Friday, January 06, 2012

စစ်အစိုးရ စစ်တပ် ပြည်သူလူထု နေထိုင်တဲ့ ရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်

|0 comments
Friday, January 6, 2012

 W.P Moses

ကချင်ပြည်နယ် မန်းမော် အင်မောက်နယ်အတွင်းရှိ ခဝမ်ဘန် ကျေးရွာဘက်သို့ စစ်အစိုးရ စစ်တပ်တို့မှ ဇန္နဝါရီလ ၃ ရက်နေ့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ရှမ်းအမျိုးသား လောင်ဆီ ရဲ့နေအိမ် ပျက်ဆီးသွားကြောင်း သိရှိရပါတယ်။ စစ်အစိုးရ စစ်တပ်တို့မှ ယခုလို ပြည်သူတွေနေထိုင်တဲ့ ကျေးရွာများဘက်သို့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေမှုတွေကြောင့် အပြစ်မဲ့ ပြည်သူလူထုများမှာ ဒုက္ခ ဆင်းရဲ အမျိုးမျိုးနှင့် ရင်ဆိုင်နေကြရပါတယ်။

 စစ်အစိုးရ စစ်တပ်တို့မှ မီးရှို့ဖျက်ဆီးခဲ့တဲ့ ပြည်သူပိုင် နေအိမ်..

ကချင်ပြည်နယ် ဖါးကန့်ဘက်သို့လည်း စစ်အစိုးရ စစ်တပ်တို့မှ စစ်အင်အား တိုးချဲ့ ချီတက် လာနေတာကြောင့် စစ်ပွဲများ ဖြစ်ပွား လာနိုင်သောကြောင့် ကေအိုင်အေမှ ပြည်သူ လူထုများကို မထိ ခိုက်စေလိုသဖြင့် ဒီအတောအတွင်း အသွားအလာများကို ဂရုစိုက်ရန်နဲ့ မော်တော်ကားများကိုလည်း သတိနဲ့ သွားလာဖို့ အသိပေး ပြောထားကြောင်း သိရှိရပါတယ်။

ကေအိုင်အေတပ်မဟာ (၅) နယ်မြေတဝိုက်သို့ စစ်အစိုးရ စစ်တပ် စစ်အင်အား (၆၀၀) ဝန်းကျင် တိုးချဲ့ စစ်အင်အား ဖြည့်နေကြောင်း စုံစမ်းသိရှိရပါတယ်။

စစ်အစိုးရ စစ်တပ်...

သိန်းစိန် အစိုးရဟာ ကေအိုင်အေကို နိုင်ငံရေး ဆွေးနွေးမယ်လို့ ဆိုသော်ငြားလည်း နယ်ရာအနံ့ စစ်အင်အားတိုးချဲ့ခြင်း၊ ထိုးစစ်ဆင်နွှဲနေခြင်း၊ သိန်းစိန် စစ်တပ်မှ ပြည်သူပိုင် ရွာများ၊ နေအိမ်များ ကို မီးရှီု့ဖျက်ဆီးနေခြင်း၊ ပြည်သူများကို ပေါ်တာခေါ်ဆောင်ပြီး ညှင်းပန်း နှိပ်စက် သတ်ဖြတ်ခြင်း၊ ကချင် အမျိုးသမီးများနှင့် စစ်ဖြစ်ပွားနေတဲ့ နယ်မြေများမှ အမျိုးသမီးများကို မဒိန်းကျင့် သတ်ဖြတ်ခြင်း၊ ကလေး သူငယ်များကို ဖမ်းဆီးခြိမ်းခြောက် သတ်ဖြတ်ခြင်း စသည့် အမျိုးမျိုးသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျိုးလွန်နေပေမယ့် ကမ္ဘာက မသိမြင်ဘဲ မျက်ကွယ်ပြုနေခြင်း ခံနေရသော စစ်ပြေး ဒုက္ခသည်များရဲ့ ဘဝ၊ ရှေ့ရေး အနာဂါတ်၊ ယခု လောလောလတ်လတ် စားဝတ်နေရေး စသည့် အခက်အခဲ မြောက်များစွားနဲ့ ရင်ဆိုင် နေကြရပါတယ်။

တိုက်ပွဲတွေကြောင့် ယခုချိန်တွင် ကချင်စစ်ပြေးဒုက္ခသည်ဟာ ၅၀၀၀၀ (ငါးသောင်း) ကျော်ရှိနေပြီ ဖြစ်ကြောင်း ဒုက္ခသည် ကူညီစောင့်ရှောက်ရေး အဖွဲ့များရဲ့ ထုတ်ပြန်ချက်များ အရ သိရှိရပါတယ်။ နိုင်ငံတကာရဲ့ ကူညီမှုများကိုလည်း မြောက်များစွာ လိုအပ်လျက်ရှိကြောင်း သိရှိရပါတယ်။

ကချင်စစ်ပြေးဒုက္ခသည်များရဲ့ ဓါတ်ပုံ၊ ဗွီဒီယို အဖြစ်အပျက်များကိုလည်း မကြာခင် ဖော်ပြ သွားပါမယ်..။


Thursday, January 05, 2012

Kachin Independence Army (K.I.A)

|0 comments
Thursday, January 5, 2012
တည်းဖြတ် - ဇော်ရှန် (W.P Freelance Media Group) 

မူပိုင် - Mizzima TV

ကချင်ပြည်နယ် မြောက်ဖျားပိုင်းကို မရောက်ဖူးသေးသော သူငယ်ချင်းများ အတွက်

|4 comments
Thursday, January 5, 2012

W.P Majoi


သို့  
    Kachinboy.blogspot.com ရဲ့ ချစ်ခင်ရတဲ့ မိတ်ဆွေများ အားလုံး အားလုံး ပျော်ရွှေသော နှစ်သစ်ကူးလေးဖြစ်ပါစေ.... ပျော်ရွှင်သော နှစ်သစ်ကူးလေးမှာ လိုအင်ဆန္ဒ တလုံးတဝတည်း ပြည့်ဝ ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်... ကချင်ပြည်နယ် မြောက်ဖျားပိုင်းကို  မရောက်ဖူးသေးသော သူငယ်ချင်းများ အတွက် ရည်ဆူးပြီး ကချင်ပြည်နယ်  မြောက်ဖျားပိုင်းမှာရှိတဲ့  သဘာဝ အလှ အပများကို နှစ်သစ်ကူး လက်ဆောင်အဖြစ်   တစ်စု တစ်စည်းတည်း ပို့ပေးလိုက်ပါတယ်...

