကျဆုံးစစ်သည်တွေကို ကောက်ယူဖို့အတွက် ပြဿနာ စဖြစ်တဲ့ (၉) ရက်နေ့မှာပဲ ကျနော်တို့ အပစ်အခတ် ခေတ္တရပ်ပါတယ်။ မနက်ပိုင်း (၁၁) နာရီ (၄၅) မိနစ်မှာ အပစ်ရပ်ပါတယ်။ အဲဒီအချိန်မှာ ဗမာ အစိုးရတပ်သားတွေ လက်မြှောက်ထားကြတယ်။ ကျနော်တို့ စိတ်သဘောကြီးခဲ့ကြပါတယ်။ ဘယ်စစ်ပွဲတွေမှာပဲဖြစ်ဖြစ် ကြက်ခြေခတ် (Red Cross) အလံကို လွှင့်ပြီး ကျဆုံးစစ်သည်တွေ၊ ဒါဏ်ရာရ စစ်သည်တွေကို ကောက်ယူသယ်ဆောင်ကြရတာ ကမ္ဘာ့ စစ်ဥပဒေပါပဲ။ ဒီသဘော တူညီချက် ဥပဒေကို ကျနော်တို့ လိုက်နာပါတယ်။ ကျနော်တို့ တော်လှန်ရေး တပ်သားတွေတောင် လိုက်နာ ကျင့်သုံးပါတယ်။
 သူတို့ဘက်က ဘာပြောသလဲဆိုတော့ သူတို့ဖမ်းဆီးထားတဲ့ ကျနော်တို့ရဲ့ စစ်ဘက်၊ အရပ်ဘက် အမှုထမ်းတွေ အားလုံးကိုလည်း လွှတ်ပေးမယ်။ သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းပြီး ပြန်လွှတ် ပေးပါ့မယ်လို့ ပြောတယ်။ တိုင်းမှူးက ကျနော်တို့ကို ဒီလိုပဲ လိမ်ညာပြောခဲ့တယ်။
 ပြဿနာစတင် ဖြစ်ပွားခဲ့တုန်းကလည်း သူတို့ဘက်က ဘယ်လိုပြောခဲ့သလဲဆိုတော့  “ Bum Sen ကို တက်လာတဲ့ စစ်ဗျူဟာမှူးနဲ့ အဖွဲ့ နောက်နေ့ မနက်ကျရင် ပြန်ဆုတ်ခွာသွားပါမယ် … ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေလည်း လဲလှယ်ကြရအောင် ” လို့ပြောလာတယ်။ Sang Gang ဆက်ဆံရေးရုံးမှ ကျနော်တို့ရဲ့ ဒုတပ်ကြပ် ချန်းယိမ်းကိုလဲ သူတို့ဖမ်းထားတဲ့ အချိန်ပေါ့။ အဲဒီတော့ ကျနော်တို့ ဖမ်းမိထားတဲ့ စစ်ဗိုလ်နှစ်ယောက်နဲ့ တပ်သားတစ်ယောက်ကိုလည်း ကျနော်တို့ ပြန်လွှဲအပ်ပေးခဲ့တယ်။ သူတို့ဘက်က ကျဆုံး/ဒါဏ်ရာရ  စစ်သည်တွေကိုလည်း ကောက်ယူခွင့် ပြုပေးခဲ့တယ်။

 အဲဒီနောက်တော့ သူတို့ပြောခဲ့တဲ့ စကားတွေလည်း တစ်ခုမှ မတည်တော့ဘူး။ ဗျူဟာမှူးက ဘာပြောလာသလဲဆိုတော့ “ ကျုပ်တို့တက်လာတာ Bum Sen စခန်းသိမ်းဖို့  ” တဲ့။ တင်းတင်းမာမာ ပြောလာကြတယ်။ Bum Sen စခန်းကနေ ကျနော်တို့တပ်သားတွေ ဆုတ်ခွာပေးရမယ်လို့ ဆိုလာပါတယ်။ သူတို့က အစိုးရဖြစ်တဲ့အတွက် ဆုတ်ခွာပေးရမယ်တဲ့။ အဲဒီလိုကြေးသာဆိုရင် ကျုပ်တို့လဲ အစိုးရပဲလေ။

ဗျူဟာမှူးလည်း ပြန်မဆင်းသွားတော့ဘူးတဲ့။ အဲဒီအချိန်မှာ ကျနော်တို့ဘက်ကတော့ ဖမ်းမိထားတဲ့ သူတို့လူတွေ အကုန်လွှတ်ပေးခဲ့ပြီး ဖြစ်တယ်။ အင်ဘာပါဘက်မှာရော၊ ဖားကန့်ဘက်မှာရော ဖမ်းမိထားတဲ့ သူတို့စစ်သားတွေ၊ ရဲတွေ အကုန်လွှတ်ပေးပြီးပြီ။ သူတို့ဖမ်းထားတဲ့ ကျနော်တို့ရဲ့ အမှုထမ်းတွေ အကုန်လုံးကိုလည်း လွှတ်ပေးပါ့မယ်ဆိုပြီး တိုင်းမှူးကတိပေးပြီးတော့ ဒီနေ့အထိ မလွှတ်ပေးသေးဘူး။ ဒီဗမာစစ်တပ်ကလူတွေ အဲဒီလောက်ထိ ကလိန်ကျတယ်၊ ဒီလောက်ထိကို ဗြောင်လိမ်ဗြောင်စား လုပ်ကြတယ်။ ခေတ္တပဲ အပစ်ရပ်ပြီးတော့ ညနေပိုင်းကျတော့ ကျနော်တို့ကို ထိုးစစ်ဆင်ပြန်ရော။ အဲဒီလို အချိန်တိုတိုလေးအတွင်းမှာလည်းပဲ လိမ်ညာလှည့်စားခဲ့ကြတယ်။

 ဒါပေမယ့် ကျနော်တို့ဘက်က သူတို့ကို ဆက်လက် အဆက်အသွယ်ပြုလုပ်ပြီး ညှိနှိုင်းခဲ့တယ်။ ဇွန်လ (၁၃) ရက်နေ့ မွန်းတည့်ချိန်အထိ ကျနော်တို့ သည်းခံစောင့်ဆိုင်းပြီး ညှိနှိုင်းခဲ့ကြပါတယ်။ ကျနော်တို့ သဘောထားကြီးကြီးနဲ့ စိတ်ရှည်သည်းခံခဲ့ကြပါတယ်။ ကျနော်တို့ဟာ စစ်သွေးကြွနေတာ မဟုတ်ဘူး။ အသားလွှတ် စစ်တိုက်ချင်နေတာ မဟုတ်ပါဘူး။ နိုင်ငံရေး နည်းလမ်းနဲ့ အဖြေရှာချင်တာပါ။ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးတိုင်ပင်ချင်တာပါ။ ကျနော်တို့ မရှိမဖြစ် ရဖို့လိုတဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ကို နိုင်ငံရေး နည်းလမ်းအားဖြင့်၊ တွေ့ဆုံ ဆွေးနွေးခြင်းအားဖြင့် အဖြေရှာပေးကြပါလို့ တောင်းဆိုနေခြင်း ဖြစ်ပါတယ်။ ဒါကို သူတို့ သဘောမတူပါဘူး။ အဲဒီတော့ မကောင်းတဲ့သူက ဘယ်သူလဲ၊ မှားနေတဲ့သူက ဘယ်သူလဲ ဆိုတာ ရှင်းနေတာပါပဲ။

  [ကချင်ပြည်နယ်နှင့် ကချင်လူမျိုးများကို အဓိက ကိုယ်စားပြုသော ကေအိုင်အို၏ နိုင်ငံရေး ရပ်တည်ချက်နှင့် အမြင်များကို ဝေမျှရန် ရည်ရွယ်ချက်ဖြင့် ဘာသာပြန်ဆိုပါသည်။ လွတ်လပ်စွာ သဘော ကွဲလွှဲနိုင်ပါသည်။]


ကချင် အမျိုးသမီးတစ်ဦးရဲ့ ကျောပိုးအိတ် ဆေးဝန်ထမ်း အတွေ့အကြုံ

|0 comments
Tuesday, January 17, 2012
W.P Moses

 Kachin Internally Displace Persons (IDPs)


K.I.O/K.I.A ရဲ့ Operation Padang Hkrunlam - Part I

|0 comments
Tuesday, January 17, 2012
W.P Moses

ကချင်လွတ်လပ်ရေးအဖွဲ့
ကချင်လွတ်လပ်ရေးတပ်မတော်
Padang Hkrunlam စစ်ဆင်ရေးပတ်သက်၍
စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်ထန်ဂမ်ရှောင်၏ ရှင်းလင်းချက်မိန့်ခွန်း
 K.I.A ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂွမ်ထန်ဂမ်ရှောင်