 
ဘယ်လိုပင် လမ်းပန်းခက်ခဲပါစေ..  တောတောင်တွေကြားက ကချင်အိမ်လေးရဲ့ သဘာဝ အလှတရားဟာ မြို့ပြရှုခင်းတွေ ဘယ်လိုမှ မမီနိုင်အောင် လှမြဲပါဘဲလေး…။

 ငွေမျှင်ကြိုးနဲ့ယှက်တဲ့တိမ်....

တောင်ခိုးနှင့်တိမ် ရောယှက်လိမ်...

တိမ်တွေနဲ့ မျက်နှာသစ်တဲ့ ကချင်ခေါ် ဝန်ပေါင် တိုင်းရင်းသားရွာ

 ချမ်းယိန်းခူးရဲ့ မိုးရာသီ ( အစိမ်းရောင် တောင်ကုန်းများ...)

ရစ်ဂျော်ဆိုတဲ့ ကချင်တောင်ပေါ် ရွာကလေးဖြစ်ပါတယ်..

ကချင် တောင်တန်းများကြားက လော်ဝေါ်ခေါ် ကချင် တိုင်းရင်းသားတို့ရဲ့ ချစ်စရာ့ ရွာကလေး…


လန်ဆယ်ရွာကလေးရဲ့ အိမ်....

 ရှစ်ခွင်တိုင်း မှုန်မှိုင်းတဲ့ ပတ်လည်...

 လှေကားထစ် စိုက်ခင်း (သူများတွေဆီမှာတင် ဒီလို ရှုခင်းရှိတယ်မှတ်လား .. ကိုယ့်ပြည်တွင်းမှာလည်း ရှိနေပါတယ်…) 


  အဝေးက ကြည့်ရင် ပုဝါ တစ်စ လွှင့်ကျလာသလို ဝေ့ကာဝိုက်ကာ ကဗျာဆန်လှပေမဲ့ အားမာန်ပါတဲ့ ကချင်နယ်မြေ တောင်ကျချောင်း ရေစီးသံနှင့် ပျော်…


 မြောက်မှတောင်သို့ စီးဆင်းနေတဲ့ ငေါ့ ချန်းခ (ချောင်း)


ဘဝကြမ်းကြမ်း… လမ်းကြမ်းကြမ်းမှာ တစ်ဝမ်းတစ်ခါး ရှာသူများ…


ရေခဲတောင်ထွဋ်များနဲ့တောင်ခြေက ကျနော်တို့ရဲ့ဘဝလေးပါ (သူတို့လို ရောင့်ရဲ နိုင်ပါ့မလား…?)

 ဖြူလွလွ ရေခဲဖုံးတောင်နဲ့ တောင်ပေါ်က ကချင်ရွာလေး…


ကချင်ပြည်နယ် မြောက်ဖျားပိုင်းက ဖီမောဘွမ် အနောက်ဘက် တောင်တန်းများရှိ ဆော့လော်မြို့နယ်ထဲက “ကူးမော ဆိုတဲ့ ကချင်ရွာ”


တောင်စောင်းများဆီက ကချင် တိုင်းရင်းသား လီဆူးရွာကလေး…


ငွေရောင်လက်နေတဲ့ ရေခဲတောင်များကြားမှ ကျနော်တို့ ကချင် တိုင်းရင်းသားတွေရဲ့ ဘဝ..

နှင်းဖုံးတောင် နောက်ခံမြင်ကွင်းနဲ့အတူ လှပခမ်းနားနေတဲ့ နှစ်ခြင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်း..

 ပန်းချီလေလား ဝိုးတဝါး ဝန်ပေါင်တောင်တန်းပေါ်မှ RC ဘုရားရှိခိုးကျောင်း…

တောင်ထိပ်ပေါ်ကဆုတောင်းတောင်
ကျနော်တို့ ကချင်တိုင်းရင်းသားများဟာ ဘိုးဘွား စဉ်ဆက် ဘယ်သူ့နယ်မြေကိုမှ မကျူးကျော်ခဲ့ပါဘူး.. ကိုယ့်ဒေသမှာ အေးအေးချမ်းချမ်း နေချင်ကြတဲ့ သူတွေပါ... ဒါပေမဲ့ဟာ... ယနေ့ ကျနော်တို့ ကချင် နယ်မြေမှာ အရေခွံလှဲ.. စစ်လိုလားတဲ့ စစ်အစိုးရကြောင့် စစ်မီးတွေ တောက်လောင်နေခဲ့ရတာ စိတ်မကောင်း စရာပါဘဲ....


ထင်းရှူးပင်နဲ့ ရေခဲပြင်… လှပခမ်းနား ကချင်နယ်… ထွက်သွားကြပါ သိန်းစိန်တပ်…


 ဖီမော်ရဲ့နှင်းတွေဝေတဲ့ ဖေဖော်ဝါရီ (တရုတ် - ကချင် နယ်ခြားဂိတ်)

မသိခဲ့တဲ့ သူငယ်ချင်း အချို့အတွက် ကချင်ဒေသရဲ့ သမိုင်းကြောင်း အချို့ကိုလည်း ပြောပြ ချင်ပါတယ်။ နယ်စပ်မျဉ်းနဲ့ ကပ်နေတဲ့ ကချင်ရွာကြီး သုံးရွာဟာ ( ယခင်က မြန်မာပြည်ပိုင်နက် စင်စစ် ဧကန် ဖြစ်ပါရက်နဲ့) ဟိုး… ယခင်ခါက ဝန်ကြီးချုပ် ဦးနုရဲ့ခေတ်မှာ တရုတ်ပြည် ပိုင်နက်ထဲကို ထည့်ခံလိုက်ရတယ် ဆိုတာပါဘဲ။ သိသူများကတော့ သိကြပါရဲ့.. ဒါပေမဲ့ လက်လွန်ကုန်ပါပြီ...


ကဗျာတစ်ပုဒ်လို လှတဲ့ ကချင် ဝန်ပေါင် တောင်တန်းများ …


 ငေါ့ချမ်းခချောင်းတစ်နေရာ… ကြည့်လို့ကောင်းလိုက်တာ…


 ပေ ၇ဝဝဝ ကျော် အမြင့်မှာရှိတဲ့ ပန်ဝါမြို့ရဲ့ ဘောလုံးကွင်းလေးဖြစ်ပါတယ်.. ကြည့်ပါဦးတော့... တိမ်ကိုတောင် လှမ်းပြီး ဆွတ်ခူးလို့ ရတော့မဲ့အတိုင်း …
(ဒီတောင်ထိပ်ပေါ်မှာ ဘောလုံးကန်လိုသူများ စာရင်းပေးပါ) တောင်ထိပ်ပေါ်ကို ခြေလျှင် တက်ပြီးမှ ဘောလုံးကန်ရပါမယ်... :P



 “စန်းကျားဟော်” ချောင်းသုံးခွဆုံ စခန်းထောက်ရွာ ( ဒီလိုကြိုးတံတားတွေ လျှောက်ရဲပါ့မလား…)


ကချင် ဝန်ပေါင် တောင်ထိပ်ပေါ်က ရွာကလေးဆီသို့ သွားရာလမ်း..


ငေါ့ချမ်းခ မြစ်ဘေးက ရွာကလေး ( ဒီနေရာဟာ ကျောက်ခေတ်ကတည်းက စပါးပင်တွေရဲ့ မူလ ဇာတိလို့ ယူဆနိုင်တဲ့ အချက်အလက်တွေ ရှိနေတယ်လို့  ဆိုကြပါတယ်)


တောင်ပေါ်မှာလောင်တဲ့မီး… (တောမီး)

 တောမီးကို ငြိမ်းသလို စစ်မီးကိုလည်း ငြိမ်းကြစို့...


Yak လို့ခေါ်တဲ့ တိဘက်နွားပါ…။

နွားနောက်နဲ့ တိဘက်နွားရဲ့ ကွာခြားချက်က အမွှေးရှည်တာနဲ့ မရှည်တာ ကွာခြားပြီး ဦးချိုလည်း ကွဲပါတယ်။  တိဘက်နွားဟာ မြန်မာပြည်မှာတော့ ဒီကချင်တောင်ပေါ်မှာဘဲ ရှိဟန်တူပါတယ်.။


မြန်မာပြည်ထဲမှာရှိတဲ့ တစ်ခုတည်းသော တိဗက်နွား (YAK) မွေးမြူရေးခြံ။
ဥာဏ်သိပ်ကောင်းတဲ့ကောင်တွေ၊ ဘယ်လောက် အဝေးရောက် နေအောင် တောင်ကြော တစ်လျှောက် သွားနေသွားနေ ညနေညနေဆို အိမ်ရောက်အောင် ပြန်တတ်တယ်။ သစ်မြစ်ဆုံတွေပေါ်မှာလည်း ငြိမ်နေအောင် ဟန်ချက်ထိမ်းနေတတ်ကြတယ်။

ဒီနေရာကတော့ အပေါ်က နွားတွေရဲ့ စားကျက် မြက်ခင်းဖြစ်ပါတယ်. အေးအေးချမ်းချမ်း သာသာယာယာပင် ရှိသေးတော့တယ်…။



ဒီအကောင်လေးက ရှားပါးလှတဲ့ပန်ဒါ ဝက်ဝံအနီမျိုးလို့ ဆိုပါတယ်..


ကချင်တောင်ပေါ်မှာ ပေါလှတဲ့ ချဉ်စော်ခါးသီးပင်ပေါ့..  တကယ်လို့ ကချင်နယ်မြေမှာ အလည် ရောက်ဖြစ်ခဲ့မယ်ဆိုရင်တော့ ချဉ်စော်ခါးသီး ဝိုင်ကို သောက်ရမှာတော့ အသေအချာပါဘဲ....


သစ်ပင်တွေ ပြန်ပေးပါ...

 မိတ်ဆွေသူငယ်ချင်းများ အားလုံးလည်း အေးချမ်းသာယာတဲ့ ကချင်မြေရဲ့ အလှတွေကို တွေ့မြင်ကြပြီ ထင်ပါတယ်နော်.. တကယ်တမ်းတော့ ကျွန်နော်တို့ မြန်မာပြည်ကြီးမှာ ခရီး သွားလာဖို့ ကောင်းတဲ့ ဒေသတွေ၊ အင်မတန်မှ သာယာတဲ့နေရာတွေ အများကြီးရှိပါတယ်. အခုမြင်နေရတဲ့ နေရာတွေဟာ ပြည်ပ ခရီးသွားတွေ မပြောနဲ့ ပြည်တွင်းက လူတွေတောင် ရောက်ဖူးဖို့ မလွယ်သေးတဲ့ နေရာတွေ ဖြစ်ပါတယ်.။ သွားဖို့ လာဖို့ ခက်ခဲတဲ့ ဒီနေရာက အလှတွေဟာ လူသူမသိဘဲ ရှိနေခဲ့ရတာပါ။ အိမ်မက် ဆန်ဆန် လှပလွန်းတဲ့ ဒီဒေသရဲ့ လမ်းပန်း ဆက်သွယ်ရေးကို ချောမွေ့အောင် လုပ်မယ်၊ နယ်မြေအေးချမ်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်၊ ဆောက်သင့်တဲ့ အဆောက်အဦး၊ ဧည့်သည်တွေ တည်းခိုဖို့  တည်းခိုခန်း စသည်တို့ကို ပြည့်စုံအောင် ဖြည့်ဆည်းမယ် ဆိုရင် ဒီလို သာယာ လှပတဲ့ နေရာတွေကို လာချင်၊ သွားချင်ကြတဲ့ သူတွေ အများကြီး ဖြစ်မှာပါ။ ပြည်တွင်းက သာမက ပြည်ပ ခရီးသွား ဧည့်သည်တွေပါ အလည်လာ၊ အပန်းဖြေချင်အောင် ဆွဲဆောင်ဖို့ ကောင်းတဲ့ နေရာတွေလည်း ဖြစ်ပါတယ်။ မိတ်ဆွေ.. ဝေးဝေးကို မကြည့်ပါနဲ့ .. ကိုယ့်ပြည်တွင်းမှာတင် အဖိုးတန် အလှအပများ ရှိနေပါတယ်…..