 နေ့စွဲ ။  ။ ၂၇.၈.၂၀၁၁

 ဖန်ဆင်းရှင် ထာဝရ ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာအပေါင်း ခညောင်းတဲ့  ဒီကနေ့မှာ သွေးစည်း ညီညွတ်တဲ့ ခေါင်းဆောင်တွေ၊ ရဲဘော်ရဲဘက်တွေ၊ ညီအစ်ကို မောင်နှမတွေနဲ့ တွေ့ဆုံခွင့် ရတဲ့အတွက် အင်မတန် ၀မ်းမြောက်ပါတယ်။ အားရကျေနပ် ပါတယ်။ အခုဆိုရင် ကျနော်တို့ဟာ Padang Hkrunlam စစ်ဆင်ရေး အချိန်ကာလ (၃) လအတွင်းကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးကို ဆောင်ရွက်ရာမှာ ဘာ့ကြောင့် ဒီစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ရတာလဲ၊ ဘာတွေကို လုပ်ဆောင်ခဲ့ပြီးပြီလဲ၊ ဘာတွေ ဆက်လက် လုပ်ဆောင်သွားမလဲ ဆိုတာတွေကို ပြည်သူပြည်သားတွေ ရဲဘော်ရဲဘက်တွေကို ရှင်းလင်းတင်ပြဖို့ အချိန်တန်ပြီလို့ ဗဟိုကော်မတီက ဆုံးဖြတ်တဲ့အတွက် ဒေသအသီးသီး၊ တပ်ဖွဲ့အသီးသီးကို အကြောင်းကြား ရှင်းလင်းသွားမှာ ဖြစ်ပါတယ်။ စစ်ဘေး ဒုက္ခသည် စခန်းတွေကို ရောက်ရှိလာတဲ့ တိုင်းသူပြည်သားတွေ၊ မြို့ရွာဒေသ အသီးသီးမှာ နေထိုင်နေကြတဲ့ ပြည်သူတွေ၊ တပ်ရင်းတပ်ဖွဲ့ အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ မျိုးချစ် ရဲဘော်တွေ အားလုံးထံ ဗဟိုကော်မတီ ကိုယ်စားလှယ်တွေ စေလွှတ်ကာ ရှင်းလင်းပြောကြားသွားမှာ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်စားလှယ်တွေ မရောက်ရှိသွားနိုင်တဲ့ ဒေသ တွေကိုတော့ ရုပ်သံ ဒီဗွီဒီတွေနဲ့ ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။ ဗဟိုဌာနချုပ်ကို မရောက်သော်လည်း ဗဟို အစည်းအဝေးကို ကိုယ်တိုင် တက်ရောက် နားထောင်ခဲ့သလို သိရှိ နားလည်နိုင်အောင် ဖြန့်ဝေသွားမှာ ဖြစ်ပါတယ်။ 
 K.I.A ကာကွယ်ရေး ပ+ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင်နှင့် ဂွမ်မော်

တစ်တိုင်းပြည်လုံး သာမက နိုင်ငံရပ်ခြားသို့တိုင်အောင် ဖြန့်ဝေသွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ လုပ်ငန်းတစ်ခုကို ဆောင်ရွက်ရာမှာ အဲဒီလုပ်ငန်းရဲ့ အကြောင်းတရားကို နားမလည်လို့ရှိရင် ဘယ်လိုဘယ်ပုံ ကြိုးစားအားထုတ် ရမယ်၊ ဘယ်လို စိတ်ခွန်အား ဖြည့်ဆည်းရမယ် ဆိုတာ မသိ နိုင်ပါဘူး။ အဲဒီလိုပဲ ကိုယ်လုပ်မယ့် အလုပ်ရဲ့ ရည်မှန်းချက်ကို မသိတဲ့အခါ ဘယ်လိုဘယ်ပုံ လျှောက်လှမ်း ဆောင်ရွက်ရမယ် ဆိုတာ သိဖို့ ခက်ပါတယ်။ အဲဒါကြောင့် ကျနော်တို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ၊ ဒီရည်မှန်းချက်ကို အကောင်အထည် ဖော်ဆောင်ရာမှာ ကျော်ဖြတ်ခဲ့ပြီးတဲ့ အကြောင်းအရာတွေ၊ ဆက်လက်ကြုံတွေ့ရမယ့် အရာတွေနဲ့ ပတ်သက်ပြီး ဒီကနေ့ ရှင်းလင်း ပြောကြားသွားမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဇွန်လက စတင်ကာ ကောက်ကျစ်စဉ်းလဲတဲ့ ဒီ ဗမာ (စစ်တပ်) တွေက အသားလွှတ် လာရောက်ပြီး ကျူးကျော်စစ် စတင်လိုက်ပါတယ်။ တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၅) ရဲ့ ဘွန်ဆင်(န်) (Bum Sen) စခန်းနဲ့၊ ဆန်ဂန် (Sang Gang) က ဆက်ဆံရေး ရုံးတွေမှာ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ကျနော်တို့ (၄) ရက်တိုင်တိုင် စောင့်ဆိုင်း သည်းခံခဲ့ပါတယ်။ အဲဒီလို စောင့်ဆိုင်း သည်းခံနေတဲ့ အချိန်မှာ ကျနော်တို့ရဲ့ ပြောဆို ဆွေးနွေးမှုတွေကို သူတို့ ဂရုမှမစိုက်ပါဘူး။ အရေးမလုပ်ပါဘူး။ ဒါ့ကြောင့် ကျနော်တို့လဲ သူတို့ကို သတိပေးတယ်။ ဒီကိစ္စက (၉) ရက်နေ့မှ စဖြစ်တယ်။ “(၁၃) ရက်နေ့ မွန်းတည့် (၁၂) နာရီအထိ ကျနော်တို့ စောင့်မယ်” လို့ ကျနော်တို့ သတိ ပေးတယ်။ အဲဒီအချိန်မှာ ဗမာ (စစ်တပ်) တွေက အင်အား အလုံးအရင်းနဲ့ တပ်ရင်း (၁၅) ကို ၀ိုင်းတိုက်နေကြပြီ။ အဲဒီလို ၀ိုင်းတိုက်နေတာကို ကျနော်တို့တတွေက ပွဲကြည့်သလို စောင့်ကြည့် နေရမယ့် ကိစ္စမဟုတ်ဘူး။ သည်းခံတယ်ဆိုရာမှာလဲ အတိုင်းအတာဆိုတာ ရှိတယ်။ အဲဒီ သည်းခံမှု အတိုင်းအတာ မရှိဘူးဆိုရင်တော့ လက်နက်ချလိုက်တာနဲ့ ဘာများကွာခြားတော့မှာလဲ။ အဲဒီတော့ သုံးလေးရက် သည်းခံ စောင့်ဆိုင်းပြီးတဲ့နောက် သည်းခံစရာအကြောင်း မရှိတော့ပါဘူး။ ဒါ့ကြောင့် (၁၃) ရက်နေ့ မနက်မှာ ကျနော်တို့ ဗဟိုကော်မတီကနေ ဗမာ (စစ်တပ်) တိုင်းမှူးကို စာနဲ့ တရားဝင် အကြောင်းကြားတယ်။

“ ဒီနေ့ (၁၃) ရက်နေ့ မွန်းတည့် (၁၂) နာရီအထိ ကျနော်တို့ စောင့်မယ်။ ခင်ဗျားတို့ ဒီပုံအတိုင်း ဆက်သွားမယ်ဆိုရင်တော့ ကျုပ်တို့လည်း ဒီစစ်မီးကို တပြည်လုံး ဖြန့်ပစ်လိုက်မယ်။ ပြည်ထောင်စု တစ်ခုလုံးကို ဖြန့်ပစ်လိုက်မယ်။ ခင်ဗျားတို့ သတ္တိရှိသလား။ လုပ်ရဲတယ်ဆို ရင်တော့ ဆက်လုပ်လိုက်။ ကျုပ်တို့လည်း ခပ်မာမာပဲ။ "
ကချင်လွတ်လပ်ရေး တပ်မတော်