 ( ကျနော်ယူထားတဲ့ ဆိုက်တွေအားလုံးကို ကျေးဇူးတင်ပါတယ်… )

Wednesday, January 04, 2012

K.I.A အား တိုက်နိုင်မည့် မဟာဗျူအလားအလာ

|0 comments
 Wednesday, January 4, 2012

 

အစိုးရဟာ ဒီဇင်ဘာလအတွင်း လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များထဲမှ အင်အား အကောင်းဆုံး အဖွဲ့တွင် ပါဝင်ကြတဲ့ KNU နဲ့ NMSP တို့ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြင့် ဆွဲဆောင် ထိန်းချုပ်ထားပြီးဖြစ်တယ်။ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တို့ကို ငြိမ်းချမ်းအောင် ထိန်းထားပြီး စစ်မျက်နှာ တစ်ခုတည်း ကချင်ပြည်နယ်ကို အင်အား စုစည်းလို့ရအောင် စီစဉ်ထားတာဖြစ်တယ်လို့ စစ်ရုံးနှင့် နီးစပ်သူများက ဆိုပါတယ်။

K.I.A ကို အစိုးရတပ်ဖွဲ့က ကိုင်တွယ်ဖို့ မဟာဗျူဟာ တစ်ရပ်အနေနဲ့ စစ်ရေးအရ ဖိအားပေး တိုက်ကွက်ဖေါ်ခြင်းဖြင့် နောက်ဆုံး လိုင်ဇာမြို့အား သိမ်းပိုက်ပြီးမှ အပေါ်စီးရယူကာ ဆွေးနွေးပွဲ စကားဝိုင်းကို စတင်ချင်တဲ့ မဟာဗျူဟာ ရှိပါတယ်။ K.I.A နဲ့ အစိုးရတပ်များ တိုက်ပွဲများ ပြင်းထန်လာမည်ဖြစ်ရာ လေတပ်နဲ့ အမြောက်တပ်များမှ ပစ်ခတ်လိုက်တဲ့ ကျည်ဆံများ၊ ဗုံးဆံများ၊ rocket များ၊ တရုတ်နယ်စပ်သို့ ရောက်ခဲ့လို့ရှိရင် နားလည်ခွင့်လွှတ်ပေးဖို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ တရုတ်ခရီးစဉ်မှာ ညှိနှိုင်းတင်ပြခဲ့ပြီးဖြစ်တယ်လို့ သံတမန်အသိုင်းအ၀ိုင်းထံမှ သိရပါတယ်။

နောက်ထပ် အစိုးရရဲ့ မဟာဗျူဟာတစ်ခုရှိတာက စစ်ရေးအရ ပြင်ဆင်ထားပြီး ဆွေးနွေးပွဲ အခြေအနေစောင့်ကြည့်ကာ K.I.A နဲ့ဆွေးနွေးပွဲ မအောင်မြင်ခဲ့ရင် ကိုးကန့်ဖြစ်စဉ်တွေလို လိုင်ဇာမြို့သိမ်း စီမံချက် လက်တွေ့ အကောင်အထည်ဖေါ်သွားမှာဖြစ်တယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်

K.I.A ကို စစ်တိုက်ရတဲ့အကြောင်းရင်းတွေအား အောက်ပါ အချက်အလက်များကဲ့သို့ အထောက်အထားများကို ရှာဖွေစုဆောင်း ထားပြီးဖြစ်နိုင်ပါတယ် -
တိုက်ခိုက်ရသည့် အကြောင်းရင်းအနေဖြင့်၊ K.I.A ကို ဘိန်းကဲ့သို့ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးနေသည်ဟု ခေါင်းစဉ်တပ်ရန်၊ နိုင်ငံတကာမှ အထူးအာရုံစိုက်နေသည့် လူ့အခွင့်ရေးချိုးဖေါက်နေပုံဖေါ်ပြီး၊ မြစ်ကြီးနားမြို့နဲ့ အခြားမြို့များတွေမှာ အပြစ်မဲ့ပြည်သူများ သေကြေပျက်စီးနေပုံ၊ ကလေးစစ်သားများ K.I.A အတွင်းရှိနေပုံ၊ မိုင်းထောင်ခြင်း၊ လမ်း၊ တံတားများ ဖေါက်ခွဲဖျက်ဆီးခြင်းများ ပုံကြီးချဲ့ပြီး တင်ပြသွားရန်၊ ဒါအပြင် K.I.A ခေါင်းဆောင် တချို့ရဲ့ personal အားနည်းချက်များကို black mail လုပ်ထားပြီး ဖြစ်ပါတယ်။ စစ်ရေးအရ ထပ်မံ တိုက်ခိုက်လာနိုင်မဲ့ K.I.A ရဲ့မှားကွက်ကို စောင့်ကြည့်လုပ်ဆောင်သွားမယ်လို့ စစ်ဘက်နီးစပ်သူများက သုံးသပ်ကြပါတယ်။

စစ်ရေးအရ တိုက်ပြီးမှ နိုင်ငံရေးအရ ဆွေးနွေးပွဲလုပ်မည့် မဟာဗျူဟာ အလားအလာနဲ့ နိုင်ငံရေး ဆွေးနွေးပွဲမအောင်မြင်မှ စစ်ရေးအရ အရေးယူဆောင်ရွက်မည့် မဟာဗျူဟာ အလားအလာ မည်သည့်ဟာ ပိုမိုဖြစ်နိုင်သည်ကို ပွင့်လင်းရာသီ နိုင်ငံရေး၊ စစ်ရေး ပြောင်းလဲဖြစ်ပေါ်လာနိုင်သည့် အခြေအနေပေါ်မူတည်ပြီး ရွေးချယ် ကျင့်သုံးသွားနိုင်တယ်လို့ သိရပါတယ်။ နောက်ဆုံး သမ္မတဦးသိန်းစိန်က ကယ်တင်ရှင်သဘောနဲ့ K.I.A ခေါင်းဆောင်များကို တိုက်ရိုက်တွေ့ဆုံဆွေးနွေးပြီး ပုံရိပ်ကောင်းအောင် အမှတ်သယ်ယူသွားနိုင်တဲ့ အလားအလာ ပိုရှိကြောင်း သုံးသပ်ကြပါတယ်။