 ကျနော်တို့ ကချင် ဘိုးဘွားတွေ လက်ထက်မှာ ဘယ်တော့မှ လက်နက်ချတယ်ဆိုတာ မရှိခဲ့ဘူး။ ကျနော်တို့ ဘိုးဘွားတွေ တိုက်ခဲ့တဲ့ စစ်ပွဲတွေမှာ လက်နက် အပ်ပစ်လိုက်ပြီး ကျွဲနွားဆွဲကာ ထွက်ပြေးတယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ဘိုးဘေးတွေဟာ ပထမ ကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ် အပါအ၀င် စစ်ပွဲတွေများစွာမှာ တိုက်ခိုက်ခဲ့ကြတယ်။ ကျုပ်တို့ဟာ ဒီလို ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့ ဘိုးဘွားတွေရဲ့ မျိုးဆက်တွေဖြစ်တာနဲ့ အမျှ ကျနော်တို့ သူရဲဘောကြောင်စရာ အကြောင်းမရှိဘူး။ နောက်တစ်ချက်က ကျနော်တို့ဟာ ထာဝရ ဘုရားသခင်ရဲ့ အလိုတော်ဖြစ်တဲ့ တရားမျှတမှု၊ အမှန်တရား အတိုင်း လျှောက်လှမ်းကြတာ ဖြစ်တဲ့အတွက် ကျနော်တို့ မလုပ်ရဲစရာ အကြောင်း မရှိပါဘူး။

ဒါနဲ့ပဲ ကျနော်တို့ ဗမာတိုင်းမှူးဆီက ပြန်ကြားချက်ကို စောင့်ပါတယ်။ သူက ကျနော်တို့ကို ဂရု မစိုက်ပါဘူး။ အရေး မလုပ်ပါဘူး။ အဲဒါကြောင့် မွန်းတည့် (၁၂) နာရီကျော်သွားတဲ့ နောက်ပိုင်းမှာ ကျနော်တို့ ဗဟိုကော်မတီ အစည်းအဝေးလုပ်တယ်။ ဒီလူတွေတော့ ကျနော်တို့ရဲ့ ဆက်သွယ် ဆွေးနွေးမှုတွေကို အရေးတယူလုပ်မှာ မဟုတ်တော့ဘူး။ ကျနော်တို့လဲ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ကာကွယ်စစ် သို့မဟုတ် ခုခံတွန်းလှန်စစ်ကို ဆင်နွှဲရတော့မယ်။ ဒါကို ရှောင်ဖယ်လို့ မရတော့တဲ့ အတွက် ကျနော်တို့ ယုံကြည်ကိုးစားတဲ့ ထာဝရဘုရား သခင်ထံမှ ခွန်အားယူကာ ခုခံစစ်ကို ဆင်နွှဲကြစို့ ဆိုပြီး ကချင် လွတ်လပ်ရေးအဖွဲ့ ဥက္ကဌကြီးကိုယ်တိုင် လက်မှတ်ရေးထိုးကာ အဲဒီညနေမှာ တတိုင်းပြည်လုံးကို ဒီအမိန့်ညွှန်ကြားချက်ကို ဖြန့်ဝေလိုက်ရာမှ ပြန်လည်စတင်တဲ့ ကျနော်တို့ရဲ့ စစ်ရေးနဲ့ ယှဉ်တွဲနေတဲ့ နိုင်ငံရေး လုပ်ငန်းစဉ် ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

ဒီခုခံ တွန်းလှန်တဲ့ စစ်ဆင်ရေးကို ဆင်နွှဲရာမှာ ကျနော်တို့ ဘယ်လို မူဝါဒကို လက်ကိုင်စွဲထားသလဲ ဆိုတာ နားလည်ဖို့ရန်အတွက် ဖော်ပြလိုပါတယ်။ လွန်ခဲ့တဲ့ (၁၇) နှစ်တာ ကာလက စပြီးတော့ ကျနော်တို့ အပစ်အခတ် ရပ်စဲခဲ့ကြပါတယ်။ နိုင်ငံရေး နည်းလမ်းဖြင့်၊ တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် ဖြေရှင်း အဖြေရှာဖို့အတွက် အပစ်အခတ် ရပ်စဲခဲ့ခြင်း ဖြစ်ပါတယ်။ အပစ်အခတ် ရပ်တယ်ဆိုတာဟာ ကျနော်တို့ လိုချင်တဲ့ နိုင်ငံရေး လမ်းစဉ်ကို နိုင်ငံရေးနည်းအားဖြင့် ရရှိနိုင်ဖို့ အပစ်ရပ်ခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီ အပစ်အခတ် ရပ်စဲရေး ကနဦးကာလတုန်းက ကျနော်တို့ကို ဘာပြောသလဲဆိုတော့ သူတို့ဟာ ယာယီအစိုးရသာ ဖြစ်ကြောင်း၊ အရပ်သားအစိုးရ ပေါ်ပေါက်လာမှာ ဖြစ်ကြောင်း၊ သူတို့ တပ်မတော်အစိုးရဟာ ပြည်ထောင်စုကြီး ချောက်ကမ်းပါးထဲ ကျရောက်တော့မယ့် အခြေအနေကြောင့် ကယ်တင်ရခြင်းသာ ဖြစ်ကြောင်း၊ သူတို့ဟာ အရပ်သားအစိုးရ မဟုတ်တဲ့အတွက် အရပ်သားအစိုးရ ပေါ်ပေါက်လာတဲ့အခါ ဆွေးနွေးရယူနိုင်မှာ ဖြစ်ကြောင်း ပြောခဲ့ကြပါတယ်။ အဲဒီလိုပဲ အကြိမ်ပေါင်း မြောက်များစွာ ကျနော်တို့ကို ပြောခဲ့ကြပါတယ်။ အပစ်ရပ်ကာလအတွင်း ဘာလုပ်ကြမှာလဲဆိုတော့ စစ်ကြောင့် ယိုယွင်းပျက်စီးသွားတဲ့ ဒေသတွေကို ပြန်လည်တည်ဆောက်ဖို့၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ပြောတဲ့အတွက် ကျနော်တို့ကလည်း သဘောတူခဲ့ကြတာပါ။

အဲဒါကြောင့် ကျနော်တို့က နောင်အနာဂတ်မှာ စစ်တိုက်စရာ မလိုတော့ဘူး၊ စစ်ပွဲတွေရှိစရာ အကြောင်း မရှိတော့ဘူးလို့ တွေးထင် မှတ်ယူတဲ့အတွက် စစ်တပ်ကိုတောင် အင်အား တောင့်တင်းအောင် ဆောင်ရွက်ခြင်း မရှိတော့ပါဘူး။ နိုင်ငံရေးနည်းနဲ့ သို့မဟုတ် ဆွေးနွေးပွဲတွေနဲ့ အဆုံးသတ်တော့မယ့် တော်လှန်ရေးလမ်းစဉ်  ဖြစ်မယ်လို့ မျှော်မှန်း ခဲ့ကြတာပါ။ ဒီလိုနဲ့ပဲ အချိန်ကာလ နှစ်ပေါင်းများစွာ ကုန်ဆုံး သွားခဲ့ပါတယ်။ ဒါပေမယ့် အမှန်တကယ် လက်တွေ့မှာ ဘာတွေ ဖြစ်ခဲ့သလဲဆိုတော့ အရပ်သားအစိုးရ မပေါ်ပေါက်ခင်မှာ သူတို့တတွေ ညီလာခံ (အမျိုးသား ညီလာခံ) ကို ကျင်းပခဲ့ကြတယ်။ ညီလာခံဆိုတာ ကျနော်တို့ ဘာသာစကားအရ ဘာအဓိပ္ပယ်လဲဆိုတော့ မညီမညွတ်ဖြစ်နေတဲ့ ပြည်ထောင်စုကြီးကို ပြုပြင်ပြောင်းလဲနိုင်ဖို့ရန်အတွက် ကျင်းပတဲ့ ဆွေးနွေးပွဲကြီး ဖြစ်ပါတယ်။ 
လွှတ်တော် အစည်းအဝေးတက်ရောက်နေတဲ့ မြန်မာ့ တပ်မတော်မှ အရာရှိများ

ဒီဆွေးနွေးပွဲကြီးမှာ တိုင်ပင်နှီးနှောကြပြီးတော့ ကျနော်တို့ရဲ့ ပြည်ထောင်စုကြီးကို ဘယ်လို ဘယ်ပုံ ဖွဲ့စည်း တည်ထောင်ကြမယ်၊ ပြည်တွင်းစစ်မက်မီးတွေ မရှိတဲ့၊ အေးချမ်းတည်ငြိမ်တဲ့ ပြည်ထောင်စုကြီး၊ တိုင်းရင်းသားအားလုံး သာတူညီမျှ အခွင့်အရေးရရှိတဲ့ ပြည်ထောင်စုကြီးကို တည်ထောင်ဖို့ တိုင်ပင် အဖြေရှာတဲ့ ဆွေးနွေးပွဲကြီးကို ညီလာခံလို့ ခေါ်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီညီလာခံကြီးမှာ ဘာဆိုဘာမှ ပြောဆိုဆွေးနွေးခွင့် မရခဲ့ပါဘူး။ ဒီလူတွေက ကောက်ကျစ်တဲ့ လူတွေပဲ။ ဒီဗမာ စစ်တပ်က သူတို့ကြိုက်သလို ချယ်လှယ်နိုင်မယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးသား ပြဌာန်းနိုင်ဖို့ လုပ်ဆောင်ခြင်းသာ ဖြစ်ပါတယ်။ သူတို့ ကြိုက်သလို ရေးသားပြီးတော့ သူတို့ကြိုက်သလို တစ်သက်လုံး စစ်တပ်ကလူတွေ စစ်တပ်ပုံစံနဲ့၊ စစ်တပ်စနစ်နဲ့ အုပ်စိုးသွားနိုင်ဖို့သာ ဖြစ်ပါတယ်။ စစ်မှန်တဲ့ အရပ်သားအစိုးရ ပေါ်ပေါက်လာဖို့မှ သူတို့ ရည်ရွယ်ခြင်း မရှိခဲ့ပါဘူး။ သူတို့ ချမှတ်ထားပြီးသား လမ်းစဉ်အတိုင်းပဲ လုပ်ဆောင်ခဲ့ကြတယ်။ ဘာဆိုဘာမှ ပြောဆို ဆွေးနွေးခွင့် မရှိဘူး။ ရုပ်မြင်သံကြားမှာ ကြည့်ရင်တော့ အားလုံးက ကိုယ့်ရဲ့ တိုင်းရင်းသား ၀တ်စုံတွေ ခံ့ခံ့ညားညား ၀တ်ဆင်ပြီး အတွေ့အကြုံရင့်ကျက်တဲ့၊ တိုင်းပြည်နဲ့ လူမျိုးအနာဂတ်ကို စဉ်းစားဆုံးဖြတ်ပေးနိုင်မယ့် လူကြီးလူကောင်းတွေ ညီလာခံ ခန်းမကြီးထဲကို စီတန်းဝင်ရောက်သွားကြတာပဲ။ ဒါပေမယ့် ခန်းမထဲမှာ ပါးစပ်ပိတ်ပြီးပဲ နေကြရတာပဲ။ ဘာမှ ပြောဆိုဆွေးနွေးခွင့် မရှိဘူး။ အဲဒါကြောင့် ကျနော်တို့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ အချင်းချင်း တိုင်ပင်ဆွေးနွေးပြီး ရေးသားတင်ပြခဲ့ကြပါတယ်။ ပြောဆိုဆွေးနွေးလို့ မရတဲ့အတွက် ကျနော်တို့ လက်နက်ကိုင်အဖွဲ့ (၁၃) ဖွဲ့ စုပေါင်းပြီးတော့လည်း ရေးသား တင်ပြခဲ့တယ်။ အဖွဲ့ (၆) ဖွဲ့ အနေနဲ့လည်း ရေးသားတင်ပြတယ်။ ပြီးတော့ ကျနော်တို့ ကချင် မျိုးနွယ်စုတွေလဲပဲ ကချင်ပြည်နဲ့ ကချင်ပြည်သူပြည်သားတွေ အပေါ်မှာ သမိုင်းကြွေးတင်လို့ မဖြစ်တဲ့ အတွက် ကချင် အမျိုးသားများ အတိုင်ပင်ခံ လွှတ်တော် (Kachin National Consultative Assembly – Wunpawng Mungbawng Rapdaw) မှာ ဆွေးနွေးတိုင်ပင်ပြီးတော့ ကချင်တွေအားလုံးကိုယ်စား လိုချင်တဲ့ အကြောင်းအရာတွေကို ရေးသားတင်ပြခဲ့ကြပါတယ်။ ပြည်ထောင်စုကြီးကို ဘယ်လို ဘယ်ပုံ ဖွဲ့စည်း တည်ဆောက်စေလိုပါတယ် ဆိုတဲ့ အကြောင်းကို တင်ပြခဲ့ကြပါတယ်။ ဒါတင်မကပဲ ကျနော်တို့ ကေအိုင်အို အနေနဲ့လည်း ရေးသားတင်ပြခဲ့ပါတယ်။ မရတဲ့အခါကြတော့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ကျနော်တို့ ပြောပြီ။ အဲဒီအချိန်တုန်းက သိန်းစိန်က အမျိုးသား ညီလာခံ ကျင်းပရေးကော်မတီ ဥက္ကဌ ဖြစ်တယ်။ သူ့ကို ပြောလို့မရတဲ့အဆုံး သူ့ရဲ့ ဖအေလား၊ အစ်ကိုလား ဖြစ်တဲ့ သန်းရွှေဆီကို ပြောဆိုတင်ပြကြစို့ ဆိုပြီးတော့ အချက် (၁၉) ချက်ပါ တောင်းဆိုတင်ပြချက်ကို ရေးသား တင်ပြခဲ့တယ်။ ကျနော်တို့ ကချင် ကေအိုင်အိုက တင်ပြတဲ့ အချက် (၁၉) ချက်က ပြည်ထောင်စုနဲ့ ပတ်သက်တဲ့ အကြောင်း အချက်တွေချည်းပဲ ဖြစ်တယ်။ ကချင်အမျိုးသား၊ ကချင်ပြည်နယ်နဲ့ သက်ဆိုင်တဲ့ အချက်တစ်ချက်ပဲ ပါတယ်။ အဲဒါကြောင့် ရှမ်း၊ ကရင်၊ ချင်း၊ ကယား စတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေက ကချင် (ကေအိုင်အို) ဟာ အားလုံးအတွက် စဉ်းစား ပေးပါလားဆိုပြီး နားလည် သဘောပေါက်ခဲ့ကြတယ်။ ကချင်တွေအတွက်သာ မဟုတ်ပဲ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်နေကြတဲ့ တိုင်းရင်းသားတွေ အားလုံးရဲ့ အကျိုး၊ အခွင့်အရေးကို ထည့်သွင်း စဉ်းစားပေးပါလား ဆိုပြီး နားလည် သဘောပေါက်ခဲ့ကြပါတယ်။

ဒီလို အကြိမ်ပေါင်းများစွာ ရေးသားတင်ပြခဲ့ကြပါတယ်။ ရှမ်းညီအစ်ကိုတွေနဲ့လည်း ဆွေးနွေးတိုင်ပင် တင်ပြခဲ့ကြတယ်။ WMR အနေနဲ့ရော၊ ကျနော်တို့ ကေအိုင်အို အနေနဲ့ရော၊ နောက်ဆုံး (၁၉) ချက် အနေနဲ့ရော တင်ပြခဲ့ပေမယ့် ပြန်လည်ရရှိတဲ့ အဖြေကတော့ “မှတ်တမ်း တင်ထားပေးပါမယ်” ဆိုပဲ။ မှတ်တမ်း တင်ထားပေးပါမယ် ဆိုတာက ကချင်စကားပုံနဲ့ ပြောရင် “Udi htingpa tawn di ya ai” ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ အလိမ္မာနည်းနဲ့ လူကြီးလူကောင်းစကား ပြောခြင်းပါပဲ။ စာရွက်ပေါ်မှာ ရေးခြစ်ထားပေးမယ်ဆိုတဲ့  အဓိပ္ပယ်ပါပဲ။ လုံးဝအရေးမလုပ်တဲ့ သဘောပဲ။ ဘာမှ ဆက်လက် တိုင်ပင် ဆွေးနွေးစရာ မရှိတော့ပါဘူး။ စစ်မှန်တဲ့ ပြည်ထောင်စုကို တည်ထောင်ဖို့ သူတို့ မရည်ရွယ်ပါဘူး။ ဘာဒီမိုကရေစီကိုမှလည်း ဦးတည်ခြင်းမရှိပါဘူး။ ဒါဟာ ညာလာခံပါ၊ ညီလာခံမဟုတ်ပါဘူး။ ဘာမှပြောဆိုလို့ မရတော့တဲ့အခါကြတော့ အစည်းအဝေး လာတက်တဲ့ လူကြီးတွေက ဘာမှ လုပ်စရာ မရှိတော့ဘူး။ အိပ်ငိုက်တဲ့လူက ငိုက်၊ တစ်နေ့လုံး ငိုက်။ အရက်သောက်ပြီး မူးတဲ့လူ ကလည်း မူးရူး။ အချို့လူကြီးတွေဆိုရင် အရက်သောက်လို့မရဘူးဆိုရင် အိမ်ပြန်မယ်လုပ်လို့ ပြန်လိုက်ဆွဲကြနဲ့။ အချို့တွေက ပေါက်ကရတွေလုပ်ပြီး အဲဒီအနီးဝန်းကျင်က ခလေးမတွေကို ရည်းစားထားကြည့် ကြတယ်။ အဲဒီလိုပဲ လုပ်ချင်တာတွေလုပ်၊ ဖြစ်ချင်တာတွေဖြစ်ပြီး သူတို့ ရေးထားပြီးသား စာတွေကို တစ်ရက်ပြီး တစ်ရက် ဖတ်ကြတယ်။ ဖတ်ပြီးတာနဲ့ ဒီညာလာခံလည်း ပြီးတာပဲ။ ဘာဒီမိုကရေစီမှ မဟုတ်ဘူး၊ ဘာပြည်ထောင်စုမှ မဟုတ်ပဲနဲ့ ဦဆောင်ကျင်းပခဲ့ကြခြင်းဖြစ်တယ်။ ဒါကိုပဲ (၁၃) နှစ်ကျော် (၁၄) နှစ်နီးပါး ကျင်းပခဲ့ကြပြီး လိမ်လည်ခဲ့ကြပါတယ်။ ကျနော်တို့လည်းပဲ ဒီအကြောင်းအရာတွေမှာ (၁၇) နှစ်တိုင်တိုင် အချိန်ဖြုန်း ကုန်လွန်ခဲ့ကြတာပါ။ ဘယ်အရပ်သား အစိုးရကိုမှ အာဏာ လွှဲပြောင်းပေးခြင်း မရှိပဲ ကျနော်တို့တတွေ လိမ်လည်လှည့်ဖြား ခံခဲ့ကြရတာပါ။