ကေအိုင်အေကို တကယ် အပြုတ် တိုက် မတိုက်

|1 comments
Wednesday, January 4, 2012

ဆောင်းပါးရှင် - မင်းကန်စီ (တပ်မတော် အရာရှိကြီး တစ်ဦး)

အခုတစ်လော သတင်းတွေမှာ ကြားနေရတာတော့ ကေအိုင်အေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ မြစ်ကြီးနားတို့၊ ရွှေလီတို့မှာ လုပ်ခဲ့တယ်။ အောင်မြင်မှုတွေ မရခဲ့ဘူး။ ဒါကြောင့် KIA နဲ့ မြန်မာ့တပ်မတော် တိုက်ပွဲတွေ တော်တော် ပြင်းပြင်းထန်ထန် ပြန်လည် ဖြစ်ပွားနေကြတယ် ဆိုတာပါဘဲ။ မြန်မာ့ တပ်မတော်က တပ်မ (၁၀) မ လောက် ပါဝင်ပြီး ဒီ KIA အမြတ်ပြတ် ချေမှုန်းရေး လုပ်ဖို့ တပ်တွေ လှုပ်ရှား ရွှေ့ပြောင်းနေတာကိုလည်း မြင်နေတွေ့နေကြရတယ်။ တကယ်လဲ မြန်မာ့တပ်မတော်က KIA ကို အပြုတ်တိုက်မလား၊ အပြတ် တိုက်မလား၊ ယောင်ပြလား၊ ဟန်ပြလား၊ လှန့်တာလား၊ ခြောက်တာလား နည်းနည်းတော့ စဉ်းစားစရာဘဲ။

တရုတ်ပြည်သို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် သွားရောက်လည်ပတ်ခဲ့စဉ်


စစ်ရေးအရ စဉ်းစားမယ်ဆိုရင်တော့ မြန်မာ့တပ်မတော်ဟာ KIA ကို အပြုတ်တိုက်မှာဘဲ။ ဘာကြောင့်လဲ ဆိုတော့ စစ်ရေးအရ တကယ့် အချက်အချာမြေ၊ အချို့နဲ့ စစ်ဗျူဟာအရေးကြီးမြေအချို့ဟာ KIA လက်ထဲမှာ ရောက်နေတုန်းဘဲ၊ ဒီတော့ဒီအချက်အချာမြေ၊ စစ်ဗျူဟာ အရေးကြီး မြေတွေကို ပြန်သိမ်းဖို့ မြန်မာ့ တပ်မတော်ဟာ အသေအကြေတိုက်မှာဘဲ၊ မြန်မာ့ တပ်မတော်ဟာ မြေနဲ့ ကုန်းကို မက်တယ်ဆိုတာ ကရင်ပြည်နယ်က ၀မ်ခတို့၊ မာနယ်ပလော တိုက်ပွဲတို့ကို ကြည်ရင် သိနိုင်တယ်။ အကျအဆုံး အများကြီး ခံပြီး ရအောင် တိုက်မဲ့ သဘောပါဘဲ။ နောက်ပြီး အခု ဖြစ်စဉ်ဟာ ပြောရရင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အတွက် ကာကွယ်ရေး ဦးစီးချုပ် ဘ၀မှာ ပထမဆုံး ရင်ဆိုင်ရတဲ့ စစ်ရေးပြဿနာပါဘဲ။ သီဟသူရ၊ သူရဘွဲ့တွေ မရှိခဲ့တဲ့ သူရဲ့ စစ်သူကြီး မှတ်တိုင်ကို ထောင်ပြဖို့၊ အစွမ်းပြဖို့၊ ပထမဆုံး ဆန်းစစ်တဲ့ပွဲဆိုလည်း မမှားပါဘူး။ ဒါပေမဲ့ မြန်မာ့ တပ်မတော်ဟာ ဒီစစ်ဆင်ရေးရဲ့ အစောပိုင်းတွေမှာ အထိနာခဲ့တာကို တွေ့ရမှာဘဲ ဖြစ်တယ်။ KIA တွေရဲ့ ပြင်းထန်တဲ့ ပျောက်ကြားထိုးစစ်အောက်မှာ အလူးအလဲ ခံခဲ့ရတယ်။ တပ်ရင်းမှူး အဆင့်ကနေပြီး အရာရှိ အပါအ၀င် ဆက်မတိုက်နိုင်တော့ပါဘူး ဆိုပြီး ပြန်ဆုတ်လာကြလို့ စစ်ခုံရုံးတင်စစ်ဆေးနေရတုန်းဘဲ ရှိနေသေးတယ်။ ဒီလို သိက္ခာကျဖွယ်ရာကို ပြန်လည် ဖြေဆည်ဖို့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အနေနဲ့ သူ့ရဲ့ သေနင်္ဂဗျူဟာ စစ်ပညာတွေကို တတ်ကြောင်းပြဖို့၊ အစိုးရသစ်ကို သူ့ရဲ့ စစ်ရေး ဆောင်ရွက်နိုင်စွမ်းနဲ့ ခြိမ်းခြောက်ပြီး အင်အား ထိန်းညှိထားနိုင်ဖို့၊ သူ့တပ်တွေရဲ့ ပျက်ပြားနေတဲ့ စိတ်ဓာတ်ကို ပြန်လည် တင်မဖို့၊ ပြန်လည် လက်စားချေနိုင်ဖို့အတွက် သူဟာ အမြတ်ပြတ် ချေမှုန်းရေး စီမံချက်ကို အခုအချိန်မှာ ရေးဆွဲပြီးပြီလို့ သိရပါတယ်။ ဒါကတော့ စစ်ရေးအရ ကြည့်မယ်ဆိုရင် KIA ကို လုပ်မဲ့ အနေအထားပါဘဲ။