အဲဒီနောက်မှာတော့ သူတို့ကြိုက်သလို ရေးသားထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို ထုတ်ပြန်ပါတယ်။ အဲဒီဥပဒေအရ လွှတ်တော်အမတ် အယောက် (၁၀၀) မှာ ဗမာစစ်သား (၂၅) ယောက်က ရွေးချယ်ခံစရာမလိုပဲ အလိုအလျောက် အမတ်တွေဖြစ်လာမယ်။ စစ်မိန့်နဲ့ အမတ်နေရာ (၂၅) ရာခိုင်နှုန်းကို  ရယူထားမယ်။ ကျန်တဲ့ (၇၅) ရာခိုင်နှုန်းမှာလည်း သိန်းစိန်၊ သီဟသူရ တင်အောင်မြင့်ဦး၊ ခင်အောင်မြင့်၊ သူရရွှေမန်းတို့လို ဗိုလ်ချုပ်တွေက အရပ်သားဝတ်စုံ လဲဝတ်ပြီး လွှတ်တော်ထဲ ပြန်ဝင်ထိုင်ကြမယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ထုတ်ပြန်ပြီးသွားတဲ့ အခါကျတော့ ဒါကို ထောက်ခံ ပေးရမယ်လို့ ဆိုလာပြန်ပါတယ်။ လုပ်နေကျအတိုင်း ကလိန်ကကျစ်နည်းလမ်းတွေနဲ့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း အတည်ပြုခဲ့ကြပါတယ်။ အဲဒီနောက် နိုင်ငံရေး လုပ်ချင်ရင် ရွေးကောက်ပွဲ ၀င်ပါလို့ ကျနော်တို့ကို ပြောလာပြန်ပါတယ်။ ရွေးကောက်ပွဲဝင်ပြီး အမတ်အဖြစ် အရွေးခံပါ ဆိုပဲ။ ယှဉ်ပြိုင်ခိုင်းတဲ့ မဲဆန္ဒနယ်ကတော့ ဒေါ့ဖုန်းယန်မြို့နယ်မှာပေါ့။ ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်မယ်ဆိုရင်တော့ လက်နက်ကိုင်လို့ မရဘူးလို့လည်း ပြောပြန်ပါတယ်။ ညဏ်နီ ညဏ်နက်တွေနဲ့ ကလိန်ကကျစ်ကျဖို့ ကြိုးစားလာကြတာပေါ့။

လက်နက်ကိုင်အဖွဲ့ အနေနဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်မရှိတဲ့ အတွက် ကျနော်တို့ လက်နက်တွေကို အပြီးတိုင် အပ်ရင်အပ်၊ ဒါမှမဟုတ် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖို့ရန် ဖိအားပေး ပြန်ရော။ ဒီနယ်ခြားစောင့်တပ် လုပ်ဖို့အတွက် ကျနော်တို့ စစ်တပ်ထဲက အသက် (၁၈) နဲ့ (၅၀) နှစ်ကြား အရွယ်ကောင်း စစ်သည်တွေကိုပဲ ရွေးထုတ်သွားမှာ ဖြစ်တယ်။ အရပ်ဘက် အုပ်ချုပ်ရေးဌာန၊ စီးပွားရေးဌာန၊ ပညာရေးဌာန၊ ကျန်းမာရေးဌာန စတဲ့ အခြားဌာနတွေက ၀န်ထမ်းတွေ မပါဝင်ပဲ စစ်တပ်ထဲက အရွယ်ကောင်း စစ်သည်တွေကိုသာ ဖဲ့ထုတ်သွားမယ့် အစီအစဉ် ဖြစ်တယ်။ နယ်ခြားစောင့်တပ်ရင်းတွေ အနေနဲ့ဖွဲ့စည်းပြီး တပ်ရင်း တစ်ရင်းကို ဗမာစစ်သား အယောက် (၃၀) ထည့်သွင်းရောနှောကာ အုပ်ချုပ်ရေးပိုင်းကိုကျတော့ သူတို့ ဗမာတွေ ရယူထားမှာ ဖြစ်တယ်။ ဒီလိုနည်းလမ်းတွေနဲ့ ကျနော်တို့ကို နှဖားကြိုးလျှိုမယ့် အစီအစဉ်ဖြစ်ပါတယ်။

 တပ်ရင်းတွေအနေနဲ့ပဲ ဖွဲ့စည်းသွားမှာဖြစ်တဲ့ အတွက် အခုလက်ရှိလိုမျိုး တပ်မဟာ ဖွဲ့စည်းပုံတွေလည်း ရှိတော့မှာ မဟုတ်ဘူး။ ဒီတပ်ရင်းတွေဟာလည်း သုံးလေးနှစ် ကြာပြီးသွားတဲ့ နောက်တော့ တဖြည်းဖြည်းနဲ့ ဖျက်သိမ်း ပစ်လိုက်ကြမှာပဲ။ ဒီနယ်ခြားစောင့်တပ်ဆိုတာဟာ လက်နက် ဖြုတ်သိမ်းရေးမူပဲ ဖြစ်တယ်။ ဒါကိုသာ လက်ခံခဲ့ရင် တပ်သားသစ်တွေလည်း ထည့်သွင်းလို့ရတော့မှာ မဟုတ်ဘူး။ တပ်က ထွက်သွားတဲ့ သူတွေရဲ့ နေရာတွေမှာလဲ ဗမာစစ်သားတွေပဲ အစားထိုး ၀င်ရောက်လာမှာ ဖြစ်တယ်။ ကျနော်လူမျိုးတွေဝင်လို့ရမှာ မဟုတ်တော့ဘူး။ ဒီလိုနဲ့ပဲ နောက်ဆုံးတော့ ဗမာတပ်ဖြစ်သွားမှာ ဖြစ်တယ်။ ဒီလိုနည်းလမ်းတွေနဲ့ ကျနော်တို့ကို ကလိန်ကကျစ်လုပ်ဖို့ ကြိုးစား ခဲ့ကြပါတယ်။

ဒါတွေကို ကျနော်တို့ ကောင်းကောင်း သဘောပေါက်တဲ့အတွက် ဗဟိုကော်မတီ အနေနဲ့ ဒါကို လုံးဝ လက်မခံခဲ့ပါဘူး။ ကျနော်တို့ရဲ့ လက်နက်တွေကို ဖြုတ်သိမ်းလိုက်ဖို့ Disarm လုပ်လိုက်ဖို့ပဲ ဖြစ်တယ်။ ဒီလိုအလုပ်ကို ကျနော်တို့ မလုပ်ပါဘူး။ လုံးဝ မလုပ်ပါဘူး။ ကျနော်တို့ လိုချင်တာ လွတ်လပ်ရေးပါ။ အနည်းဆုံးတော့ အခွင့်အရေး တန်းတူရရှိမှုကို အာမခံပေးနိုင်မယ့် ကိုယ်ပိုင်ပြဌာန်းခွင့် ရကိုရရပါမယ်။ Equality နဲ့ Self- determination ရဖို့ လိုပါတယ်။ တိုင်းပြည်တိုင်းက လူမျိုးတိုင်း ရရှိထားကြတဲ့ မိမိကြမ္မာ မိမိဖန်တီးနိုင်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရဖို့ လိုပါတယ်။ ကျနော်တို့ရဲ့ အနာဂတ်၊ ကံကြမ္မာကို ဗမာတွေ လာဖန်တီးပေးလို့ မရပါဘူး။ ဒီကနေ့ လူငယ်တွေကို အနည်းငယ် ပြောပြလိုပါတယ်။ ဗမာတွေနဲ့ ကျနော်တို့ မတူပါဘူး။