စီးပွားရေးအရ ဆက်ကြည့်ကြရအောင်။ အခု KIA တွေ ထိန်းထားတဲ့နေရာ အချို့ဟာ စီးပွားရေးအရ အရမ်း တန်ဖိုးရှိနေတာကို တွေ့ရမှာပါဘဲ။ အချို့နေရာက ကျောက်လုပ်ကွက်၊ အချို့ နေရာက သစ်လုပ်ကွက်၊ အချို့ နေရာက ရွှေလုပ်ကွက်တွေ ဖြစ်နေလေရဲ့။ အဲဒီအကွက်အကွင်းတွေ အားလုံးဟာလည်း အစိုးရနဲ့၊ စစ်တပ်နဲ့ ပတ်သက်သူတွေ များနေတော့ ကြာကြာကြီး အလုပ် ပျက်ခံဖို့ မဖြစ်နိုင်ဘူး။ နောက်ပြီး မြစ်ကြီးနားမြို့အထိကို ချိန်းခြောက်ခံနေရသလို ဖြစ်နေပြီး စီးပွားရေး လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေ စစ်တပ်နဲ့ ပတ်သက်တဲ့ ဦးပိုင်၊ MEC တို့ရဲ့ လုပ်ငန်းတွေ ကြာရှည် ထိခိုက်ခံမှာ မဟုတ်ပါဘူး။ အဆိုးဆုံးက သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ရှမ်းပြည်နယ် မြောက်ပိုင်းကို ဖြတ်သွားရာမှာ KIA ရဲ့ တပ်မဟာ (၄) ဧရိယာအထဲတွင် ရှိနေလို့ အစိုး ရိမ်ရဆုံး ဖြစ်နေပါတယ်။ နောက် ကချင်ပြည်နယ်မှာ တည်ဆောက်ဖို့ ရည်ရွယ်ထားတဲ့ တရုတ်ကြီးမှူးတဲ့ ပြည်ပကုမ္ပဏီ၊ အရင် စစ်အစိုးရ ဦးသန်းရွှေရဲ့ အဆက်အနွယ် ကုမ္ပဏီတွေ အေးအေး ချမ်းချမ်း အလုပ်လုပ်နိုင်ဖို့ ဒီနယ်မြေ တွေမှာ စစ်တပ် လွှမ်းမိုးမှု ပြန်လည် ရရှိဖို့အတွက် အဖြစ်နိုင်ဆုံးကတော့ စီးပွားရေးအရလည်း KIA ကို အပြုတ် တိုက်ချင်နေမှာ သေချာသလောက်ပါဘဲ။

နိုင်ငံရေးအရတော့ စဉ်းစားစရာတွေ အများကြီး ရှိနေတယ်။ လတ်တလော အခြေအနေအရ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲဖို့၊ ငြိမ်းချမ်းရေး ရယူဖို့ ဆိုတာတွေက အမေရိကန် အပါအ၀င် တကမ္ဘာလုံးက ဖိအားပေးနေတဲ့ အချက်ဖြစ်တယ်။ ပြည်တွင်းမှာလည်း ဆန္ဒပြတောင်းဆိုမှု အချို့ ပေါ်ပေါက်လာပြီး ဖြစ်တယ်။ ဒီပြည်တွင်း စစ်ကို အသေအကြေ ချေမှုန်းခဲ့ရင် တဖက်က လူမျိုးသုန်း စစ်ပွဲ (Genocide War) မျိုး ဖြစ်သွားနိုင်တယ်။ အရပ်သား ဒုက္ခသည် အများအပြားလည်း ပေါ်ပေါက်နေပြီး၊ စစ်ပြေးဒုက္ခသည်လည်း ရှိနေပြီး၊ လူ့အခွင့်အရေး အချိုးဖောက်မှုတွေကလည်း ဒွန်တွဲ ပေါ်ပေါက်နေပြီး၊ အဲဒီလိုအခြေအနေမှာ နိုင်ငံရေးအရ ပုံရိပ်တောက်ပြောင်မှု အလွန်ကောင်းနေတဲ့ ဦးသိန်းစိန် သူ ဘာလုပ်မလဲ။ သူက ဒီပြည်တွင်းစစ်ကို အပြုတ်တိုက်ခိုင်းလိုက်ရင် သူ့ရဲ့ နိုင်ငံရေး ပုံရိပ် အစွန်းထင်းသွားမှာဘဲ။ သူ့ကို ပြည်တွင်းပြည်ပ ထောက်ခံအားပေးမှုတွေ လျော့ကျသွားမှာ မလွဲပါဘဲ။ ဒီကြားထဲ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ဒေသခံ တိုင်းရင်းသားတွေ သေကြေ ပျက်ဆီးမှုများလာခဲ့ရင် နိုင်ငံတကာရဲ့ ပိတ်ဆို့မှု၊ ၀င်ရောက် လာမှုတွေကိုပါ ကြုံတွေ့လာရရင် သူ့အစိုးရ ယိုင်လဲသွားနိုင်သေးတယ်။ ဒီအချက်တွေကို တွက်ပြီး ဦးသိန်းစိန်က တပ်ကိုတော့ ဖိအားပေးခိုင်းထားပြီး ညှိနှိုင်းဆွေးနွေးရေးကို သူ့အား ထည့်ကြိုးစားနေမှာ အမှန်ဘဲ။

ဒီကြားထဲမှာ တပ်က အထိ နာလာမယ်၊ စစ်ရေးအရ အတင်းအကြပ် အရေးယူခွင့်၊ တောင်းဆိုလာမယ်ဆိုရင် ဘယ်လို သွားမလဲ၊ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ဘယ်လို ထိန်းထားရမလဲ ဆိုတာလည်း စဉ်းစားနေရဦးမယ်။ ဦးသိန်းစိန်အနေနဲ့တော့ ဖြစ်နိုင်ရင် ဒီအချိန်မှာ KIA ကို အပြုတ် တိုက်ခိုက်တာထက် စည်းရုံး နိုင်လိုက်တယ် ဆိုတဲ့ အနေအထားကို ပိုလိုချင်မှာ မလွဲနိုင်ပါဘူး။ ဒါပေမဲ့ ပညာတတ်တွေ များပြားတဲ့၊ စစ်ရေး နိုင်ငံရေး အတွေးအခေါ်ရှိတဲ့၊ KIA တွေဟာ ဦးသိန်းစိန် ချော့မြူမှုအောက်မှာ ငြိမ်သက်သွားဖို့ကတော့ ဖြစ်ချင်မှ ဖြစ်နိုင်မှာပါ။ ဒီတော့ တစ်ဖက်က တိုက်ချင်ခိုက်ချင်လှပြီ ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ တဖက်က လွယ်လွယ်နဲ့ အလျော့မပေးနိုင်တဲ့ KIA၊ တဖက်က ကျဆင်းသွားနိုင်တဲ့ နိုင်ငံရေး မျက်နှာစာကပုံရိပ်၊ ဒီသုံးဘက်သုံးတန်ကြားမှာ နိုင်ငံရေးအရ ဘယ်လိုလုပ်ရမလဲ ဆိုတာကို ဦးသိန်းစိန် အတော်လေး စဉ်းစားရ ကြပ်မှာပါဘဲ။ နောက်ဆုံးတော့ ဆရာကြီး သုံးဆူဖြစ်တဲ့ (ရုတ်၊ သန်း၊ အေး) တရုတ်၊ ဦးသန်းရွှေ၊ ဦးမောင်အေး တို့ဆီကိုဘဲ သွားပြီးတော့ ခြေစုံရပ်၊ သတိဆွဲ၊ မတ်မတ်ကြီး အလေးပြုပြီး သူပြောမဲ့ စကားကတော့ “ကျွန်တော် ဘာဆက်လုပ်ရဦးမလဲ ဆရာ” ဆိုတာဘဲ ဖြစ်နိုင်ချေ များမယ် ထင်တာပါဘဲ။