ကဲ … ကျနော်တို့ လူမျိုးတွေ ဗမာနဲ့ မျိုးနွယ်တူသလား။ မတူပါဘူး။

စာပေ တူသလား။ မတူပါဘူး။

စကား တူသလား။ မတူပါဘူး။

ကိုးကွယ်ယုံကြည်မှု တူသလား။ ကျနော်တို့ လူမျိုးတွေရဲ့ (၉၈) ရာခိုင်နှုန်းက ခရစ်ယာန်တွေ ဖြစ်တယ်။ 
ကျန်တဲ့ ဗုဒ္ဓဘာသာဝင်တွေ၊ မူစလင်ဘာသာဝင်တွေ၊ နတ်စား (နတ်ကိုးကွယ်မှု) တွေဟာ အနည်း အကျဉ်းမျှသာ ဖြစ်တယ်။

ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ တူသလား။ မတူပါဘူး။ တစ်ခုမှ မတူပါဘူး။

ကျနော်တို့ဟာ ကျနော်တို့ရဲ့ ယဉ်ကျေးမှုနဲ့အညီ တိုးတက်လာဖို့ လိုပါတယ်။ ကျနော်တို့ရဲ့ စာပေ၊ ဘာသာ စကားတွေကို ထိန်းသိမ်း စောင့်ရှောက်ကြရပါမယ်။ ဒါပေမယ့် အခွင့်အာဏာ မရှိတဲ့အခါမှာ ဒါတွေကို လုပ်ဆောင်လို့ မရနိုင်ပါဘူး။ ကျနော်တို့ရဲ့ စာကို တရားဝင် သတ်မှတ်ပေးခြင်း မရှိပါဘူး။ သင်ကြားခွင့်မရှိသလို အသုံးပြုခွင့်လဲ မရှိပါဘူး။ ကျနော်တို့ရဲ့ စာပေ၊ ဘာသာစကား၊ ကိုးကွယ် ယုံကြည်မှုတွေမှာ လွတ်လပ်မှုတွေရှိနေဖို့ လိုပါတယ်။ ကျနော်တို့ရဲ့ ကံကြမ္မာကို ကျနော်တို့ပဲ နားလည်တာပါ။ ကျနော်တို့တတွေ ဘယ်လို အောင်မြင် တိုးတက်ချင်တယ်ဆိုတာ ဗမာတွေ နားမလည် နိုင်ပါဘူး။ ဒါတွေက ဗမာတွေ လာဆုံးဖြတ်ပေးရမယ့် ကိစ္စလား။ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ အနာဂတ်ကို ကျနော်တို့ ကိုယ်တိုင် စီမံဆုံးဖြတ်ပိုင်ခွင့်ဆိုတာဟာ ကိုယ်ပိုင်ပြဌာန်းခွင့် (Self-determination) ပါပဲ။ ဒါရကိုရရမယ်၊ ရှိကို ရှိရပါမယ်။ ကိုယ်ပိုင် ပြဌာန်းခွင့် မရှိဘူးဆိုရင် ကျွန်မျိုး ဖြစ်မှာပဲ။ မိမိ လျှောက်မယ့်လမ်း မိမိ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူးဆိုရင် ကျွန်မျိုးပဲ ဖြစ်မှာပဲ။ သမ္မာ ကျမ်းစာထဲမှာ ကျွန်မျိုးနဲ့ လွတ်လပ်တဲ့ လူမျိုးဆိုပြီး နှစ်မျိုးပဲ ရှိတယ်။ လွတ်လပ်တဲ့ လူမျိုးမဖြစ်တရွေ့ ကျွန်မျိုး ဖြစ်နေဦးမှာပဲ။ ကျွန်, မဖြစ်ချင်ဘူးဆိုရင် လွတ်လပ်တဲ့ လူမျိုးဖြစ်ဖို့လိုတယ်။ ကျနော်တို့ဟာ ကျွန်မျိုးတွေ မဟုတ်ဘူး။ ရှေးပဝေသဏီ ကတည်းက ကျွန်မျိုး မဟုတ်သလို၊ ယခု အချိန်ကာလမှာလည်း ကျနော်တို့ဟာ ဗမာတွေရဲ့ ကျွန်, မဟုတ်ဘူး။ စစ်အာဏာရှင် စနစ်က ကျနော်တို့ကို ကျွန်ဇာတ်သွင်းနေတယ်။ ကျနော်တို့ တိုင်းပြည်မှ အဆီအနှစ်တွေ ထုတ်စား နေကြတယ်။

ဒါ့ကြောင့် ကိုယ်ပိုင်ပြဌာန်းခွင့် (Self-determination) မရဘူးဆိုရင် ကျနော်တို့ရဲ့ အနာဂတ်ကို ဖော်ဆောင်နိုင်မှာ မဟုတ်ဘူး။ ဒီလို ဖော်ဆောင်နိုင်မယ့် အခွင့်အရေး မရှိဘူးဆိုရင် ကျွန် ဖြစ်သွားလိမ့်မယ်။ ကျွန်, မဖြစ်လိုတဲ့ အတွက်ကြောင့် ကျနော်တို့ တော်လှန်ရေး လုပ်နေကြခြင်း ဖြစ်တယ်။ ယူနီဖောင်းဝတ်ဆင်ကာ လူငယ် လူရွယ်တွေ ကြိုးစားအားထုတ် နေကြခြင်းဖြစ်တယ်။ အခုဆိုရင် တော်လှန်ရေးမှ အနားယူသွားတဲ့ အမှုထမ်းဟောင်းတွေ ပါဝင်တဲ့ အရပ်ဘက် ပြည်သူ့စစ် အဖွဲ့ (Mung Shawa Hpyen Hpung) ကိုလည်း ဖွဲ့စည်းကာ အတူတကွ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ ဒါတွေဟာ ကျနော်တို့ ကျွန်မျိုး အဖြစ်မခံနိုင်တဲ့ အတွက်ဖြစ်တယ်။ ဒါ့ကြောင့်မို့ ဘုရားသခင်ထံ ဆုတောင်းတဲ့ အခါတိုင်းမှာ ကျနော်တို့ကို ကျွန်မျိုး မဖြစ်စေဖို့၊ လွတ်လပ်တဲ့ လူမျိုးတွေဖြစ်စေဖို့ တောင်းကြရမယ်။ ထာဝရဘုရားသခင်ဟာ ကျနော်တို့ကို ကျွန်မျိုးအဖြစ် ဖန်ဆင်းလိုက်တာ မဟုတ်ဘူး။ ကျွန်ဖြစ်သွားဖို့လည်း အလိုတော်မရှိဘူး။ လွတ်လပ်တဲ့ လူမျိုးပဲ ဖြစ်ရမယ်။ ဒါ့ကြောင့် ကျနော်တို့ ကြိုးစားဖို့ လိုပါတယ်။ အဲဒါကြောင့် ကျနော်တို့ရဲ့ အနာဂတ်ကို မိမိဘာသာမိမိ ပြဌာန်းပိုင်ခွင့်၊ စီမံပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် မရှိသရွေ့ ကျွန်ပဲဖြစ်နေဦးမှာပါပဲ။ ဒီလိုအဖြစ်ကိုတော့ ကျနော်တို့ ဘယ်သူမှ လက်ခံလို့ မရပါဘူး။
 [ကချင်ပြည်နယ်နှင့် ကချင်လူမျိုးများကို အဓိက ကိုယ်စားပြုသော ကေအိုင်အို၏ နိုင်ငံရေး ရပ်တည်ချက်နှင့် အမြင်များကို ဝေမျှရန် ရည်ရွယ်ချက်ဖြင့် ဘာသာပြန်ဆိုပါသည်။ လွတ်လပ်စွာ သဘော ကွဲလွှဲနိုင်ပါသည်။]


Monday, January 16, 2012

စစ်အစိုးရ စစ်တပ်မှ ကချင်ပြည်နယ်တွင် လူ့အခွင့်အရေး၊ စစ်ရာဇဝတ်များကို ကျိုးလွန်နေဆဲ...