Tuesday, January 03, 2012

သိန်းစိန်အစိုးရ စစ်တပ်အင်အား တိုးချဲ့နေစဲ... နေရာတိုင်းမှာ တိုက်ပွဲ ပြင်းထန်.. သမ္မတ ညွန်ကြား အမိန့် အရေး မထင်…

|0 comments
Tuesday, Janaury 3, 2012

 W.P Majoi

ဇန္နဝါရီလ ၃ ရက်နေ့တွင် သိန်းစိန် စစ်တပ် စစ်ကားကြီး ၂၅ စီးဖြင့် ရှမ်းပြည်နယ် မူဆယ် နမ့်ခမ်းဘက်သို့ ဦးတည်ကာ စစ်ကြောင်း ချီတက်လာပြီဖြစ်ကြောင်း မျက်မြင် ပြည်သူ များရဲ့ ပြောပြ ချက်အရ သိရှိ ရပါတယ်။

ကေအိုင်အေ တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၆) နယ်မြေ လဂတ်ဘွမ်မှ ကေအိုင်အေ တပ်နှင့် စစ်အစိုးရ စစ်တပ် ခလရ (၇၇)၊ (၈၃)၊ ခမရ (၈၃) တို့ဟာ ဇန္နဝါရီလ (၂) ရက်နေ့တွင် တနေကုန် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ရှေ့တန်း ကေအိုင်အေ သတင်းများအရ သိရှိ ရပါတယ်။ ယင်းတိုက်ပွဲတွင် စစ်အစိုးရ စစ်တပ်တို့မှ လက်နက်ကြီး၊ အမြောက်ကြီးများဖြင့် ပိုမို အသုံးပြုကာ တိုက်ခိုက်ကြောင်း သိရှိရပါတယ်။

ဇန္နဝါရီလ ၁ ရက်နေ့ နှစ်သစ်ကူးနေ့တွင် ကချင်ပြည်နယ် ဝိုင်းမော် ဆမား ကားလမ်းဘက်တွင် ညနေ ၃း၃၀ နာရီဝန်းကျင်တွင် ကေအိုင်အေနှင့် စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။
ကေအိုင်အေ တပ်မဟာ (၅) နယ်မြေဖြစ်တဲ့ မန်မောင် (Man Mau) အနီးတဝိုက်တွင် နှစ်သစ်ကူးနေ့ တွင် ကေအိုင်အေ တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်းများနှင့် ဟိုပင် အခြေစိုက် စစ်အစိုးရ စစ်တပ် ခလရ (၄၀)၊ ခလရ (၃၈၈) တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။


သမ္မတ ဦးသိန်းစိန်ဟာ ကေအိုင်အေကို ထိုးစစ်ဆင်နေခြင်း၊ စစ်အင်အား၊ လူအင်အား တိုးချဲ့ နေရာ ယူနေခြင်း စသည်များကို ရပ်ပြီး နိုင်ငံရေး ဆွေးနွေးရန် ပြောနေ၊ ညွန်ကြားနေပေမယ့် ယင်းညွန်ကြားစာ၊ အမိန့်စာဟာ ဘာမှ အရာမထင် ဖြစ်နေသည်သာမက နေရာတိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေစဲ ဖြစ်သလို စစ်အင်အားလည်း ဆက်လက် တိုးချဲ့နေကြောင်းကို သိမြင်နေရပါတယ်။

ဒီလို လုပ်ဆောင်နေခြင်းဟာ နိုင်ငံရေး ဆွေးနွေးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ကြောင်း စစ်ရေး လေ့လာ သူများက သုံးသပ် နေပါတယ်..။ သိန်းစိန်အစိုးရဟာ ပွင့်လင်းရာသီ ရောက်လာသည်နဲ့ အမျှ ကေအိုင်အေကို ပြန်လည် ပြင်းထန်စွာ ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း စစ်ဘက် နီးစပ်သူများရဲ့ သတင်းပေးပို့ချက်အရ သိရှိရပါတယ်။


Monday, January 02, 2012

K.I.A ကို တိုက်ခိုက်ချေမှုန်းမဲ့ စစ်ဆင်ရေး စီမံချက် ရေးဆွဲထားပြီးဖြစ် နှစ်သစ်ကူး အထူးသတင်း

|0 comments
Monday, January 2, 2012

ရှေ့တန်းတစ်နေရာမှ K.I.A မျိုးချစ်စစ်သည်များ


K.I.A အား ၂၀၁၂ ခု ပွင့်လင်းရာသီတွင် တိုက်ခိုက်ချေမှုန်းမဲ့ အထူးစစ်ဆင်ရေးအနေဖြင့် ထိပ်တန်းလျှို့ဝှက်အဆင့် လိုင်ဇာမြို့သိမ်းရေး စီမံချက်အား ကက (ကြည်း) မှာ ရေးဆွဲထားပြီး ဖြစ်ကြောင်း စစ်ရုံးနဲ့ နီးစပ်သောသူများထံမှ သိရှိရပါတယ်။

- စီမံချက်အရ ချီတက်ရာလမ်းကြောင်း အနေဖြင့် အဓိကစစ်ကြောင်းမှာ ဆင်ဘို၊ တာလောကြီး ၊ နမ်ဆန်ယာန်မှ တဆင့် လိုင်ဇာသို့ ဦးတည်ပါတယ်။
- တပ်မ (၉၉) အဓိက စစ်ကြောင်းအဖြစ် တိုက်ခိုက်မည်ဖြစ်ပြီး မန္တလေးမြို့မှ လိုင်ဇာမြို့သို့ ယာဉ်များဖြစ် ချီတက်လာမည်။ ယခုအခါ မိတ္တီလာတွင် ပြန်လည်စုဖွဲ့ အနားယူလျက် ရှိကြောင်း သိရှိရပါတယ်။

- တပ်မ (၈၈) ယောင်ပြ စစ်ကြောင်းဖြစ်သော်လည်း အတည်ပြုဆဲ သတင်းအရ တပ်မ (၆၆) နဲ့ ချိန်းရန်ရှိတယ်လို့ ဆိုပါတယ်။
- စကခ (၁၅) အရံစစ်ကြောင်းအဖြစ် သတ်မှတ်ထားပါတယ်။
- အထူး ကွန်မန်ဒို တပ်ဖွဲ့က K.I.A ခေါင်းဆောင်များကို လျှပ်တပျက် ဝင်ရောက် ဖမ်းဆီးမည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးနယ်မြေများထဲသို့ တပ်မ (၅၅)၊ တပ်မ (၆၆)နဲ့ တပ်မ (၃၃) တို့ကို ထပ်မံလွှတ်ရန်ရှိကြောင်း သိရှိရပါတယ်။ ဒါအပြင် လေတပ်မှာ နောက်ဆုံးပေါ် ရုရှားလုပ် ဂျက်တိုက်လေယာဉ် MIG-29 (၄) စင်း မြစ်ကြီးနားမှာ ရောက်နေပြီး ရဟတ်ယာဉ် MI-24 (၄) စင်း မိတ္ထီလာမှာ အသင့်ပြင်ဆင်ထားတယ်လို့ သိရပါတယ်။


အမြောက်တပ်နှင့် လေတပ်တို့က တိုက်ခိုက်ရေး တပ်များမဝင်ရောက်မီ K.I.A  ဌာနချုပ်နှင့် ရန်သူ့စစ်ကြောင်းများရှိသည့် စခန်းများအား အမြောက်နှင့်  ပြင်းထန်စွာ ပစ်ခတ်ပြီး ဗုံးကြဲ တိုက်ခိုက်မည်။ အရပ်သားများ မထိခိုက်စေရ။ ပို့ဆောင်ရေးအတွက် ရထားလမ်း လုံခြုံရေးကို တိုင်းစစ်ဌာနချုပ် တပ်များက တာဝန်ယူကာ ရထားဖြင့် အဓိကထားပြီး ပို့ဆောင်သွားမည်။


ယခုအခါ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေး ဧရိယာ နယ်မြေကြီး တစ်ခုလုံးကို တပ်မတော်က အသည်းအသန် စစ်ဆင်ရေး လုံးပမ်းနေရပါတယ်လို့ သိရပါတယ်။ ပွဲဦးထွက်မှာ တပ်မ (၈၈) ဟာ အကျအဆုံးများပြီး မတိုက်ချင်တဲ့ အရာရှိများပေါ်ပေါက်လာလို့ ဗိုလ်ချုပ်များက ဒေါသူပုန်ထကာ စစ်ခုံရုံး တင်မည့်သတင်းများဖြင့် ဖွဲ့စည်းပုံ ပျက်နေပါတယ်။ K.I.A ကို လျော့တွက်မိတဲ့ ဗိုလ်ချုပ်များအဖို့ ခေါင်းခဲစရာ ပြဿနာဖြစ်နေပါတယ်။ တပ်မတော်မှာရှိတဲ့ တပ်မများထဲမှ အင်အားကောင်းသော တပ်မများ အပူတပြင်း ဆွဲထုတ်နေသလို ယခုဆိုရင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ တပ်မပေါင်း (၁၂) ခု ပါဝင်လှုပ်ရှားလျက်၊ သို့မဟုတ် အင်အားဖြည့်ပေးဖို့ ထပ်မံရောက်ရန် ရှိနေကြောင်း သိရှိရပါတယ်။


အဲဒီတပ်မတွေကတော့ -
တပ်မ (၃၃)၊ တပ်မ (၄၄) (ပြန်လည်စုဖွဲ့လေ့ကျင့်လျှက်ရှိ)၊ တပ်မ (၅၅)၊ တပ်မ (၆၆)၊ တပ်မ (၈၈)၊ တပ်မ (၉၉)၊ စကခ (၁)၊ စကခ (၃)၊ စကခ (၁၀)၊ စကခ (၁၅)၊ စကခ (၁၆)၊ စကခ (၂၁)တို့ ဖြစ်ကြပါတယ်။ ဒါ့အပြင် မပခ တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ဒေသခံနယ်မြေထိမ်း တပ်ရင်း (၂၂) ရင်း၊ ဒကစ ( တနိုင်း) လက်အောက်ခံ တပ်ရင်း (၅) ရင်း၊ အမြောက်တပ်မ (မိုးညှင်း) (၉၀၄)၊ ဗန်းမော်နှင့် မိုးညှင်းတွင် ဒုံးပျံတပ်ရင်း (၆၀၃)နဲ့ သံချပ်ကာ တပ်ရင်းတို့ကို အင်အားစုတို့ကို လက်ရှိအခြေအနေဖြင့် ခန့်မှန်းတွက်ချက်ကြည့်ပါက အရာရှိစစ်သည်အင်အား ၃၅၀၀၀ ခန့်ရှိပြီး တပ်မတော်ရဲ့ တပ်မအင်အားစုစုပေါင်းထက် သုံးပုံ တစ်ပုံကျော် သုံးစွဲနေရပါတယ်။ အဲဒီလို အသုံးပြုနေရတာတောင် ကြီးမားကျယ်ပြန့်လှတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေး ဧရိယာကြီးတွေမှာ တပ်တွေ မနိုင်မနင်းဖြစ်နေရပါတယ်။ နိုင်ငံရေးမှာ ဦးသိန်းစိန်တစ်ယောက် သိက္ခာ “အမှတ်”တွေ တက်နေသလောက် တပ်ချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တစ်ယောက်ကမှု ကွဲပြီးရင်း ကွဲနေကြောင်း သတင်းပေးပို့လာပါတယ်။