|0 comments
Monday, January 16, 2012

W.P Moses

 စစ်အစိုးရ စစ်တပ်မှ ကချင်ပြည်နယ်နှင့် စစ်ဖြစ်ပွားနေတဲ့ ဒေသများတွင် လူ့အခွင့်အရေး၊ စစ်ရာဇဝတ်များကို ကျိုးလွန်နေစဲ - ဓါတ်ပုံ သတင်းများ

လွယ်ဂျေမြို့ မုဘွမ် အခြေစိုက် ခမရ ၃၂၁ စစ်အစိုးရ စစ်တပ်မှ ဇန်နဝါရီ ၁၂ ရက်နေ့ မနက် ၁၁ နာရီ၊ တရုတ်နိုင်ငံသား ဦးဇော်လေါန် အသက် ၅၃ နှစ် အား သေနပ် ကျည်ဆံ ၆ ချက် အပြင် ခေါင်းမှာလည်း ရိုက်ခွဲကာ အပြစ်မဲ့ သတ်ပစ်ခဲ့လေပြီ...
 ဇန္နဝါရီလ ၁၁ ရက် ၂၀၁၂ ခုနှစ် မှာ စစ်အစိုးရ စစ်တပ်တို့ရဲ့ အသတ်ခံလိုက်ရတဲ့ ၄ လ ကိုယ်ဝန်ရှိ ကချင် အမျိုးသမီး ဒေါ်ယိန်းဝမ်
ဇန်နဝါရီလ ၁၁ ရက်နေ့ ၂၀၁၂ ခုနှစ် ကချင်ပြည်နယ် ဖါးကန့်ကားလမ်း၊ နမ်ယာ - ကတ်မော် အကြားတွင် စစ်အစိုးရ စစ်တပ်မှ ပစ်သတ်ခြင်းခံလိုက်ရတဲ့ ကချင်အမျိုးသမီး ဒေါ်မန်ရှန်း ယိန်းဝမ် ရဲ့ ဗိုက်ထဲမှ ၄ လ သာရှိသေးတဲ့ အသက်မရှိတော့တဲ့ မဂျာရိန်ပန် ရဲ့ သနားစရာပုံအား တွေ့မြင်ရစဉ်…

 လမာလု အသက် ၃၃ နှစ် လိုင်လွန် နမ်ဆန်ယာန် ကျေးရွာအနီး စစ်အစိုးရ စစ်တပ်တို့ရဲ့ သတ်ခြင်းခံရ၊ ကြည့်မကောင်း ရှုမကောင်း ဝမ်းနည်းစရာ၊ ကြေကွဲစရာ ဖြစ်ရပ် မြင်းကွင်းဖြစ်ပါတယ်…

နိုဝင်ဘာလ၂၁ ရက် ၂၀၁၁ မှာ
ဦးနန်ဇိန်း တောင်ဝါ အသက် ၄၈ နှစ် ကချင်ပြည်နယ် မိုးမောက်မြို့တွင် သိန်းစိန် နှင့် မင်းအောင်လှိုင် စစ်တပ်တို့မှ ခေါင်းမှာ အနီးကပ်ချိန်ပြီး ပစ်သတ်ခဲ့ပါတယ်…
ဦးနန်ဇိန်း တောင်ဝါ အသက် ၄၈ နှစ် ကချင်ပြည်နယ် မိုးမောက်မြို့ စစ်တပ်မှ ခေါင်းမှာ အနီးကပ်ချိန်ပြီး ပစ်သတ်ခဲ့ပါတယ် နိုဝင်ဘာလ ၂၁ ရက် ၂၀၁၁

 ဦးပေါဖင်း အသက် ၆၅ နှစ် နမ်ဝိုင်ကျေးရွာ စစ်တပ်မှ သတ်ပစ်ခြင်းခံခဲ့ရပါတယ်…

 ဇခုန်းလ အသက် ၃၃ နှစ် ကချင်ပြည်နယ် ဂျာထကျေးရွာ ဂန်ဒေါင်ယာန်အနီး စစ်တပ်မှ ရက်ရက်စက်စက် သတ်ပစ်ခြင်း ခံခဲ့ရပါတယ်…
လဗျရှောင်လတ် အသက် ၁ နှစ်ကျော် စစ်အစိုးရ စစ်တပ်မှ ပစ်သတ်ခဲ့…
လဗျရှောင်လတ် အသက် ၁ နှစ်ကျော် မြန်မာ စစ်အစိုးရ စစ်တပ်မှ ပစ်သတ် ခြင်းခံရ…
စစ်အစိုးရ စစ်တပ်မှ ကချင်ရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသားများကိုညှင်းပန်းနှပ်စက် သတ်ဖြတ်နေ…

စစ်အစိုးရ စစ်တပ်မှ ကချင်ရွာသားများရဲ့ စပါးကျီများနှင့် အိမ်များကို မီးရှို့ဖျက်ဆီးနေ…
ကချင်ပြည်နယ် နမ်ဆန်ယာန်အနီးရှိ ဘန်ဒေါင်ကျေးရွာသူ ဒရှီလု အသက် ၇၀ ကချင်အမျိုးသမီးအား စစ်အစိုးရ စစ်တပ်မှ ညှင်းပန်းနှိပ်စက်ခဲ့…
မန်ဂျေမြို့နယ် မန်ဂေါင်ကျေးရွာမှ မဖေါင်လားထု အသက် ၈ နှစ် ဟာ စစ်အစိုးရ စစ်တပ်ရဲ့ ပစ်ခတ်လိုက်တဲ့ မော်တာ လောင်ချာ အဆံ ထိမှန်ကာ အလွန်နာကြင် ဝေဒနာခံစားရ… 

တိုင်းရင်းသား လူမျိုးများကို မြန်မာနိုင်ငံ စစ်အစိုးရ စစ်တပ်တို့ရဲ့ ဒီလိုမျိုး လူ့အခွင့်အရေး ချိုးဖောက်နေမှုများ၊ စစ်ရာဇဝတ် ကျိုးလွန်နေမှုများကို အားလုံးဝိုင်းဝန်းပြီး တားဆီး ကာကွယ်ကြရန်မှာ လူတိုင်းရဲ့ တာဝန်တစ်ခုဖြစ်ပါတယ်..။

ဇန်နဝါရီ ၁၃ ရက်မှာပျော်.. ကချင်နယ်မြေနဲ့ တိုက်ပွဲဖြစ်တဲ့ နယ်မြေများတွေ မျက်ရည်ကျ

|9 comments
Monday, January 16, 2012

W.P Moses
ဓါတုဓါတ်ငွေ့ ကြောင့် အပြစ်မဲ့တဲ့ ကလေးများ အတွက် အန္တရာယ်များလွန်းလှပါတယ်...


မျှော်လင့်ချက်တွေ ကိုယ်စီနဲ့ အားလုံး မျှော်နေခဲ့တဲ့ နေ့ကတော့ ဇန်န၀ါရီ ၁၃ ရက်နေ့မှာ မြန်မာနိုင်ငံမှာ အပျော်ဆုံး ရက်လို့ အင်တာနက် စာမျက်နှာ တွေမှာ ဖော်ပြကြပါတယ်။  လွတ်ငြိမ်းချမ်းသာခွင့်  နိုင်ငံရေး အကျဉ်းသားတွေ အများဆုံး လွတ်လာတော့ မျက်ရည်ကျလောက်အောင် ပျော်နေပေမဲ့ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း တိုက်ပွဲဖြစ်ပွားနေတဲ့ နယ်မြေတွေမှာတော့ မြန်မာစစ်တပ်က လူမဆန်ဘဲ ရက်ရက် စက်စက် ပြည်သူများကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်နေတာကြောင့်  မျက်ရည် တွေနဲ့ ခံစားနေကြရပါတယ်။
ဇခုန်းလ အသက် ၃၃ နှစ်၊ ကချင်ပြည်နယ် ဂျာထကျေးရွာ 
ဂန်ဒေါင်ယာန်အနီး စစ်တပ်မှ သတ်ပစ်ခဲ့ခြင်း ခံရ

တိုက်ပွဲကတော့ ...လူထုအတွက်ဆိုတဲ့ မြန်မာ စစ်တပ်ကတော့ ကချင်လူမျိုးကို ဒိလို ..... ဦးတည်လျက်..

 စစ်အစိုးရ စစ်တပ်တို့မှ K.I.A နှင့် တိုက်ပွဲမှာ လွန်ခဲ့တဲ့နှစ် အောက်တိုဘာလ ၂၉ ရက်နေ့က စတင်ပြီး UN နှင့် နိုင်ငံတကာမှ ပိတ်ပင်တားဆီး ထားတဲ့ အဆိပ်ဓါတ်ငွေ့ ဓါတု (Chemical Weapons) လက်နက်များကို စတင် အသုံးပြုလာခဲ့ပြီ ဖြစ်ပါတယ်။

ဓါတု လက်နက် (Chemical Weapons) ဟာ အင်မတန် ကြောက်စရာ ကောင်းတဲ့ လက်နက် ဖြစ်လို့ UN နှင့် နိုင်ငံတကာမှ တရားဝင် ပိတ်ပင် တားဆီးထားခဲ့ တာဖြစ်ပါတယ်။ ဒီလက်နက်ဟာ လူမျိုးတုံး စေနိုင်တဲ့ လက်နက် ပစ္စည်းတစ်မျိုးလည်း ဖြစ်ကြောင်း နိုင်ငံတကာမှ အသိပေးကြေငြာ ထားပါတယ်။ ဒါကြောင့် ဓါတုလက်နက် အသုံးပြုတဲ့ နယ်မြေတွေမှာ နိုင်ငံတကာမှ လာရောက်စစ်ဆေးခွင့် ရှိပါတယ်။

 
ဘာမှ မသိတဲ့ ကလေးငယ်များဟာ ဆိုးကျိုးများကို ခံစားရကြပါတယ်..

စစ်အစိုးရ စစ်တပ်မှ ယခုလို ဓါတုလက်နက် (Chemical Weapons) အသုံးပြုလာတာဟာ K.I.A ကိုသာမက ပြည်သူလူထု၊ တရိစ္ဆာန် သတ္တဝါ နှင့် တောတောင် ရေ မြေ စသည်.. စသည်များကို ထိခိုက် ပျက်ဆီး နိုင်ပါတယ်။ ယင်း ဓါတု ဓါတ်ငွေ့ ကို ရှိုရှိုက်မိတဲ့သူတိုင်းဟာ မိမိရဲ့ အသက်၊ ဦးနှောက်၊ အသဲ၊ အဆုတ်၊ အသိညာဏ် ထိုင်းမိုင်းလာမှု၊ ကြောက်စရာကောင်းတဲ့ ရောဂါအမျိုးမျိုး စတဲ့ ဆိုးကျိုးတို့ကို ရရှိ လာမှာဖြစ်ပါတယ်။ ဓါတု ဓါတ်ငွေ့ကို ရှိုရှိုက်မိတဲ့ အမျိုးသမီး လေးတွေဟာ ဆိုရင် ကလေး မမွေးနိုင်တော့ဘဲ မြုံ သွားခြင်း စသည့် ဆိုးကျိုး မြောက်များစွာကို ရရှိခံစားလာမှာ ဖြစ်ပါတယ်။ တကယ်လို့ ကလေးမွေးဖွား လာခဲ့ရင်လည်း အဂါင်္ချွတ်ယွင်းခြင်း၊ ခြေလက်မစုံခြင်း၊ ညာဏ်ရည်မမီခြင်း စသည့် မကောင်းတဲ့ ဆိုးကျိုး များသာ ခံစားလာမှာ ဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည်များဟာ ပိုမိုများပြားလာပြီး အကူအညီများ အမြန်လိုအပ်နေကြောင်း သိရှိရပါတယ်။ စစ်အစိုးရ စစ်တပ်ဟာ နေရာတိုင်းမှာ စစ်အင်အားတိုးချဲ့ပြီး ကေအိုင်အေနှင့် စစ်တပ်တို့အကြား တိုက်ပွဲများလည်း နေ့တိုင်း ဖြစ်ပွားလျက်ရှိပါတယ်။

မှတ်ချက်။
အပေါ်က ပုံ ၂ ပုံဟာ ယခုဖြစ်ပျက်နေတဲ့ ကချင်ပြည်နယ်နှင့် စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသများမှ ဖြစ်ပေါ်နေသော ပုံတွေမဟုတ်ပါ။ ဓါတုလက်နက် (Chemical Weapons) အသုံးပြုခြင်းအားဖြင့် ဖြစ်လာမယ့်၊ ခံစားရမယ့်၊ ပြည်သူလူထုနှင့် သဘာဝ တရား၊ တောတောင်နယ်မြေများအတွက် ဆိုးကျိုးများ ဖြစ်လာမယ် ဆိုတာကို အသိပေးခြင်းဖြစ်တယ်။ အပေါ်ကပုံ ၂ ပုံဟာ ဓါတုလက်နက် အသုံးပြုခြင်းအားဖြင့် တကယ် တခြားနိုင်ငံမှာ ဖြစ်နေတဲ့ ခံစားနေရတဲ့ အရာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒီလိုမျိုးမဖြစ်လာအောင် ဝိုင်းဝန်း ကာကွယ် တားဆီးဖို့ လိုအပ်ပါတယ်။

ကိုမင်းကိုနိုင်နှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ..

|0 comments
 Monday, January 16, 2012
ဇော်တူး

'ဓါတ်ပုံ       ဇော်တူး (WPNG)

ကိုမင်းကိုနိုင်နှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး တို့ ရန်ကုန်မြို့ရှိ ပြင်သစ် သံရုံးတွင် ဇန်နဝါရီလ ၁၅ ရက်နေ့ နေ့လည် ၂ နာရီခန့်တွင်တွေ့ဆုံခဲ့ကြောင်း သိရသည်။ ယမနေ့ကလည်း ၈၈ မျိုးဆက် ကျောင်းသားများဖြစ်သည့် ကိုကိုကြီး၊ ကိုမြအေးနှင့် ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး တို့နှင့်လည်း ညပိုင်းကတွေ့ဆုံ ခဲ့ကြောင်းသိရသည်။


Sunday, January 15, 2012

ဒုဗိုလ်ချုပ်ကြီး မြတ်ဟိန်း ပါကစ္စတန်နိုင်ငံ လေတပ်ဌာနချုပ်သို့ လည်ပတ်

|0 comments
Sunday, January 15, 2012
 W.P Moses
ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုဗိုလ်ချုပ်ကြီး မြတ်ဟိန်း

ပါကစ္စတန်နိုင်ငံ လေတပ် ဌာနချုပ်တွင် သွားရောက်လည်ပတ်ခဲ့သည်ဟု Daily Times တွင်ဖေါ်ပြ ထားသည်။

ပါကစ္စတန် လေတပ် အရာရှိ Rao Qamar Suleman က ဒုဗိုလ်ချုပ်ကြီး မြတ်ဟိန်းတို့ကို ဧည့်ခံ တွေ့ဆုံပြီးနောက် Rao Qamar Suleman က လေတပ်အရာရှိများအား မိတ်ဆက်ပေးခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး မြတ်ဟိန်းသည် Islamabad လေတပ် ဌါနချုပ်ရှိ အာဇာနည် ဗိမာန်အား သွားရောက် ဂါရဝ ပြုခဲ့သည်။ လေတပ် အကြီးအကဲ Marshal Rao Qamar Suleman က ၎င်း၏ ရုံးခန်းတွင်လည်း ခေါ်ယူ တွေ့ဆုံခဲ့ပြီး တက်ကျွမ်းမှုဆိုင်ရာ စိတ်ဝင်စားဖွယ် ကိစ္စများအား အချိန်အတော်ကြာ ဆွေးနွေးခဲ့သည်။

ယခုရက်ပိုင်းတွင် မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်လဲ အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ ထိုင်းနိုင်ငံသို့ လေ့လာရေး ခရီး နှင်ခဲ့ပါတယ်။ မြန်မာ့တပ်မတော် အတွင်းမှ အထက်အရာရှိများဟာ လွန်ခဲ့တဲ့ နှစ်ကုန်ပိုင်းတွေမှာလည်း အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ တရုတ် သမ္မတနိုင်ငံ စတဲ့ နိုင်ငံများတွင်လည်း လေ့လာရေး ခရီများ သွားရောက်လည်ပတ် ခဲ့ပြီးဖြစ်ပါတယ်။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ယနေ့ချိန်ထိ တိုက်ပွဲများဟာ ပြင်းထန်လျက်ရှိသလို စစ်အစိုးရ စစ်တပ်များလဲ စစ်အင်အား၊ လက်နက်အင်အားများကို တိုးချဲ့နေစဲ ဖြစ်ပါတယ်။ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည်များလည်း ယနေ့ချိန်တွင် ၆၀၀၀၀ ခြောက်သောင်းကျော် ရှိပြီဖြစ်ရာ လုံလောက်တဲ့ အကူအညီများက မရရှိသေးကြောင်း သိရှိ ရပါတယ်။